← Chapters

တောက်ပသော ရောင်ခြည်တော်ဓား။

Vol. 168 Ch. 2350

တောက်ပသော ရောင်ခြည်တော်ဓား။

Vol. 168 Ch. 2350

ရုန်းရင်းဆန်ခတ် ဖြစ်မှုသည် အလွန် ကြောက်စရာ ကောင်းသောကြောင့် ကူကျွင်နှင့် ကူရှင်းက ချက်ချင်း တက်ပြေးသည်။

လင်းယွန်က ဓားကို ထုတ်လွှတ်ကာ ဖိအားများ ဖယ်ရှားပြီး အဖွဲ့ပေါ် ဦးဆောင် နေခဲ့၏။

နတ်သတ်ကျောက်တိုင်ထံ ပြေးတက်နေသော ကူကျွင့်တွင် အစီစဉ်တစ်ခု ရှိနေမည်မှာ သေချာသည်။

မိနစ်အနည်းငယ် အကြာတွင် နတ်သားသတ်ကျောက်တိုင်သို့ ရောက်ရှိလာပြီး ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။

ကျောက်တိုင်သည် ထုထည် ကြီးမားပြီး ၎င်းပေါ်၌ ‘နတ်သတ် အထိမ်းအမှတ် ကျောက်တိုင်’ -ဟု ရေးထိုးထားသည်။

စာလုံးများတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပါဝင်နေ၏။

“ ဒါက နတ်သတ် အထိမ်းအမှတ် ကျောက်တိုင်လား။ ”

လင်းယွန် မျက်နှာ ပြောင်းသွားသည်။ ဤကျောက်တိုင် ရှေ့တွင် သူသည် မည်မျှ သေးငယ်သည်ကို ခံစား သိရှိနိုင်၏။

၎င်းသည် ယခင်အချိန်၌ နတ်ဘုရား တစ်ပါးကို အမှန်ပင် သတ်ခဲ့ပုံရသည်။ လူတိုင်း တလေးတစား ကြည့်လိုက်ကြပြီး ငြိမ်သက် သွားတော့၏။

“ ပန်းသင်္ချိုင်း ... မင်းတကယ် ရောက်လာပြီ။ ”

ရုတ်တရက် လူခြောက်ယောက် ဝိုင်းရံလျက် ကူကျွင့်က နှုတ်ဆက် လာသည်။ လူသစ်များ၏ နဖူးတွင် ရွှေရောင်တံဆိပ် အမျိုးမျိုး ပါရှိ၏။

၎င်းတို့နောက်တွင် အဖွဲ့ဝင် တစ်ရာနီးပါး ရှိနေကြပြီး အားလုံးသည် ဓားသမားအုပ်စုထံ အထင်အမြင်သေးစွာ ကြည့်လာတော့သည်။

လူသစ် ခြောက်ယောက်က သတ္တမအဆင့် သူတော်စင်သခင်များ ဖြစ်ပြီး ကူကျွင့်ထက် အနည်းငယ် သာ၍ အားကောင်းကြ၏။

“ လျူနတ်ဘုရား မျိုးနွယ်၊ ဝမ်နတ်ဘုရား မျိုးနွယ်၊ ရန်နတ်ဘုရားမျိုးနွယ်၊ ကျန်း နတ်ဘုရား မျိုးနွယ်၊ ဝူနတ်ဘုရား မျိုးနွယ်နဲ့ ပိုင်နတ်ဘုရား မျိုးနွယ်တွေပဲ။ ”

“ ဒါက စက်ဆုပ်စရာ ကောင်းတယ် မဟုတ်လား ... ပါးရိုက် ခံရတာတောင် အရှုံး မပေးခဲ့တာ ... အံသြစရာ မရှိတော့ပါဘူး။ ”

ဤမြင်ကွင်းက ထိတ်လန့် ဒေါသထွက်စရာ ကောင်းလွန်းသည်။ နတ်မျိုးနွယ်စု ခုနစ်ခု အတူ ရှိသောအခါ ကြောက်စရာ ကောင်းချေ၏။

သို့သော် လင်းယွန်က မကြောက်ချေ။ ယင်းအစား ဒေါသ ထွက်နေသည်။ သူသည် သွေးဆာသော လူ မဟုတ်သဖြင့် ဤခရီးတွင် အသက်ကို မယူခြင်း ဖြစ်သည်။

“ ဟား ဟား ဟား ... ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားတဲ့ မြင်ကွင်းလဲ။ ”

ဒေါသက တုန်ယင်သော ရယ်သံအဖြစ် ပြောင်းသွားသည်။

“ ကြောက်လို့လား ... မင်းရဲ့ ရွှေတာအို သစ်သီးကို လွှဲပေးရင် ဘာမှ ဖြစ်မှာမဟုတ်ပါဘူး အခုတော့ မင်းရဲ့ သူတော်စင် မူလကိုပါ ယူရတော့မယ်။ ”

ကူကျွင့်က ပြုံးပြီးပြောသည်။ ထိုစကားကြောင့် လင်းယွန် မျက်နှာမှာ ပို၍ မည်းမှောင်လာ၏။

“ အဟား ... ဒေါသ ထွက်နေတာလား ... လူရွှင်တော် တစ်စုနဲ့ နတ်မျိုးနွယ်ကို ရင်ဆိုင် နိုင်မယ် ထင်နေရင် ... နုံအလွန်းပါတယ်။ ”

ကူကျွင့်က မထီမဲ့မြင်ပြုပြီး သူ့မေးစေ့ကို ပွတ်သပ်ကာ၊

“ ဒါဆို မင်းဟာ ဓားသမား ဖြစ်ရင် ဘယ်လိုလုပ်မလဲ ... ငါ့ရှေ့မှာ ဘာမှ မရှိပါဘူး၊ ကောင်းကင်ဘုံ လွင်ပြင်ရဲ့ စည်းမျဉ်းကို လိုက်နာ နေသ၍ ငါလုပ်ချင်တာ မှန်သမျှ လုပ်နိုင်တယ်။”

-ဟု ဆက်ပြောလိုက်၏။

“ သူတော်စင် မူလကို နှိုက်ထုတ်ခြင်းက စည်းကမ်းဘောင် အတွင်း ဝင်တာလား။ ”

လင်းယွန်း ပြုံးလျက် မေးပြီး၊

“ အရင်က မင်းကို ဘယ်လိုလုပ်သင့်လဲ စဉ်းစားနေတာ အခုတော့ ငါဘာလုပ်သင့်လဲ ရှင်းရှင်းလင်းလင်း သိသွားပြီ။ ”

-ဟု ပြောကြားလိုက်သည်။

ဤတစ်ကြိမ်တွင် လင်းယွန် အပြုံးသည် အေးစက်သော ခံစားချက်များ ရရှိ လာစေ၏။

“ စိတ်မပူပါနဲ့ ... ငါက ခွန်လွန်မှာဆို သဘောကောင်းတဲ့ လူအဖြစ် ကျော်ကြားတယ်၊ ဒါကြောင့် ဒီကောင်းကင် လွင်ပြင်ရဲ့ စည်းကမ်းတွေကို လိုက်နာမှာပါ။ ”

လင်းယွန် တောက်ပသော အပြုံးဖြင့် ကတိပေးလိုက်သည်။

“ သခင်လေး လင်း၊ ငါတို့ မင်းကို ကူညီမယ်။ ”

“ ဟုတ်တယ် ... ဓားသမားတွေက မကြောက်ဘူး ... မြင့်မြတ်တဲ့ မျိုးနွယ်စုတွေက လွန်ကဲလွန်းတယ်။ ”

ဤလူများသည် မြင့်မြတ်သော မျိုးနွယ်စု၌ မွေးဖွားရုံဖြင့် ဆန္ဒရှိသလို အနိုင်ကျင့်နိုင်သည်ဟု မည်သူ ပြောသနည်း။

“ ငါ တစ်ယောက်တည်း လုပ်ပါရစေ။ ”

လင်းယွန်က ငြင်းဆန်လိုက်ပြီး လက်နှစ်ဘက်ကို ဆန့်ခွဲကာ ရှေ့သို့ ပျံသန်း ဆင်းသက်လေသည်။

“ ခုနစ်ယောက် တစ်ယောက်လား ... ဟမ့် တိုက်ကြရအောင်။ ”

ကူကျွင့်က ဟောက်ပြီး ဦးစွာဝင် တိုက်လေသည်။ ကျန်ခြောက်ယောက်လည်း တွန့်ဆုတ် မနေတော့ဘဲ ပြေးဝင်ကြ၏။

၎င်းတို့အားလုံးသည် မြင့်မြတ်သော မျိုးနွယ်စုများမှ သြဇာကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ပြီး သတ္တမအဆင့် သူတော်စင် သခင်များ ပေပင်။

ထို့ကြောင့် နတ်သွေးကို အသက် သွင်းလိုက်သောအခါ လျှပ်စီးများ လက်လျက် ကြောက်မက်ဖွယ် ဖိအားများ ပေးစွမ်းလာ၏။

“ သူ ပြီးသွားပါပြီ … ။ ”

လူတိုင်းက နတ်မျိုးနွယ်ဝင် ခုနစ်ယောက်၏ ပြင်းထန်သော ရောင်ဝါကို ကြည့်ကာ မှတ်ချက် ပေးလေသည်။

လင်းယွန် ဓားရည်ရွယ်ချက်မှာ အစွမ်းထက်သော်လည်း သူသည် ဆဋ္ဌမအဆင့် သူတော်စင် သခင်သာ ဖြစ်၏။

သုံးယောက်အထိ ထိန်းနိုင်ပြီး ခုနစ်ယောက်ဟူသည် အိပ်မက်သာ ဖြစ်ပေမည်။ ဤသည်မှာ သူတို့အမြင် ဖြစ်သည်။

လင်းယွန်အတွက်မူ နဂါးထွက်သက်ကို ထုတ်ဖော်ရန် ပြင်သည်။ မိုးပြာနဂါး နတ်ရူရ်က လက်ဖဝါးထဲ စိမ့်ဝင်လာပြီး မိုးကြိုးမုန်တိုင်း အစပျိုး လာ၏။

မိုးပြာနဂါး တာအိုကို ကိုယ်စားပြုသည့် ရွှေကြာပန်း ပွင့်ပြီး ဓားတာအိုနှင့် ယှဉ်လျက် အလင်းများ ထုတ်လွှတ်ပေးသည်။

နတ်ရူရ် စွမ်းအားများ ဖုံးလွှမ်းနေသော နဂါးလက်သည်းကြီး ဆင်းသက်လာလေသည်။ လက်သည်း ကုတ်ခြစ်ရာ လမ်းတစ်လျှောက် တိမ်တိုက်များ အက်ကွဲလျက် လေဟာနယ် ပုံပျက်သွားကာ နတ်မျိုးရိုး ပါရမီရှင် ခုနစ်ပါး၏ ဖြစ်စဉ်များကို ဖျက်ဆီးပစ် လိုက်သည်။

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

“ နဂါးမျိုးရိုးရဲ့ ကိုယ်ခံပညာ ။ ”

ခုနစ်ယောက်သား အံ့အားသင့် သွားကြသည်။ ထိုစဉ် လင်းယွန်က ခရမ်းရောင် နန်းတော် အတွင်းမှ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီးကို ဆွဲယူလိုက်၏။

စုပ်ယူမှု စွမ်းအားသည် ပြိုင်ဘက်များ၏ တိုက်ခိုက်မှု ခုနစ်ခုကို ချေမှုန်းလျက် နောက်ပြန် ဆုတ်သွားစေခဲ့သည်။

“ မြင့်မြတ်သော မျိုးနွယ်လား ... ဘယ်လောက် တန်ခိုးကြီးလဲ။ ”

လင်းယွန်က နဂါးလက်သည်းကြီး ပျက်ပြယ်သွား သဖြင့် ထိုခုနစ်ယောက်ကို ကြည့်ကာ ပြုံးပြီး ချီးကျူးလိုက်သည်။ သို့သော် သူ့ချီးကျူးမှုသည် ဟာသ လုပ်နေသည်နှင့် တူနေ၏။

လျူမျိုးနွယ်မှ လျူအော်ဟန်က၊

“ လင်းယွန် ... မင်းကို အနိုင်ကျင့်တဲ့ အတွက် ငါတို့ကို အပြစ် မတင်နဲ့ ... ခွဲတမ်းက (၁၀)ခုပဲရှိတယ် ... အခု မတိုက်ရင်တောင် တစ်ချိန်မှာ မင်းကို တိုက်ရမှာပဲ။ ”

-ဟု ပြောကြားလာသည်။

“ အကြောင်းပြချက် ကောင်းတယ် ... ဆက်လုပ်ပါ။ ”

လင်းယွန်က ပြုံးပြီး တုန့်ပြန်လိုက်၏။

“ မင်း သိတာကောင်းတယ် ... ရွှေတာအိုသစ်သီး လွှဲပေးပြီး စမ်းသပ်မှု ကနေ အခု ထွက်သွားပါ၊ ငါတို့ မင်းအတွက် ခက်ခဲတဲ့ အရာတွေ လုပ်မှာမဟုတ်ဘူး။ ”

ဝမ်မျိုးနွယ်စု ပါရမီရှင်ကလည်း ဝင်ပြောသည်။

“ ဘာလို့ သူနဲ့ အချိန် ဖြုန်းနေရတာလဲ ... သူ့ကို အနိုင်ယူလိုက် ... မင်းသူ့ကို ကြောက်နေ တယ်လို့ မပြောနဲ့။ ”

ပိုင်မျိုးရိုး၏ ပိုင်ဝူဟန်က လှောင်ပြုံးဖြင့် ပြောကြားသည်။ ခုနစ်ယောက်သား နဖူးပေါ်ရှိ တံဆိပ်များ လင်းလက်လာပြီး လေထဲ ပျံဝဲ လိုက်ကြ၏။

“ ဝှစ် ... ။ ”

“ သွားကြမယ် ... သူ အဲဒီနဂါးမျိုးရိုးရဲ့ သိုင်းပညာကို အကြိမ်ကြိမ် လုပ်ဆောင်နိုင်မယ် မထင်ဘူး။ ”

လူတိုင်း၏ နတ်သွေးများ ပွက်ပွက်ဆူ လာတော့သည်။ ရောင်ဝါများ ပေါင်းစပ် ဖြန့်ကြဲ လိုက်သောအခါ နတ်သတ်ကျောက်တိုင်ပင် တုန်ယင်လာ၏။

ထိုရောင်ဝါကြောင့် လင်းယွန် ဆံပင်များတဖျပ်ဖျပ် လွင့်မျောပြီး ဓားရောင်ဝါ ပြိုကျမည့် အရိပ်အယောင်များ ပြသလာ၏။

ထိုမြင်ကွင်းကို ကြည့်ကာ လူ ခုနစ်ယောက်က ပြုံးလိုက်၏။ ဤလူရိုင်းသည် ဓားသမားသာ ဖြစ်သည်။ နတ်သွေးများကို ရင်ဆိုင်နိုင်စရာ အကြောင်း မရှိချေ။

ထိုအချိန်တွင် မမျှော်လင့် ထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ လင်းယွန်၏ ဓားပင်လယ် ပွက်ပွက်ဆူကာ ချွေးပေါက်များမှ ဓားရည်ရွယ်ချက် ထွက်လာခြင်း ဖြစ်၏။

“ ဝှစ် ... ။ ”

ခုနစ်ယောက်သား နှုတ်ခမ်း၌ သွေးများ စီးကျကာ လွင့်ပျံကုန်သည်။

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

“ သူ့ရဲ့ ဓားရည်ရွယ်ချက် ပြောင်းသွားပြီ။ ”

ခုနစ်ယောက်လုံး အံ့သြလာပြီး ပြန်ကြည့် လိုက်သည်။ ဓားကဲ့သို့ မတ်တတ်ရပ်နေသော လင်းယွန်တွင် ရွှေမီးလျှံများ ဖုံးလွှမ်းနေခဲ့၏။

“ တောက်ပသော ရောင်ခြည်တော် ဓားရည်ရွယ်ချက်။ ”

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

မြင့်မြတ်သော မျိုးနွယ်စုများ အားလုံး အံ့ဩသွား၏။ တောက်ပသော ရောင်ခြည်တော် ဓားသည် အဋ္ဌမတန်း ဓားရည်ရွယ်ချက် ဖြစ်ပြီး မဟာသူတော်စင် များပင် ဆုပ်ကိုင်ရန် အခက်အခဲ ရှိသည်။

ထို့ကြောင့် အရိုင်းမြေမှ တစ်စုံ တစ်ယောက်က နားလည်နေသည်မှာ အဓိပ္ပါယ် မရှိချေ။

“ ဝှက်ဖဲတွေသုံး ... ။ ”

ပိုင်ဝူဟန်က ဟိန်းဟောက် လိုက်သည်။

“ သတ်ဖြတ်ခြင်း နတ်မီးအိုး။ ”

“ နတ်ကြယ်ဓား။ ”

“ မီးလျှံတံဆိပ် ... ။ ”

“ နဂါးသတ်ဓား ... ။ ”

ခုနစ်ယောက်သား ဘုန်းဝိညာဉ် သူတော်စင်ပစ္စည်းများ ထုတ်ဆောင်ကာ သက်ဆိုင်ရာ နတ်ခန္ဓာ အသီးသီးကို ကန့်သတ်ချက် အထိ တွန်းပို့လိုက်၏။

သို့သော် သူတို့ လှုပ်ရှားတော့မည့် အချိန်တွင်၊

“ မဟာတာအို သုံးထောင် အထက်မှာ ဓားရှိတယ်။ ”

-ဟူသော ကြွေးကြော်သံ သဲ့သဲ့ကို ကြားလိုက်ရလေသည်။

“ ဟိတ် ... ။ ”

လင်းယွန်က သူတို့ထက် ပိုမြန်ပြီး ရင်ဘတ်ထဲမှ ဓားကို ဆွဲလျက် ဖြတ်ချလိုက် တော့သည်။

***

All Chapters