← Chapters

စေ့စပ်ညှိနှိုင်းရေးအပြီး အခြေစိုက်စခန်း

Vol. 20 Ch. 291

စေ့စပ်ညှိနှိုင်းရေးအပြီး အခြေစိုက်စခန်း

Vol. 20 Ch. 291

Child of light (ကျန်းကုန်း)

Volume 10: Chapter 38 - The Stronghold After the Peace Talks

လျှပ်စီးခံတပ်ကို သွားတဲ့လမ်းမှာ ပင်ပယ်ကြီးကို ဖြတ်တဲ့အချိန် အနီရောင်ချော်ရည်တွေ ခြောက်သွားတာ သတိထားမိလိုက်တယ်။ ဘယ်လောက်ကြာပြီလဲတော့မသိဘူး အညိုရင့်ရောင်တောင်ဖြစ်နေပြီ။ ပြဿနာ ကြီးကြီး မဖြစ်လိုက်တာ သိလိုက်ရတော့ စိတ်အေးသွားရတာပေါ့ဗျာ။ နောက်ဆို တားမြစ်မန္တန်သုံးရင် သတိထားမှ ဖြစ်မယ်။

ရှေ့ရောက်တော့ လျှပ်စီးခပ်တပ် မြို့ရိုးက ပြိုကျတုန်းကအတိုင်းပဲ။ ချက်ချင်းပြင်ဖို့လဲ လွယ်မှ မလွယ်တာကိုး။

မူကျီ ကျုပ်ရင်ခွင်ကို မှီရင်း ကျုပ်ခါးကို ဖက်ထားလေရဲ့။ သူ့အစွမ်းတွေ လုံးလုံးမသုံးဘဲ ဖြတ်ပျံနေတဲ့အချိန် ကျုပ်ကို သယ်ခိုင်းထားတာလေ။ ကံကောင်းတာက ကျုပ်စွမ်းအားတွေ သိသိသာသာ ပြန်ရထားလို့ပေါ့ဗျာ။ မဟုတ်လို့ကတော့ ပင်လယ်ထဲ ပြုတ်ကျရင် တော်တော်ဆိုးမှာ။

ခံတပ်နားရောက်တော့ အဲ့ကလူတွေ ကျုပ်တို့ကို မြို့ရိုးပေါ် အလွယ်တကူ ဆင်းနိုင်အောင် ဖယ်ပေးကြတယ်။ ကြည့်ရတာ နတ်ဘုရား အလင်းရောင်ရဲ့ အကျိုးတွေထင်ပါရဲ့။

တာဝန်ကျ အစောင့် တပ်ဖွဲ့ဝင်တွေ ကျုပ်ရှေ့မှာ ဒူးထောက်ပြီး သံပြိုင်နဲ့..

“နတ်ဘုရား သံတမန်ကို နှုတ်ခွန်းဆက်ပါတယ်..”

အဲ့နေ့က တော်တော်လန့်သွားကြတဲ့ပုံပဲ။ ဒီတခါတော့ ကျုပ်ကို တော်တော် လူသိကုန်တာပဲ။ မျက်လုံးပေါင်းစုံ မူကျီဆီ အကြည့်ရောက်သွားတော့ သူ့ခမျှာ ချစ်စရာကောင်းလောက်အောင် မျက်နှာလေး နီရဲပြီး ကျုပ်ရင်ခွင်ထဲ ခေါင်းမဖေါ်စတမ်း ဝှက်ထားလေတော့တယ်။

ကျုပ် ပြုံးရင်နဲ့ ..

“နင်အဲ့လောက် ရှေးရိုးဆန်နေစရာ မလိုပါဘူး..”

ကျုပ်ခန္ဓာကိုယ် တစ်ချက်အလှုပ်နဲ့အတူ မူကျီကို သယ်ရင်း မြို့ထဲ ခုန်ဆင်းလိုက်တော့တယ်။

အဲ့တော့မှ မူကျီ ကျုပ်ရင်ခွင်ထဲကနေ ခုန်ထွက်ပြီး မျက်နှာနီနီနဲ့..

“နင် အရမ်းဆိုးတာပဲ။ ဒီလူအုပ်ရှေ့မှာ ဘာလို့ ငါ့ကို အောက်မချပေးတာလဲ..”

“ငါ မချချင်လို့မဟုတ်ပါဘူး… ငါ့ရင်ခွင်ထဲမှာနေရင် နင့်အတွက် ပိုအဆင်ပြေမယ် ထင်လို့ပါ”

“နင်အခု ဘယ်ကို သွားမှာလဲ။ ရှောင်ကျင်းနဲ့ ရှောင်ရို့ကို ခေါ်ဖို့လား.. ဒါမှမဟုတ် နင့် ညီနောင်ကောင်းကြီး မာခယ့်ဆီလား”

“မာခယ်နဲ့ အရင်သွားတွေ့တာပေါ့။ ငါ ဦးလေးခယ်ကျာကို အတင်းအကြပ် ဖိအားပေးလိုက်ရတော့ သူစိတ်မကောင်း ဖြစ်နေမှာ စိုးမိတယ်”

“အဲ့ကိစ္စက နင့်အပြစ်မှ မဟုတ်တာ။ နင်မဖြစ်ချင်ရင်တောင် လုပ်ကို လုပ်မှရမှာလေ။ သွားကြစို့..”

မူကျီ လက်ကလေးကို ဆွဲကိုင်ရင်း ခံတပ်ရဲ့ တပ်မှူးနေရာဆီ ဦးတည်သွားလိုက်တယ်။ ခံတပ်မြို့ရိုး ပျက်စီးသွားပေမယ့် ပြုံးပျော်နေကြလေရဲ့။ သူတို့မြင်လိုက်ရတာနဲ့တင် ဆွေးနွေးပွဲကိစ္စ သံသယတွေ ပျောက်သွားပြီ။ ကျုပ်လဲ ထင်ပေါ်နေမှာ ဆိုးတာနဲ့ ခေါင်းငုံပြီး မျက်နှာ ကာထားလိုက်တော့တယ်။ ခက်တယ်ဗျာ။ အမာရွတ်တွေနဲ့ ကျုပ်ရုပ်ကိုက မှတ်မိဖို့ လွယ်လွန်းနေတယ်လေ။ ကျုပ် မှုန်ကုတ်ကုတ်ဖြစ်နေမှန်သိတော့ မူကျီ ကျုပ်လက်မောင်း ကိုင်ထားလေရဲ့။ သူ့ပုံစံကလဲ ကိုယ်ချင်းစာစိတ်တွေနဲ့ ပြည့်နေတယ်။ အခုတော့ ကျုပ်နှလုံးသားထဲမှာ အရိပ်မည်းကြီး မရှိမတော့ဘူး။ မူကျီ ကျုပ်နားမှာ ရှိနေသရွေ့ ဘာမှ ဂရုစိုက်မနေတော့ပါဘူး။ ရုပ်ဆိုးတော့ ဘာဖြစ်သေးလဲ။

သိပ်မကြာခင်ပဲ တပ်မှူးနေရာကို ရောက်လာလိုက်တယ်။ ဆွေးနွေးပွဲ အောင်မြင်သွားတဲ့ အကျိုးဆက်အနေနဲ့ အစောင့်တွေတောင် ခပ်ပါးပါးပဲ ရှိတော့တယ်။ တလူနိုင်ငံ စစ်ဝတ်စုံနဲ့ စစ်သား(၈)ယောက်ပဲ ရှိတယ်။ ကျုပ်တို့ အနားရောက်တော့ အစောင့်(၂)ယောက်က တားပြီး..

“ရပ်လိုက်.. ဒါ ခံတပ်ရဲ့ ကန့်သတ်နယ်မြေ.. ဘယ်သူ ရမ်းဝင်လာတာလဲ..”

ကျုပ် ခေါင်းမော့ပြီး စုက္ကရေးကို ဝတ်ရုံအောက်က ထုတ်ပြလိုက်တယ်။ ပြီးတော့..

“အထဲ မဝင်ပါဘူး.. အိုက်ရှားနိုင်ငံရဲ့ တော်ဝင်မင်းသား မာခယ်နဲ့ တွေ့ဖို့ တောင်းဆိုချင်ယုံပါ..”

အစောင့် ကျုပ်ကို ချက်ချင်းမှတ်မိသွားပြီး လန့်သွားတယ်။

“မင်း… မင်း.. မင်းက..”

“ဟုတ်တယ်.. ငါကျန်းကုန်းဝေပဲ… ငါရောက်နေတယ်ဆိုတာ သတင်းပို့ဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်.. ကျေးဇူးပါ..”

အစောင့် ကျုပ်ကို ဦးညွတ်ရင်း..

“အဲဒါ မလိုပါဘူး.. နတ်ဘုရား သံတမန်ဖြစ်တဲ့အတွက် ဘယ်အချိန်လာလာ သတင်းပို့စရာ မလိုပါဘူး.. မြန်မြန် ဝင်သွားလိုက်ပါ..”

ကျုပ်ကို မှတ်မိတာနဲ့ ဘေးဖယ်ရင်း လမ်းဖွင့်ပေးလိုက်တော့တယ်။

တပ်မှူး အခန်းဝရောက်တော့ အစောင့်တွေ တွတ်ထိုးနေသံ ကြားလိုက်ရတယ်။

“သူက နတ်ဘုရား တမန်တော်လား.. သူ့ရုပ်ရည် တော်တော်ဆိုးပေမယ့် သူဆီက ပေးတဲ့ ခံစားချက်တွေက အရမ်းကောင်းနေတယ်”

“နတ်ဘုရား တမန်တော် အစက ဘယ်လောက်ချောတယ်ဆိုတာ မင်းသိလား။ အခုပုံစံဖြစ်သွားတာက မိစ္ဆာမျိုးနွယ်ကို သုတ်သင်ရင်း ဖြစ်သွားတာနေမှာ။ သူ့ဘေးနားက အလှဘုရင်မလေးကို တွေ့လား။ အဲ့ဒါ နတ်ဆိုးမျိုးနွယ် မင်းသမီး ဖြစ်လိမ့်မယ်။ နတ်ဘုရား တမန်တော်သာ ရုပ်ဆိုးရင် မင်းသမီး သူ့နားဘယ်လိုလုပ် ကပ်လိမ့်မလဲ..”

