အောင်မြင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ
Vol. 20 Ch. 289
Child of light (ကျန်းကုန်း)
Volume 10: Chapter 36 - Successful Peace Talks
မြို့ရိုးတလျှောက်က စစ်သည်တွေအားလုံး လက်နက်တွေ ပစ်ချလိုက်ကြတာ သတ္တုသံတွေ အဆက်မပြတ် ထွက်လာတယ်။ မြေပြင်ပေါ်မှာလဲ လက်နက်ကြီးငယ် မျိုးစုံ ပြည့်သွားရော။ ဘယ်သူက စလိုက်မှန်းမသိပေမယ့် အရာရှိတွေရော စစ်သည်တွေရော အားလုံး ဒူးထောက်ပြီး ကောင်းကင်ကို နဖူးတိုက် ဒူးတိုက် ဦးညွှတ်နေကြလေရဲ့။ အမတ်ကြီး ဖန်ဟောင်၊ ကျန်းဟူ အဖေ ရှို့တိနိုင်ငံ မင်းသားတို့ ဦးဆောင်ခဲ့တဲ့ စစ်သားတွေဗျ။ မာခယ် သူ့အဖေကို ကပ်ပြီး တစ်ခုခု တိုးတိုးလေး ပြောနေတယ်။ ပြောပြီးတာနဲ့ သူလဲ ဒူးထောက်လိုက်တော့ ခယ်ကျာ တစ်ယောက်ပဲ ကျန်နေတော့တယ်။
ခယ်ကျာ ပုံစံက ရှုတ်ထွေးနေပြီး ဖြစ်ပျက်ခဲ့သမျှ မယုံနိုင်သေးဘူးဆိုတာ ပြနေသလိုပဲ။ အချိန်ကြာမှ သက်ပြင်းချပြီး..
“မေ့လိုက်တာပေါ့.. နတ်ဘုရား ဘုရင်ရဲ့ အကြံအစည်တွေဆိုတာ ငါ့နည်းလမ်းတွေထက် သာလွန်တာပဲ။ မာခယ် မင်းအိုက်ရှား ကိုယ်စားလှယ်အဖြစ် တာဝန်ယူလိုက်တော့..”
စကားဆုံးတာနဲ့ ခယ်ကျာ လှည့်ပြီး မြို့ရိုးပေါ်က ဆင်းသွားတယ်။
သူ့ကျောပြင်ကို ကြည့်ပြီး နောက်နောင် ဒီလူ ဘာအနှောက်အယှက်မှ မပေးရဲတော့ဘူးဆိုတာ ကျုပ်သိနေတယ်။ ခယ်ကျာ ထူးချွန်ပြီး ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ဗျ။ ဒါပေမယ့် နောက်တစ်ချက်က သူလဲ လူပဲလေ။ နတ်ဘုရား စွမ်းအားတွေကို ဆန့်ကျင်လို့ ရနိုင်ပါ့မလား။
ကျုပ်လဲ အကုန်လုံး မစဉ်းစားနိုင်တော့ဘဲ သက်ပြင်းချလိုက်မိတယ်။
“လူသား(၃)နိုင်ငံ ပေါင်းစည်းဖို့ ဆန္ဒရှိတဲ့အတွက် နတ်ဘုရားဘုရင်ကိုယ်စား ခင်ဗျားကို နောက်တစ်ကြိမ် ယုံပေးလိုက်မယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေရဲ့ ကိုယ်စားလှယ်တွေကို ငါတို့နဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် အသေးစိတ် ဆွေးနွေးခွင့်ပေးမယ်။ လောလောဆယ်တော့ နောက်ဆက်တွဲ ပြဿနာတွေ အရင်ဆုံး ဖြေရှင်းကြတာပေါ့”
