← Chapters

အမြင်များကို မေးမြန်းခြင်း

Vol. 012 Ch. 1101

အမြင်များကို မေးမြန်းခြင်း

Vol. 012 Ch. 1101

ဘုရင်ခံလီ၏ နန်းတော်မှ တိုက်ပွဲများမှာ ရက်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တာလီပြည်ထောင်မှ တန်ခိုးရှင် များစွာသည်လည်း ရှားရှားပါးပါး မြင်ရခဲသော ပြိုင်ပွဲအား လာရောက် ကြည့်ရှုကြပေသည်။

လီဝမ်မြို့၏ အတော်ဆုံးသော ပါရမီရှင်များ အားလုံးနှင့် ဒေသကိုးခုမှ တော်ဝင်မြေများ အားလုံးသည် တိုက်ပွဲစင်မြင့်ကို ဝန်းရံလျက် ပါရမီရှင်များ၏ စွမ်းဆောင်ရည်များအား ကြည့်ရှုနေကြ၏။

အလွန်တရာ ကောင်းမွန်သော စွမ်းဆောင်ရည်များအား ပြသခဲ့ကြသည့်တိုင် အထက်ဘုံမှ အင်အားစုများ၏ အာရုံကို ဖမ်းစားနိုင်သူများမှာ လက်တစ်ဆုပ်စာပင် မပြည့်ပါချေ။ ထိုအချက်ကပင် ရွေးချယ်ခံရရန် မည်မျှ တင်းကျပ်သော လိုအပ်ချက်များ ရှိနေကြောင်း သိနိုင်ပေသည်။

တိုက်ပွဲများတွင် တန်ခိုးအဆင့်များ မြင့်လာသည်နှင့်အမျှ စင်မြင့်ပေါ်မှ တိုက်ခိုက်မှုများမှာလည်း ပိုမို ပြင်းထန်လာပေ၏။ ဘုရင်ခံလီ၏ နန်းတော်မှ ရှန့်ထိုများသည် ပရိသတ်များအား အထိအခိုက်မရှိစေရန် အတားအဆီး၊ အစီအရင်များကိုပင် စတင်ခင်းကျင်း လာကြရ၏။

ရှီတန်ခိုးရှင်နှင့် မိုရှီများ၏ တိုက်ပွဲများမှာ နောက်ဆုံးတွင် ပြီးဆုံးသွာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကွန်းရှီအဆင့်များ၏တိုက်ပွဲမှာ စတင်တော့မည် ဖြစ်ပေသည်။

အားလုံးက တိုက်ပွဲများအား စိတ်အားထက်သန်စွာ စောင့်မျှော် နေကြ၏။ လာမည့် တိုက်ပွဲများမှာ ရှန့်ထိုအဆင့်အောက်၌ စွမ်းအား အမြင့်ဆုံးများ၏ တိုက်ပွဲဖြစ်ကြောင်း အားလုံးက သိကြပေသည်။

ရန်ဒေသမှ တော်ဝင်မြေ အသီးသီးတို့၏ ပါရမီရှင်များမှာ စင်မြင့်ပေါ်သို့ တက်ရန် မစောင့်နိုင်အောင် ဖြစ်နေကြ၏။ သည်စင်မြင့်ကား သူတို့ထင်ပေါ် ကျော်ကြားလာမည့် နေရာဖြစ်ပေသည်။

ထိုအခိုက်တွင် လူတစ်ယောက်က စင်မြင့်ပေါ်သို့ ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်လွှတ်ကာ တက်ရောက်လာခဲ့ပြီ ဖြစ်သည်။ ပရိသတ်များကလည်း သောင်းသောင်းဖျဖျ အားပေးကြ၏။

ဘုရင်ခံလီနှင့် အထက်ဘုံမှ အင်အားစုများပင် လာမည့် တိုက်ပွဲများအား အလေးအနက် ထားကြရ၏။ သည်အဆင့်ကား ရှန့်ထိုအဆင့်နှင့် အနီးဆုံးဖြစ်သည်။ ထူးထူးခြားခြား ပါရမီမြင့်သူကို တွေ့ပါက သူတို့သည် ထိုသူအား သေချာပေါက် ရွေးချယ်ကာ ပျိုးထောင် ပေးရမည်ဖြစ်သည်။

ဒေသကိုးခုမှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ အများအပြားမှာ အလွန် ကောင်းမွန်သော စွမ်းရည်များအား ပြသနိုင်ကြသည်။

“ရန်ဒေသက ဘယ်သူ အရင်ဆုံး တိုက်ခိုက်မလဲ” ရန်ဒေသဘုရင်ခံက သူ့ဘေးမှ တော်ဝင်မြေများကို ပြောသည်။

ဒေသကိုးခုမှ ပထမဆုံး တိုက်ပွဲကို စွမ်းအား အမြင့်ဆုံးများကိုသာ တိုက်ခိုက်စေကြ၏။ ရန်ဒေသဘုရင်ခံ အနေဖြင့်လည်း တခြား ဒေသများနှင့် ယှဉ်ပါက အရှုံးကို လက်မခံနိုင်သည်မှာ သဘာဝဖြစ်၏။ ထို့ကြောင့် သူက ကိုယ်တိုင် မေးခွန်းထုတ်ခြင်း ဖြစ်သည်။

“ကျုပ် သွားမယ်” အသံတစ်သံကို ကြားရကာ ကျူးချွဲဓားကလန်မှ တစ်ယောက် စင်မြင့်ပေါ်သို့ တက်သည်။ သူ့ပြိုင်ဘက်ကား ပေ့မိုဒေသမှ ဖြစ်ကာ အလွန် အားကောင်းပေသည်။

“ကျူချွဲ့ဓားကလန်က ခိုင်ဟွမ်ဟာ ရှစ်မျက်နှာဓားကို လေ့ကျင့်ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားမြင့်တယ်။ မင်းက သူ့တိုက်ဟန်ကို လေ့လာသင့်တယ်” လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား ပြောသည်။ ရီဖူရှင်းက တိုက်ပွဲများအား သိပ်စိတ် မဝင်စားသည်ကို သူ သတိထားမိ၏။

သို့သော်လည်း လက်ရှိ တိုက်ပွဲများမှာ ရီဖူရှင်း၏ တန်ခိုး အဆင့်များဖြစ်ရာ သူ့အနေဖြင့် လမ်းညွှန် အကြံပေးခြင်းများ ပြုလုပ်လို၏။

စင်မြင့်ထက်မှ အရောင်တချို့ လင်းလက်သွားကာ ခိုင်ဟွမ်၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာသည်။ သူ့ထံမှ ဧရာမဓားကြီးတစ်လက် ထွက်ပေါ်လာသည်။ ထိုဓားကား ပုံမှန်ဓားများနှင့် ကွဲပြားခြားနားပြီး ဓားသည် လေးလံသည်သာမက အသွားများသည်လည်း အလွန်တရာ ထက်ရှပေ၏။

သူက လက်နှစ်ဖက်ဖြင့် ဓားကြီးအား ဒရွက်တိုက် ဆွဲလာခဲ့ရင်းပင် သူ့ဓားအသိများ ဖြာထွက်လာခဲ့သည်။ ဓားအနီးတွင် လင်းလက်သော အရိပ်များ ဖြစ်ပေါ်လာခဲ့ကာ ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ သူက ရန်သူအား ဝှေ့ယမ်းလိုက်သည်။ သူ့ပတ်ဝန်းကျင် သည်လည်း တုန်ခါသွားခဲ့ပြီး ဓားထံမှ အရှိန်အဝါသည် ရုန့်ရင်း ကြမ်းတမ်းသော သားရဲတစ်ကောင်အလား တစ်ဖက်လူထံသို့ ခုန်အုပ်သွားသည့်အလား တိုးဝင်သွားခဲ့သည်။

သူ့ပြိုင်ဘက်ထံမှ အားကောင်းသော လောကဓာတ်များ မွေးဖွားလာခဲ့ကာ သူတို့နှစ်ဦးရှေ့၌ ရွှေရောင် ကျောက်နံရံတစ်ခုအား ဆင့်ခေါ်သည်။ ဧရာမဓားကြီးသည် နံရံကြီးကို ကျယ်လောင်သော အသံနှင့်အတူ ထွင်းဖောက်သွား၏။ ထို့အတူ ဓားပေါ်မှ ဓားအသိသည်လည်း အတူတူ ကွယ်ပျောက် သွားသည်။

ဧရာမဓားကြီးအား ဆုပ်ကိုင်ထားသော ခိုင်ဟွမ်က လက်နှစ်ဖက်လုံးဖြင့်ပင် ဓားကို ပြန်ဆွဲထုတ်လိုက်၏။ ထို့နောက် ရှေ့သို့ နောက်ထပ် တစ်လှမ်းတိုးကာ ဓားအား အပေါ်မှ မိုး၍ ခုတ်ချလိုက်ပြန်၏။

အပေါ်မှ အလွန်တရာ ပြင်းထန်သော စွမ်းအားအား ခံစားကြရသည်။ ခွမ်ဟွမ်၏ ခန္ဓာကိုယ်နှင့်အတူ များစွာသော ပုံရိပ်များ ဆင်းသက် လာသည်ဟု ခံစားကြရ၏။ ဓားသည် ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ လေထုကို ခွင်းလျက် ဆင်းလာသည်။

“တကယ်ကို ကောင်းတဲ့ ဓားပညာပဲ” ဒေသကိုးခုမှ လူများက အံ့အားသင့်ကြရ၏။

ဧရာမဓားကြီးသည် ပတ်ဝန်းကျင် တစ်ခုလုံးအား နှစ်ခြမ်းကွဲအက် သွားစေတော့မည့်အလား အရှိန်အဝါကြီးစွာဖြင့် ကျဆင်းလာခဲ့သည်။ အဝေးမှ လူများပင် ဓား၏ကြီးမားသော စွမ်းအားကို ခံစားမိကြ၏။

ပေ့မိုဒေသမှ တန်ခိုးရှင်၏ ခုခံခြင်းစွမ်းအားသည်ကား ဧရာမဓားကြီး၏ ဖိအားအောက်တွင် အစိတ်စိတ်အမြွှာမြွှာ ကြေပျက်သွားရသည်။ သူကား ထိုအရှိန်ကြောင့်ပင် အဝေးသို့ လွင့်စဉ်သွားပြီး တစ်ကိုယ်လုံး သွေးခြင်းခြင်း နီရဲသွားတော့၏။

ဟူး …

ခွန်ဟွမ်က ဓားကို ပြန်သိမ်းလိုက်ကာ စင်မြင့်ပေါ်မှ ဆင်းသွားသည်။

“မင်း ဘယ်လိုထင်လဲ” လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား ပြုံးလျက်မေးသည်။ သို့သော်လည်း ရီဖူရှင်းကား မည်သို့မှ အံ့အားသင့်ဟန် မရဘဲ တည်ငြိမ်စွာပင် ပြောသည် … “ကျွန်တော် အမှန် ပြောရမလား … စီနီယာ”

လေရိုင်းရှန့်ထိုဓားက နားမလည်သော ဟန်ပင်ဖြင့် ပြန်ပြောသည် … “သေချာတာပေါ့”

“အရမ်း အားနည်းတယ် … သူက ရန်သူကို အနိုင်ယူဖို့ ဓားသုံးချက် သုံးခဲ့ရတယ်။ ကျုပ်ဆိုရင် တစ်ချက်တည်းနဲ့ လုံလောက်တယ်” ရီဖူရှင်းက ပြောသည်။

“…”

လေရိုင်းရှန့်ထိုဓား၏ မျက်လုံးများက အေးစက်သွားသည်။ ရီဖူရှင်းက ခိုင်ဟွမ်၏ အားနည်းချက်ကို ထောက်ပြပါက သူ့အနေဖြင့် အံ့အားသင့်မည် မဟုတ်ပေ။

သို့သော်လည်း ခိုင်ဟွမ်၏ဓားသည် အလွန်လေးလံကာ အားကောင်းပေသည်။ ယခု ရီဖူရှင်းက ထိုဓားက အားနည်းလွန်းသည်ဟု ဆို၏။

ရန်ဒေသမှ တန်ခိုးရှင် အများအပြားက ရီဖူရှင်းကို နားမလည်စွာ ကြည့်ကြသည်။ သည်အကောင်က အမှန်တကယ်ကော နိုင်းယွင်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သလား။

သူတို့က မည်သို့ပင် ကြည့်ပါစေ … ရီဖူရှင်းကား အလွန်တရာ ကြွားဝါကာ လေလုံးထွားလွန်းနေသည်။

ခိုင်ဟွမ်က အားနည်းသည်တဲ့လား …။

လူအများအပြားက နှာခေါင်းရှုံ့သည်။

“မင်း တိုက်ခိုက်တာကို ကျုပ်တို့ စောင့်ကြည့်နေမယ်” ကျူချွဲ့ဓားကလန်မှ တစ်ယောက်က ရီဖူရှင်းအား အေးစက်စွာ ပြောသည်။

ရီဖူရှင်းက ပြုံးလျက် ဘာမှ မပြောဘဲ တိုက်ပွဲကိုကာ ဆက်ကြည့်နေသည်။

စင်မြင့်ပေါ်သို့ လူအများအပြားက တက်ရောက် တိုက်ခိုက်ကြ၏။ ရန်ဒေသမှ ဓားသမားများကလည်း တစ်ယောက်ပြီး တစ်ယောက် စင်မြင့်ပေါ်သို့ တက်ကြသည်။

ဓားမုန်တိုင်းကလန်မှ လီရာသည် စင်မြင့်ပေါ်တွင် တက်ရောက် တိုက်ခိုက်သောအခါ လူအများ၏ အားပေးမှုကို ရရှိ၏။ သူ၏ဓားသည် မြန်သလို စွမ်းအားလည်း ကြီးသည်။ သူ၏လျှပ်စီးဓားသည် အချုပ်အနှောင် ကင်းမဲ့ကာ ကြမ်းတမ်းလွန်းရာ သူ့ပြိုင်ဘက်အား အနိုင်ယူရန် တိုက်ကွက် ၂ကွက်ကိုသာ အသုံးပြုခဲ့ရ၏။

“မင်း ဘယ်လိုထင်လဲ” ဓားမုန်တိုင်းကလန် အုပ်စုသို့ ပြန်ရောက်သောအခါ လီရာက အမှန်တကယ် ရီဖူရှင်း၏အမြင်ကို မေးမြန်းခဲ့သည်။ သူက သည်မတိုင်ခင် ခိုင်ဟွမ်အပေါ် ရီဖူရှင်း၏မှတ်ချက်ကြောင့် ထိုသို့ မေးခြင်းဖြစ်ပုံ ရသည်။

ရီဖူရှင်းက သူ၏စွမ်းရည်များကို မည်သို့ အကဲဖြတ်မည်ကို သူသိလို၏။

“ပေါက်ကွဲနိုင်အား နည်းတယ် …” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ လီရာက ပြုံးလျက်ပြောသည် … “မင်းရဲ့ဓားစွမ်းရည်ကို ကျုပ် စောင့်မျှော်နေတယ်”

ရန်ဒေသမှ တန်ခိုးရှင်များမှာ ထပ်မံ၍ ဆွံ့အရသည်။ လီရာ၏ဓားပညာကား ပေါက်ကွဲ အားကောင်းကာ မြန်ဆန်သော်လည်း ရီဖူရှင်းက ပေါက်ကွဲအားလိုနေသည်ဟု ပြောပြန်သည်။

ရန်ဒေသမှ တန်ခိုးရှင် အများအပြားက စင်မြင့်ပေါ်သို့ တက်ရောက် တိုက်ခိုက်ပြီး ရီဖူရှင်း၏အမြင်ကို မေးမြန်းကြသော်လည်း ရီဖူရှင်းကား ခေါင်းကိုသာ ယမ်းကာ အများစုကို ပြန်ပြောခြင်းပင် မရှိပေ။

ဤတွင် ရန်ဒေသမှ တန်ခိုးရှင် အများစုက ရီဖူရှင်း၏တိုက်ပွဲကို ပိုမို၍ စိတ်အား ထက်သန်စွာ စောင့်စား နေကြသည်။

သို့သော်လည်း ရီဖူရှင်းကား တိုက်ခိုက်မည့် အရိပ်အယောင်ပင် မပြပေ။ သူကား ထိုနေရာတွင် ထိုင်လျက်ပင် အေးဆေးစွာ သောက်လိုက်စားလိုက် လုပ်နေသည်။

အတန်ကြာလျှင် ရန်ဒေသမှ မင်းသမီးနှစ်ပါးသည် စင်မြင့်ပေါ်သို့တက်ရာ ရန်ဒေသ ဘုရင်ခံက လေရိုင်း ဓားကလန်ဘက်သို့ လှည့်ကာ ရီဖူရှင်းအား ပြောသည် … “သတ္တမဓား … သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို မင်း ဘယ်လို အကဲဖြတ်မလဲ ကျုပ် သိချင်တယ်”

လူအများအပြားက အံ့အားသင့်ကြရ၏။ ရန်ဒေသဘုရင်ခံပင် ရီဖူရှင်း၏ အမြင်ကို ကြားလိုဟန်ရသည်။

သူကား လေလုံးထွားခြင်း၌ အဆင့်အတန်း တစ်ခုသို့ပင် ရောက်လာခဲ့သည်။

“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။

ရန်ချိန်ရီနှင့် ရီစီရီတို့သည် တစ်ပွဲတည်း၌ ပြိုင်ဘက် နှစ်ယောက်အား ရင်ဆိုင်ကြရသည်။ သူတို့ ပြိုင်ဘက်သည်လည်း အလွန် အားကောင်းကြသည်။

သို့သော်လည်း ရန်ချိန်ရီနှင့် ရန်စီရီတို့သည် အရိပ်သဏ္ဌာန်များ အဖြစ် ပြောင်းလဲသွားပြီး သူတို့သည် နေရာတိုင်း၌ ရှိနေဟန်ရ၏။ သူတို့၏စစ်မှန်သော တည်နေရာကို ခန့်မှန်းရန် ခက်ခဲသော်လည်း ဓားချက်များကား နေရာတိုင်းမှ ထွက်လာနေသည်။

သူတို့က နောက်ဆုံးတွင် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သောအခါ ပြိုင်ဘက်များကား ကြမ်းပြင်ပေါ်တွင် လဲလျောင်း နေသည်ကိုသာ မြင်ရ၏။

ထိုအခိုက်တွင် ရန်ဒေသဘုရင်ခံက ရီဖူရှင်းအား လှမ်းမေးသည် … “ဘယ်လိုလဲ”

“သူတို့ အဆင်ပြေတယ်” ရီဖူရှင်းက ပြောသည်။

လူအများအပြား၏ မျက်လုံးများက အရောင်လက် သွားသည်။ ဤတွင် သည်အကောင်က ဘုရင်ခံရှေ့တွင် ကြားလုံးများ ထုတ်ရဲဟန် မရတော့ … ။

နောက်ဆုံးတွင် ကောင်းမွန်သော အမြင်တစ်ခု ရရှိခဲ့ချေပြီ။

“ဒါပေမဲ့ သူတို့က နှေးကွေးပြီးတော့ အလှပြတာ များနေတယ်။ တိုက်ကွက်တွေက သိပ်မထိရောက်ဘူး” ရီဖူရှင်းက ထပ်ပြောလျှင် အားလုံးမှာ အေးခဲ သွားကြသည်။ သူ့အား မည်သူကမှ မသိသလိုပင် မည်သူကမှ သူ့အား မကြည့်ကြတော့။

“မင်းသမီးတို့က သာမန်တန်ခိုးရှင်တွေနဲ့ ယှဉ်ရင်တော့ သူတို့စွမ်းရည်တွေက အဆင်ပြေတယ်။ ဒါပေမဲ့ တကယ် ထက်မြက်တဲ့ ဓားသမားနဲ့တွေ့ရင် သူတို့က သိပ်တောင့်ခံနိုင်ဖွယ် မရှိဘူး” ရီဖူရှင်းက ထပ်ပြောသည်။

“ထက်မြက်တဲ့ဓားသမား … ရှင့်လိုလား …” မင်းသမီးနှစ်ပါးက ရီဖူရှင်းပြောသည်ကို ကြားကာ တစ်ယောက်က မေးသည်။

ရီဖူရှင်းက သူတို့ နှစ်ယောက်လုံးအား ကြည့်ကာ ပြုံးလျက်ပြောသည် … “မင်းသမီးလေးတို့က အဲလို စဉ်းစားလို့ ရပါတယ်”

ရန်ချိန်ရီထံမှ ဓားအသိများ ဖြာထွက်လာခဲ့ကာ သူမက ထိုနေရာတွင်ပင် ရီဖူရှင်းအား စမ်းသပ်လိုဟန် ရနေသည်။ သို့သော်လည်း ရန်ဒေသဘုရင်ခံက သူမအား တားဆီးလိုက်သည် … “ချိန်ရီ … ငါကပဲ သူ့အမြင်ကို မေးတာဖြစ်လို့ ပြန်ထိုင်ပြီးတော့ ပွဲကို ဆက်ကြည့်ရအောင် …”

ညီအစ်မနှစ်ယောက်က ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ သူတို့၏နေရာများ၌ ပြန်ထိုင်ကြ၏။

ရီဖူရှင်းကလည်း ဘာမှ မဖြစ်ခဲ့သလိုပင် တိုက်ပွဲများအား ဆက်လက်၍ ကြည့်ရှုသည်။

သို့သော်လည်း ရန်ဒေသမှ မည်သည့် ဓားသမားတို့ကမှ ရီဖူရှင်း၏အမြင်ကို ထပ်မမေးကြတော့။ သူတို့ကား ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။

သည်အကောင်ကား အလွန်တရာ အရေထူလွန်းသည်။ သူတို့က ထိုသို့ သွားရောက် မေးမြန်းခြင်းကား အစော်ကားခံရန် မေးမြန်းသည်နှင့်တူ၏။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှင် အနိုင်အရှုံးများလည်း ဆက်လက်၍ ပေါ်ထွက်လာသည်။ စင်မြင့်ပေါ်သို့ တက်လာသူများမှာ ပိုမို၍ အားကောင်း လာခဲ့ကြကာ တိုက်ပွဲများမှာလည်း ပိုမို ပြင်းထန်လာခဲ့သည်။

***

All Chapters