← Chapters

အမှတ်ကောင်းရဖို့ ယှဉ်ပြိုင်ကြခြင်း

Vol. 93 Ch. 1381

အမှတ်ကောင်းရဖို့ ယှဉ်ပြိုင်ကြခြင်း

Vol. 93 Ch. 1381

ဝမ်ကွမ်းလုံ၏ မျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်သွားခဲ့ပြီး ချက်ချင်း ဒူးညွှတ်သွားခဲ့တော့၏။

“ ခု မင်းချမ်းသာတယ်ဆိုတာ ငါ့ ကုမ္ပဏီက တစ်ရက်ဝင်ငွေလောက်တောင် မရှိဘူး.. မင်းရဲ့ စက်ရုံကို ငါ မနက်ဖြန် ပိတ်ပစ်လိုက်လို့ရတယ် မင်းယုံလား…”

“ ဥက္ကဌလင်း.. ဒါ.. ဒါ အထင်လွဲတာပါ…. ကျေးဇူးပြုပြီး ငါ့အဆင့်ရောက်အောင် ကိုယ့်ကိုယ်ကို မနိမ့်ချလိုက်ပါနဲ့.. ငါ့လို အသေးအမွှား ယင်ကောင်လေးက ဥက္ကဌလင်းရဲ့ အာရုံစူးစိုက်မှုကို ခံရဖို့ မထိုက်တန်ပါဘူး..”

“ ငါမင်းကို စကားလုံးလုံး မပြောချင်ခဲ့တာ… ဒါပေမယ့် မင်းက ငါ့ရှေ့မှာ ဆက်တိုက် ဟန်ထုတ်ပြနေပြီးမှ ငါ့ရဲ့ သည်းခံနိုင်စွမ်းကို ထပ်ခါတလဲလဲ လာစမ်းသပ်နေတယ် ဟုတ်လား.. “ လင်းရီ ပြောလိုက်ပြီး “ ငါ့ အမျိုးသမီးကို ဘယ်လိုတောင် အတွေးရှိဝံ့နေတာလဲ.. မင်း သတ္တိ သိပ်ကောင်းနေတယ်ပေါ့…”

ဝမ်ကွမ်းလုံ၏ အမူအရာသည် ပို၍ အကျည်းတန်လာခဲ့၏။

သူ ရုတ်ချည်းဆိုသလို ထရပ်ပြီး ကျားဟူ၏ မျက်နှာကို တအားနှင့် ဖြတ်ရိုက်ပစ်လိုက်သည်။

“ ခွေးသား.. ဒါတွေ အကုန် မင်းကြောင့်ပဲ….”

ကျားဟူ မျက်နှာကို လက်ဝါးဖြင့် အုပ်လျက် ကြောင်အမ်းနေသည်။ သူ၏ အမူအရာက သူ့ တစ်မိသားစုလုံး သေသွားသည်ထက်ပင် အကျည်းတန်နေတော့၏။

“ အစ်ကိုလုံ.. ငါလည်း ဒီလိုတွေ ဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူးလေ…”

“ ယီးပဲ….”

ဝမ်ကွမ်းလုံသည် သွား၍ ကျားဟူကို ထပ်မံ ကန်ကျောက်လိုက်သည်။ သူ့ကြည့်ရသည်မှာ မသေမချင်း ကန်ချိုးပစ်ချင်နေသည့်ဟန်ပေါ်သည်။

“ အတွင်းရေးမှူးကျောက်.. ဒါ ခန်းလိုင် ကောင်တီရဲ့ ကိစ္စ… ခင်များ ဘာလုပ်ရမလဲ သိပါတယ်… “ လင်းရီ အသံနိမ့်ပြီး ပြောလိုက်သည်။

“ ကျုပ်ကိုယ်ကျုပ် ဥက္ကဌလင်းမှာ အရှက်ရစေမိပြီ.. ကျုပ် ဒီကိစ္စကို ဥက္ကဌလင်း စိတ်ကျေနပ်အောင် ဖြေရှင်းလိုက်ပါ့မယ်…”

ထိုသို့ပြောပြီးနောက် ကျောက်ဝန်မော့သည် ထိုနှစ်ယောက်ကို အေးစက်စက်ကြည့်လိုက်၏။

“ မင်းတို့ နှစ်ယောက် ကိုယ့်အရှက်ကိုယ် ခွဲလို့ မဝကြသေးဘူးလား….”

ဝမ်ကွမ်းလုံနှင့် ကျန်သူများ ခေါင်းငုံ့သွားခဲ့ကြပြီး ကျောက်မော့ကွမ်းနှင့် အတူ အပြင်သို့ လိုက်ပါသွားခဲ့ကြလေသည်။

မုန်တိုင်း အသေးစားလေး ပြီးဆုံးသွားတော့ လူတိုင်း၏ အကြည့်က လင်းရီထံ ထပ်မံ ကျရောက်သွားခဲ့ကြသည်။

သို့သော် ယခင်ကကဲ့သို့ အထင်သေး သနားခြင်း မျက်ဝန်းတို့ဖြင့် မဟုတ်တော့ဘဲ ရိုသေကျိုးနွံ အထင်ကြီးလေးစားသည့် အကြည့်တို့ဖြင့် ဖြစ်ကုန်ကြလေသည်။

ဘီလီယမ်နာ တစ်ယောက်က ဒီကို ထမင်း လာစားတယ်ပေါ့…

ဒါကြီးက လုံးဝ ထင်မှတ်မထားစရာ ဖြစ်ရပ်တစ်ခုပဲ..

ရုပ်ရည်ရှိရုံတင် မကသေးဘူး.. ချမ်းလည်း ချမ်းသာနေတယ်.. ဒီလောက် ကြည့်ကောင်းတဲ့ အမျိုးသမီးကို ပိုးပန်းနိုင်တာ မဆန်းတော့ဘူး…

ဒီလို လူစားမျိုးနဲ့ တွေ့မှတော့ ဘယ်သူကများ တောင့်ခံနိုင်မှာမို့လို့…

အထိကရုန်း အသေးစားလေး ပြီးဆုံးသွားပြီးနောက် လင်းရီသည် အခြားသူများ၏ မနာလို အားကျ ဖြစ်နေသည့် အကြည့်များကို လျစ်လျူရှုထား၍ ဆက်လက် စားသောက်နေလိုက်ပြီး မွန်းလွဲ သုံးနာရီကျော်တော့မှ လမ်းခွဲလိုက်ကြသည်။

၎င်းနောက် တုံးစန်းကောင်တီအတွင်းရှိ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အလုပ်များက အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။ သို့သော် လင်းရီ၏ အလုပ်ကတော့ လွယ်ကူမနေချေ။ လီချင်းခိုင်နှင့် အတူ ဟိုပြေး၊ ဒီလွှားလိုက်နှင့် တနေကုန် အလုပ်များနေရတော့၏။

သူ တုံးစန်းကောင်တီ တစ်ခုလုံးနီးပါးသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ သို့သော် အရေးကြီးဆုံး အရာကတော့ စိုက်ပျိုးမြေ နမူနာများကို စိုက်ပျိုးရေး သုတေသန ဌာနထံ သယ်သွားပြီး စမ်းသပ်ဖို့ရန်အတွက် စုဆောင်းခြင်း ဖြစ်လေသည်။

တစ်ပတ်ကြာပြီးနောက် လီချူးဟန်နှင့် ကျန်သူများအားလုံး ၎င်းတို့၏ အလုပ်တာဝန် ပြီးစီးသွားခဲ့ကြသည်။

အလွန်အင်မတန် နည်းလမ်း စည်းစနစ်ကျသည့် လေ့ကျင့်ရေး ပရိုဂရမ် တစ်ခုကို ကောင်တီတွင်းရှိ ဆရာဝန်များအားလုံးအတွက် ဦးစီးဦးဆောင် ပြုပေးခဲ့၏။

သို့သော် ကောင်တီတွင်းရှိ ဆေးဝါးအခြေအနေ အကန့်အသတ် ရှိမှုကြောင့် အကျိုးအသက်ရောက်မှုကလည်း အတော်လေးကို အကန့်အသတ်နှင့် ဖြစ်သည်။

သို့တိုင် လင်းရီသည် ဖြေရှင်းနည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ဆဲ ဖြစ်၏။ ကောင်တီ ဆေးရုံရှိ ဆရာဝန် တစ်သုတ်ကို ဟွာရှန်း ဆေးရုံသို့သွားပြီး လေ့လာရန် အကြံပြုလိုက်သည်။ ဤသို့ဖြင့် ကောင်တီ၏ ဆေးဝါးနှင့် ကျန်းမာရေး ကဏ္ဍကို တိုးမြင့်ပေးနိုင်မည်။

၎င်းအပြင် လင်းရီသည် တည်ဆောက်ဆဲ ဖြစ်သည့် စက်မှုဇုန်သို့လည်း သွားရောက် လည်ပတ်ခဲ့သေးသည်။

အဓိက အဆောက်အဦးများနှင့် လေးထပ် အဆောက်အဦးများ အားလုံး ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ကြောင်းကို သူ သတိပြုမိလိုက်လေသည်။ ပစ္စည်းကိရိယာများ ဤနေရာသို့ ရွေ့ပြောင်းရန်သာ ကျန်ရစ်တော့သည်။

ဤမျှ လျှင်မြန်သည့် ဆောက်လုပ်ရေးကို လင်းရီ မြင်တော့ ကူကယ်ရာမဲ့စွာ သက်ပြင်းချမိလိုက်သည်။

တကယ့်ကို ငွေကြေးနဲ့ လည်ပတ်နေတဲ့ ကမ္ဘာကြီးပါလား..

လုံလောက်ရုံသာမက ပိုလျှံနေသည့် ဘဏ္ဍာ‌ရေး အခြေအနေကြောင့် ဆောက်လုပ်မှု အမြန်နှုန်းက သူ စိတ်ကူးထားသည်ထက်ကို ကျော်လွန်နေတော့သည်။

အကယ်လို့ အခြား ကုမ္ပဏီ တစ်ခုသာ ဖြစ်ခဲ့မည် ဆိုပါက ယခုလို ဧရာမ ပရောဂျက်ကြီးအား ဆောက်လုပ်ပြီးစီးရန် အချိန် နှစ်ဆခန့် ကြာမြင့်ပေလိမ့်မည်။

ကျေးလက် ကမ်းလင့် ဆေးဝါးအကူအညီ ခရီးစဉ် ပြီးဆုံးတော့ လင်းရီသည် အချိန်ပေး၍ ကျိုးဟိုင်သို့ တစ်ခေါက် ပြန်လာခဲ့သည်။

ကျီချင်းရန်နှင့်အတူ သူ့မိဘအိမ်တွင် အမျိုးသားနေ့ကို ဆင်နွဲပြီး တုံးစန်းကောင်တီသို့ ပြန်လာခဲ့၏။

အမျိုးသားနေ့ အားလပ်ရက် ပြီးဆုံးသည့်နောက်တစ်နေ့တွင် လင်းရီ ကောင်တီ ရုံးခန်းကို ရောက်တော့ ကွန်ပျူတာရှေ့တွင် အလုပ်များနေသည့် လီစီကျင်းကို မြင်တွေ့လိုက်ရသည်။

လီချင်းခိုင် နံဘေးတွင်လည်း စာရွက်စာတမ်း တစ်ထပ်လိုက်ကြီး ရှိနေပြီး ထိုင်နေသည့် သူ့အရပ်ကိုပင် ကျော်လွန်နေလေပြီ။ နှစ်ယောက်လုံးက အတော်လေးကို အလုပ်ရှုပ်နေကြ၏။

“ အစ်ကိုလီ… ခင်များတို့နှစ်ယောက်က ဘာတွေများ အဲ့လာက် အလုပ်ရှုပ်နေတာတုန်းဗျ…”

“ ကောင်တီရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေက အတော်လေး ခရီးပေါက်နေပြီလေ… အတွင်းရေးမှူးဝမ်က ငါ့ကို လတ်တလော လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အနှစ်ချုပ် မှတ်တမ်း ရေးခိုင်းထားလို့.. ခု အဲ့တာ လုပ်နေတာ…”

“ ကျွန်တော် ကူညီပေးရဦးမလား…”

“ မလိုဘူး.. မင်း လုပ်စရာရှိသာလုပ်လိုက်..” လီချင်းခိုင် ပြောလိုက်ပြီး “ ဒီလိုမျိုး လုပ်ငန်းစဉ်က အသေးစိတ်ကျတဲ့အထိကို အာရုံစူးစိုက်ဖို့ လိုတယ်… မင်းသာ လုပ်မယ်ဆို မကြာဘူး ကီးဘုတ်ရိုက်ချိုးပစ်မှာကို ငါမြင်ယောင်နေသေး… ငါတို့ နှစ်ယောက် လုပ်တာပဲ ပိုကောင်းပါတယ်ကွာ…”

လင်းရီ တဟားဟား ရယ်ရင်း ပြုံးလိုက်သည်။

“ အစ်ကိုလီက ကျွန်တော့်ကို အသိဆုံးပဲ…”

ကလင် ကလင် ကလင် …

နှစ်ယောက်သား စကားကောင်းနေစဉ်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။

ယင်းက ဝမ်ယွင်ကျန်းထံကပင်။

“ လင်းရီ… ငါ့ရုံးခန်းထဲ ခဏလာပါဦး…”

“ ဟုတ် ကျွန်တော် အခု လာနေပြီ…”

ပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်ပြီး လီချင်းခိုင်ကို နှုတ်ဆက်ကာ ဝမ်ယွင်ကျန်း၏ ရုံးခန်းသို့ ဦးတည်လာခဲ့လိုက်၏။

ထိုအချိန်တွင် ဝမ်ယွင်ကျန်း၏ ရုံးခန်းထဲတွင် ရှိနေသည့်သူက သူတစ်ဦး သပ်သပ်သာလျှင် မဟုတ်ကြောင်းကို လင်းရီ သတိထားမိလိုက်သည်။ ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့လည်း ရောက်ရှိနေကြလေသည်။

သို့သော် သူတို့ဘေးတွင် ကျိုးဖုန်း၏ မိခင်၊ ယွီမင်သည်လည်း ရှိနေခဲ့၏။

ယခင် နာရီ၀က်ကို ပြန်သွားရသော်...

“ အတွင်းရေးမှူးဝမ်…. ကောင်တီရဲ့ ကျန်းမာရေးကဏ္ဍက တော်တော်ကြီးကို အခြေအနေကောင်းနေပြီဆိုတော့ ပညာရေး ကဏ္ဍကို အရေးကြီး အာရုံစိုက်ရမယ့် အချိန်လို့ပဲ ထင်တယ်…” ကျိုးဖုန်း ပြောလိုက်သည်။

“ ငါလည်း အဲ့ကိစ္စကို တွေးမိတယ်… ဒါပေမယ့် ငါ့မှာ သင့်လျော်တဲ့ အစီအစဉ်တော့ မရှိသေးဘူး…”

ဝမ်ယွင်းကျန်း ဤကိစ္စကို များများစားစား စဉ်းစားမနေချေ။ ထို့ပြင် သူ့အလုပ်နှင့်သူ မအားလပ်နိုင်အောင် ဖြစ်နေပြီး အရာအားလုံးကို လိုက်ပါကိုင်တွယ်နေဖို့ အချိန် မလောက်ငှချေ။

ထို့ကြောင့် သူစဉ်းစားထားသည်က ဤအရေးကိစ္စများကို လင်းရီနှင့် လွှတ်ထားလိုက်မည်။ သို့သော် ကျိုးဖုန်းက သူ့အမေကို ယနေ့ ခေါ်ချလာခဲ့မည်လို့တော့ ထင်မှတ်မထားခဲချေ။

“ အတွင်းရေးမှူးဝမ်… ကျွန်မက ယွီဟန် ပင်းချန်(သာမန်) တက္ကသိုလ်ရဲ့ အတိုင်ပင်ခံ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်.. ကျွန်မ တပည့်တပန်းတွေထဲမှာ အစိုးရရဲ့ ပညာရေး နယ်ပယ်ထဲ ရောက်နေကြတဲ့ လူတွေမှ အများကြီး… ဒီကိစ္စ ကျွန်မ ကူညီပေးလို့ ရတယ်…” ယွီမင် အပြုံးလေးဖြင့် ပြောလိုက်၏။

“ တုံးစန်းကောင်တီက အခြေအနေကို သားဆီကနေ သိလိုက်ရတော့ ကျွန်မ တတ်နိုင်သလောက်လေး ကူညီပေးချင်လို့လေ…”

“ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်…” ဝမ်ယွင်ကျန်း ယဉ်ကျေးစွာ ပြောလိုက်သည်။

သို့သော် သူ ယခုလို ဖြစ်နေသည်ကိုတော့ သိပ် သဘောမကျချေ။

ကျိုးဖုန်း၏ လေသံက အင်မတန် မွန်မြတ်ဟန် ပေါက်နေသော်လည်း သူ ဖြစ်ချင်နေသည်မှာ ယခု အခွင့်အရေးကို အသုံးချပြီး နိုင်ငံရေး အောင်မြင်မှုများကို သူ့အတွက်သူ စုဆောင်းချင်နေခြင်းပင်။

ဤကိစ္စနှင့် ပတ်သက်လို့ မည်သည့်ဘက်ကမျှ မမှားယွင်းသော်ငြားလည်း ၎င်း၏ ရည်ရွယ်ချက်ကြီးက အရမ်း သိသာလွန်းနေသည်မှာ ခက်လှ၏။

အခြားတစ်ဖက်တွင်တော့ လင်းရီသည် လူတို့ကောင်းစားရေးကိုသာ အလိုရှိပြီး ယခုလို အတွေးတို့ များများစားစား ရှိမနေချေ။

ရိုးသားစွာ အလုပ်လုပ်ကိုင်ခြင်းသည်သာလျှင် သာမန်လူတို့အတွက် အကျိုးအမြတ် အများဆုံး ဖြစ်ထွန်းစေလေသည်။

“ အဲ့ဒီတော့ ခင်များရဲ့ အစီအစဉ်က ဘယ်လိုများ ဖြစ်မလဲ…” ဝမ်ယွင်ကျန်း မေးလိုက်သည်။

“ ယွီဟန် ပင်းချန် တက္ကသိုလ်ကနေ နှစ်တိုင်းနှစ် ဘွဲ့ရ ကျောင်းသားတွေက တစ်ထောင်ကျော်တယ်လေ… သူတို့ထဲက တစ်ချို့ကို ရွေးပြီး ဒီမှာ အစမ်းခန့်ထားလို့ရတယ်.. ပညာရေးရဲ့ အရည်အသွေးနဲ့ မူဝါဒတွေလည်း တိုးတက်ပြီးသား ဖြစ်တာပေါ့..”

ဝမ်ယွင်ကျန်း ခေါင်းညိမ့်လိုက်၏။

“ အဲ့တာ ဖြစ်နိုင်တဲ့ ဖြေရှင်းချက် တစ်ခုပဲ..”

“ အတွင်းရေးမှူးဝမ်… တကယ်လို့ ဒီအစီအစဉ်က ကောင်းတယ်ထင်ရင် စလိုက်ကြစို့လေ…” ယွီချောင်းရှီ ပြောလိုက်ပြီး “ ကောင်တီရဲ့ အခြေအနေက ခုဆို သိပ်ကောင်းနေပြီ.. စီးပွားရေးနဲ့ ကျန်းမာရေး ပြဿနာလည်း ဖြေရှင်းပြီးသွားပြီ… ပညာရေး အဆင့် မြင့်မားလာအောင် အမြန် ကြိုးစားဖို့ပဲ လိုတော့တယ်…”

“ အဓိပ္ပာယ် ရှိတယ်…”

ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဝမ်ယွင်ကျန်းက ပြောလာပြီ ဆိုမှတော့ ဤကိစ္စကို အောင်မြင်ပြီဟု သဘောထားလိုက်၍ ရပြီ။

“ ဒါဆို ကျွန်တော် အစီအစဉ်တွေ ရေးဆွဲပြီး ဒီကိစ္စကို အထမြောက် အောင်မြင်အောင် လုပ်လိုက်တော့မယ်..” ကျိုးဖုန်း ပြောလိုက်သည်။

“ အဲ့လောက် အလျင်လိုစရာမလိုပါဘူး… လင်းရီကို ခေါ်ပြီး သူ ဘယ်လိုထင်လဲ အရင် မေးကြည့်ကြတာပေါ့…”

ဝမ်ယွင်ကျန်းက လင်းရီထံ ဖုန်းဆက်တော့မည်ကို မြင်တော့ ကျိုးဖုန်းနှင့် ယွီချောင်းရှီတို့၏ အမူအရာသည် မဆိုစလောက်လေး ပြောင်းလဲသွားခဲ့ကြ၏။

“ အတွင်းရေးမှူးဝမ်… လင်းရီက ခုတလော အလုပ်တွေ တအား ရှုပ်နေတာ သူ့ကို ခေါ်မနေပါနဲ့… သူ ပခုံးရွက်ထားတဲ့ တာဝန်တွေက အရမ်း ကြီးလေးနေပြီးသားကို သူ နားပါစေ..” ယွီချောင်းရှီ ပြောလာခဲ့သည်။

“ ငါသိတယ်… ငါက ဒီတိုင်း သူ့ အမြင်ကို ကြားချင်ရုံပဲ..” ဝမ်ယွင်ကျန်း ပြောလိုက်ပြီး “ မတူကွဲပြားတဲ့ အကြံဉာဏ်တွေက ပိုကောင်းတဲ့ ဖြေရှင်းနည်းလမ်းဆီ ဦးတည်လေ့ ရှိတယ်..”

ပြောပြီးနောက် ဝမ်ယွင်ကျန်းသည် လူတိုင်းကို ပလစ်ထား၍ လင်းရီကို ဖုန်းခေါ်လိုက်တော့သည်။

All Chapters