စကားဆုံးတာနဲ့ ကျုပ်လူတွေကို အချက်ပြပြီး နတ်ဆိုးနဲ့ သားရဲမျိုးနွယ်ဘက်ကို လှည့်ပျံပြေးလိုက်ကြတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အချိန်တော်တော်ကြာအောင် အဆက်မပြတ် သုံးနေရတော့ အကန့်အသတ် ရောက်လုနီးနေပြီလေ။ အမြန်ဆုံး အနာယူမှရတော့မယ်။
တားမြစ်မန္တန် ‘နတ်ဘုရား တေးသွား နိုးထခြင်း’ ကြောင့် ဖြစ်သွားတဲ့ အက်ကြောင်းကြီးကို ဖြတ်ပြီး ရလဒ်ကို ကြည့်လိုက်မိတယ်။ သက်ပြင်းတစ်ချက်ချရင်း နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေဆီ အရှိန်မြှင့် သွားလိုက်တော့တယ်။
မူကျီ၊ ခယ်လွင်သောင်နဲ့ နတ်ဆိုးဘုရင် ရှီးယုတွေ စခန်းဝင်ပေါက်မှာ ကျုပ်တို့ကို စောင့်နေတယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်က တပ်ဖွဲ့တွေ ဝင်ပေါက်မှာပဲ လူသားတွေလို ဒူးထောက်ပြီး ကျုပ်တို့ကို ဆီးကြိုနေကြတယ်။ ကျုပ်တို့ ခန္ဓာကိုယ်ကနေ ထူးခြားတဲ့ အလင်းရောင်ခြည်တွေ ထုတ်လွှတ်လိုက်တုန်းက မျိုးနွယ် (၃)ခုစလုံးကိုရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်လိုက်တဲ့ ပုံပဲ။
မူကျီ ကျုပ်ဆီ ပြေးလာတယ်။ ကောင်းကင်ရော မြေပြင်ပါ လည်နေသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် ချက်ချင်းကြီးတော့ ပြုတ်ကျလို့ မဖြစ်ဘူးဆိုတာ ကျုပ်သိနေတယ်။ တော်ကြာ ပင်ပင်ပန်းပန် လုပ်ခဲ့ရသမျှ အလဟသ ဖြစ်သွားမှာလေ။ ကျုပ် သူ့ကို ခေါင်းညိတ်ပြပြီး..
“အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားပြီ။ နင့်စခန်းထဲ သွားပြီး ငါတို့ ထပ်ဆွေးနွေးကြတာပေါ့”
ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို လှည့်ကြည့်လိုက်တော့ သူတို့တွေလဲ မျက်နှာတွေ မွဲခြောက်နေပြီလေ။
ကျုပ် နတ်ဆိုးစခန်းထဲ စဝင်ပြေးလိုက်တော့ အားလုံး နောက်က လိုက်လာကြတယ်။ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲနဲ့ စခန်းထဲရောက်အောင် ပြေးရင်း ပင်ပန်းနွမ်းနယ်မှုတွေ ခါးခါးသီးသီး ခံနေရတယ်။ နောက်ဆုံး အဲ့နေရာရောက်တော့ ကျန်းဟူ၊ ရှို့စစ်၊ ရှင်းအောင်း၊ ကောင်းသဲနဲ့ တုန်းရီတို့တွေ မြေပေါ် ပြိုလဲကျသွားကြတယ်။
“ကျန်းကုန်း နင်တို့တွေ ဘာဖြစ်နေကြတာလဲ..”
ကျုပ် မချိပြုံး ပြုံးယုံပဲပေါ့ဗျာ။ မူကျီ ကျုပ်ကို တွဲထားရင်း ပုံရိပ်တွေ ဂုဏ်တွေ ဂရုမစိုက်နိုင်တော့ဘဲ မြေပေါ် အသာလေး ထိုင်ချလိုက်တော့တယ်။
“နတ်ဘုရား ဘုရင်တဲ့ တားမြစ်မန္တန်ကို သုံးရတာ လွယ်တယ်များ ထင်နေလား။ ငါတို့တွေ စွမ်းအားကုန်သွားပြီ။ အနားယူမှရတော့မယ်။ လူသားတွေဘက် အဆင်ပြေသွားပြီ။ သူတို့ နောက်ထပ် ဘာလှည့်ကွက်မှ လုပ်ရဲမှာ မဟုတ်တော့ဘူးလို့ ငါယုံတယ်။ ဒါကြောင့် နင် သဘောတူစာချုပ် လက်မှတ်ထိုးတဲ့အချိန် နင်နဲ့တူ ငါမလိုက်တော့ဘူး။ အစ်ကိုကြီး ခယ်လွင်သောင်နဲ့ ဝက်ဝံဘုရင်ကြီးတို့နဲ့အတူ ခံတပ်ကို အခုသွားသင့်တယ်။ သူဘောတူ လက်မှတ်ထိုးရမယ်။ ငါ.. အနားယူရတော့မယ်..”
ကျုပ်တကိုယ်လုံး သူ့ရင်ခွင်ထဲ ပြိုကျသွားတော့ မူကျီ ပုခုံးပေါ်မှီရင်း အားနည်းမှု၊ ပင်ပန်းနွယ်နယ်မှုတွေကို ခံနိုင်ရည် မရှိတော့ဘဲ မှုန်ဝါးလာပြီလေ။
............
ဒီတစ်ခါ အိပ်တာ ဟောက်သံတွေတောင် တော်တော်ထွက်သွားတယ်။ နိုးလာတော့ ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ဘူး။ ကျုပ် တဲထဲမှာပဲလားဆိုတာ သိအောင် မှုန်ဝါးဝါး စိတ်ဝိညာဉ်ကို သုံးလိုက်ရတယ်။ ဒါ နတ်ဆိုး စခန်းဖြစ်လောက်တယ်။ ကျုပ်ခန္ဓာကိုယ် လှုပ်လိုက်တော့ တစ်ကိုယ်လုံး အရမ်းနာသွားတယ်။ အားလုံး အိပ်မက်တွေလားဗျာ။
ကျုပ် တင်ပျင်ခွေထိုင်ပြီး ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်တယ်။ ကျုပ်စွမ်းအားတွေ တော်တော် နည်းနေတာ သဘောပေါက်လိုက်တယ်။ ရွှေအမြူတေ(၃)ခုစလုံး ကြည်လင်ဖေါက်ထွင်း မြင်နေရတယ်။ လဲမကျခင်ကထက် ပိုကောင်းသွားသလိုပဲ။ တားမြစ်မန္တန်သုံးပြီး စွမ်းအားတွေ အလွန်အကျွံ သုံးလိုက်တဲ့ ရလဒ်က တော်တော်ကို ပြင်းထန်လွန်းတာပဲ။ ကျုပ်ရဲ့ အံ့အားသင့်စရာ စွမ်းအား ပြန်လည်စုစည်းနိုင်စွမ်းတွေတောင် ထိုးကျသွားတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလဲ ဘယ်လိုဖြစ်သွားမှန်း မသိပေမယ့် စဉ်းစားချိန်မရှိသေးဘူး။ အသက် ပြင်းပြင်းရှူရင်း အနားတဝိုက်မှာရှိတဲ့ သဘာဝမ်းမှော်ဒြပ်စင်တွေကို စုပ်ယူရင်း ရွှေအမြူတေ (၃)ခုကိုပဲ တွန်းအား ပေးရတော့တာပေါ့။
တားမြစ်မန္တန်ကို သုံးလိုက်တဲ့ ရလဒ်က ကျုပ်ခန္ဓာကိုယ်ကို မပျက်စီးစေဘူးလေ။ ဒီတော့ ရွှေအမြူတေတွေကို တစ်ပတ်လောက်ထိ ငြိမ်ငြိမ်လေး ပြန်ကုပြီးမှ နည်းနည်း ပြန်ကောင်းလာတယ်။ ကျုပ် ခန္ဓာကိုယ်အတွင်းပိုင်းကို ရွှေရောင်အလင်းတန်းတွေ လင်းထိန်နေပြီး ကျုပ်ရင်ဘတ်ထဲက သန့်ရှင်းသောဓားရဲ့ နွေးထွေးမှုကို ပြန်ခံစားနိုင်မှာလေ။
စိတ်တွေ ပြောင်းသွားတော့ ဘေးနား တစ်ယောက်ယောက် ရှိတာ ခံစားလိုက်ရတယ်။ ကျုပ် ရွှေအမြူတေတွေကို အလျင်စလို ထိန်းပြီး နိုးလာတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ခံစားချက် အပြည့်နဲ့ မူကျီ ကြည့်နေတာဗျ။
“နင် နိုးပြီလား။ နင် တော်တော် အိပ်နိုင်တာပဲ..”
ကျုပ် ရှက်ပြုံး ပြုံးပြီး..
“ငါ အိပ်တာ ဘယ်လောက် ကြာသွားပြီလဲ..”
“နင် အိပ်နေတာ (၃)ရက်ရှိသွားပြီ။ နင့် ညီအစ်ကိုတွေလဲ နင့်လိုမျိုး နိုးလာကြပြီ။ နင် အခု အဆင်ပြေသွားပြီလား”
မူကျီ စကားပြောရင်း ကျုပ်ရင်ခွင်ထဲ ဝင်လာတယ်။ သူခန္ဓာကိုယ် အိစက်စက်တွေကို ပွေ့လိုက်ရတာကြောင့် နည်းနည်းမူးသွားသလို ခံစားလိုက်ရတယ်။
မူကျီ ဆံနွယ်တွေကို နမ်းရှိုက်ရင်း ဒီလို သက်တောင့်သက်တာ အခြေအနေလေးကို အေးအေးဆေးဆေး ခံစားနေလိုက်မိတယ်။ မူကျီ အချိန်တော်တော်ကြာမှ..
“နင် ငါမေးတာ မဖြေသေးဘူး..”
“ဘာမေးခွန်းလဲ… အာ.. ငါအဆင်ပြေပါပြီ။ ဒါပေမယ့် စွမ်းအားတွေ အပြည့်အဝ ပြန်မကောင်းသေးဘူး။ နင် ငါ့ကို စိတ်ပူစရာ မလိုဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဘယ့်နှယ့်လဲ။ လူသား(၃)နိုင်ငံတော့ နောက်ထပ် လှည့်ကွက်တွေ မလုပ်တော့ဘူးမို့လား”
“တလူနဲ့ အိုက်ရှားက အစကတည်းက စေ့စပ်ညှိနှိုင်းဖို့ ရည်ရွယ်ထားတာလေ။ လောလောဆယ် မာခယ် အိုက်ရှား မှော်သမ္မဂ္ဂ ကိုထိန်းချုပ်အမိန့်ပေးခွင့် ရထားတာဆိုတော့ ဘာပြဿနာမှ မရှိတာ့ဘူး။ အားလုံး အောင်အောင်မြင်မြင် ပြီးသွားပြီမို့ စိတ်ချထားလိုက်တော့။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ နောက်ဆို လူသားမျိုးနွယ်နဲ့ စစ်တိုက်တော့မှာ မဟုတ်ဘူး။ တကယ်တော့ မျိုးနွယ်(၃)ခုအလယ်မှာ သဘာဝ အကာအကွယ်ကြီး တစ်ခု ရှိနေပြီလေ။ (၁)ကီလိုလောက်ကျယ်တဲ့ မြောင်းကြီးက သဘာဝကျုံးကြီးလိုပဲ။ အဲ့ဒါကြီးကို ဖြတ်ဖို့ ဘယ်လိုလုပ် လွယ်မှာလဲ..”
============= (*^*)=============
အပိုင်း( ၂၉၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား