← Chapters

ထိုက်ကျိနတ်မျက်လုံး

Vol. 97 Ch. 1275

ထိုက်ကျိနတ်မျက်လုံး

Vol. 97 Ch. 1275

ချင်မူက ထိုက်ရှီ၏ ကြိမ်းဝါးနေသံကို မကြားချင်ယောင်ဆောင်၍ မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးအား ဖွင့်လိုက်သည်။ သို့သော် မည်သည်ကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ဥထဲမှ နှောင့်ယှက်နေသော ရှေးဟောင်းနတ်ဘုရားထိုက်ရှီကြောင့်မှန်း သိသဖြင့် ဥကို ထုတ်လိုက်ရုံသာ တတ်နိုင်သည်။

ထို့နောက်မှသာ ထိုက်ရှီဥသည် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်၏။ ဥက မြေပေါ်တွင် အတော်ကြာ လှိမ့်နေရင်း ချင်စာလုံးမြေ၏ အပေါက်ဝတွင် ထပ်မံ မပိတ်မိရန် ခပ်ဝေးဝေးသို့‌ ရှောင်သွားလေသည်။

“ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားတွေက ငါနဲ့ တည့်ပါတယ်…. စကားစမြည်တောင် ပြောလိုက်သေး… ထိုက်ကျိကျောက်တုံး သုံးပြီး ငါ့နတ်မျက်လုံးစွမ်းအားကို မြှင့်တင်ပေးလောက်ပါတယ် … အပြစ်မတင်‌လည်း မတင်လောက်ပါဘူး ဟုတ်တယ်မလား..”

ချင်မူက သူ့ကိုယ်သူ နှစ်သိမ့်၍ ထိုက်ကျိမူလကျောက်တုံးအကြောင်း တွေးနေသည်။ သူက ၎င်းကို လှိမ့်၍ အပေါက်ဝကို ပိတ်ရန် ဒေါင်လိုက်မျက်လုံးကြားထဲ ထိုးထည့်လိုက်၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်းတော့ သေကြောင်းကြံနေတာပဲ”

ထိုက်ရှီက အော်သည်။ “ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားက ရက်စက်ကြမ်းကြုတ်တယ်ဟ… ငါ့ထက်တောင် လည်သေးတယ် … ကျောက်တုံးတွင်းငါးတွင်းထဲမှာ သူက ဖြစ်တည်လာဖို့ အလွယ်ဆုံးပဲ… တခြားရှေးဟောင်းနတ်ဘုရားဥတွေ အကုန်လုံး တူးဖော်ခံရပြီးပြီ… သူတစ်ယောက်ပဲ ကျန်ခဲ့တာလေ… သူ ဘယ်လောက် ပါးနပ်သလဲ မင်း မှန်းကြည့်ပေါ့… ဒါတောင် မင်းက သူ့မူလကျောက်တုံးကို သုံးရဲသေးတယ်လား”

ချင်မူက ထိုက်ကျိမူလကျောက်တုံးအား အသက်သွင်းရန် မျက်လုံးများ မှိတ်လိုက်သည်။ ထို့နောက် တတိယမျက်လုံးကို ဖွင့်၍ ပတ်၀န်းကျင်ကို အကဲခတ်ကြည့်လိုက်သော်လည်း အရာအားလုံးသည် အလွန်တရာ ထူးဆန်းလာကြ၏။

ကျောက်တုံးများ၊ သစ်ပင်များ၊ မြစ်များ၊ တိမ်တိုက်များ၊ အပင်များ၊ လူများ၊ ပိုးမွှားများ၊ ငှက်များ၊ သားရဲများဖြစ်စေ အရာအားလုံးသည် ယင်နှင့်ယန် လိမ်ယှက်ရောနှောနေသော အဆန်းတကြယ် မြင်ကွင်းများ ဖြစ်လာကြလေသည်။

ချင်မူမှာ အံ့သြမှင်သက်သွားသည်။ သူက လက်ကို အသာလေး မြှောက်ကာ လေထဲတွင် မျောလွင့်နေသော သစ်ရွက်တစ်ရွက်ကို ကိုင်ကြည့်လိုက်သည်။ သစ်ရွက်သည် သူ့မျက်လုံးထဲတွင် သစ်ရွက်ပုံစံဖြစ်နေသေးသော်လည်း အနှစ်သာရမှာတော့ ယင်နှင့်ယန်ချီ ဖွဲ့ပြီးချေပြီ။

အတွေးတစ်ချက်ဖြင့် သစ်ရွက်မှာ ယင်နှင့်ယန်ချီ အမျှင်တန်းတစ်တန်းသဖွယ် ပျော်ဝင်သွားသည်။

ချင်မူက မျက်လုံးပြန်ဖွင့်လိုက်သည်။ သစ်ရွက်မရှိတော့သည့်အပြင် မည်သည့် ခြေရာလက်ရာမှ မကျန်ခဲ့ပေ။ အမှုန်ပင်လျှင် မရှိတော့။

ထို့နောက် သူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို အသက်သွင်း၍ လက်ကို အသာအယာ လွှဲရမ်းလိုက်သည်။ သူ့အရှေ့ရှိ လူနှစ်ယောက်၊ သုံးယောက်အရွယ်ရှိသော ကျောက်တုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး လွင့်ပြယ်သွားသော ယင်ယန်ချီအမျှင်များအဖြစ် ပြောင်းလဲသွား၏။

“ထိုက်ကျိမူလကျောက်တုံးက ထိုက်ချူမူလကျောက်တုံးထက် သန်မာတာပဲဟ”

သူ့မှာ စိတ်မလှုပ်ရှားမိဘဲ မနေတော့ပေ။ သူ လက်တစ်ချက် ခါလိုကသ်ည့်အခါ ဧရာမ သစ်ပင်ကြီးတစ်ပင်သည် ပြောင်းလဲလာပြီး သစ်ပင်ကို ဖွဲ့တည်ထားသည့် ယင်ယန်ချီက ဧရာမရေဘဝဲကြီးတစ်ကောင်သဏ္ဍာန် ဖော်ဆောင်ပေးလိုက်၏။ ရေဘဝဲကား လက်တံများက ဆန့်ကားလျက် အဝေးသို့ အလျင်အမြန် ကူးခတ်ပျံသန်းသွားလေသည်။

ထိုက်ရှီက နှာခေါင်းရှုံ့၍ ပြောသည်။ “မင်းတော့ သွားပြီ… သွားရှာပြီ… မင်းက ထိုက်ကျိရဲ့ စွမ်းအားကို ခိုးယူပြီး ကံ‌ကြွေးကို အားကောင်းသွားစေခဲ့ပြီ… အဲဒီရှေးဟောင်းနတ်ဘုရားတော့ မင်းကို အလွှတ်ပေးတော့မှာမဟုတ်ဘူး… “

“သူတို့က ကျွန်တော့်အပေါ် ကောင်းပါတယ်” ချင်မူက စိတ်လှုပ်ရှားစွာ တုံ့ပြန်သည်။

“အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့...”

“မင်းအပေါ် ကောင်းတယ်တဲ့လား”

ဥထဲမှ ထိုက်ရှီက နှာခေါင်းရှုံ့၏။ “သူသာ မင်းအပေါ် ကောင်းရင် ဘာလို့ မဟူရာသစ်ပင်ကြီးဆီ သွားခိုင်းမှာလဲ”

ချင်မူမှာ အနည်းငယ် ကြောင်သွားသည်။ သူက ခေါင်းရမ်းလိုက်ရင်း အပြုံးဖြင့် ဖြေ၏။ “မဟူရာသစ်ပင်ကြီးက ဘိုးဘေးနန်းတော်မှာ နံပါတ်တစ် ရတနာမြေလေ… ခုခံဖို့ လွယ်ပြီး တိုက်ခိုက်ဖို့ ခက်တယ်… ဟင်းလင်းပြင်သားရဲတွေလည်း အလွယ်တကူ မဝင်နိုင်ဘူး… ရှေးဟောင်းနတ်ဘုရား ထိုက်ယီကလည်း စောင့်ရှောက်ပေးနေသေးတာ… အဲဒီမှာ ကျောက်တုံးတွင်း‌တွေ အများကြီးပဲ.. ကျွန်တော် အဲ့ဒီနေရာကို ရွေးခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ”

ထိုက်ရှီဥမှာ သူ့ကို ဆွံအစွာ ကြည့်နေပြီး ဘယ်ညာယိမ်းနေတော့သည်။ ချင်မူ အသိစိတ်ဝင်အောင် မည်သို့ပြောရမည်မှန်း သူ မသိတော့ပေ။

“ထိုက်ကျိနဲ့ ထိုက်ချူမှာ စွမ်းအားကွာခြားမှုရှိတယ်လို့ ခေါ်မရဘူးကွ ... ထိုက်ချူ ကျောက်တုံးက မင်းနဲ့မကိုက်ညီဘူးလို့ပဲ ပြောရမှာ.... ဒါက မင်းနဲ့ ပိုသင့်တော်တယ်”

ထိုက်ရှီက စကားလမ်းကြောင်းလွှဲ၍ ဆက်ပြောသည်။ “ထိုက်ချူမူလကျောက်တုံးက မဟာဧကရာဇ်နဲ့ ပိုသင့်တော်တယ်… ဟုတ်သားပဲ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားကို မဟာဧကရာဇ်ဆီကနေ ဘာလို့ တောင်းခဲ့တာလဲ”

ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရှုခင်းကို ခံစားရင်း ဦးတည်ရာကို ဆုံးဖြတ်လိုက်သည်။ ထို့နောက် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ဖြေ၏။ “မဟာဧကရာဇ်ကို ကြောက်လို့ပေါ့ဗျာ… ကောင်းကင်နတ်အရှင်မူရဲ့ သိက္ခာလည်း မကျချင်တာနဲ့ သူ့ဆီကလည်း တစ်ခုခု ပြန်တောင်းလိုက်ရုံပါ… အနည်းဆုံးတော့ အတင်းအကြပ် တောင်းခံရတာမဟုတ်ဘဲ အပေးအယူ ဖြစ်သွားတာပေါ့”

ထိုက်ရှီသည် သူ့ကို မယုံသော်လည်း ချင်မူ မပြောပြသဖြင့် သူ့အတွေးအား မသိနိုင်ချေ။

ချင်မူသည် အမိကမ္ဘာမြေ ကုန်းစွန်းယန်၏ အစစ်အမှန်ခန္ဓာကိုယ်အား အဝေးမှ လှမ်းမြင်နေရ၏။ ကမ္ဘာဦးသစ်ပင်မှာ ပို၍ပင် စိမ်းလန်းစိုပြည်နေပြီး အရိပ်များက ပို၍ကျယ်ပြန့်စွာ ဖုံးအုပ်ထားလေသည်။ ၎င်းက ကမ္ဘာဦးဘုံ၏ အရှေ့စူးစူးတွင် တည်ရှိနေသောကြောင့် အမြင်အာရုံကို အလွန်တရာ ဖမ်းစားနိုင်ပေသည်။

ကမ္ဘာဦးသစ်ပင်ထိပ်ဖျားရှိ အမိကမ္ဘာမြေ ကောင်းကင်နန်းဆောင်မှာလည်း ‌‌ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ နန်းဆောင်၏ စစ်သည်တော်အများစုက ကောင်းကင်နတ်ဘုံမှ ဖြစ်ကြသည်။ ကောင်းကင်နတ်ဘုံသည် ကုန်းစွန်းယန်အား ကမ္ဘာမြေအရှင်သခင်အဖြစ် တရားဝင်ခန့်အပ်ခဲ့သောကြောင့် သူမအနေဖြင့် ကမ္ဘာဦးဘုံတစ်ဝက်အား အုပ်ချုပ်ခွင့်ရခဲ့သည်။ သို့သော် ကမ္ဘာဦးဘုံတွင် မလိုလားသောလူများစွာ ရှိနေသေးသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည် ကုန်းစွန်းယန်၏ နာမည်ကို သုံး၍ သူပုန်တိုင်းပြည်များအား တိုက်ခိုက်ခဲ့၏။ ယခုတွင် အင်ပါယာမှာ ကျယ်ပြန့်လာပြီး ယခင်ကထက် အဆပေါင်းများစွာ ကြီးမားနေချေပြီ။

ချင်မူက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်သည်။ ထာ၀ရငြိမ်းချမ်း‌ရေးအင်ပါယာ၏ စက်မှုလက်မှုပညာသည်များသည် သိမ်းပိုက်ပြီးသော နယ်မြေများတွင် မိုးပျံတံတားများ ဆောက်လုပ်နေကြောင်း တွေ့မြင်ရ၏။ သူတို့က လမ်းတံတားများ ခင်း၍ ကုန်ထုတ်စက်ရုံများ တည်ဆောက်ကာ သတ္တုကြောများလည်း တူးဖော်ကြနေသည်။ သူတို့သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အယူအဆအတိုင်း ထိုနယ်မြေသားများအား လမ်းညွှန်ပြသပေးရန် ကြိုးစားနေကြ၏။

“ဧကရာဇ် နယ်ချဲ့တာ မြန်လွန်းအားကြီးတယ်… ‌ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်သည်တော်တွေအနေနဲ့ လိုက်မမှီနိုင်သေးဘူး… လူငယ်သိုင်းပညာရှင်တွေ ပျိုးထောင်ပေးဖိုက အချိန်တစ်ခု ယူမှရမှာ.... မဟုတ်ရင် အခြေမခိုင်တဲ့ အိမ်လိုမျိုး အင်ပါယာ မတည်မငြိမ် ဖြစ်လာလိမ့်မယ်”

ချင်မူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်သို့ သွားကာ လင်ယွီရှို့အား ပြောသည်။ “မဟာလေဟာနယ်မြေပြင်ဘက်မှာ ခုခံဖို့က ခက်နေပြီ... သူတို့တွေ ကြာကြတောင့်ခံနိုင်မှာမဟုတ်ဘူး… အခုအချိန်မှာ ငါတို့က အရမ်းစိတ်၀င်စားစရာဖြစ်နေရင် ကောင်းကင်နတ်ဘုံ နှိပ်ကွပ်တာ ခံရလိမ့်မယ်”

လင်ယွိရှို့က လက်ခံသည်။

ချင်မူက ပုံကြမ်းတချို့ ထုတ်၍ ပြော၏။ “ဒီပုံကြမ်းတွေက ‌ဖန်ဆင်းကောင်းကင်လက်နက်တွေရဲ့ ပုံကြမ်းတွေပဲ…. သိပ်ရှုပ်ထွေးတယ်… ဒီလိုကောင်းကင်လက်နက်မျိုး သွန်းလုပ်ဖို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်စက်မှုလက်မှုပညာရှင် လုံလုံလောက်လောက် ရှိလား…”

လင်ယွိရှို့မှာ တောင်လိုပုံနေသော ပုံကြမ်းများကို ကြည့်ရင်း အံအားသင့်သွားမိသည်။ သူမက ၎င်းတို့ကို လှန်လှောကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ဒီလောက်ရှုပ်ထွေးလွန်းတဲ့ ပုံကြမ်းမျိုးကို သွန်းလုပ်ဖို့ မရေမတွက်နိုင်တဲ့ စက်မှုလက်မှုပညာရှင်တွေ လိုအပ်တယ်… အချိန်တိုအတွင်း သွန်းလုပ်ဖို့ မဖြစ်နိုင်ဘူး”

ချင်မူက မေး၏။ “အချိန် ဘယ်လောက်လိုလဲ”

“စက်မှုလက်မှုပညာရှင်တွေ ဒီပုံကြမ်းတွေကို နားလည်ဖို့သက်သက်တင် နှစ်နှစ်ဆယ်လောက် လိုမှာ... သွန်းလုပ်ဖို့က ပိုလို့တောင် ကြာဦးမယ်”

လင်ယွိရှို့က တခဏ တွက်ချက်ပြီးနောက် ဆက်ပြောသည်။ “ကုန်ထုတ်စက်ရုံတွေမှာလည်း တခြားလက်နက်တွေ သွန်းလုပ်ပြီး ကောင်းကင်နတ်ဘုံဆီ ရောင်းရသေးတယ်... ငါတို့မှာ အဲ့လောက်လူများများ မရှိဘူး.. ဒါတွေ သွန်းလုပ်ချင်ရင် နှစ်တစ်ရာ‌လောက် ကြာလိမ့်မယ်”

“နှစ်တစ်ရာက များလွန်းတယ်… ငါ အဲ့လောက် မစောင့်နိုင်ဘူး”

ချင်မူက ပြတ်သားစွာ ပြောသည်။ “စက်ရုံတွေမှာ လူအင်အားမရှိဘူးဆိုရင် တာအိုဂိုဏ်းကို ခေါ်လိုက်... အဲ့ဒီတာအိုရသေ့တွေကို တောင်အောက်ဆင်းလာပြီး ကူညီခိုင်းရမယ်… ပြီးနောက် အနောက်ကမ္ဘာမြေက ရှုရှန်းဟွာကိုလည်း ဖန်ဆင်းကောင်းကင်လက်နက်ကို အတူသွန်းလုပ်ဖို့ ဖိတ်လိုက်”

လင်ယွိရှို့မှာ တွန့်ဆုတ်သွားသည်။ “ရှုရှန်းဟွာကိုတောင် ခေါ်ရတဲ့အထိ အလျင်လိုနေတာလား”

ချင်မူက ခေါင်းညိတ်၍ ရှင်းပြသည်။ “နှစ်တစ်ရာ အချိန်ယူလိုက်လို့ မဖြစ်ဘူးဟ.... မဟာလေဟာနယ်က ဆယ်နှစ်တောင် ခံနိုင်မှာ မဟုတ်ဘူး… မဟာလေဟာနယ် ငြိမ်၀ပ်သွားရင် ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်နယ်စားမင်းကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်… ကောင်းကင်နယ်စားမင်း သေသွားရင် မြေအောက်ဘုံအရှင်သခင်တစ်‌ယောက်တည်း တောင့်ခံနိုင်မှာမဟုတ်သလို ရှေးဟောင်းနတ်ဘုရား နတ်မင်းသုံးပါးလည်း ခံနိုင်မှာမဟုတ်ဘူး… ဖန်ဆင်းကောင်းကင်လက်နက်တွေကို သွန်းလုပ်ဖို့ နှစ်တစ်ရာကြာနေရင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာလည်း စည်းလုံးသွားပြီဖြစ်တဲ့ ကောင်းကင်နတ်ဘုံကို ဘယ်ယှဉ်နိုင်တော့မလဲ”

လင်ယွိရှို့မှာ အံဩမှင်သက်သွားပြီး ရှုရှန်းဟွာနှင့် တာအိုသခင်လင်းရွှမ်အား ချက်ချင်း ဖိတ်ခေါ်စေသည်။

ချင်မူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း ပြောသည်။ “ငါ ဘိုးဘေးနန်းတော်ကို ပြန်ရဦးမယ် … ဒီမှာ ကြာကြာနေလို့ မရဘူး… အနာဂတ်မှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို မကာကွယ်နိုင်ရင်တောင် ဘိုးဘေးနန်းတော်က လူသားမျိုးနွယ်ရဲ့ နောက်ဆုံး နားခိုရာနေရာ ဖြစ်လာနိုင်တယ်”

လင်ယွိရှို့က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး စိတ်ပူစွာ မှာသည်။ “လမ်းမှာ ဂရုစိုက်ဦးနော်”

ချင်မူသည် ချက်ချင်းပင် စွမ်းအင်အကူးအပြောင်းတံတားတစ်ဆင့် ဘိုးဘေးနန်းတော်ဆီသို့ အလျင်အမြန် ထွက်ခွာသွား၏။

ထိုက်ရှီဥမှာ ပြောပြမတတ်အောင် စိတ်လှုပ်ရှားနေသည်။ “ဒီတစ်ကြိမ် ဘိုးဘေးနန်းတော်ထဲ ‌၀င်သွားပြီးရင် ငါတို့ ထိုက်ရှီကျောက်တုံးတွင်းကို အရင်သိမ်းပိုက်ကြမယ်… အကျိုးအမြတ်ကို ခွဲယူကြတာပေါ့… မင်းတစ်ပုံ၊ ငါတစ်ပုံ”

ချင်မူမှာ မနေနိုင်ဘဲ ရယ်လိုက်မိ၏။ “တာအိုနောင်တော်၊ နတ်အရှင်မယန်က ကောင်းကင်နတ်ဧကရီနော်… သူက ခင်ဗျားရဲ့ နယ်မြေကို သိမ်းပိုက်ထားတာ… ကျွန်တော်က သူ့ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်မှာတုန်း… ကျွန်တော်က ကိုးပုံ၊ ခင်ဗျားက တစ်ပုံယူရမယ်”

ထိုက်ရှီမှာ ‌ဒေါသထွက်သွားသဖြင့် ဥသည် ခုန်ဆွခုန်ဆွ ဖြစ်နေ၏။

ချင်မူက ရယ်လျက် ပြောသည်။ “ကျွန်တော့်အတွက် ခင်ဗျားရဲ့ ကျောက်တုံးတွင်းက အသုံးမ၀င်လို့ စိုးရိမ်စရာမလိုပါဘူး… နောက်တာပါဗျာ… ဒါပေမဲ့ နတ်အရှင်မယန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး ဆိုတာကတော့ တကယ်ပြောတာ…. ကျောက်တုံးတွင်းကို သိမ်းပိုက်ဖို့ အတော်လေး အားထုတ်ရမယ်”

ထိုက်ရှီဥ ငြိမ်ကျသွားပြီး မေး၏။ “မင်းအကြံက ဘာလဲ”

ချင်မူက ရေရွတ်လိုက်သည်။ “ကျွန်တော်တို့ သူ့ကို အနိုင်မယူနိုင်တော့ အပေးအယူ လုပ်ရမယ်… ကျွန်တော့်မှာ သူ့ရဲ့ ရုပ်ခန္ဓာရှိတော့ ထိုက်ချူကျောက်တုံးတွင်းထဲက ရတနာတွေနဲ့ လဲလို့ရနိုင်‌လောက်တယ်… ဒါပေမဲ့…”

သူ့မျက်နှာမှာ နာကျင်မှုသွားသကဲ့သို့ ရှုံ့တွနေသည်။ ထိုက်ရှီဥသည် ဒေါင်လိုက်မျက်လုံးထဲတွင် ပုန်းခိုနေသော်လည်း ချင်စာလုံးမြေကို တုန်ခါလာစေသည့် ချင်မူ့နာကျင်မှုကို ခံစားနေရသေးလေသည်။

ထိုက်ရှီက တခဏ တိတ်ဆိတ်နေပြီးနောက် ပြော၏။ “လျော်ကြေးအနေနဲ့ မင်းကို ထိုက်ရှီတာအို သင်ပေးလို့ရတယ်”

All Chapters