နတ်ဘုရား၏ ကာကွယ်ရေးတပ်ဖွဲ့
Vol. 20 Ch. 295
Child of light (ကျန်းကုန်း)
Volume 11: Chapter 3 - God’s Protector Domain
လူတွေကို ကြည့်လိုက်တော့ မူကျီ၊ ကျန်းဟူနဲ့ ကျုပ်ကလွဲလို့ ကျန်တဲ့သူတွေ ရှို့စစ်ဘာပြောမယ်ဆိုတာ သိနေသလိုမျိုး ကျုပ်ကို တစ်ပုံစံတည်း ဝိုင်းကြည့်နေတာ တွေ့လိုက်ရတယ်။
ရှို့စစ် လည်ချောင်းတစ်ချက် ရှင်းပြီး..
“လျှပ်စီးခံတပ်မှာ ဦးဆောင်တုန်းက ပထမဆုံး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီးပြီ။ တပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆိုတာလဲ လုံလောက်တဲ့ အကြောင်းပြချက် ရှိရမှာဆိုတော့ နာမည်တစ်ခု သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါ ဘာနာမည်လဲဆိုတော့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ ဆိုတာပဲ။ ကျန်းကုန်းလဲ ပြန်ရောက်ပြီဆိုတော့ အဲ့ဒီ နတ်ဘုရားကာကွယ်ရေးအဖွဲ့ကို တရားဝင်သတ်မှတ်တော့မယ်။ ငါတို့ ရည်ရွယ်ချက်က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ပေါင်းစည်းရေးအတွက် မိစ္ဆာမျိုးနွယ်ကို ဖယ်ရှားဖို့အတွက် နတ်ဘုရား မျိုးနွယ်ကို ကူညီဖို့ပဲ”
စကားဆုံးတော့ အားလုံး ဝမ်းသာနေကြတယ်။
“အစ်ကိုကြီး ရှို့စစ် အံ့ဩစရာဆိုတာ အဲဒါလား..”
“အေးလေ.. ဒါတင်မကသေးဘူး။ စကားဆုံးအောင် ဆက်ပြောမယ်။ အကြီးအကဲ (၅)ယောက် ရဲ့ အနီးကပ် လမ်းညွှန်ကြီးကြပ်မှုနဲ့ ငါတို့ နတ်ဘုရားကာကွယ်ရေးအဖွဲ့က ကြီးကြပ်ရေးမှူးတွေ ဖြစ်လာလိမ့်မယ်။ ဥပဒေ စိုးမိုးရေးအဖွဲ့ကိုလည်း ဖွဲ့ရမယ်။ လူ(၃၀၀၀)ကို (၆)တပ်ခွဲမယ်။ ပထမဆုံး အဖွဲ့က ငါတို့နဲ့ အတူခေါ်လာတဲ့ ညီအစ်ကိုတွေပေါ့။ ကျန်တဲ့ ညီအစ်ကိုတွေကိုလဲ ဆိုင်ရာဆိုင်ရာအဖွဲ့တွေ ခွဲပြီးသွားပြီ။ ငါတို့မှာ အရေအတွက် သိပ်မများဘူးဆိုတော့ တပ်မှူးငယ်တွေ သီးသန့် တာဝန်မပေးတော့ဘူး။ အဖွဲ့ (၆)ဖွဲ့ကို အစ်ကိုကြီး ကျန်းဟူ၊ ရှင်းအောင်း၊ ကောင်းသဲ၊ တုန်းရီ၊ ကျန်းရှန်နဲ့ ငါ ဦးဆောင်မယ်”
“ဒါဆို ငါကရော ဘာလုပ်ရမှာတုန်း..”
ရှို့စစ် ပြုံးရင်းနဲ့.
“မင်း အံ့ဩသွားပြီပေါ့လေ။ နိုင်ငံတိုင်းမှာ ခေါင်းဆောင်မရှိလို့မရသလို တပ်ဖွဲ့တွေမှာလဲ အရာရှိတွေ မရှိလို့မရဘူး။ ငါတို့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ ရဲ့ ခေါင်းဆောင်ရာထူး လက်ခံရမှာက မင်းပဲ။ အားလုံးကို မင်းပဲ တာဝန်ယူရလိမ့်မယ်”
ကျုပ် တော်တော် လန့်သွားမိတယ်။ သူတို့တွေ ပေါင်းကြံတော့မယ်ဆိုတာ ကျုပ်သိနေတယ်လေ။ ထင်ထားတဲ့ အတိုင်းပဲ။ အဲ့အဖွဲ့မျာ ကျုပ်က ခေါင်းဆောင်လုပ်ရတော့မယ်ဆိုရင် အလုပ်အရှုပ်ဆုံး ဖြစ်တော့မှာလေဗျာ။ ကျုပ်လဲ ငြင်းမလို့ ချက်ချင်း ထရပ်လိုက်တယ်။ ဒါပေမယ့် ထောင်ချီတဲ့ လူတွေ အားပေးနေတော့ ငြင်းဖို့ ခက်နေရော။ ရှို့စစ်ကတော့ သူ့အကြံ အောင်ပြီဆိုတဲ့ သဘောနဲ့ ကျုပ်ကို ပြုံးကြည့်နေတော့ ချွေးစေးတွေ ထွက်လာရောဗျ။
ကျုပ်လဲ အကြီးအကဲ(၅)ယောက်ကို အကူအညီတောင်းတဲ့အနေနဲ့ ကြည့်လိုက်မိတယ်။
“အကြီးအကဲတို့.. ကျုပ် အရမ်းငယ်သေးတယ်လေ။ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူးထင်တယ်။ ကျုပ်က ဉာဏ်တိမ်သလို ကျော်ကြားတဲ့သူလဲ မဟုတ်ဘူး။ ခင်ဗျားတို့ ဘယ်လိုထင်လဲ..”
ဒုတိယ အကြီးအကဲ ပြုံးရင်းနဲ့..
“ကျန်းကုန်း.. ဒီကိစ္စဆွေးနွေးပြီးသားမို့ ငြင်းမနေနဲ့တော့။ အားလုံးက မင်းကို ခေါင်းဆောင်တင်ဖို့ တညီတညွတ်တည်း လက်ခံထားကြတယ်။ မင်းမှာ ဘာလို့ နာမည်မကြီးရမှာလဲ။ နတ်ဘုရားတမန်တော်၊ အလင်းမှော်သခင် ကျန်းကုန်းရဲ့ တိုက်ခိုက်နိုင်စွမ်းကြောင့် ဖြစ်လာတဲ့ နာမည်ကြီးကို တစ်ကမ္ဘာလုံးက မသိတဲ့သူ ဘယ်မှာရှိသေးလို့တုန်း။ ကောင်းပြီ ကောင်းပြီ.. ဒီကိစ္စ ပြီးသွားပြီ..”
ရှို့စစ် ကျုပ်နားကပ်လာပြီး..
“ဘယ်လိုလဲဟေ့.. ကျန်းကုန် ဒါတော့ အံ့ဩစရာ သေချာတယ်မို့လား..”
နောက်ဆုံး ကျုပ်လဲ ရယ်ကျဲကျဲလုပ်ပြီး..
“ဘယ်လို အံ့ဩစရာကြီးလဲကွာ.. ငါ့အတွက်တော့ တုန်လှုပ်စရာကြီးဟ.. ရှို့စစ် မင်းငါ့ကို ဒုက္ခပေးလိုက်တာကွ..”
ရုတ်တရက် ကျုပ် အစီအစဉ်တစ်ခု တွေးမိလိုက်တယ်။ ကျုပ်လဲ ရွှေအမြူတွေစွမ်းအားတွေ သုံးပြီး..
“အားလုံး ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ… ကျုပ် စကားပြောစရာရှိပါတယ်…”
ပေါင်းစပ်စွမ်းအားတွေ သုံးပြီး ပြောလိုက်တာမို့ ကျုပ်စကားသံက မိုးကုတ်စက်ဝိုင်းထိ တရှိန်ထိုး ပျံသွားတော့ အောက်ဘက်က အော်သံဟစ်သံတွေ ချက်ချင်း ငြိမ်သွားတယ်။ ဒီတော့မှ ကျုပ် ပြုံးပြီး..
“ကျုပ်ကို ခေါင်းဆောင်ရာထူး ယူသင့်တယ်လို့ အားလုံး သဘောတူထားမှတော့ ကျုပ်မငြင်းတော့ပါဘူး။ ဒါပေမယ့် အားလုံးကို ကြေငြာစရာ ရှိသေးတယ်”
စကားဆုံးတာနဲ့ ကျုပ်အမူအရာ လေးနက်လာတဲ့အပြင် ထိန်လန့် အံ့ဩဖွယ် ခမ်းနားလွန်းတဲ့ အသံနဲ့..
“ဒီတစ်ကြိမ် အောင်ပွဲခံနိုင်လိုက်ယုံနဲ့ အားလုံး ကျေနပ်နေလို့ မရသေးဘူး.. မိစ္ဆာမျိုးနွယ်မှာ ဘယ်လောက်ထိ စွမ်းအားရှိတယ်ဆိုတာ ကျုပ်တို့ မသိသေးဘူး။ ဒါကြောင့်မို့ ကျုပ်တို့သွားရမယ့် ခရီးလမ်းက ခက်ခဲ ကြမ်းတမ်းနေဆဲပဲ။ ဒီတော့ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို စိတ်အား ထက်ထက်သန်သန် လုပ်ကြဖို့ မျှော်လင့်ပါတယ်။ အလင်းနတ်ဘုရားရဲ့ အမွေအနစ် ရယူဖို့နဲ့ မိစ္ဆာဘုရင်ကို ချေမှုန်းနိုင်ဖို့အတွက် နတ်ဘုရားဘုရင် ပြောထားတဲ့ နေရာကို သွားဖို့ ဆုံးဖြတ်ပြီးပြီ။ အဲ့ခရီးစဉ်က ဘယ်လောက်ကြာမယ်ဆိုတာ ကျုပ်လဲမသိတော့ ကျုပ်မရှိတဲ့ အတောအတွင်း အကြီးအကဲ(၅)ယောက်ရဲ့ လမ်းညွှန်မှုအောက်မှာ ကြိုးစားလေ့ကျင့်ကြဖို့ အကြံပြုပါတယ်။ အစ်ကိုကြီး ရှို့စစ်ရဲ့ ဉာဏ်ရည် ဉာဏ်သွေးကို သဘောကျတဲ့အတွက် သူ့ကို ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် လွှဲအပ်ခဲ့ပါမယ်။ မိစ္ဆာမျိုးနွယ်နဲ့ တိုက်ပွဲစရမယ့်အချိန် ကျုပ်ပြန်ရောက်နိုင်မယ်လို့ ထင်ပါတယ်”
ကျုပ်စကားတွေထဲမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ဆိုတော့ နတ်ဘုရားကာကွယ်ရေးအဖွဲ့သားတွေကို ခနလေးနဲ့ လှုံ့ဆော်နိုင်လိုက်တယ်။ မိစ္ဆာဘုရင် ကျဆုံးဖို့ အားလုံး ဆက်တိုက် အော်ဟစ်နေကြလေရဲ့။
ကျုပ်စကား ဆုံးသွားတာနဲ့ လေးနက်တဲ့ အမူအရာတွေ လျော့ချလိုက်တယ်။ မူကျီ တိုးတိုးလေးကပ်ပြီး..
“ကျန်းကုန်း.. နင်ခုနက ပြောလိုက်တဲ့ စကားတွေထဲမျာ ဆုံးဖြတ်ချက် ပြတ်သားမှုတွေ အပြည့်ပဲ”
ကျုပ်လဲ ကိုယ့်ကိုကိုယ် ဟန်မပျက်အောင် ထိန်းပြီး..
“အစ်ကိုကြီး ရှို့စစ် ငါ့ကို ချောက်တွန်းချင်တယ်ပေါ့လေ။ အခု သူဘာဆက်လုပ်မလဲ ကြည့်ရအောင်..”
ထင်ထားသလိုပဲ ရှို့စစ်မျက်နှာမှာ ကူကယ်ရာမဲ့ပြီး ဖြူဖတ်တောင် နေပြီ။
အားလုံး ညဉ့်နက်တော့မှ နားကြတော့တယ်။ မူကျီနဲ့ ကျုပ် တောင်ခြနားက တောင်ထွတ်တစ်ခုပေါ်မှာ ရပ်နေကြတယ်။ သစ်ပင်တွေကလဲ လရောင်အောက်မှာ လေနဲ့အတူ အသာလေး ယိမ်းနွဲ့နေကြလေရဲ့။
မူကျီက..
“မနက်ဖြန် ရာသီဥတု ကောင်းမယ်ထင်တယ်”
ချစ်စရာ သူ့ခန္ဓာကိုယ်လေးကို ဖက်ထားရင်း..
“ဟုတ်တယ်.. တိမ်တွေ တော်တော် ကင်းနေတာပဲ..”
မူကျီ ကျုပ်ကို စိုက်ကြည့်ရင်း..
“ကျန်းကုန်း.. အစ်မ ဟိုင်ရှင်းကို ဘယ်လိုဖြေရှင်းမယ် စဉ်းစားထားလဲ..”
ဟိုင်ရှင်းအကြောင်း သူပြောလာတော့ ကျုပ်စိတ်ထဲ နည်းနည်းတစ်မျိုးဖြစ်သွားတယ်။ လျှပ်စီးခံတပ်ကထွက်လာတော့ ဟိုင်ရှင်းဆီကို မာခယ်ကနေ စာတစ်စောင် မို့လိုက်တယ်။ စာထဲမှာ ကျုပ် အရင်က ကျန်းကုန်း မဟုတ်တော့ဘူးဆိုတာ အသေးစိတ်ရေးပြီး ဟိုင်ရှင်ကို ရှင်းပြပြီး ကျုပ်ကို မေ့ပစ်ဖို့တွေ ပါတယ်။ ကျုပ်လက်ရှိပုံစံကို ဟိုင်ရှင်း ဘယ်လိုများ ရင်ဆိုမလဲဆိုတာ ကျုပ်လဲမသိသလို၊ ဒီလောက် လှပတဲ့ ဘဝနဲ့ သူ့ကို ကျုပ်ပုံစံကြီး မမြင်စေ့ချင်ဘူးဗျာ။ တကယ်ဆို ဟိုင်ရှင်းရဲ့ လေးလေးနက်နက် ခံစားချက်ကြောင့်သာ မဟုတ်ရင် ကျုပ်မြို့ပြင်တောင် ထွက်နိုင်မှာ မဟုတ်လိုက်ဘူး။
သူပြောလိုက်လို့ ကျုပ်စိတ်တွေ ရှုတ်ထွေးသွားတာမြင်တော့..
“တကယ်တော့ အစ်မ ဟိုင်ရှင်းအချစ်က ငါ့အောက်မကျဘူး။ နင့်ရုပ်ရည်ကို စိတ်ထဲ ထည့်နေမှာမဟုတ်ဘူး။ နင်ဘာလို့ အဲ့လိုတွေ….”
ကျုပ် မူကျီစကားကို ဖြတ်ပြီး..
“အစက နင့်ကို ငါ့နောက်မလိုက်စေချင်တုန်းက အချိန်ကို မှတ်မိသေးလား။ အဲဒါ ဟိုင်ရှင်းဖြစ်သွားမှာနဲ့ အတူတူပဲလေ။ ဟိုင်ရှင်း ခံစားချက်တွေကို အချစ်လို့ မပြောနိုင်ပေမယ့် သူ့ကို တကယ်ကြီး ကျေးဇူးတင်ရမှာပဲ။ ငါ့လက်ရှိပုံစံကြီးနဲ့ သူ့ကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်ရက်မှာလဲ။ ပြီးတော့ မိစ္ဆာ ဘုရင်ကို မချေမှုန်းနိုင်သေးသရွေ့ ငါစိတ်အေးနိုင်မှာ မဟုတ်ဘူး။ မိစ္ဆာဘုရင်နဲ့ နောက်ဆုံးတိုက်ပွဲမှာ ငါသာတစ်ခုခု ဖြစ်သွားရင် နင်ငါ့ကို ကတိတစ်ခု ပေးစေချင်တယ်..”
“နိမိတ်မကောင်းတဲ့ စကားတွေ ပြောမနေနဲ့။ နင်က နတ်ဘုရားတမန်တော်လေ နင့်ကို ဘယ်လိုလုပ် နိုင်မှာတုန်း..”
ကျုပ် ပြုံးစိစိနဲ့ ခေါင်းယမ်းပြီး..
“ဒီလိုကိစ္စမျိုးက ပြောရခက်တယ်.. နင်နဲ့ ဟိုင်ရှင်း (၂)ယောက်စလုံး မိန်းမကောင်းလေးတွေပါ။ နင်တို့ကို ပျော်စရာတွေပဲ ငါပေးချင်တာ။ ဒါ့ကြောင့် ငါမပေးနိုင်တော့ရင် နင့်ပျော်ရွှင်မှုအတွက် ရှာစေချင်တာ။ မူကျီ ကတိတစ်ခုပေးလေ.. အဲလိုသာဖြစ်သွားရင် နင် ငါ့ကို လွမ်းမနေနဲ့ ဟုတ်ပြီလား..”
အလင်းနတ်ဘုရား အမွေလက်ခံဖို့ အပြည့်အဝ ယုံကြည်မှုမရှိဘူးဆိုတဲ့ မီကျားလီစကားတွေ ကျုပ်နားထဲမှာ ဆွဲနေတုန်းပဲ။ အဲ့စိတ်ကြီးနဲ့ ကျုပ်နောင်ရေး ဘယ်လိုလုပ် ယုံနိုင်တော့မှာလဲ။ ရိုးရိုးသားသား ပြောရရင် ကျုပ်သီးမခံနိုင်လောက်တာတွေ ရှိပေမယ့် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် ကျုပ်တာဝန်အတိုင်း တော့ပြီးမြောက်အောင် လုပ်ရမှာပေါ့ဗျာ။
============= (*^*)=============
အပိုင်း( ၂၉၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား