ကောလဟလများ
Vol. 20 Ch. 299
Child of light (ကျန်းကုန်း)
Volume 11: Chapter 7 - Whispers
ခယ်အာလွင်တိဆိုတဲ့ လူငယ် တစ်ခုခု ခံစားလိုက်ရသလိုမျိုး ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်တယ်။ ကျုပ်လဲ ဘာပြဿနာမှ မရှာချင်လို့ မြို့ထဲကို တည်နေရာရွှေ့ပြောင်းသွားလိုက်တော့တာ။ အနားယူချင်နေတာဆိုတော့ သူ့ကိုလဲ ဂရုစိုက်မနေအားတော့ဘူး။ တည်းခိုခန်း တစ်ခုရှာ၊ စားသောက်ပြီး ဇိမ်ကျကျ ကုတင်ကြီးပေါ် လှဲလိုက်တာ အိပ်ပျော်သွားပါလေရော။ ဒီလောက် အပျင်းထူတတ်တဲ့ ကျုပ်အတွက် တနေကုန် ခရီးသွားရတာ ဘယ်လောက် ခက်ခဲတယ်မှတ်လဲ။ လောလောဆယ်တော့ အနားယူပြီး နက်ဖန်မိုးလင်းရင် ကျုပ်စွမ်းအားတွေ ပြန်ကောင်းလာဖို့ပဲ စိတ်ထဲရှိတယ်။ အိပ်ရင်းကျင့်ကြံတဲ့ကိစ္စ ကျုပ်ဘယ်လောက် ကျွမ်းကျင်နေလဲဆိုတာ ခင်ဗျားတို့ သိပြီးသားပဲလေ။ ကုတင်ပေါ် လှဲချလိုက်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားတော့တယ်။ ပေါင်းစပ် စွမ်းအားတွေ ဖြန့်ထုတ်လိုက်တော့ ကျုပ်ပတ်ပတ်လည်ကနေ အလင်းဒြပ်စင်တွေ ဆက်တိုက် စုပ်ယူနေလိုက်တယ်။ ခန္ဓာကိုယ် ပူနွေးပြီး နေလို့ကောင်းချက်တော့ အိပ်မက်ကမ္ဘာထဲ တမ်းရောက်တော့တာ။
နောက်နေ့ အိပ်ယာနိုးတော့ ပျင်းကြောဆန့်လိုက်တယ်။ အိပ်လိုက်တာ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပြန်ကောင်းယုံတင် မဟုတ်ဘူး တော်တော်ကို နေလို့ကောင်းချက်ဗျာ။ ရုပ်ဆိုးကြီးကို ဖုံးအုပ်ရင်း တစ်ယောက်ထဲပဲ တည်းခိုခန်း အောက်ထပ်သွားပြီး စားဖို့လုပ်လိုက်တယ်။
တည်းခိုခန်းထဲမှာ လူအပြည့်နဲ့ စားပွဲနည်းနည်းပဲရှိတာဆိုတော့ ခပ်ပါးပါးပဲလို့ ပြောရလိမ့်မယ်ထင်တယ်။
စားနေတုန်း ကျုပ်နောက်ဖက်ကနေ တီးတိုးတီးတိုးသံ ကြားလိုက်ရတယ်။ ကြည့်ရတာ အဲ့နှစ်ယောက် စုံတွဲတွေ ထင်ပါရဲ့။
အမျိုးသားက..
“လန်လန်. အမတ်ကြီးဖန်ဟောင် မြို့တော်ကို ပြန်ရောက်တာနဲ့ ဧကရာဇ်ကြီးဆီမှာ ရာထူးက နှုတ်ထွက်ဖို့ တောင်းဆိုထားတယ် ကြားတယ်.. အမတ်ကြီး ဖန်ဟောင်ဆိုတာ အထောက်အပံ့ကြီးကြီးမားမား မပေးနိုင်ပေမယ့် ဒီကာလတစ်လျှောက်လုံး သူအရမ်းကြိုးစားတာနော်.. ပြီးတော့ ရှေ့တန်းကိစ္စတွေဆို သူပဲ အသိဆုံးလေ။ သူနှုတ်ထွက်တယ်ဆိုတော့ ရှက်စရာကြီး..”
နူးနူးညံ့ညံ့အသံနဲ့ ကောင်မလေးက ပြန်ပြီး..
“အင်း.. အမတ်ကြီး ဖန်ဟောင် မတရားခံလိုက်ရသလိုပဲ… တကယ်ဆို သူ့သဘောထားတွေ ရုတ်တရက်ပြောင်းလိုက်တာ ဧကရာဇ်ကြီးပဲ ဖြစ်မျာပေါ့… အမတ်ကြီး ဖန်ဟောင် ကြားညပ်သွားတာနေမှာ.. အိုက်ရှား ဧကရာဇ်တောင် အဲ့ကိစ္စကြောင့် ထီးနန်းစွန့်လိုက်ပြီ ကြားတယ်..”
“နတ်ဘုရားတမန်တော်ကို စော်ကားဖို့ ဘယ်သူက ခိုင်းလို့လဲ.. နတ်ဆိုးနဲ့ သားရဲမဟာမိတ်တွေနဲ့ ညှိနှိုင်းတယ်ဆိုတာ အသက်တွေစတေးရတာ နည်းနိုင်သမျှနည်းအောင် ရှောင်နိုင်တာဆိုတော့ တကယ်ကောင်းတာပဲလေ.. ဒါပေမယ့် အဲ့နတ်ဘုရား တမန်တော်တွေ မကောင်းဘူးလို့ ခံစားမိနေတယ်… သူတို့က မိစ္ဆာမျိုးနွယ်တွေ ပေါ်လာမှာမို့ နိုင်ငံအသီးသီးက ခုခံဖို့ ပြင်ထားဆိုပြီး ဆက်တိုက် ပြောနေကြတယ်.. မှန်လား မှားလားဆိုတာလဲ မသိသေးဘူး.. ဘာပဲဖြစ်ဖြစ် မိစ္ဆာမျိုးနွယ်အကြောင်း ငါတခါမှ မကြားဖူးသေးဘူး.. နတ်ဘုရားတမန်တော်တွေ ငါတို့ကြောက်အောင် ဖန်တီးထားတာ ဖြစ်နိုင်တာပဲလေ..”
“ဒါ ထားလိုက်တော့.. နင် သူတို့ကို မှတ်ချက်မပေးသင့်ဘူး.. လောလောဆယ် နတ်ဘုရား တမန်တော်ကို ယုံတဲ့သူတွေ များတယ်.. နင်ပြောတာကြားသွားရင် နင့်ကိုဝိုင်းတွယ်လိမ့်မယ်.. နတ်ဘုရား တမန်တော်တွေရဲ့ ခေါင်းဆောင်က ရုပ်ဆိုးဆိုး မှော်ဆရာကြီးလို့ ကောလဟလတွေ ကြားနေရတယ်.. သူက အိုက်ရှားဇာတိ ဆိုပေမယ့် အကြောင်းကြောင်းကြောင့် အဖမ်းခံရသေးတယ်.. ပြီးတော့ ရုတ်တရက် ပြောင်းသွားတယ်.. ပြန်ပေါ်လာတော့ နတ်ဘုရား တမန်တော် ဖြစ်လာတယ်..”
သူတို့စကားတွေ နားထောင်ပြီး ခေါင်းခါရင်း စားချင်စိတ်တွေတောင် ပျောက်သွားတယ်။ လူတွေ ကျုပ်စကားတွေ ယုံမှာမဟုတ်ဘူး။ မိစ္ဆာဘုရင် ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ လူတွေသိအောင် လမ်းတကာလျှောက်ပြီး သတိပေးလို့လဲ ရတာမဟုတ်ဘူး။ အဲလိုသာဆို အရူးဆိုပြီး အဖမ်းခံရမှာ သေချာတယ်။
ငွေရှင်းပြီး စိတ်အားငယ်ငယ်နဲ့ပဲ တည်းခိုခန်းထဲက ထွက်လာခဲ့တော့တယ်။ ဒီနေ့ ရာသီဥတု သိပ်မကောင်းဘူး။ တိမ်တွေ ပြည့်ပြီး မိုးဖွဲလေးတွေနဲ့ပေါ့ဗျာ။ မိုးထဲရေထဲ လမ်းလျှောက်ရင်း လေအေးတွေ ရှူရှိုက်မိလိုက်တယ်။ အခု ဘာလုပ်ရမလဲ။ ကျုပ် ကြိုးစားခဲ့ရသလောက် အခုထိအောင် နားမလည်နိုင်သူတွေ အများကြီး ရှိသေးတယ်။ လူနှစ်ယောက်ရဲ့ စကားဆိုတာ အားလုံးရဲ့ စကားလို့ မသတ်မှတ်နိုင်ပေမယ့် အတွေးထဲတော့ ဖယ်လို့ မရဘူးပေါ့ဗျာ။ သူတို့တွေ သေတောင် နားလည်နိုင်ပါ့မလားပဲ။ ကျုပ်နှလုံးသားထဲတော့ စိတ်ဓါတ်ကျမှုတွေနဲ့ပဲ ပြည့်နေပြီ။ ဒီတခါ တကယ်ကို ကူကယ်ရာမဲ့သလို ခံစားလိုက်ရတယ်။
“ညီနောင် ဘာတွေ တွေးနေတာလဲ..”
အသံရှင်းရှင်းလင်းလင်း တစ်ခု ကျုပ်ဆီရောက်လာတယ်။ ကျောဘက်ကနေ စိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ လှည့်ကြည့်မနေတော့ဘဲ..
“မင်း ငါ့ကို ပြောတာလား.. အရင်က မသိကျွမ်းခဲ့မိဘူး ထင်ပါတယ်..”
အဲ့လူစွမ်းအားက ကြယ်စင် သူရဲကောင်းအဆင့်နဲ့ နီးနေပြီဆိုတာ သိလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့အရှိန်အဝါတွေ ကျုပ်ခံစားမိလိုက်လို့လေ။
“ဟုတ်မှာပါလေ.. ဒါပေမယ့် ညီနောင်မှာ ဒီလောက် နက်နဲတဲ့ မှော်စွမ်းအားတွေ ပိုင်ထားတာတောင် တပ်ထဲမဝင်တာတော့ နှမျှောမိတယ်..”
လှည့်ကြည့်လိုက်တော့ လန့်တောင် သွားမိတယ်။ အာ.. မနေ့ညက မြို့တံခါးဝမှာ မြစ်တပ်ကို ခေါင်းဆောင်လာတဲ့ လက်ထောက်တပ်မှူး ခယ်အာလွင်တိပါလား။ အခုထိ ငွေချပ်ဝတ် ဝတ်ထားတုန်းပဲ။ ခါးမှာ ဓားရှည်တစ်ချောင်းထိုးပြီး ကျုပ်ကို စိတ်ဝင်တစား ကြည့်နေလေရဲ့။
ကျုပ် လေသံ လျော့လိုက်ပြီး..
“ငါ့မှော်ပညာ လေးနက်တယ်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ..”
“မင်းဟာမင်းပဲ ဖော်ထုတ်လိုက်တာလေ..”
“ငါက….”
“မင်းလို နတ်ဆိုးနဲ့ တူတဲ့သူ တစ်ခါမှ မတွေ့ဖူးသေးဘူး။ မိုးထဲမှာတောင် ရေမစိုဘဲ သွားနေနိုင်တယ်။ ဒါကို မြင်တဲ့သူတိုင်း လန့်လွန်းလို့ တုန်လှုပ်သွားနိုင်တယ်လေ။ ငါမှန်းကြည့်ရရင် မှော်ပညာသင် အဆင့် ဖြစ်လောက်မယ် ထင်တယ်”
သူ့စကား ကြားမှ ကျုပ်အပေါ် မော့ကြည့်မိလိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ မိုးစက်တွေ ကျလာပေမယ့် ကျုပ်နဲ့ (၃)လက်မလောက် အကွာမှာ အလိုလို ပြောင်းလဲပြီး ခြောက်သွေ့သွားတယ်။ ဒါပေမယ့် ကျုပ်ကို မှော်ပညာသင် တစ်ယောက်လို့ မှားတွက်နေလေရဲ့။ တကယ်ဆို ကျုပ်က ကမ္ဘာကြီးမှာဆို ထိပ်သီးနံပတ်(၁)ဖြစ်တဲ့ ဆရာကျန်း ထက် ကျော်နေပြီလေဗျာ။
“ညီနောင်… တခြားဧည့်သည်တွေ မလန့်ရအောင် ဒီကို လာသင့်တယ် ထင်တယ်..”
စကားနဲ့အတူ သူ့ဘက် လက်ညှိုးညွှန်ပြ နေတယ်။ သူက ကျုပ်ထွက်လာတဲ့ တည်းခိုခန်းဝမှာ ရပ်နေတာဗျ။ တည်းခိုခန်း အမိုးက မိုးစက်တွေနဲ့ ကျုပ်တို့ကြား အတားအဆီးတစ်ခုလို ပိုင်းခြားထားလေရဲ့။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မိုးရွာနေလို့ လူသိပ်မရှိဘူးဆိုတော့ ဘယ်သူမှလဲ ဂရုစိုက်မနေပါဘူး။ ခယ်အာလွင်တိမှာ ဘာရည်ရွယ်ချက် ရှိလဲ မသိပေမယ့် သူ့ဆီ လျှောက်သွားလိုက်တယ်။
“မင်း ဘာပြောချင်တာလဲဆိုတာ မေးလို့ရမလား..”
ခယ်အာလွင်တိ မျက်နှာမှာ မှုန်ကုတ်နေပေမယ့် အပြုံးမပျက်ဘဲ..
“ဒီက ညီနောင် လမ်းမပေါ်မှာ စိတ်ပျက်လက်ပျက် ရပ်နေတာ မြင်ရတော့ မင်းမှာ အဆင်မပြေတာတွေ ရှိမယ်ထင်တယ်။ ငါလဲ မှားချင်မှားမှာပေါ့။ ဒါပေမယ့် ငါများ ကူညီနိုင်မလားလို့လေ”
============= (*^*)=============
အပိုင်း( ၃၀၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား