← Chapters

ဝေးရာဆီ မျောလွင့်ခြင်း

Vol. 20 Ch. 296

ဝေးရာဆီ မျောလွင့်ခြင်း

Vol. 20 Ch. 296

Child of light (ကျန်းကုန်း)

Volume 11: Chapter 4 - Drifting Away

မူကျီ မျက်နှာလေးမျာ မျက်ရည်တွေ ကျလာပြီ။ မျက်ရည်တွေနဲ့ပဲ ကျုပ်ကို ကျစ်ကျစ်ပါအောင်ဖက်ပြီး..

“မရဘူး.. နင်ဘာမှ မဖြစ်ရဘူး… နင်တစ်ယောက်ပဲ ငါ့ကို ပျော်အောင်လုပ်ပေးနိုင်တာ.. နင်မရှိရင် ဘဝကို ခါးခါးသီးသီး ဖြတ်ကျော်ရမျာသေချာတယ်.. ကျန်းကုန်း.. နင် ငါ့အတွက် ဘေးကင်းရမယ်..”

သူ့နဖူးလေးကို အသာလေး နမ်းလိုက်တယ်။ မူကျီ မျက်လုံးထဲမျာ လေးနက်နေပုံတွေ ကျုပ်နားမလည် နိုင်လွန်းလို့ ကျုပ်နှလုံးသားတောင် တုန်လှုပ်မိတဲ့အထိပဲ။

“မူကျီ မငိုပါနဲ့ဟာ.. ငါ အကောင်းဆုံး ကြိုးစားမှာပါ… ဟိုင်ရှင်းကိစ္စလဲ သေချာဖြေရှင်းပေးမယ်.. ငါတို့ အတူနေဖို့ ရည်ရွယ်ထားရင် ငါတို့ကို ဘယ်ဟာက ခွဲလို့ရမှာလဲ.. လောလောဆယ်တော့ သူ့ကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးချင်ဘူး.. မိစ္ဆာဘုရင်ကို ဖယ်ရှားပြီးလို့ သူအခွင့်အရေးပေးမယ်ဆို ငါလက်ခံမှာပါ.. အဲ့ကျ နင်တို့(၂)ယောက်နဲ့ တစ်ကမ္ဘာလုံးကို လျှောက်သွားမယ်လေ..”

မူကျီ ဘာမှ ပြန်မပြောဘဲ ကျုပ်ရင်ဘတ်ကိုပဲ ငုံ့ကြည့်နေလေရဲ့။ လေပြည်တစ်ချက် အဝှေ့မှာ ကျုပ်စိတ်တွေ ပြန်နိုးထလာတယ်.. အခု လောလောဆယ် အရေးအကြီးဆုံး လုပ်ရမှာက အလင်းနတ်ဘုရား အမွေ မြန်မြန်ရဖို့ပဲ။ ဒါမှပဲ ကျုပ်ချစ်တဲ့သူတွေကို ကာကွယ်ဖို့ စွမ်းအားရှိမှာလေ။ နတ်ဘုရားဘုရင် ခင်ဗျားပေးထားတဲ့ တာဝန်က ကျုပ်အတွက် လေးလွန်းအားကြီးတယ်ဗျာ။

နတ်ဘုရားကာကွယ်ရေးအဖွဲ့ ကို အကြီးအကဲတွေနဲ့အတူ လေ့ကျင့်ပေးလိုက်၊ မူကျီရယ် သူငယ်ချင်းတွေရယ်နဲ့ အချိန်တော်တော်ြဖုန်းလိုက်တယ်။ ဒီလိုမျိုး လွတ်လွတ်လပ်လပ် မခံစားရတာ ကြာပြီလေဗျာ။ အလင်းနတ်ဘုရား အမွေ ဆက်ခံတဲ့အချိန် ဘာဖြစ်မယ်မှန်း မသိပေမယ့် ဒီအချိန်မှာတော့ ကျုပ်တော်တော် ပျော်နေတာ။ တောင်တန်းကြီး တစ်ခုလုံးနီးပါးကို ပတ်သွားနေလိုက်တယ်။ အထူးသဖြင့် မူကျီ မစိုးရိမ်ရအောင် အလင်းနတ်ဘုရား အမွေနဲ့ပတ်သက်တဲ့ ကိစ္စ ဘယ်သူ့ကိုမှ ဖွင့်မပြောခဲ့ဘူး။ ဒီရက်ပိုင်းအတွင်း သူပျော်နေတာ မြင်ရတာကိုပဲ ကျုပ်ဖြင့် သဘောတွေ ကျနေတာဗျာ။ ရုပ်ဆိုးနေတဲ့ ကျုပ်ရုပ်ကြီးက အားနည်းချက် တစ်ခု ဖြစ်နေတုန်းပဲ။ မှန်နားတောင် မကပ်ရဲတဲ့ အထိပဲ။

ဒီလိုနဲ့ (၄၆)ရက်တောင် ကုန်သွားပါရောလား။ အချိန်အခက်အခဲကြောင့် ဆက်ပျော်နေလို့ မဖြစ်တော့ဘူးဆိုတာ ကျုပ်သိနေတယ်။ လုပ်စရာရှိတာ လုပ်ရတော့မှာပေါ့။ ကိုယ့် တာဝန်နဲ့ ကိုယ်ဆိုတော့လဲ လုပ်ရအုံးမှာပေါ့။

ကုတင်ပေါ်က ထထိုင်တော့ ကောင်းကင်မှာ မှောင်မည်းနေတုန်းပဲ။ အလင်းမှော်ပညာသုံးပြီး အခန်းထဲ လင်းအောင်သုံးလိုက်တယ်။ ဒီနေ့ည ထွက်သွားရမှာမို့ အိပ်မပျော်ဘူးလေ။ အထူးသဖြင့် ညနက်တဲ့အထိ မူကျီနားမှာ နေခဲ့သေးတာ။ မူကျီကို ရီးစားစာ မပေးဖြစ်တာ တော်တော်ကြာပြီ။ ကျုပ်ထွက်မသွားခင် သူ့အတွက် စာတစ်စောင် ရေးရအုံးမှာပေါ့။

စာရွက်နဲ့ မှင်တံ ထုတ်လိုက်တယ်။ မသွားချင်သေးဘူးဆိုတော့ အချိန်တော်တော်ကြာမှ အာရုံစိုက် နိုင်တော့တယ်။ မိုးလင်းတော့မလားဆိုပြီး ပြတင်းပေါက်လှမ်းကြည့်လိုက်တော့ ကောင်းကင်က ပိုပိုလင်းလာနေပြီ။ ဒီအတိုင်းဆက်ပြီး တွေဝေနေမယ်ဆို ကျုပ်ထွက်သွားတဲ့အချိန် အားလုံးရဲ့ စိတ်မကောင်းတဲ့ မျက်နှာတွေ မမြင်ချင်တာ ကျုပ်နှလုံးသားထဲက ဆန္ဒတစ်ခုပဲ။ အံကြိတ်ပြီး စာစရေးလိုက်တော့တယ်။

စာရေးပြီးတော့ ခေါက်ပြီး မီးခွက်အောက်မှာ ထားလိုက်တယ်။ သက်ပြင်းချပြီး ပစ္စည်းတွေ သိမ်းလိုက်တော့တယ်။ ဒီတစ်ခေါက် ရှောင်ကျင်းကို ခေါ်သွားဖို့ စီစဉ်မထားဘူး။ တကယ်လို့ အလင်းနတ်ဘုရား အမွေ ဆက်ခံနေတုန်း မိစ္ဆာမျိုးနွယ်တွေ တိုက်ခိုက်လာရင် အဖွဲ့ကို ကျုပ်ကိုယ်စား ကူညီနိုင်အောင်လို့လေ။

စုက္ကရေးကို ကိုင်ပြီး ခန္ဓာကိုယ်က အငွေ့အသက်တွေကို သေချာ သိမ်းပြီး အခန်းထဲကနေ ဂရုတစိုက်နဲ့ ထွက်လာခဲ့လိုက်တော့တယ်။

နတ်ဘုရားကာကွယ်ရေးအဖွဲ့က လုံခြုံရေး အရမ်းတင်းကြပ်တာဗျ။ ကျုပ်သာ ပျံထွက်သွားရင် လှည့်ကင်း တာဝန်ကျ တပ်သားတွေနဲ့ မိမှာ သေချာတယ်။ တောင်ကုန်းပေါ် အသာလေးတက်ပြီး လှည့်ကင်းသမားတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်အောင် လေဟာနယ်မှော်ပညာတွေ သုံးလိုက်ရသေးတယ်။ နောက်ဆုံးတော့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ နယ်မြေကနေ ထွက်လာခဲ့လိုက်ပြီ။ အဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်တာတောင် ကျုပ်အဖြစ်က သနားစရာကောင်းလိုက်တာဗျာ။ ညသူခိုး တစ်ယောက်လို ခိုးထွက်လာခဲ့ရတာလေ။ တော်တော်တော့ ရှက်စရာကောင်းချက်ဗျို့။ တကယ်ကြီး ထွက်သွားမှ ရမှာမို့ သူငယ်ချင်းတို့တွေ တောင်းပန်ပါတယ်ကွာ။ အံတင်းတင်းကြိတ်ပြီး ပေါင်းစပ် စွမ်းအားတွေ သုံးလို့ တောင်တန်းပေါ်မှာ မြေပြင်နဲ့ ကပ်ပျံသွားလိုက်တော့တယ်။

......******......

မိုးလင်းတော့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ ထုံးစံအတိုင်း အားလုံး နိုးထ တက်ကြွနေကြတာပေါ့။ လယ်လုပ်တဲ့ တပ်ဖွဲ့ဝင်တွေက လယ်လုပ်ကြ။ အလုပ်တွေ ကိုယ်စီ ရှုတ်နေတာပေါ့ဗျာ။ ဒီနေ့ ရာသီဥတု တော်တော်ကို သာယာ နေတာပဲ။ နေရောင်ခြည် မြေပေါ်ရောက်လာတာနဲ့အမျှ လူတိုင်း လန်းဆန်းတဲ့ ခံစားချက်တွေနဲ့ အပြည့်ပဲ။ တောင်ပေါ်ဒေသ နံနက်ခင်းက အပူချိန် သိပ်မမြင့်ပေမယ့် နတ်ဘုရားကာကွယ်ရေးအဖွဲ့အတွက်တော့ အေးအေးဆေးဆေးပါပဲ။

မူကျီ ပျင်းကြော တစ်ချက်ဆန့်ရင်း သူ့အခန်းထဲက ထွက်လာတယ်။ မနေ့က သူကျုပ်နဲ့ စကားတွေ အများကြီး ပြောဖြစ်တယ်လေ။ ပြီးခဲ့တဲ့ရက်တွေမှာလဲ ကျုပ်နဲ့ တစ်ချိန်လုံးနီးနီး နေခဲ့ကြတာတောင် သူ့စိတ်တွေ နည်းနည်းလေးမှ မအေးသလို ခံစားနေရတာလေ။ ဒါကြောင့် အချိန်ရှိသရွေ့ ကျုပ်ဘေးနား နေဖို့ပဲ သူစဉ်းစားနေတာဗျ။

“ဒေါက်.. ဒေါက်.. ဒေါက်..”

“ကျန်းကုန်းရေ ငါရယ်.. နိုးပြီလား.. ထတော့လေ..”

ကျုပ်အခန်းတံခါးကို ခေါက်ရင်း အော်နေတာ။ အချိန်တော်တော်ကြာတဲ့အထိ ဘာသံမှမကြားရတော့ ကျုပ်အိပ်ပုတ်ကြီးနေကျမှန်း သိတော့..

“နင် တစ်ချိန်လုံး အိပ်ဖို့ပဲ သိတာလား.. နင်မထသေးရင် ရေမန္တန်နဲ့ ခဲပစ်လိုက်တော့မှာနော်..”

အမေ ကျုပ်ကို ဘယ်လိုနှိုးတယ်ဆိုတာ မူကျီကို ပြောထားဖူးတော့ သူအလဲ့အတိုင်း လုပ်ဖို့ ပြင်နေတာလေ။

ပုံမှန်ဆို မူကျီ ရေမှော်ပညာသုံးတော့မယ်ဆိုတဲ့ အသံကြားတာနဲ့ ကျုပ်သေချာပေါက် ပြေးထွက်လာပြီးသားပဲ။ မူကျီ မှော်စွမ်းအားတွေလဲ မှော်သခင်ကြီး အဆင့်နဲ့ နီးလာပြီဆိုတော့ အမေနဲ့ မတူဘူးလေဗျာ။ တခါကဆို ခေါ်မကြားအော်မကြား အိပ်နေမိတဲ့ ကျုပ်၊ မူကျီနှိုးတာ မကြားလိုက်ရဘူးလေ။ အဲ့တုန်းကဆို ဘာပြောကောင်းမလဲဗျာ သူ့ရေမှော်ပညာကြောင့် ကျုပ်ဖြင့် အခန်းထဲကကို လွင့်ထွက်သွားတော့တာ။ ဒါပေမယ့် ဒီနေ့တော့ ကျုပ်အသံ ဘာမှ မကြားရလို့ မူကျီ တော်တော် ထူးဆန်းနေတယ်။

မူကျီစိတ်ထဲ ဆိုးဆိုးဝါးဝါး မသိစိတ်တစ်ခုကြောင့် ရေမှော်ပညာ မသုံးတော့ဘူး။ တံခါးကို ခပ်ပြင်းပြင်း တွန်းဖွင့်လိုက်တယ်။ အခန်းထဲရောက်တော့ တစ်ခန်းလုံး ဟာလာဟင်းလင်းနဲ့ စာလေးတစ်ကို ငေးရင်း ခနတော့ ငိုင်သွားတယ်။

ဘာဖြစ်သွားလဲဆိုတာ မူကျီ သဘောပေါက်သွားပြီ။ လက်တွေ တုန်နေရင်း စာကိုယူလိုက်တော့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲလာပြီ။ စာကို ဖွင့်ဖတ်ကြည့်လိုက်တော့…..

============= (*^*)=============

အပိုင်း( ၂၉၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters