ခွန်လွန်ကို ငါလာလည်မယ်။
Vol. 168 Ch. 2340
နောက်ဆုံးတွင် ထာဝရ တာအို သစ်သီးဟူသည် ဒဏ္ဍာရီတစ်ခု ဖြစ်ပြီး ယခင်က တစ်စုံတစ်ယောက် ရရှိကြောင်း မည်သူမျှ ကြားခဲ့ဖူးခြင်း မရှိချေ။
လင်းယွန်က သူမြင်ခဲ့သမျှကို ပြန်လည် မျှဝေလိုက်၏။
“ အိုက်ရား … ။ ”
ရှန်းထျန်းနန်က ပုံရိပ်ယောင် ကမ္ဘာတွင် သူလုပ်ခဲ့သမျှကို ထုတ်ပြောခံလိုက်ရ သဖြင့် ရှက်ရွံ့သွားသည်။
“ အထဲမှာ အမွေ ဒါမှမဟုတ် ... တစ်စုံတစ်ရာ မရှိဘူးလို့ ငါ ထင်နေခဲ့တာ ... တကယ်တော့ ... ငါမှာ အရည်အချင်း မပြည့်မီခဲ့တာကိုး။ ”
“ အဲဒီအတွက် စိတ်ထဲမထားပါနဲ့ ... အဲဒီနတ်ဘုရားက ဓားသမား မဟုတ်ဘူး သူသာ ဓားသမားဆိုရင် မင်းကို ရွေးမယ်လို့ ငါ ယုံကြည်တယ်။ ”
“ ပြောတာ ကောင်းတယ် ... သူသာ ဓားသမားဆိုရင် ငါ့အစား နင့်ကိုပဲ ရွေးမှာပေါ့။ ”
လင်းကျန်းရှန်က ပြုံးပြီး ပြန်ဖြေ၏။ သူမပြောသော စကားသည် ထိုအဖြူဝတ် လူ၏ အမြင်နှင့် အတူတူပင် ဖြစ်နေသဖြင့် လင်းယွန်က ပြုံးလိုက်သည်။
“ အဲဒါကို ငါကြည့်လို့ရမလား။ ”
ရှန်းထျန်းနန်က တုန့်ဆိုင်းစွာ ဆိုသည်။
“ ဒီနေရာက အရင် ထွက်သွားရအောင်။ ”
ချီလင်တောင်သည် မလုံခြုံချေ။ လေးနာရီကုန်လွန် ပြီးနောက် အပျက်အစီး နယ်မြေ တစ်ခုသို့ ရောက်ရှိလာသည်။
လင်းကျန်းရှန့်က သတိကြီးစွာဖြင့် ဝိညာဉ်ရေးရာ အစီရင်ကို ခင်းကျင်းလိုက်၏။ လင်းယွန်က ကြက်သွေးရောင် တာအို သစ်သီး နှစ်လုံးကို ထုတ်ပြလိုက်သည်။
အသီးများသည် ရှေးဟောင်း ရောင်ဝါများ ထုတ်လွှတ်ပြီး စိတ်ဝိညာဉ်ကို စုပ်ယူလိုက်သလို ခံစားရစေ၏။
ခဏလေးအတွင်း တာအိုပန်းများ ကွဲထွက်တော့မည့် အရိပ်အယောင်များ ပြသ လာရာ ရှန်းထျန်းနန် ကြောက်ရွံ့သွားသည်။
“ ဒါက တကယ်ပဲ ... ထာဝရ တာအို သစ်သီးပဲ။ ”
လင်းကျန်းရှန့်က အသက်ပြင်းပြင်း ရှူလျက်ဖြင့် ရေရွတ်လိုက်သည်။ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ ကျိကျစ်ရှီက၊
“ ထာဝရ တာအို သစ်သီးက ... တစ်ယောက်ယောက်ကို ထာဝရတာအို အပေါ် နားလည် သဘောပေါက်ဖို့ အကူအညီ ရနိုင်လား။ ”
-ဟုမေးသည်။
လင်းကျန်းရှန့်က ခေါင်းခါလိုက်ပြီး၊
“ မရဘူး ... အထောက်အကူ ဖြစ်ရုံပဲ။ ”
“ မှန်တယ် ... ဒါက တိုးမြှင့်နိုင်ရုံပဲ။ ”
လင်းယွန်ကပါ ဝင်ဖြေသည်။ နိဗ္ဗာန် တာအိုကို ဆုပ်ကိုင်ထားသဖြင့် ထာဝရ တာအို အပေါ် ဆုပ်ကိုင်ရန် မည်မျှ ခက်ခဲကြောင်း သူ သိ၏။
“ ဒါဆို ထင်သလောက်လည်း ... အသုံးမဝင်ဘူးပေါ့။ ”
ကျိကျစ်ရှီက စိတ်ပျက် သွားသည်။ ဤသည်မှာ အစ်ကိုကြီးလင်း ကြိုးစားခဲ့သည့် အရာ ဖြစ်၏။ အသုံးမဝင်သော် နှမျောစရာ ပေပင်။
“ ထာဝရတာအို မပြောနဲ့ အုပ်စိုးရှင် တာအိုတောင် သန့်စင်ရခက်တယ် ... ဒါပေမယ့် ဒီထာဝရတာအို သစ်သီးက အနှစ် တစ်ရာအထိ အချိန်ကုန် သက်သာစေတယ် ...
... တန်ဖိုးက တိုင်းတာလို့ မရဘူး ... ဒီသစ်သီးက ဧကရာဇ်တွေကိုတောင် လောဘ ဖြစ်စေတဲ့ အရာပဲ။ ”
ရှန်းထျန်းနန်မှ ပြောသည်။
“ ထာဝရ တာအိုကို တိုက်ရိုက် ဆုပ်ကိုင်ဖို့ အခွင့်အရေး မရှိပေမယ့် .. ခေါင်းဆောင်လင်းလို ဆုပ်ကိုင်နိုင်ချေ ခြေတစ်လှမ်းသာ ဝေးတဲ့ လူ တစ်ယောက် ဆိုရင်ရော ... ။ ”
လင်းယွန်က လင်းကျန်းရှန်ကို မေးသည်။
“ အိုး ဟုတ်သားပဲ ... အခုမှ သတိရတယ် အစ်မကြီးလင်းက ဒြပ်ငါးပါးတာအို မျက်နှာပြင် အပေါ် ထိတွေ့နေပြီ မဟုတ်လား။ ”
ကျိကျစ်ရှီမှလည်း ပြုံးလျက် သတိရသွား၏။ လင်းကျန်းရှန့်က ပြန်မဖြေချေ။
“ ထာဝရတာအို အသီးသာ ရှိရင် ဒြပ်ငါးပါးတာအိုကို ဆုပ်ကိုင်နိုင်ဖို့ ... ယုံကြည်မှု ဘယ်လောက်ရှိလဲ။ ”
“ ဘာလဲ ... ။ ”
ရှန်းထျန်းနန်က အံသြသွားသည်။ လင်းယွန်စကားအရ ထာဝရတာအို သစ်သီးကို တပါးသူထံ ပေးမည်လော။
ဤအရာက လူတစ်ယောက်၏ အသွင်အပြင်ကို ကြည့်ပြီး အပေါ်ယံ ဆုံးဖြတ်၍ မရကြောင်း သင်ခန်းစာရစေသည်။
လင်းကျန်းရှန့်ပင် ခေတ္တမျှ အံ့အားသင့်သွား၏။ သို့သော် ‘(၅၀) မဟုတ်ရင် (၆၀%) အောင်မြင်နိုင်ချေ ရှိတယ်၊’-ဟု ပြန်ဖြေမိသည်။
“ အဲဒါက လုံးလုံး နားမလည်တဲ့ လူဆိုရင်တောင် ဆယ်နှစ်ကြာ ကျင့်ကြံမှုကို ရရှိစေလိမ့်တယ်။ ”
သူမ၏ နောက်ဆက်တွဲ စကားကြောင့် လင်းယွန်က ခေါင်းညိတ်လိုက်သည်။
“ ဒါဆို တစ်လုံး ယူလိုက်။ ”
“ ဘယ်လို ... ။ ”
လင်းကျန်းရှန့် တစ်ယောက် ဤစကားအတွက် ပြင်ဆင်ထားပြီး ဖြစ်သော် ငြားလည်း အံ့သြ တုန်လှုပ်သွားဆဲ ဖြစ်၏။
“ အဟမ်း ... အဟမ်း ... ။ ”
ရှန်းထျန်းနန်က ချောင်းဆိုးလိုက်ပြီး၊
“ အစ်ကိုလင်း ... ငါလည်း ထာဝရ တာအိုမှာ အောင်မြင်မှု တချို့ရနေပြီ။ ”
-ဟု အရှက်မရှိ ဝင်ပြောလာသည်။
“ ဟုတ်လား ... ဒါဆို ထာဝရ တာအို ဆိုတာဘာလဲ။ ”
လင်းယွန်က ပြုံးကာ ပြန်မေး၏။
“ အာကာသက အုပ်စိုးရှင် ဖြစ်ပြီး ... အချိန်က ဘုရင်ပဲ။ ”
ဤသည်မှာ အမြဲမပြတ် ကြားဖူးနေသော ဆိုရိုးစကားဖြစ်၏။
“ မင်းက ... အာကာသနဲ့ အချိန်တာအိုကို နားလည် နေတာလား။ ”
လင်းယွန်က စိတ်ဝင်စားသွားသည်။ ရှန်းထျန်းနန်က ထူးထူးခြားခြား ပြုံးလျက်၊
“ အဲဒီလိုတော့ မဟုတ်ပါဘူး ... အရာအားလုံးက နိဗ္ဗာန်ကို မျက်မှောက်ပြု ရတယ် မဟုတ်လား။ ”
-ဟု ထာဝရတာအို၏ အဓိပ္ပါယ်များကို ဆက်လက် ရေရွတ်ပြတော့သည်။
“ မင်းတို့နဲ့ ... သာမန်လူ တစ်ယောက်လို နေချင်ပေမယ့် အခုချိန်မှာတော့ ငါဝန်ခံပါတယ် ငါက နိဗ္ဗာန်တာအိုရဲ့ အမွေခံပဲ ...
... ဒီလျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ သင်္ချိုင်းတွေကို လိုက်ပတ် တူးနေရတာ ... အခု နိဗ္ဗာန်ကို ဆုပ်ကိုင်ဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်။ ”
သူ့အသံက ပုံပြင်ပြောနေသူ တစ်ယောက် ကဲ့သို့ ရိုးသားနေ၏။ နိဗ္ဗာန် တာအိုကို နားလည် မထားမိပါက ယုံနိုင်ချေမည်။
“ ညီလေးလင်း ... အခွင့်အရေး တစ်ခုကို ငါစောင့်နေတာ ကြာပြီ … ခေါင်းဆောင်လင်းနဲ့ ပြိုင်ဖို့ မင်းဘာကြောင့် ငါ့ကို အခွင့်အရေး မပေးရတာလဲ။ ”
လင်းယွန်က ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီး၊
“ မင်းကို ကောင်းချီးပေးခဲ့တဲ့ ကျောက်တုံးကို မှတ်မိလား။ ”
“ မှတ်မိတယ် … အဲဒါက တကယ့်ကို မှော်ဆန်တယ် ... ပြန်တွေးမိတိုင်း အိပ်မက် တစ်ခုလို ခံစားရတယ် … ။ ”
“ မင်းက ရိုးရိုးသားသား ဖြေနေမှတော့ ငါမင်းကို မလိမ်တော့ဘူး အဲဒီ ကျောက်တုံးက ကောင်းချီး မပေးဘူး သူ့အပေါ်မှာ နိဗ္ဗာန် တာအိုအရိပ်အယောင်ကို ငါချန်ခဲ့တယ် ...
... နိဗ္ဗာန်ကို နားလည်ချင်ရင် မင်း အဲဒီကျောက်တုံးကို သိမ်းထားပြီး ကြိုးစား ကြည့်ပါ။ ”
“ ဒါ ... ။ ”
ရှန်းထျန်းနန်က မယုံကြည်နိုင်စွာဖြင့် ကျောက်တုံးကို ပြန်ထုတ် ကြည့်လိုက်မိသည်။ ထို့နောက် ရှက်ရွံ့စွာဖြင့်၊
“ ဟား ဟား ဟား ... ငါနောက်တာပါ အလေးအနက် မထားပါနဲ့ အုပ်စိုးရှင် တာအို သစ်သီးပဲ သန့်စင်ပါတော့မယ်။ ”
-ဟု ဆိုလာတော့၏။
“ နင့်ရဲ့ နောက်ဆုံးဓားကို ဘာကြောင့် မမြင်နိုင်ရတာလဲ ဆိုတာ အံ့သြစရာ မရှိတော့ ပါဘူး … ။ ”
လင်းကျန်းရှန်က မှတ်ချက်ပေးသည်။
“ နိဗ္ဗာန် မပါရင်တောင် ... ငါ သူ့ကို မကြောက်ဘူး ... ဒါပေမယ့် နတ်တပည့်တွေရဲ့ အခြေခံအုတ်မြစ်က ကြောက်စရာ ကောင်းသေး ပါတယ် ... ဆဋ္ဌမအဆင့် သူတော်စင် သခင် မဖြစ်ရင် ခက်ခဲသွားမှာ ကြောက်မိတယ်။ ”
ဆဋ္ဌမအဆင့် သူတော်စင်သခင် ဖြစ်လာပြီးနောက် ဓားသုတ္တန်နှစ်ရပ် အပေါ် အားကိုးခြင်းဖြင့် တိုက်ပွဲအပေါ် ကြံ့ကြံ့ခံ နိုင်ခဲ့သည်။
“ ကောင်းကင် ဒုက္ခကို ခံယူပြီးရင် ... သူတော်စင် စွမ်းအင်က အသွင်ပြောင်းသွားမယ် ဒါက ကောင်းကင်တာအိုရဲ့ တန်ခိုးအာဏာမျိုး ရရှိခြင်းပဲ ... သူတော်စင် သခင် ဆဋ္ဌမအဆင့်နဲ့ သူ့ကို တိုက်နိုင်တာ လေးစားစရာပါ။ ”
လင်းကျန်းရှန့် စကားကြောင်း လင်းယွန်က ခေါင်းညိတ်လိုက်သည်။
“ ထာဝရ တာအို သစ်သီးကို ယူပါ။ ”
“ ဟမ့် ... နင်တကယ် ပြောနေတာလား ... နင့်မှာသစ်သီး နှစ်လုံးတည်းရှိတာလေ ငါယူရင် မိန်းကလေး ကျစ်ရှီကကော။ ”
“ အစ်မလင်း ... နင် ငါ့ကို စိတ်ပူနေစရာ မလိုပါဘူး ... အဲဒီအကြောင်း ပြောရမယ်ဆိုရင် ငါ့ကို ရွှေကံကြမ္မာ ပေးတဲ့အတွက် အစ်မလင်း အပေါ် ကျေးဇူးတင်ရမယ် မဟုတ်လား။ ”
သူမသည် နတ်ဖီးနစ် တောင်ပေါ်၌ မွေးဖွားခဲ့ပြီး ငယ်စဉ်တည်းကပင် မရေမတွက် နိုင်သော ရတနာများကို တွေ့မြင်ခဲ့ရ၏။
သည့်ပြင် ဤအရာသည် အစ်ကိုကြီးလင်း ဆုံးဖြတ်ချက် ဖြစ်သဖြင့် သဘာဝအတိုင်း လိုက်နာရပေမည်။
“ ပြီးတော့ ... ထာဝရ တာအို အပေါ် နားလည်ဖို့ နည်းလမ်တစ်ခု ရှိတယ် အစ်ကိုကြီး လင်းကိုတောင်မှ မပြောပြထားဘူး ... သူ့ကို အံ့အားသင့် စေချင်လို့ပဲ။ ”
နောက်ဆုံးတွင် လင်းကျန်းရှန့်က ထာဝရတာအိုသစ်သီးကို လက်ခံလိုက်ရ လေသည်။
“ ကောင်းပြီ ... အနာဂါတ်မှာ အကူအညီလိုရင် ငါဘာမဆို ပြန်ပေးပါ့မယ်။ ”
လင်းကျန်းရှန့် လင်းယွန်ထံ ကြည့်ကာ ကတိပေး လိုက်သည်။
“ ဒါက ငါ့အတွက် အဆင်ပြေတယ် ... ငါတို့က ဓားသမားမို့ ယဉ်ကျေးနေဖို့ မလိုပါဘူး ဆက်လုပ်ပါ။ ”
“ ကောင်းပြီ ... အခွင့်အရေးရရင် နင်တို့ခွန်လွန်ကို ငါ လာလည်မယ်။ ”
ထို့နောက် သစ်သီးကို သန့်စင်ရန် ထွက်ခွာသွားတော့သည်။
“ ကောင်းပြီ ... အခွင့်အရေး ရရင် အစ်ကိုကြီးလင်းဆီ လာလည်မယ်။ ”
လင်းကျန်းရှန့် တစ်ယောက် အစ်ကိုကြီးလင်းအပေါ် ရိုသေလေးစားသည်ကို မြင်ပြီး ကျိကျစ်ရှီ တစ်ယောက် ဝမ်းသာမိ၏။
“ မင်း အရိုက်ခံချင်နေတာလား။ ”
လင်းယွန်က သူမ ခေါင်းကို ပုတ်ကာ ပြုံးပြလိုက်သည်။
“ ဟဲဟဲ ... ငါလည်း ရွှေတာအို သစ်သီးကို သန့်စင်ဖို့ သွားတော့မယ်။ ”
ကျိကျစ်ရှီက အပြစ်ကင်းစင်သော အပြုံးမျိုးဖြင့် လျင်မြန်စွာ ပြေးထွက်သွားတော့ သည်။
ညရောက်သော အခါတွင် ရွှေရောင် သစ်သီးကို ထုတ်ယူကာ လင်းယွန် တစ်ယောက် အတွေးနက်သွား၏။
ကျိကျစ်ရှီ အတွက် ဖြစ်စေ၊ သူတော်စင် တောင်ပေါ် တက်ရန်အတွက် ဖြစ်စေ သူတွင် ခွန်အား ပိုလိုအပ်နေသည်။
***