ခံတပ်မှ ထွက်ခွာခြင်း
Vol. 20 Ch. 293
Child of light (ကျန်းကုန်း)
Volume 11: Chapter 1 - Leaving the Stronghold
ရှောင်ကျင်း မျက်နှာငယ်လေးနဲ့ ကျုပ်ကို ကြည့်ရင်း..
“သခင် ငါ့ကို ကယ်ပါအုံး..”
ကျုပ် ရယ်ရင်းနဲ့ပဲ သူ့ခေါင်းကြီးကို ကျုပ်ခေါင်းနဲ့ တိုက်ရင်း..
“ရှောင်ကျင်း.. ငါ့ညီအစ်ကိုကောင်းကြီး။ မင်းတော့ ဒုက္ခရောက်တော့မယ်ကွ။ မူကျီကို ငါလဲ မနိုင်ဘူး။ ငါမင်းကို ဆုတောင်းပေးယုံပဲ တတ်နိုင်တော့တယ်။ ဟုတ်သားပဲ။ မင်းသား၊ အစ်ကိုကြီးရှန့်ယွင်နဲ့ ကျန်တဲ့သူတွေရော ဘယ်မှာလဲ.."
ရှောင်ရို့ မူကျီနဲ့ ကစားနေရင်းကနေ..
“သူတို့ ထွက်သွားလိုက်ပြီ။ ဒီမှာ အခြေအနေ တည်ငြိမ်သွားပြီဆိုတော့ မိစ္ဆာဘုရင်နဲ့ တိုက်ခိုက်နိုင်အောင် ပြင်ဆင်တဲ့အနေနဲ့ တပ်တွေကို လေ့ကျင့်ပေးဖို့ ပြန်သွားကြပြီ။ သူတို့နဲ့ တွေ့ချင်ရင် ရှို့တိကို လာလို့ရတယ်လို့ ပြောသွားတယ်။ အဘိုးကြီး တစ်ယောက်က သူသားကို နင့်အောက်မှာပဲ ထားခဲ့မယ်လို့ ပြောသွားသေးတယ်။ အဲ့လူကြီး တော်တော် ရက်စက်တာပဲနော်..”
မင်းသား တော်တော်ကို အလျင်လိုနေတာပဲ။ သူ အလျင်စလို ထွက်သွားရတဲ့ အကြောင်းက အိုက်ရှားနဲ့ တလူတို့တွေ ရန်လိုတာနဲ့ ပတ်သက်လိမ့်မယ် ထင်တယ်။ မင်းသားလဲ အပြောင်းအလဲ ဖြစ်တုန်းက အခက်အခဲ တော်တော် ဖြစ်သွားပုံပဲ။ အိုက်ရှားနဲ့ တလူက လူတွေနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့အတူတူ ထွက်သွားတာ ကောင်းပါတယ်လေ။
ရှောင်ရို့ပြောသလို မင်းသား ကျုပ်လက်အောက်မှာ ထားခဲ့မယ်ဆိုတာ အစ်ကိုကြီး ကျန်းဟူပဲပေါ့။
“မင်း အပြောအဆို သတိထားရမယ်။ ကျန်းဟူ သူ့အဖေကို ရက်စက်တယ်ပြောရင် မင်းကို လွယ်လွယ်လေး ခွင့်လွှတ်မှာမဟုတ်ဘူး။ ဟား..ဟား.. မူကျီရေ အဲ့လောက်ဆို တော့ပါတော့။ ရှောင်ကျင်းကို အနိုင်ကျင့်မနေနဲ့တော့။ ငါတို့ ပြန်သင့်ပြီ..”
“ကောင်းပြီ.. ဒါအကောင်းဆုံးပဲ..”
ရှောင်ရို့ ကျုပ်ဆီ ပြေးခုန်တက်လာတယ်။ ကျုပ်ပခုံးပေါ်လဲရောက်ရော သွက်သွက်လက်လက် ရှဉ့်လေးပုံစံ ဖြစ်သွားပြီ။ မူကျီလဲ ရှောင်ကျင်း ကျောပေါ်က ဆင်းလာပြီး သူ့ခေါင်းကြီးကို ပွတ်ရင်း..
“ရှောင်ကျင်း.. နင်ငါ့ကို စိတ်မဆိုးဘူးမို့လား..”
ရှောင်ကျင်း ကြွက်သားတွေ တုန်ကနဲ ဖြစ်သွားပြီး..
“ဟုတ်တယ်… မဟုတ်ဘူး.. သခင် ဘယ်သွားကြမလဲ..”
“(၂)ရက်လေးနဲ့ မင်းတောင် တော်တော်ပျက်စီးနေပြီပဲ။ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်စခန်းကို သွားကြမယ်..”
“ကောင်းတယ်.. အားလုံး ငါ့ကျောပေါ်က လိုက်လို့ရတယ်..”
ကျုပ် မူကျီ ချစ်စရာ ကိုယ်လုံးလေးကို ဖက်ပြီး ရှောင်ကျင်း ကျောပေါ် ခုန်တက်လိုက်တယ်။
“ရှောင်ကျင်း သွားရအောင်..”
ရှောင်ကျင်းကတော့ သူ့အတောင်ပံကြီးတွေ ခတ်ရင်း ကျုပ်နဲ့ မူကျီကို နတ်ဆိုးနဲ့ သားရဲမဟာမိတ် တပ်ဆီ ခေါ်သွားလိုက်တော့တယ်။
.....*****.......် (၃)ရက်ကြာတော့ ကျုပ်တို့တွေ အခြေစိုက်စခန်းပြန်ဖို့ စရီးစလိုက်တော့တယ်။ အမှတ်(၁) ကာကွယ်ရေး တပ် အခြေအနေကို စစ်ကြည့်လိုက်တော့ သေဆုံးတာတွေ အပြင်းအထန် ဒဏ်ရာရတာတွေ မရှိတာ တွေ့လိုက်ရတယ်။ လူနည်းနည်းလောက်ပဲ ဒဏ်ရာ ခပ်ပါးပါး ရလိုက်ကြတယ်။ ကျုပ်တို့ အမှတ်(၁)ကာကွယ်ရေး တပ်က ထူးခြားတဲ့ပုံပဲဗျ။ ကာကွယ်ရေးတပ်မှာ လူမများဘူးဆိုပေမယ့် ကြယ်စင်သူရဲကောင်းအဆင့် ဒါမှမဟုတ် ကြယ်စင်သူရဲကောင်းအဆင့် ရောက်ခါနီးစွမ်းအား ပိုင်ရှင်တွေနဲ့ ဖွဲ့စည်းထားတာလေ။
မူကျီနဲ့ အတူတူနေရအောင် ခယ်လွင်သောင်ကို ကျုပ်တို့နဲ့အတူ မလိုက်ခိုင်းတော့ဘူး။
ကျုပ်တို့အဖွဲ့ အချိန်ကြာကြာ ပျံသန်းဖို့ ထိန်းမထားနိုင်တဲ့အတွက် ခြေလျင်သွားကြဖို့ပဲ ဆုံးဖြတ် လိုက်တော့တယ်။ ခြေလျင်သွားတယ် ဆိုအုံးတော့ ကျုပ်တို့ သွားနှုန်းက မြန်နေတုန်းပါပဲလေ။ နိုင်ငံ(၃)ခုစုံရာ တောင်းတန်းတွေကိုရောက်အောင် တစ်ရက် နည်းနည်းနဲ့ သွားရင်း နောက်ဆုံးတော့ မြင်ကွင်းထဲ ပေါ်လာခဲ့ပြီ။
“ဟား ဟား ဟား… အိမ်ပြန်ရောက်တော့မယ်ကွ။ ဒီလတွေမှာ ငါတို့အိမ် ဘယ်လောက် ပြောင်းလဲသွားမလဲ သိချင်နေမိပြီ”
တုန်းရီ မှတ်ချက်ပေးတော့တာပဲ။ ရည်မှန်းချက် အောင်အောင်မြင်မြင်နဲ့ ပြန်လာတာဆိုတော့ အားလုံး စိတ်ဓါတ် တက်ကြွနေကြတာပေါ့ဗျာ။ ရှင်းအောင်း ပြုံးရင်းနဲ့..
“(၁၀)ရက်လောက်နဲ့တောင် ပြောင်းလဲသေးတာ ငါတို့ အခြေစိုက်စခန်း တော်တော် ပြောင်းလဲသွားမှာ သေချာတယ်။ ငါတို့ ညီအစ်ကိုတွေ အရေအတွက် (၁၀၀၀၀)ကျော်သွားတာတောင် ဖြစ်ကောင်း ဖြစ်အုံးမယ်”
ကျုပ် မျက်မှောင်ကြုတ်ရင်း..
“တောင်တန်းတွေကြားမှာ အခြေချဖို့ နေရာတော်တော် ကျန်သေးတယ် ဆိုပေမယ့် အပင်တွေ၊ တိရိစ္ဆာန် အရင်းအမြစ်တွေ လူဦးရေများလာတာနဲ့အမျှ ဘယ်လိုလုပ် ဘက်ညီတော့မှာလဲ။ အခုတောင် ငါတို့တွေ အရမ်းကာရော သုံးမိနေကြပြီ။ ငါစုဆောင်းထားတဲ့ ပစ္စည်းတွေလဲ အကန့်အသတ်ရှိတာဆိုတော့ ငါဘာလုပ်သင့်လဲ..”
ရှို့စစ် ခေါင်းညိတ်ပြီး..
“ကျန်းကုန်း ဉာဏ်ကောင်းတယ်။ ဒါပေမယ့် ငါတို့တွေ စိုက်ပျိုးလို့ရတဲ့ သီးနှံတွေရယ်၊ တောင်ပေါ်မှာ အရင်းအမြစ်တွေပေါတာရယ်ဆိုတော့ ရိက္ခာအတွက် စိတ်ပူစရာမလိုဘူး။ ဒါပေမယ့် နေ့စဉ်သုံး လိုအပ်ချက်တွေအတွက် ဖြေရှင်းနိုင်ဖို့တော့ နိုင်ငံ(၃)ခုကို အားကိုးနေရတုန်းပဲ။ ရေရှည်ဆိုရင်တော့ တောင်ပေါ်မှာပဲ လိုအပ်ချက်အားလုံး ဖြည့်စည်းပေးနိုင်မယ့် တစ်နေ့ ရောက်လာမျာပါလေ..”
ကျန်းဟူက..
“ငါတို့တွေ ခွဲတမ်းစနစ်သုံးပြီး မိစ္ဆာဘုရင် ပေါ်လာတဲ့အထိ သည်းခံနေနိုင်လောက်ပါတယ်..”
ကျုပ် ခေါင်းခါရင်းနဲ့..
“မဟုတ်သေးဘူး။ ငါတို့တွေ အဲ့လို လုပ်လို့မရဘူး.. မူကျီ အားလုံးကို ရှင်းပြလိုက်..”
စကားဆုံးတာနဲ့ မူကျီကို ခေါင်းညိတ်ပြလိုက်တယ်။ မူကျီ ကျုပ်နဲ့ အတွေးတူမှာလေ။ နတ်ဆိုးဧကရာဇ်ရဲ့ သမီးတော် မင်းသမီးလေးပဲဥစ္စာ။ သူနဲ့ နေလာတာကြာတော့ အားလုံးနဲ့ ကွဲနေတယ်ဆိုတာ ခံစားမိတယ်။ ပြီးတော့ ကျုပ်တစ်မျက်နှာ တစ်ရွာထင်လိုက်လာရတဲ့သူဆိုတော့ အားလုံးနဲ့ တသားတည်းဖြစ်အောင် လုပ်ပေးရမယ်လေ။ တကယ်တမ်းကျ တော်ဝင် မှော်ပညာကျောင်းမှာ ကတည်းက ဗျူဟာချတဲ့ နေရာတွေမှာ မူကျီ ကျုပ်ထက် အများကြီးသာတယ်လေ။
မူကျီ ကျုပ်ကို ပြုံးပြပြီး..
“ကျန်းကုန်း ပြောတာ မှန်တယ်။ ငါတို့တွေ အဲ့နည်းလမ်း သုံးလို့မရဘူး။ မိစ္ဆာဘုရင်ပေါ်လာပြီး မိစ္ဆာဘုရင်ကို ငါတို့ သုတ်သင်နိုင်ပြီပဲထား။ အားလုံးပြီးသွားတဲ့အချိန် နောက်လိုက် ညီအစ်ကိုတွေ ဘယ်လို အနားယူကြမယ်ဆိုတာ တွေးဖူးကြလား..”
မူကျီစကားကြောင့် အားလုံး အလေးအနက် ဖြစ်ကုန်ကြတယ်။
ကျန်းဟူက..
“နတ်ဘုရားကျေးရွာက အကြီးအကဲတွေနဲ့ သူ့လူတွေကို ရွာပြန်ပို့လိုက်ရင်ပြီးပြီလေ။ ဒါပေမယ့် ငါတို့ စုစည်းထားတဲ့ လူတွေကတော့ ပြဿနာ များလိမ့်မယ်။ ငါတို့တာဝန်တွေ ပြီးတာနဲ့ လူစုခွဲလိုက်တော့လို့ ပြောယုံနဲ့ မရနိုင်တော့ဘူး..”
ကောင်းသဲက..
“ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ။ သူတို့ကို လူစုခွဲဖို့ လူသား(၃)နိုင်ငံက ငွေနည်းနည်းဆီ အကူအညီတောင်းလို့ မဖြစ်နိုင်ဘူးလား။ ငါတို့ကို အားကိုးနေတာ ငွေကြေးကြောင့်တော့ မဟုတ်လောက်ဘူးမို့လား..”
ရှင်းအောင်းကလဲ..
“ငွေကြေးအတွက် မဟုတ်မှတော့ ဖျက်သိမ်းလိုက်ယုံပဲလေ..”
အဲ့တော့မှ မူကျီ ခေါင်းခါပြီး..
“မရဘူး။ အဲ့လို လုပ်လိုက်ရင် သူတို့ နှလုံးသားတွေ ဆုံးရှုံးသွားမာမို့ ငါတို့လုပ်လို့မဖြစ်ဘူး။ သူတို့ကို အကောင်းဆုံး နည်းလမ်းတွေ ပေးမှရမယ်။ အစ်ကိုကြီး ကောင်းသဲကလဲ ငါတို့နောက်လိုက်တွေ ငွေကြေးကြောင့် မဟုတ်ဘူးလို့ ပြောတယ်မို့လား။ ငါတို့နောက် လိုက်လာရတဲ့ အများစုက နင်တို့ရဲ့ နတ်ဘုရားတမန်တော်ဆိုတဲ့ ဂုဏ်ပုတ်ကြောင့်ပဲ။ နတ်ဘုရားကျေးရွာအကြောင်း ကျန်းကုန်းဆီက ကြားထားတယ်။ ငါတို့မှာ လက်ရှိ လူဦးရေ များတယ်ဆိုပေမယ့် ဒီနေရာမှာ နောက်ထပ် နတ်ဘုရားကျေးရွာအဖြစ် တည်လို့ရနိုင်တယ်။ ဒီနေရာက လူတိုင်း သန်မာတဲ့ ကျင့်ကြံသူတွေပဲလေ။ အသက်မွေးဝမ်းကြောင်းအတွက် စရိတ်ရအောင် အတော်အတန်လွယ်တဲ့ လုပ်ငန်းတွေလုပ်နိုင်အောင် အလုပ်သမား အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့စည်းလို့ရနိုင်တယ်”
============= (*^*)=============
အပိုင်း( ၂၉၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား