← Chapters

အကျိုးနှင့် အမြတ်

Vol. 97 Ch. 1276

အကျိုးနှင့် အမြတ်

Vol. 97 Ch. 1276

ချင်မူကား နာကျင်နေသကဲ့သို့ တုန်ရီနေဆဲပင်။ ချင်စာလုံးမြေပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ကောင်းကင်မှာလည်း ပုံပျက်ရှုံ့တွလာသည်။

ထိုက်ရှီ၏ ဥသည် တခဏ တိတ်ဆိတ်နေပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလာသည်။ “ကောင်းကင်နတ်အရှင်မူ၊ တုန်မနေနဲ့တော့ဟ.. ငါက ကျောက်တုံးတွင်းထဲကနေ အတင်းတူးထုတ်ခံခဲ့ရလေ.… အတူးခံရပြီးပြီးချင်းမှာပဲ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ ဖမ်းထားတာ ခံခဲ့ရသေးတယ်… ငါ့မှာ ဘာမှ ကောင်းတာမရှိဘူး… မင်း တုန်ရီနေလို့လည်း အဖိုးတန်တဲ့ဟာ ဘာမှ‌‌ ငါ့ဆီမှာ တွေ့မှာ မဟုတ်ဘူးကွ”

ချင်မူက တုန်ရီနေသည်ကို ရပ်လိုက်ရင်း စပ်စုလိုက်သည်။ “ခင်ဗျားဥထဲက အရည်ကြည်က အရသာရှိလားဟင်”

“လခွမ်း ... အရသာရှိစရာလား” ဥထဲမှ ထိုက်ရှီက ‌ခပ်မာမာ ပြန်အော်သည်။

သူက ထပ်ပြော၏။ “ငါ့ ဥအရည်ကြည်ကို သောက်ဖို့ ယောင်လို့တောင် မစဉ်းစားလိုက်နဲ့…”

“ကပ်စေးနည်း ကော်တရာကြီး”

ချင်မူက အပြုံးလေးဖြင့် သူ့ကို ဆဲနေသည့်အပြင် သူ့ခန္ဓာကိုယ်မှ တစ်ခုခုကို မရ,ရအောင် ခွာချင်နေပုံရသည်။ သူက ဆက်မေးသည်။ “ခင်ဗျား အကောင်ပေါက်လာရင် ခင်ဗျားရဲ့ဥခွံကို ကျွန်တော့်ဆီ ပေးလို့ရလား”

ထိုက်ရှီလေသံမှာ ပို၍ပင် ခက်ထန်လာသည်။ “မရဘူး… ငါက ဥခွံတွေကို ဝါးစားတတ်တဲ့ အကျင့်ရှိတယ်... ငါမွေးတာနဲ့ ငါဥအခွံကို စားပစ်မှာ… မင်းက ထိုက်ချူရဲ့ ဥခွံကို ခိုးလာပြီး သူ့ကို ဥခွံထဲ ပြန်ထည့်ဖို့ ကြံစည်ခဲ့တယ်လေ … ငါ မသိဘူးများ ထင်နေလားကွ…”

ချင်မူ့မျက်နှာကြီး ရှုံ့မဲ့သွားသည်။ သူက ခေါင်းရမ်း၍ ပြောသည်။ “တာအိုနောင်တော်ထိုက်ရှီ၊ ခင်ဗျားဗျာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ပြီး သိပ်ကပ်စေးနည်းတာပဲ…. တစ်စက်လေးတောင် ညှစ်ထုတ်လို့မရပါလား…. ကျွန်တော့်အပေါ် ဒီလောက် တွန့်တိုနေရင် ကျွန်တော်က ကောင်းကင်နတ်ဧကရီရဲ့ ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး ခင်ဗျားကို ဘယ်လိုကူညီရမှာတုန်းဗျာ”

ထိုက်ရှီက တခဏ တုံ့ဆိုင်းနေပြီးနောက် မေး၏။ “ငါတို့က မဟာမိတ်တွေဆိုတော့ မင်းကို အမှန်တိုင်း ပြောပြမယ်… ငါ ထိုက်ရှီကျောက်တုံးတွင်းကို ပြန်ယူနိုင်ရင်တောင် ကျောက်တုံးတွင်းထဲက မူလကျောက်တုံးအကုန်လုံး စုပ်ယူဖို့ နှစ်ထောင်သောင်းချီ ကြာမှာ… အဲ့နောက်မှ ငါ မွေးဖွားလာမှာ… ဒါပေမဲ့ မင်း ထိုက်ရှီတာအိုကို သင်ယူပြီး လမ်းစဉ်တူတဲ့လူတွေနဲ့အတူ ငါ့ကျောက်တုံးတွင်းဆီ လာပြီး စွမ်းအင်ကို ကူညီသန့်စင်ပေးရင်တော့ ငါ စောစောမွေးဖွားနိုင်လိမ့်မယ်…. ငါ မွေးလာတာနဲ့ ငါတို့ အတူတူ အလုပ်လုပ်နိုင်ပြီ… ငါ ထိုက်ချူကို ဖယ်ရှားနိုင်အောင် ကူပေးမယ် … ပြီးရင်တော့ မင်းက ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာလိမ့်မယ်….”

ချင်မူက မှုန်ကုပ်နေသော မျက်နှာအမူအရာဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။

ထိုက်ရှီမှာ ရင်ဒိန်းခနဲ ခုန်သွားပြီး အလျင်အမြန် မေးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဘာတွေ ကြံနေတာလဲ…”

ချင်မူက အသံမာမာဖြင့် ဖြေသည်။ “ခင်ဗျားဥကို ခွဲဖို့ ဘယ်လက်နက် သုံးရမလဲ စဉ်းစားနေတာလေ..”

ဥထဲရှိ ထိုက်ရှီမှာ ချက်ချင်း ရိုကျိုးတောင်းပန်စွာ ပြုံးလိုက်သည်။ “မင်း ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာရမှာ မပျော်ဘူးလား”

ချင်မူက နှာခေါင်းရှုံ့လိုက်ရင်း ခေါင်းရမ်းသည်။ “တာအိုနောင်တော်ထိုက်ရှီ၊ ခင်ဗျားက ကျွန်တော့်ကို သိပ်အထင်သေးတာပဲ‌… ကျွန်တော်က ခင်ဗျားအတွက် အကုန်လိုက်လုပ်ပေးရမယ့်အပြင် စောစော ‌မွေးလာအောင်လည်း ကူညီရဦးမယ်…. ခင်ဗျားကတော့ မွေးလာတာနဲ့ ပြိုင်ဘက်ကင်း ဖြစ်မှာလေ… ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူကို ဖယ်ရှားနိုင်အောင် ကူညီမယ်ဆိုတာကလည်း ကလဲ့စားချေချင်လို့ပဲ မဟုတ်လား… ကျွန်တော်က ကောင်းကင်နတ်ဧကရာဇ်… ခင်ဗျားကတော့ မဟာဧကရာဇ် ဖြစ်လာမယ်တဲ့... ဒါက သိပ်ကောင်းလွန်းတဲ့ အကြံပဲ… ခင်ဗျားက ဘာမှ မစွန့်လွှတ်ချင်ဘဲ အကျိုးအမြတ်ချည်း ရချင်နေတာတော့ မဟုတ်သေးပါဘူး”

ထိုက်ရှီက ခြောက်ကပ်ကပ်ရယ်လျက် အကြံထုတ်လိုက်သည်။ “ဒါဆိုရင် ဒီလိုလုပ်ကြရအောင်… ငါတို့ ထိုက်ရှီမူလကျောက်တုံး ရရင် မင်း ထိုက်ရှီတာအိုကို နားလည်နိုင်အောင် ငါ အချိန်တစ်ခုအထိ ငှားပေးမယ်… နောက်မှ ငါ့ကို ပြန်ပေးပေါ့… ငါ့မှာ ဘာမှမရှိတဲ့အတွက် ဒီလိုလုပ်ရုံပဲ တတ်နိုင်တယ်”

ချင်မူက စဉ်းစားလိုက်ရင်း ဖြေသည်။ “ခင်ဗျားကလည်းဗျာ ဘာမှမစွန့်လွှတ်ချင်ဘဲနဲ့ အကျိုးအမြတ်ရချင်နေပြန်ပြီရော… ထိုက်ရှီကျောက်တုံးက ကျောက်တုံးတွင်းထဲမှာပဲ ရှိသေးတာလေ… ကျွန်တော်ပဲ သွားယူပေးရမှာမဟုတ်လား”

ထိုက်ရှီမှာ အပေါက်ပိတ်သွားသည်။

ချင်မူက ဆက်ပြောသည်။ “ဒီလိုလုပ်… ကျွန်တော့်ကို ထိုက်ရှီမူလကျောက်တုံး ငှားပေးတာအပြင် ကတိသုံးခု ပေးရမယ်… အဲဒီသုံးခုက ခင်ဗျားကို အန္တရာယ်မဖြစ်စေရပါဘူး”

ထိုက်ရှီ အနည်းငယ် တွေးကြည့်ပြီးနောက် သဘောတူကာ ကတိပေးလိုက်သည်။

ချင်မူ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည့်အချိန် စွမ်းအင်အကူးအပြောင်းတံတား၏ အလင်းရောင်သည် ရုတ်တရက် မှိန်ကျသွား၏။ သူတို့ကား ဘိုးဘေးနန်းတော်အပြင်ဘက်ရှိ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ရောက်လာကြချေပြီ။

ချင်မူက ကောင်းကင်နတ်အရှင်တို့၏ ချိတ်တံဆိပ်များအား စစ်ဆေးကြည့်လိုက်ရာ ရှိနေသေးကြောင်း တွေ့လိုက်ရသဖြင့် စိတ်ထဲမှ တွေးလိုက်သည်။ ‘ထိုက်စုမှာ လှည့်ကွက်တွေတော့ ရှိသားပဲ… ကောင်းကင်နတ်အရှင်တွေရဲ့ ချိပ်တံဆိပ်ကို မဖျက်ဆီးဘဲ ဘိုးဘေးနန်းတော်ကို စိတ်တိုင်းကျ သွားလာနိုင်တာ တကယ်ကို စွမ်းအားကြီးတယ်ဆိုရမယ်… သူ့ရဲ့ကောင်းကင်နတ်သိုင်းတွေကို မှန်းဆလို့တောင်မရနိုင်ဘူး… ထိုက်ရှီက ငါ့ကို ကတိသုံးခု ပေးထားတယ်… ပထမတစ်ခုက ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ဒဏ်ရာတွေကို ကူညီကုသပေးဖို့… ဒါပေမဲ့ ဘိုးဘိုးဆေးဆရာ ကုသပေးနိုင်တယ်ဆိုရင်တော့ ငါ ဒီကတိကို သိမ်းထားရမယ်… ပိုပြီးတော့ အသုံးဝင်နိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တယ်’

သူက ဘိုးဘေးနန်းတော်ထဲသို့ ဝင်ရောက်သွားသည်။

ရုတ်တရက် သူ၏တတိယမျက်လုံးထံမှ ထိုက်ရှီ၏အသံက ထွက်လာလေသည်။ “ခွေးသူတောင်းစားလေးချင်… ငါ အခုမှ မှတ်မိတယ်”

ချင်မူက သူ့ကို မကြားချင်ယောင်ဆောင်ထားသည်။ ထိုက်ရှီဥမှာ ဒေါသတကြီး အော်ဟစ်နေလေသည်။ “ထိုက်စုဆီကနေ မင်းကို ကယ်ပေးရင် ငါ့ကျောက်တုံးတွင်းကို ပြန်ယူပြီး မူလကျောက်တုံးကို ရှာပေးမယ်လို့ ငါတို့ သဘောတူခဲ့တာလေ… အဲဒီတုန်းက မင်းမှာ ထွက်ပြေးနိုင်တဲ့ နည်းလမ်းတောင် ရှိခဲ့တာမဟုတ်ဘူး”

ချင်မူက ဘိုးဘေးနန်းတော်၏ ကောင်းကင်ဆီသို့ လျှောက်သွားရင်း ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်မှာ ပိုမိုစိမ်းလန်းစိုပြေလာကြောင်း တွေ့လိုက်ရသည့်အခါ သူ့မှာ ဝမ်းသာသွားသည်။ “လုံပိက ဟင်းလင်းပြင်သားရဲတွေကို ထိန်းချုပ်ထားတေ့ အဲဒီဟင်းလင်းပြင်သားရဲတွေ ဘိုးဘေးနန်းတော်ထဲက ဘယ်ဟာကိုမှ မဝါးမြိုနိုင်တော့ဘူး… နှစ်အနည်းငယ်ကြာရင် ဘိုးဘေးနန်းတော်က ပြန်ပြီးအသက်ဝင်လာတော့မယ်”

“ဘာလို့ ဘာတစ်ခွန်းမှ မဟတာလဲကွ”

ဥထဲမှ ရှေးဟောင်းနတ်ဘုရား၏ အသံက ထွက်လာပြန်သည်။ “အပြစ်ရှိသလိုများ ခံစားနေရတာလား… ခွေးကောင်လေး၊ ငါ့ကျ ဘာမှမစွန့်လွတ်ဘဲ အကျိုးအမြတ်ရချင်နေတယ် ပြောပြီးတော့ တကယ် အကျိုးအမြတ်ရချင်နေတာက မင်းပဲကွ… မင်းအသက်ကို အလကား ကယ်ခဲ့မိတာပဲ.. နေထားဦးပေါ့ကွာ… ငါ ဥထဲက ထွက်လာမှာ စောင့်နေလိုက်… မင်းကို အကြိမ်သုံးရာအထိ ရိုက်ပစ်မယ်”

ချင်မူက မီးအိမ်ကို ကိုင်ရင်း ခပ်သုတ်သုတ် လျှောက်ကာ တီးတိုးရေရွတ်နေသည်။ “ဒီအပင်တွေက အမြစ်တွယ်ပြီး အပင်တောင် ပေါက်နေကြပြီပဲ…. ဒါဆို ကောင်းကင်မြေကြီး ဝိညာဉ်အမြစ်တွေ အများကြီး ရှိလောက်မယ်ထင်တယ်…. ဒါက ဧရာမ ရတနာမြေကြီးပဲ.. ငါ ကမ္ဘာဦးသစ်ပင်လို ဝိညာဉ်အမြစ်တွေသာ ရှာနိုင်ရင်…”

“စကားလမ်းကြောင်း မလွှဲနဲ့ကွ”

ချင်စာလုံးမြေထဲတွင် ဥမှာ ခုန်ဆွခုန်ဆွဖြင့် အော်ဟစ်နေ၏။ “မင်းသတ္တိရှိရင် ငါ့ကို ရိုက်လိုက်စမ်း… ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်”

“ဘိုးဘေးနန်းတော်ထဲက အရာအားလုံးသာ စိမ်းလန်းစို‌ပြေသွားရင် မဟူရာသစ်ပင်ကြီးလည်း အညှောင့်ထွက်လာလောက်လား… အဲဒီသစ်ပင်အိုကြီးလည်း ပြန်လည်စိမ်းလန်းလာလောက်လား” ချင်မူက အားရဝမ်းသာစွာဖြင့် မေးလိုက်မိသည်။

“... မင်းကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်...” ဥက အော်လိုက်ပြီး ၎င်း၏မျက်နှာပြင်ထက်တွင် မရေမတွက်နိုင်သော ရှေးဟောင်းသင်္ကေတများ ပေါ်လာ၏။

ချင်မူက ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်သည်။ ဘိုးဘေးနန်းတော်ထဲတွင် နတ်ဘုရားမိစ္ဆာများ ပိုမိုများပြားလာပြီး ထိုသူတို့သည် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ တိုက်ရိုက်မျိုးဆက်များဖြစ်ကြကာ နယ်မြေတိုးချဲ့ရန် ကြိုးစားနေကြလေသည်။

ချင်မူမှာ လမ်းလျှောက်နေရင် မရေမတွက်နိုင်သော ဟင်းလင်းပြင်သားရဲများက ထိုပိုင်နက်များကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်အား တွေ့လိုက်ရသည်။ တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်၏။

“ဖက်တီးနဂါးက တယ်တော်သဟ”

ချင်မူက စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ သူ နတ်အရှင်မယန်၏ ပိုင်နက်သို့ ရောက်သည့်အခါမှသာ ထိုက်ရှီဥသည် ငြိမ်သွား၏။ ‘ဒီခွေးကောင်လေးက ကတိတော့ တည်သားပဲ… သူက ကောင်းကင်နတ်ဧကရီရဲ့ ရုပ်ခန္ဓာ သုံးပြီး ထိုက်ရှီမူလကျောက်တုံးနဲ့ အလဲအလှယ် လုပ်ဖို့ ကြံနေတာ ဖြစ်ရမယ်”

“ကောင်းကင်နတ်အရှင်မူက အရေးတကြီး ဆွေးနွေးစရာ ကိစ္စရှိပါတယ်လို့ နတ်အရှင်မယန်ကို လျှောက်တင်ပေးနိုင်မလားခင်ဗျာ” ချင်မူက စောင့်ကြပ်နေသည့် နတ်ဘုရားကို တရိုတသေ မေးလိုက်သည်။

တခဏကြာသော် နတ်အရှင်မယန်၏ တပည့် ရှို့ဟုန်စုက ရောက်လာကာ အပြုံးလေးဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ကျွန်မက ရှင် မုခ်ဝပိတ်ပွဲ ထပ်လုပ်တော့မယ် ထင်နေတာ… ကောင်းကင်နတ်အရှင်ကို သတ်ဖို့ သူပုန်တွေကို ပုန်းထားခိုင်းပြီး ရှင် အထဲ ဝင်နိုင်တာနဲ့ တိုက်ခိုက်ခိုင်းဖို့ လုပ်ထားတာ မလား”

ချင်မူက ရယ်လျက် ဖြေသည်။ “ရှို့ရှို့ကတော့ စကားသိပ်ကြွယ်တာပဲဗျာ… ဟာသဉာဏ်ကလည်း ရွှင်လိုက်တာ… မင်းရဲ့ဆရာရော”

ရှို့ဟုန်စုသည် အစက နတ်အရှင်မယန်ဘေးရှိ နန်းတွင်းသူတစ်ယောက် ဖြစ်၏။ ဖြတ်ထိုးဉာဏ်ကောင်းပြီး သိုင်းအဆင့်မြင့်မားသည့်အတွက် နတ်အရှင်မယန်၏ တပည့်တစ်ဦး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် နတ်အရှင်မယန်သည် သူမအား အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းနှင့် လက်ထပ်ထိမ်းမြားစေခဲ့လေသည်။

အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းမှာ ကောင်းကင်နတ်အရှင်ရှောင်၏ ဘက်တော်သားထဲမှ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ကောင်းကင်နတ်အရှင်မယန် ရှို့ဟုန်စုအား သူနှင့် ထိမ်းမြားစေခဲ့သည့် ရည်ရွယ်ချက်သည် စဉ်းစားစရာပင်။

“နတ်အရှင်မက ကောင်းကင်နတ်ဘုံမှာ… ဒီကို တစ်ခါတစ်လေမှ လာတာ… ကြည့်ရတာ ကောင်းကင်နတ်အရှင်မူက အထဲဝင်မယ့်ပုံမပေါ်ဘူး… ရှင်တို့တွေ ဆက်ပြီး တူးနေလို့ရတယ်” ရှို့ဟုန်စုက လက်လွှဲရမ်းလိုက်သည်။ ထိုက်ရှီကျောက်တုံးတွင်းထဲတွင် အလစ်တိုက်ရန် နေရာယူထားကြသည့် နတ်တပ်မှူးများလည်း ထွက်သွားကြလေသည်။

အဝေးသို့လျှောက်သွားသည့် နတ်တပ်မှူးများကို မြင်လိုက်ရသည့်အခါ ချင်မူ့မျက်လုံးထောင့်များ အနည်းငယ် တွန့်သွားသည်။

ရှို့ဟုန်စုက ပြောသည်။ “မဟာလေဟာနယ်က ပြောင်းလဲသွားပြီလို့ ကြားရတယ်… နတ်အရှင်မက အဲဒီကိစ္စတွေကို အာရုံစိုက်နေတော့ ဒီကိုမလာဘူး… ဒါပေမဲ့ ဘိုးဘေးနန်းတော်ကလည်း ငြိမ်းချမ်းနေတာတော့ မဟုတ်ပြန်ဘူး.. ကျွန်မတို့ ဒီနေရာမှာ ကျောက်တူးကြတယ်… တူးပြီးလို့ သင်္ဘောတွေ ဘိုးဘေးနန်းတော်က ထွက်သွားတဲ့အခါကျရင် ဟင်းလင်းပြင်သားရဲတွေ တိုက်ခိုက်တာခံရတယ်.. သိပ်ကို အာရုံနောက်စရာပဲ”

ချင်မူက နတ်သွေးတစ်စက် ထုတ်၍ ပြုံးကာ ပြောလိုက်သည်။ “ရှို့ရှို့၊ ဒီသွေးစက်ကို နတ်အရှင်မယန်ဆီ ဆက်သပီး ငါသူ့ကို ပြောစရာ ရှိတယ်လို့ တစ်ဆင့်လျှောက်တင်ပေးပါ”

ရှို့ဟုန်စု၏ မျက်နှာအမူအရာမှာ နတ်သွေးစက်ကို လက်ခံရရှိသည်နှင့် ပြောင်းလဲသွားလေသည်။ ဤနတ်သွေးစက်တွင် နှိုင်းယှဉ်မရနိုင်သော မဟာတာအိုတို့ ကိန်းဝပ်နေကြောင်း သူမ သတိထားမိလိုက်သည်။ တစ်ချက်မျှထိရုံနှင့် တာအိုအသံ ပဲ့တင်ထပ်သွားပြီး အလင်းရောင်များ ဖြာကျလာ၏။

“ဒီသွေးစက်က…” သူမမှာ အလန့်တကြား ဖြစ်သွားသည်။

ချင်မူက စိတ်မဝင်စားဟန်ဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သွေးစက်ပဲ… ငါ အရင်သွားတော့မယ်… သတင်းကောင်းကို စောင့်နေပ့ါမယ်”

ရှို့ဟုန်စုမှာ သိသိသာသာ မျက်နှာပျက်နေသည်။ သူမက ကျောက်စိမ်းပုလင်းတစ်ပုလင်းအား အလျင်အမြန် ထုတ်၍ ကောင်းကင်နတ်အရှင်ဟောင်၏ သွေးစက်ကို ချက်ချင်း သိမ်းဆည်းလိုက်သည်။ ထို့နောက် ယုံကြည်ရသော တပ်မှူးတစ်ယောက်ကို ခေါ်၍ ကောင်းကင်နတ်ဘုံဆီ သွားစေသည်။

All Chapters