ဧကရာဇ် လောင်းလျာ
Vol. 20 Ch. 292
Child of light (ကျန်းကုန်း)
Volume 10: Chapter 39 - The Future Emperor
ကျုပ် ဝမ်းသာသွားမိပြီး..
“ဒါ အရမ်းကောင်းတယ်။ ဧကရာဇ်လောင်းလျာကို ကြိုပြီး ဂုဏ်ပြုပါတယ်။ ဟား ဟား ဟား..”
မာခယ်သာ အိုက်ရှား ဧကရာဇ်ဖြစ်မယ်ဆို လူသား(၃)နိုင်ငံအတွက် ကျုပ်စိတ်ပူစရာ မရှိတော့ဘူး။ အိုက်ရှားနဲ့ ရှို့တိ ကျုပ်ဘက်မှာရှိနေတော့ တလူ ကျုပ်ကို ခြမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး။
မာခယ် ကျုပ်ကို လက်သီးနဲ့ ထိုးရင်း..
“အစ်ကိုကြီး ငါ့ကို လှောင်မနေစမ်းနဲ့..”
ဖန်ဟောင် ကျုပ်တို့ရဲ့ နက်နက်ရှိုင်းရှိုင်း ရင်းနှီးမှုကို မြင်တော့ စိတ်မသက်မသာနဲ့ သူ့ထုံးစံအတိုင်း လည်ချောင်း (၂)ခါရှင်းလိုက်တယ်။ ကျုပ် သူ့ကို ဦးညွှတ်လိုက်ပြီး..
“တောင်းပန်ပါတယ်ဗျာ။ အမတ်ကြီး ဖန်ဟောင်ကို တောင်းပန်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ခင်ဗျားတို့ နိုင်ငံတော်မှာ ဘာပြဿနာမှ မရှိလောက်ဘူး မို့လား..”
ဖန်ဟောင် ခပ်ရှက်ရှက်နဲ့..
“အဲ့တုန်းက ငါဘာမှ မလုပ်နိုင်လိုက်ဘူးကွာ။ နတ်ဘုရား တမန်တော် ကျန်းကုန်း အဲ့အတွက်လဲ တောင်းပန်ပါတယ်..”
“ပြီးသွားတာတွေ ပြောမနေပါနဲ့တော့ဗျာ။ (၃)နိုင်ငံ စည်းစည်းလုံးလုံး ရှိဖို့တော့ ခင်ဗျားကိုပဲ ဒုက္ခပေးရအုံးမှာပါ”
ဖန်ဟောင် ရှက်ပြီး သက်ပြင်းချရင်း..
“မင်းတို့တွေ စကားဆက်ပြောကြအုံး။ ငါ ကိစ္စတစ်ခုရှိလို့ အရင်သွားနှင့်လိုက်မယ်..”
ပြောပြီး ထွက်သွားပါလေရော။
သူထွက်သွားတာမြင်တော့ မာခယ် သက်ပြင်းချရင်း….
“အစ်ကိုကြီး.. မင်း ဒီတစ်ကြိမ် လူသားနိုင်ငံ (၃)ခုစလုံးကို ရက်ရက်စက်စက် ပြုပြင်ပစ်တာကွ။ လောလောဆယ် ရှို့တိ ဘုရင်ကလွဲရင် အိုက်ရှားနဲ့ တလူက ငါတို့ စစ်သည်တွေ ခေါင်းကို မထောင်နိုင်တော့ဘူး။ အမတ်ကြီး ဖန်ဟောင် သူ့တာဝန်ကနေ နှုတ်ထွက်ဖို့အတွက် တလူ အကြီးအကဲတွေဆီ နှုတ်ထွက်စာ တင်ထားတယ် ကြားတယ်ကွ”
“အဲ့လောက်တောင် ဆိုးသွားတာလား..”
“ဘာလို့ မဆိုးရမှာလဲ။ အဲ့နေ့က ပြလိုက်တဲ့ စွမ်းအားတွေ ပြင်းထန်လွန်း အားကြီးတယ်လေ။ လူသားတွေ ခံနိုင်တဲ့ အနေအထားမှ မဟုတ်တာ။ ဧကရာဇ် (၃)ပါးစလုံး မင်းဆီကို လက်ဆောင် ပဏ္ဍာတွေ သူ့ထက်ငါ ဦးအောင် ပို့ချင် နေကြပြီ။ မင်းကို စော်ကားမိတဲ့ အမတ်ကြီး ဖန်ဟောင် သူ့ရာထူး ဆက်ထိန်းထားနိုင်တော့မယ် မထင်ဘူး..”
“လောလောဆယ် အဲ့ဒါတွေ စဉ်းစားဖို့ အချိန်မရှိသေးပါဘူးကွာ။ စာချုပ်က အချက်အလက်တွေ သေချာ လိုက်နာကြဖို့ပဲ မျှော်လင့်တာပါ။ ငါချက်ချင်း ခရီးထွက်ရအုံးမယ်။ နောက်ထပ် ကိစ္စနည်းနည်း ဖြေရှင်းပြီးရင်း နတ်ဘုရားအလင်း ချိုင့်ဝှမ်းကို သွားမယ်။ မိစ္ဆာဘုရင်ရဲ့ ကိုယ်ပွားနဲ့ သိပ်မဝေးလောက်တော့ဘူးဆိုတော့ ပြင်ဆင်မှုတွေ အမြန်ဆုံး လုပ်မှရမယ်။ မင်းလည်း ပြန်သွားပြီးရင် အထူးသဖြင့် အပေါ့စား မှော်ပညာတွေ စလေ့ကျင့်သင့်တယ်။ အဲ့ဒါမှ အချိန်ကျလာရင် လိုက်လျောညီထွေဖြစ်မှာ။ ဟုတ်ပြီလား..”
“အစ်ကိုကြီး.. မင်းအခု သွားတော့မှာလား..”
“အင်း.. အချိန်မရှိဘူးဆိုတော့ ငါ့မှာ ရွေးစရာမရှိဘူးကွ။ မိစ္ဆာဘုရင်ကို သုတ်သင်ပြီးရင်တော့ နောက်တစ်ကြိမ် ပြန်တွေ့ကြအုံးမှာပါ။ ဟုတ်သားပဲ.. မာခယ်.. ဆရာတိ၊ ဆရာကျန်းနဲ့ ကျန်တဲ့ ဆရာတွေကို ငါ့ကိုယ်စား ကျေးဇူးပြုပေးပါအုံး။ ငါသူတို့ကို တကယ်လွမ်းနေတာကွ..”
အထူးသဖြင့် ဆရာတိ ပေါ့ဗျာ။ သူ့လမ်းညွှန်မှုတွေ မပါဘဲ ဒီနေ့ ကျုပ်ဆိုတာ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။ တော်ဝင် မှော်ပညာ အလယ်တန်းကျောင်း ရောက်ကတည်းက အဲ့အဘိုးကြီး ကျုပ်ကို ပြုစု ပျိုးထောင်ပေးခဲ့တာလေ။ အချိန်တော်တော်ကြာကို ခွဲနေရတော့ တကယ်ကို လွမ်းမိတာဗျ။
“ငါ လုပ်ပေးပါမယ်။ အစ်ကိုကြီး အခုချိန်ထိအောင် ငါ့ဘဝမှာ နောင်တ အရဆုံးက ဘာလဲဆိုတာ မင်းသိလား”
“ဘာပါလိမ့်..”
“သန့်ရှင်းသောဓား သွားရှာတုန်းက မင်းနဲ့ အတူတူ မလိုက်ခဲ့ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး။ အဲ့တုန်းက အချိန်ကို ငါပြန်အမှတ်ရမိယုံတင်မဟုတ်ဘူး မင်းအခုလက်ရှိ စွမ်းအားတွေကို မှီဖို့ ဘယ်လိုမှ ဖြစ်နိုင်မယ် မထင်တော့ဘူး”
ကျုပ် သူ့ပုခုံး ပုတ်ပြီး..
“ပြီးသွားတာတွေ နောင်တရ မနေနဲ့တော့။ အခု မင်းလုပ်ရမှာက မြင့်မြတ်တဲ့ မင်းတစ်ပါးလုပ်ဖို့ပဲ။ အိုက်ရှားရဲ့ အနာဂတ်က မင်းပခုံးပေါ်မှာပဲ။ မင်းတာဝန်တွေ အရမ်းကြီးလွန်းတယ်။ ပြန်ရောက်တာနဲ့ အလုပ်ရှုတ်တော့မှာ။ ဒါပေမယ့် ဆရာတွေ မင်းကို ထောက်ပံ့ပေးမှာ သေချာပါတယ်။ တိုက်ကြီးရဲ့ ထိပ်သီး မှော်သခင်ကြီး(၃)ယောက် မင်းကို အားပေးထားမှတော့ တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လှမ်းနိုင်မှာပါကွာ”
“ဒါ ငါ့တာဝန်ပဲ။ သေချာပေါက် အချောင်ခိုမနေပါဘူးကွာ..”
“ဒါအရမ်းကောင်းတယ် ညီနောင်… ကောင်းပြီ ငါမူကျီနဲ့ သွားတော့မယ်.. မင်းကိုမင်း ဂရုစိုက်ရမယ်နော်..”
“အစ် ကို ကြီး..”
ဟိုကောင် မာခယ် မျက်လုံးတွေ နီရဲလာပြီ..
ကျုပ် မူကျီလက်ဆွဲပြီး လှည့်ထွက်ရင်းနဲ့..
“တော်လောက်ပြီ။ မိန်းကလေး တစ်ယောက်လိုတွေ လုပ်မနေနဲ့တော့။ နောက်တစ်ခါ ပြန်မတွေ့ရတော့မှာလဲ မဟုတ်ဘဲနဲ့..”
မူကျီလက်ဆွဲ ထွက်လာတော့ နောက်ကျောကနေ မာခယ့် ငိုသံ ကြားလိုက်ရတယ်..
“အစ်ကိုကြီး.. မင်းလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်…”
ကျုပ် ဘာမှပြန်မပြောတော့ဘဲ မူကျီနဲ့ အတူ တပ်မှူးနားနေဆောင်ကထွက်လာပြီး မင်းသားခြံဝန်းဆီ အပြေးသွားလိုက်တော့မှ ကျလုလု မျက်ရည်တွေ ထိန်းနိုင်လိုက်တော့တယ်။
တပ်မှူး နားနေဆောင်က ထွက်လာမှ ကျုပ်စိတ်တွေ တည်ငြိမ်သွားတယ်။ မူကျီကျုပ်ကို ကြင်ကြင်နာနာနဲ့..
“မိစ္ဆာဘုရင်ကို သုတ်သင်ပြီးရင် ဒီကိစ္စတွေ သိပ်စဉ်းစားစရာ မလိုတော့ပါဘူး။ နင်လုပ်ချင်တာ လုပ်ဖို့ ငါအတူလိုက်ပေးမယ်။ ဥပမာ နင့်သူငယ်ချင်းတွေ အကုန်စုပြီး ထမင်းစား ဖိတ်လို့ရတယ်လေ..”
သူ့စကားကြောင့် ကျုပ်မှာ ရီလိုက်ရတာဗျာ။
“ကောင်မလေး စားဖို့ဆို ဘယ်တော့မှ မမေ့ဘူးနော်..”
“အေးပေါ့.. အစားဆိုတာ လူနဲ့ တည့်တယ်လေ။ အရသာရှိရှိ မစားရတာတောင် တော်တော်ကြာနေပြီ..”
“ပြဿနာမရှိဘူး။ ငါတို့စခန်း ပြန်ရောက်ရင် နင်စားဖို့ အစားကောင်းကောင်းတွေ ရှိမှာ သေချာတယ်”
ပြောရင်းဆိုရင်းနဲ့ပဲ မင်းသားနတ်းဆောင်ကို ရောက်လာခဲ့လိုက်တယ်။ ထင်မထားတာက အစောင့်တစ်ယောက်မှ မရှိဘဲ အားလုံး တိတ်ဆိတ်နေရောပဲ။ ရှောင်ကျင်းတောင် သူ့လက်သည်းတွေနဲ့ မျက်လုံးအုပ်ပြီး မြေပြင်ပေါ်မှာ တုန်းလုံးကြီး မြင်လိုက်ရတော့ ကျုပ် တော်တော် တုန်လှုပ်သွားမိတယ်။ သူ့ကျောပေါ်မှာကျ ရှောင်ရို့ လူသားပုံစံနဲ့ ပျော်ပျော်ကြီး ခုန်ပေါက်နေလေရဲ့။
ရှောင်ရို့ ကျုပ်ကို မြင်တာနဲ့ ကျောပေါ်က ချက်ချင်း ခုန်ဆင်းလာပြီး..
“သခင် နင်ပြန်လာပြီလား..”
“ငါကို သခင်လို့ မခေါ်ပါနဲ့လို့ ပြောထားတယ်လေ။ နင် ငါ့ကို ကျန်းကုန်းလို့ပဲ ခေါ်လို့ရတယ်။ နင်တို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ..”
ကျုပ်အသံကြားမှ ရှောင်ကျင်း သူ့လက်သည်းတွေဖယ်၊ မျက်လုံးကြီးပွင့်လာရင်း ငိုယိုပြီး..
“သခင်… မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့။ မင်းသာ ပြန်မလာရင် နတ်ဆိုးက ငါ့ကို သေလောက်အောင် နှိပ်ဆက်မှာကွ။ သူခုန်ချင်တာနဲ့ ငါ့မှာ ကျောခင်းပေးထားရတယ်။ ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ..”
ကောင်းချက်တော့ကွာ။ ရှောင်ရို့ ကျောင်ကျင်းကို အိပ်ယာလိုခင်းဖို့ တွေးမိသွားတာ အမှန်ပဲ။ မူကျီနောက်မှာ သွားပုန်းနေတဲ့ ရှောင်ရို့ကို ကြည့်လိုက်တော့..
“ငါကို အပြစ်မတင်နဲ့နော်။ အဲ့လိုပုံစံလို့ ဘယ်သူပြောတာလဲ။ ငါက စမ်းကြည့်ယုံလေးပဲလေ။ မဟုတ်ရင် ပျင်းလွန်းလို့ သေရလိမ့်မယ်”
မူကျီတစ်ယောက် သူပြောတာကြားတော့ ဟက်ဟက်ပက်ပက် ရယ်ပြီး…
“ကောင်းလိုက်တာ။ ရှောင်ကျင်း ခန္ဓာကိုယ်က တကယ်ကို ပျော့ပြောင်းမယ့်ပုံပဲလို့ ငါလဲ တွေးထားတာ။ ငါလဲ စမ်းကြည့်ချင်လိုက်တာ..”
ပြောပြီးတာနဲ့ မြေပြင်ကို ကန်ရင်း ရှောင်ရို့နဲ့အတူ ရှောင်ကျင်းကျောပေါ် ခုန်တက်သွားပါလေရော။
============= (*^*)=============
အပိုင်း( ၂၉၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား