ဓားသမား၏အစွယ်များ
Vol. 168 Ch. 2344
လင်းကျန်းရှန့်မှ ဤသို့ တိုက်ခိုက်လာ လိမ့်မည်ဟု မထင်ထားသဖြင့် ကူယုရှင်းခမျာ ထိတ်လန့်တကြီး ရှောင်တိမ်း လိုက်သည်။
“ ကောင်းကင် နဂါးဟောက်သံ။ ”
ကူယုရှင်း နောက်မှ လိုက်လျက် လင်းကျန်းရှန့်က ဆက်၍ တိုက်ခိုက်တော့၏။ မျက်လုံးများ အတွင်း၌ အေးစက်သော အလင်းရောင်များ လက်နေခဲ့သည်။
နဂါး ဟောက်သံများ ပဲ့တင်ထပ် လာသောအခါ နဂါးငါးကောင်က ဓားရောင်ခြည် ငါးစင်းအဖြစ် ပြေးထွက်လာ၏။
ကူယုရှင်း ဝန်းကျင်ရှိ သူတော်စင် စွမ်းအင်များ ဖြိုခွဲခံလိုက်ရကာ မြေပြင်ပေါ် ဒူးထောက် ကျသွားသည်။ ပါးစပ်မှ သွေးများ စီးကျလာ၏။
“ နင် ... ။ ”
ကူယုရှင်းက ထိတ်လန့်သွားပြီး လင်းကျန်းရှန့်ထံ မော့ကြည့် လိုက်သည်။
“ ရတနာဆိုတာ ... ဘယ်နေရာမှာ ထားထားတန်ဖိုးက မလျော့သွားဘူး ... ငါက ကောင်းကင်ဓား ဌာနချုပ်ရဲ့ တပည့်မဟုတ် ရင်တောင် ... နင့်လိုလူကို အလွယ်တကူ နှိပ်စက်နိုင်တယ် ... ထွက်သွား ... ။ ”
“ ဖြန်း ... ။ ”
လင်းကျန်းရှန့်က ကူယုရှင်းကို ပါးရိုက်ချလိုက်ရာ လှေကားမှ ဒလှိမ့်ခေါက်ကွေး ပြုတ်ကျသွား၏။
သွေးများ ဖုံးလွှမ်းလျက် လင်းယွန်တို့ထံ ရောက်ရှိလာသည်။
“ ဟေး ... ။ ”
ကျိကျစ်ရှီက ဝမ်းသာ သွား၏။ ရှန်းထျန်းနန်က လှောင်ပြုံးဖြင့်၊
“ ငါတို့ကို စောင့်နေမယ် ပြောပြီး ... မင်းက ဘာလို့ ခွေးလို ပြန်ဆင်းလာရတာလဲ၊ အရင်လို မာနကြီးတဲ့ မင်းပုံစံကို ငါပိုကြိုက်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားက ကူယုရှင်းကို အလွန် နာကျင်စေ၏။ ချက်ချင်းပင် သတိလစ်သွား တော့သည်။
“ ဟား ဟား ဟား ... ။ ”
ရှန်းထျန်းနန်က စာနာစိတ် မရှိဘဲ ရယ်မောလိုက်သည်။ အလှတရားကို မြင်တိုင်း ကိုးကွယ်တတ်သည့် လူစားထဲ သူ မပါချေ။
လူအချို့က အံသြသွားကုန်၏။ အဆုံး၌ နတ်ဘုရား မျိုးနွယ်စု၏ ပါရမီရှင်တစ်ဦးသည် အမည်မသိ အမျိုးသမီး၏ ပါးရိုက်ခြင်း ခံလိုက်ရသည်။
နဂါး ဟောက်သံ သို့မဟုတ် ပါးရိုက်ခြင်း မည်သည့် အရာပင် ဖြစ်ပါစေ တုန်လှုပ်ဖွယ် ကောင်းလှ၏။
လှေကားထစ်များကို တက်နေသော လူငယ်များပင် ပြန်လှည့်ကြည့်လာသည်။ နတ် မျိုးနွယ်စု၏ တပည့်တစ်ဦးသည် ခွေးကဲ့သို့ ခြေခါးထစ်၌ သတိလစ်နေ၏။ ထိုမြင်ကွင်းက ကူကျွင့်နှင့် အဖွဲ့ကို ဒေါသူပုန် ထစေသည်။
“ ဒီကောင် ဘယ်သူလဲ ... ဘယ်ကလာတဲ့ အရိုင်းအစိုင်းလဲ ... ငါတို့ ကူမျိုးနွယ် အဖွဲ့ဝင်ကို စောကား ဝံ့သလား။ ”
“ နိမ့်ကျတဲ့ သွေးသား ရှိသူတွေက မြင့်မြတ်တဲ့ မျိုးနွယ်ကို ရန်စဖို့ သတ္တိရှိသလား။”
ကူယုရှင်းသည် အခွဲ မိသားစုမှ ဖြစ်သော်လည်း နတ်ဘုရား မျိုးနွယ်စုမှ တစ်စုံတစ်ဦး ဖြစ်နေဆဲ ပေပင်။
ထို့ကြောင့် ၎င်းတို့၏ မျိုးနွယ်စုကို အပြင်လူများမှ အနိုင်ကျင့်ခြင်းအပေါ် ခွင့်မပြု နိုင်ချေ။ ကူကျွင့်က လင်းကျန်းရှန့်ကို မြင်ချိန်၌ မျက်မှောင်ကြုတ်ကာ၊
“ လင်းကျန်းရှန့် ... မင်းက ကောင်းကင်ဓား ဌာနချုပ်ကနေ နှင်ထုတ်ခံရလို့ ကူယုရှင်း အပေါ် ဒေါသတွေ ပုံချနေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ နင့်ရဲ့ နတ်ဘုရား မျိုးနွယ်စုက အရင်အတိုင်းပဲ ... နောက်ခံနဲ့ အပြစ်တွေကို အမြဲဖုံးကွယ်ဖို့ ကြိုးစားနေတယ် ... ရွံစရာ ကောင်းလိုက်တာ။ ”
ကူကျွင့်ဟူသည် ကူ မျိုးဆက်သစ် လူငယ်များကြားတွင် အသန်မာဆုံးသော ပါရမီရှင်များထဲမှ တစ်ဦးဖြစ်၏။
နဂါးသတ် အဆင့်တွင် ထိပ်တန်း ရာဂဏန်းအတွင်း အဆင့် သတ်မှတ် ခံထားရသူ ဖြစ်သည်။
အရေးအကြီးဆုံးမှာ အသက် (၃၀)သာ ရှိသေးသည်။ အနာဂတ်တွင် အလားအလာ များစွာ ရှိ၏။
အကြည့်များ အားလုံးက လင်းကျန့်ရှန့် အပေါ် ကျရောက်သွားသည်။ လူတိုင်း သူမ၏ ဇာစ်မြစ်ကို သိချင်နေကြ၏။
“ အဲဒီ အမျိုးသမီးက ဘယ်သူလဲ ... တကယ်ကို ရဲရင့်တယ်။ ”
“ ငါ မသိဘူး ... ။ ”
“ သူက မိုးတိမ် နယ်မြေ ကောင်းကင်ဓား ခန်းမရဲ့ တပည့်ကြီး လင်းကျန့်ရှန်ပဲ ... မိုးတိမ် နယ်မြေက ထူးထူးခြားခြား မဟုတ်တော့ ဒါကို မင်း မသိနိုင်ဘူး။ ”
“ မိုးတိမ် နယ်မြေမှာ ... ထာဝရ မြင့်မြတ်မြေတစ်ခုမှ မရှိဘဲ ... နတ်ဘုရား မျိုးနွယ်စုကို ဆန့်ကျင် ဝံ့သလား။ ”
လူတိုင်း၏ ဆွေးနွေးသံများ အောက်တွင် ကူကျွင့်က စိတ်မရှည် ဖြစ်လာသည်။
“ သူ့ကို သင်ခန်းစာ ပေးလိုက် ... ။ ”
ထို့နောက် ကူယုရှင်းကို စိတ်မဝင်စားတော့ဘဲ လှေကားကို ဆက်တက် သွားခဲ့သည်။ သူ့အမိန့်ကြောင့် ကူမိသားစုဝင် အချို့ ပြေးထွက်လာ၏။
“ အစ်မလင်း ... ကူညီပါရစေ ။ ”
ကျိကျစ်ရှီက ချက်ချင်း လှုပ်ရှားသည်။ လမ်းတွင် လင်းကျန်းရှန့်နှင့် နက်ရှိုင်းသည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထား သောကြောင့် ရပ်ကြည့် မနေနိုင်ချေ။
“ ငါလည်း လိုက်မယ်။ ”
ရှန်းထျန်းနန်က ပြုံးကာပြောလိုက်သည်။ ဤသည်မှာ ရွှေသစ်သီးကို သန့်စင်ပြီးနောက် သူ့ကိုယ်သူ ပြသရန် အခွင့်အရေးဖြစ်၏။
လင်းယွန်က စကားမပြောဘဲ လှေကားထစ်များကိုသာ အေးအေး ဆေးဆေး ဆက်တက်ပြီး သူတို့နောက်မှ လိုက်ပါ လာခဲ့သည်။
“ ဝှစ် ... ။ ”
ကျိကျစ်ရှီနှင့် ရှန်းထျန်းနန်က လင်းကျန်းရှန့်လေး ခုန်ပျံသွားကာ ကူညီလိုက် ကြသည်။
သုံးယောက်သား ခွန်အားကို ပြသခဲ့၏။ အထူးသဖြင့် အပြစ်ကင်းစင်သော အသွင်အပြင် ရှိနေသည့် ကျိကျစ်ရှီ၏ လှုပ်ရှားမှု ဖြစ်သည်။
ဖီးနစ်အော်သံများနှင့်အတူ ကြမ်းတမ်းစွာ လှုပ်ရှားနေခဲ့သည်။ ပြိုင်ဘက် သုံးယောက် ခမျာ လျင်မြန်စွာ ဖိနှိမ်ခံနေရ၏။
“ ကောင်းကင် ဖီးနစ် ငိုသံ။ ”
“ ကောင်းကင်ပြာ မီးတောက်များ။ ”
“ မဟာ နေမင်း လက်ဖဝါး။ ”
ရွှေဖီးနစ်လက်နှင့်တူသော ကျိကျစ်ရှီ လက်တွင် မီးလျှံများ တောက်လောင်လာပြီး တွန်းထုတ်လိုက်သည်။
“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”
ကူမိသားစုမှ ဉာဏ်ကြီးရှင် သုံးဦးလုံး ဤတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရကာ လှေကားမှ လှိမ့်ကျသွား၏။
ရှန်းထျန်းနန် အတွက်မူ ရိုးရိုးရှင်းရှင်း သူ့အိုးကြီးကို မြှောက်ပြီး လှည့်ပတ်ရိုက်နှက် နေခဲ့သည်။
အိုးကြီးသည် သူ့လက်၌ တင်းပုတ်နှင့် တူနေ၏။ ပြိုင်ဘက် နှစ်ဦးတွင် သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ သူက ပြုံးပြီး၊
“ အနာဂတ်မှာ ... ငါ့ရဲ့ တိုက်ပွဲဝင် ပုံစံကို ဒီထက် ပိုပြီး ကြော့ရှင်းအောင် လုပ်ရမယ်။ ”
-ဟု ညည်းတွား လိုက်သည်။
တိုက်ပွဲ၏ ရလဒ်ကို မြင်သောအခါ လူအများ၏ မျက်နှာများ ပြောင်းလဲသွားသည်။
“ သူမက ဘယ်သူလဲ။ ”
ကျိကျစ်ရှီ၏ စွမ်းပကားကြောင့် အံ့အားသင့်စရာ ဖြစ်သည်။ အရေးကြီးဆုံးမှာ အရိုင်းမြေမှ လူတစ်ယောက် အသွင်အပြင်မျိုး မဟုတ်ဘဲ မြင့်မြတ်နေ၏။
“ သူမက တကယ်သန်မာတယ် ဒါပေမယ့် ကူမိသားစုဆိုတာ နတ်ဘုရား မျိုးနွယ်စု တစ်ခုပဲ သူတို့ရဲ့ အခြေခံအုတ်မြစ်က လူတိုင်း ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။ ”
တစ်စုံတစ်ယောက်က သနားစိတ်ဖြင့် သက်ပြင်းချသည်။
“ ငါ့စိတ်ရှုပ်လာပြီ ... ကူတန် ... ။ ”
ကူကျွင့်စကား မဆုံးခင်မှာပင် ကူတန်ဆိုသည့် လူငယ်က လှုပ်ရှားလိုက်သည်။ ကောင်းကင်မှ လက်ဖဝါးကြီး ဆင်းသက်လာ၏။
၎င်းသည် အဆင့်မြင့် နဂါးဝိဉာဉ် ပညာရပ် ဖြစ်သည့် ကြယ်တာရာ ဖျက်ဆီးခြင်း ပညာရပ် ဖြစ်သည်။
ဤနည်းစနစ်ဖြင့် ကူမျိုးနွယ်၌ ထိပ်တန်းပါရမီရှင် ဆယ်ယောက် အဆင့်သို့ ဝင်နိုင်ခဲ့သည်။
၎င်းထံမှ သတ္တမအဆင့် သူတော်စင်သခင် ရောင်ဝါများ ထွက်ပေါ်လာ၏။ ဤနေရာတွင် ကျွမ်းကျင်သူများစွာ ရှိသော်လည်း သတ္တမ အဆင့် သူတော်စင် သခင်မှာ အများအပြား မရှိချေ။
သို့သော် ကူကျွင့်သည် ထိုကဲ့သို့သော ကျွမ်းကျင်သူအပေါ် အလွယ်တကူ အမိန့်ပေး နိုင်ခဲ့သည်။ နတ်ဘုရား မျိုးရိုး၏ အခြေခံ အုတ်မြစ်မှာ ကြောက်စရာ ကောင်းလှ၏။
လက်ဖဝါးကြီး ဆင်းသက်လာသော အခါတွင် ကြယ်ရောင်များ ထွက်ပေါ်လာပြီး ရှန်းထျန်းနန် တစ်ယောက် ကြီးမားသည့် ဖိအားများ ခံစားလိုက်ရသည်။
ချက်ချင်းပင် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်လိုက်ရ၏။
“ သတ္တမ အဆင့် သူတော်စင်သခင်။ ”
သူ တုန့်ဆိုင်းနေစဉ် ကျိကျစ်ရှီက ကောင်းကင်ပေါ် ခုန်တက်လာ၏။
“ အစ်မလင်း ... ငါ သူ့ကို ဆက်ဆံပါရစေ။ ”
“ ဘယ်လောက် မိုက်မဲလိုက်လဲ … ။ ”
ကူတန်နောက်၌ ကြယ်ရောင်စုံ ကောင်းကင်ကြီး လိုက်ပါလာကာ လှောင်ပြုံး ပြုံးပြီး ရိုက်ချလိုက်လေသည်။
“ ဘုန်း ... ။ ”
ကျိကျစ်ရှီ၏ ရွှေရောင် လက်ဖဝါးက ကြယ်ရောင်စုံ ကောင်းကင်ကြီးနှင့် တိုက်မိပြီး ပေါက်ကွဲသွား၏။
စွမ်းအင် အကြွင်းအကျန်လှိုင်းများ ရိုက်ခတ်လာသဖြင့် ရှန်ထျန်းနန်တစ်ယောက် ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြန်သည်။
သို့သော် အရှိန်လွန်ပြီး ဟန်ချက် ပျက်သွားစဉ် သူ့ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာ၏။
လင်းယွန်က လှေခါးထစ်ပေါ် လှမ်းတက်လျက်မှ ထိန်းမတ်ပေးလာခဲ့သည်။ ထို့ကြောင့် ပြန်လှည့်ကြည့်ကာ၊
“ သူက ဒီလောက်တောင် သန်မာ နေတာလား။ ”
-ဟု မေးလိုက်မိ၏။
တစ်ချိန်လုံး ဘေးတွင် ရပ်နေသည့် မိန်းကလေးသည် ဤမျှ သန်မာနေလိမ့်မည်ဟု မထင်ထားမိချေ။
“ ဒီထက်တောင် သန်မာသေးတယ်။ ”
လင်းယွန်က ပြန်ဖြေ၏။ ကျိကျစ်ရှီသည် ကောင်းကင်ဘုံ ဖီးနစ် သမီးတော် ဖြစ်ချေသည်။ ထို့ကြောင့် ကူတန်ကို အနည်းငယ် ရင်ဆိုင် နိုင်၏။
ကူတန်က ခရမ်းရောင် နန်းတော်ရှိ ရှေးဟောင်းရောင်ဝါနှင့် သူတော်စင် စွမ်းအင်ကို ရောနှောကာ သူမကို နောက်ပြန်ဆုတ်ရန် တွန်းအားပေး လိုက်သည်။
“ ဟမ့် ... ။ ”
ထိုအခိုက်အတွင် လင်းကျန်းရှန့်က ကျိကျစ်ရှီ ရှေ့ဝင်ရပ်လိုက်သည်။
“ ဟား ဟား ဟား ... မင်းကိုယ်မင်း ဉာဏ်ကြီးရှင် တစ်ယောက်လို့ ထင်နေတာလား ရေတွင်းထဲက ဖားလေးတွေ။ ”
ကူတန်က အရှိန်ကို မလျော့ဘဲ ပြုံးလျက် လင်းကျန်းရှန့်အပေါ် လက်ဖဝါးကြီး ဖိလိုက်၏။ သို့သော် တစ်ဖက်လူက ဂရုမစိုက်ချေ။
“ မဖြစ်နိုင်တာ။ ”
“ ဟမ့် ... နင်တစ်ယောက်တည်း သတ္တမအဆင့် သူတော်စင်သခင်လို့ ထင်နေ တာလား။ ”
လင်းကျန်းရှန့်က လှောင်ပြုံးဖြင့် ပြန်မေးလိုက်သည်။ သူမ မျက်လုံးထဲ ရွှေရောင် အလင်းများ တောက်ပလျက် လက်ဖဝါးထဲ နတ်အလင်းဓား ထည့်ကာ ပြန်လည် ရိုက်ထုတ်တော့၏။
ကူတန်တစ်ယောက် သွေးအန်ပြီး လွင့်စဉ် ပြုတ်ကျသွားသည်။
“ သတ္တမအဆင့် သူတော်စင်သခင်။ ”
ဤမြင်ကွင်းကို သတိပြန်ရလာပြီ ဖြစ်သော ကူယုရှင်းမြင်ပြီး ထိတ်လန့်စွာဖြင့် လင်းယွန်ထံ ကြည့်လိုက်မိသည်။
အပြစ် မပြုသင့် သူကို သူမ အပြစ် ပြုမိခဲ့သည်ဟု ခံစားလာရ၏။ ဤဓားသမားက နတ်ဘုရား မျိုးနွယ်ကိုပင် ဂရုစိုက်ပုံမပြချေ။
ထိုအတွေးက သူမ လက်များတုန်ရီလျက် မျက်နှာဖြူဖျော့လာစေ၏။
***