“အဲလို မဖြစ်နိုင်ဘူး။ အလှမယ်က သူရဲကောင်းကို ချစ်တယ်ဆိုတဲ့ စကားပုံလိုပဲ။ နတ်ဘုရား တမန်တော် ကျန်းကုန်းထက် ဘယ်သူက သူရဲကောင်း ဖြစ်အုံးမလဲ။ သူသာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအောင်မြင်အောင် မလုပ်နိုင်လိုက်ရင် ခုလောက်ဆို ငါတို့တွေ စစ်တိုက်နေရအုံးမှာကွ”

“မင်း သဘောတော့ ပေါက်သားပဲ။ စစ်မတိုက်ရတဲ့ ခံစားချက် ဘယ်လောက်ထိ ကောင်းလဲ။ ညီနောင် ငါတို့ အလှည့်ပြီးရင် ဘယ်ကို သွားသောက်ကြမလဲ..”

......*****......

မူကျီနဲ့ ကျုပ် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပျော်ရွှင်စွာနဲ့ပဲ ပြုံးလိုက်မိကြတယ်။

ကျုပ်တို့တွေ တပ်မှူး အခန်းကိုပဲ တည့်တည့်သွားလိုက်တယ်။ မာခယ်နဲ့ ကျန်တဲ့သူတွေ အဲ့မှာ ရှိလောက်တယ်လေ။ ဧည့်ခန်းရောက်တော့ ထင်ထားတဲ့အတိုင်းပဲ။ မာခယ်တင်မဟုတ်ဘူး တလူနိုင်ငံက အမတ်ကြီး ဖန်ဟောင်လည်း ရှိနေတယ်။ ကျန်းဟူ အဖေ မင်းသားတစ်ယောက်ပဲ မရှိတာဗျ။

ကျုပ်တို့ကို မြင်တော့ မာခယ်နဲ့ ဖန်ဟောင် အံ့ဩနေကြလေရဲ့။ မာခယ် ထရပ်ပြီး ကျုပ်ဆီကို အူယားဖားယား ပြေးလာတော့တာ။

“မင်းဘာလို့ ဒီလောက်ကြာမှ လာတာတုန်း။ မင်း ဇာတိမြေကို မယုံလို့လား..”

ကျုပ် ခေါင်းယမ်းရင်း အပြုံးနဲ့ပဲ..

“ဘယ်ဟုတ်ပမလဲကွာ။ ငါ့ဇာတိမြေကို မယုံရင်တောင် ငါ့အကောင်းဆုံးညီနောင်ကို မယုံစရာလားဟ”

မာခယ် မျက်လုံးတွေ နီရဲသွားပြီး..

“အရင်က ငါ့အဖေ မှားတာပါကွာ။ သူ ငါ့ကို ထိန်းသိမ်းထားတာ ကြာပြီကွ။ သူ ဆန့်ကျင်မယ့်ကိစ္စ ငါသိလိုက်တဲ့အချိန် တားဖို့ နောက်ကျသွားပြီ။ အစ်ကိုကြီး မင်းစွမ်းအားတွေ တော်တော် ကြောက်ဖို့ ကောင်းတာပဲ။ ငါ့အဖေလဲ အိုက်ရှားကို အုပ်ချုပ်ဖို့တောင် သူခေါင်းထောင်နိုင်ပါတော့မလား မသိပါဘူးကွာ”

ခယ်ကျာဆိုတာ သူ့အဖေဆိုတော့လဲ နည်းနည်း ဝမ်းနည်းသွားပုံပဲ။

“အိုက်ရှားက ခေါင်းဆောင်မရှိရင် ဘယ်လိုလုပ် ရှေ့ဆက်နိုင်မှာလဲ။ ဦးလေး ခယ်ကျာ ဒီလိုကြီး ထွက်သွားမလို့တဲ့လား”

မာခယ် ရှိစုမဲ့စု သတ္တိတွေ စုလိုက်သလိုမျိုး မျက်နှာ နီရဲသွားပြီး..

“အစ်ကိုကြီး အဖေ ငါ့ကို စာတစ်စောင် ပေးခဲ့တယ်ကွ။ ငါတို့ နှစ်ယောက် ဆက်ဆံရေးကြောင့် ဖြစ်မယ်ထင်တယ်။ ဒီနေရာက ကိစ္စတွေ အားလုံး ဖြေရှင်းပြီးရင် နိုင်ငံကို အမြန်ဆုံး ပြန်လာခဲ့ရမယ်တဲ့ကွ..”

============= (*^*)=============

အပိုင်း( ၂၉၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters