လင်းရီကို တိုင်ကြားခြင်း
Vol. 93 Ch. 1385
“ အားလုံး စီစဉ်ပြီးသွားပါပြီ..” ဟန်ကျင်းဝူ ပြောလိုက်ပြီး “ ကျုပ်တို့ လူနှစ်ယောက် ရွေးချယ်ထားတယ်… နှစ်ယောက်လုံးကိုလည်း ရွာသူရွာသားတွေကပဲ မဲပေးရွေးချယ်ထားတာ… ကျုပ်တို့ စာရင်းကို ကောင်တီဆီ တင်ပြပြီးပါပြီ…”
“ ရွာသားတွေက ရွေးချယ်ထားတဲ့လူဆိုတာ မင်း သေချာလား…” လီချင်းခိုင် ဖြည်းညင်းစွာ မေးလိုက်သည်။
ဟန်ကျင်းဝူ၏ အမူအရာသည် မဆိုစလောက်လေး ပြောင်းလဲသွားခဲ့၏။ သို့တိုင် သူ ပြုံးနေဆဲ ရှိကာ “ ဒါပေါ့… ကျုပ်တို့က ဒီလို ကိစ္စမျိုးကို အလိမ်အညာ ပြုရဲ့ပါ့မလားဗျာ…”
“ ငါတို့ ခုလေးတင် ရွာထဲ ရောက်ခဲ့တာ သူတို့ပြောတာ ဒီ အကြောင်း ဘာမှ မသိဘူးတဲ့… မင်း အဲ့တာ ဘယ်လိုရှင်းမလဲ…”
ဟန်ကျင်းဝူ အခက်တွေ့သွားခဲ့၏။ လီချင်းခိုင် ဤမျှ လေးလေးနက်နက် ဖြစ်နေလိမ့်မည်လို့ သူ မျှော်လင့်မထားခဲ့ချေ။
“ ဒါရိုက်တာလီ.. ဘာတွေဖြစ်နေလဲဆိုတာ မင်းရော ငါရော သိကြပါတယ်… ဒီလောက်ထိ လုပ်စရာ လိုလို့လား..” ဟန်ကျင်းဝူ ပြောလာခဲ့သည်။
“ ပြီးတော့ ရွာထဲက နှစ်နေရာကိုလည်း ယွီချောင်းရှီရဲ့ ယောက်ဖနဲ့ သူ့ ဇနီးကို ပေးထားတာ… ကျုပ် ရွေးချယ်စရာ မရှိဘူး…”
“ မင်း သူတို့ကို ပေးလိုက်တယ် ဟုတ်လား…”
“ အမှန်ပဲ… သူ ကိုယ်တိုင် ကျုပ်ကို ဖုန်းခေါ်ပြီးပြောတာ.. ကျုပ်ရဲ့ အဆင့်လေးနဲ့ သူ့ကို ဘယ်အာခံရဲမှာလဲဗျာ…”
“ ကောင်းပြီ.. ငါနားလည်ပြီ..”
လီချင်းခိုင် လင်းရီကို ကြည့်လိုက်ပြီး “ အရင် ပြန်သွားကြစို့.. ခုက ဒီကိစ္စ ကိုင်တွယ်ရမယ့် အချိန် မဟုတ်သေးဘူး…”
“ ဒါရိုက်တာလီ.. ဒါရိုက်တာလင်း… ရောက်လက်စနဲ့ တစ်ခါတည်း ထမင်းစားသွားကြပါဦးလား…”
“ ခင်များရောက်နေတာက မဲဇာမြိုင်မှာ.. ဘယ်လို ကောင်းတဲ့ဟာတွေ ရှိနိုင်မှာမို့လို့…” လင်းရီ မေးလိုက်၏။
ထိုစကားကြားတော့ ဟန်ကျင်းဝူ၏ မျက်နှာသည် ဝင်းလက်လာခဲ့သည်။
“ အဲ့အတွက်တော့ မပူနဲ့ ဒါရိုက်တာလင်း… မြို့ပေါ်မှာတောင် ဒီလောက် ဧည့်ဝတ်ကျေပွန်ခံရမှာ မဟုတ်ဘူးဆိုတာ အာမခံရဲတယ်.. ကျုပ်မှာ မောင့်ထိုင် နှစ်ပုလင်း ရှိတယ်… ခဏနေ သောက်ကြတာပေါ့…”
“ ခင်များမှာ မောင့်ထိုင်လို အရက်အကောင်းစားတောင် ရှိတယ်ပေါ့..”
“ ဒီတိုင်း ပုလင်း နည်းနည်းလေးကိုပဲ… ထွေထူး ဟုတ်တာလည်း မဟုတ်ဘူး… ဒါရိုက်တာလင်း စိတ်ကြိုက်သောက်လို့ရတယ်.. ကျုပ်တို့မှာ အလုံအလောက် ရှိပါတယ်…”
“ ခင်များရဲ့ လစာနဲ့ဆိုရင် မောင့်ထိုင် ဝယ်ဖို့တော့ လောက်ငှမှာ မဟုတ်ဘူး.. မှန်တယ်မလား…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဘယ်လိုတွေ ဖြစ်လာလဲ မီးခိုးကြွက်လျှောက် ကျုပ် လိုက်ချင်စိတ် မရှိဘူး.. စုံစမ်းရေး အဖွဲ့ လာမှာကို စောင့်နေလိုက်…”
“ အဲ့တာက…”
ဟန်ကျင်းဝူသည် ချက်ချင်း နောက်သို့ တွန့်ခနဲ ဖြစ်သွားခဲ့၏။ လင်းရီသည် ဤမျှ သမာသမတ်ကျသည့် လူကြီးလူကောင်း ဖြစ်နေလိမ့်မည်လို့ သူ မထင်ထားခဲ့ချေ။
“ ဒါရိုက်တာလင်း.. မင်းအဲ့လို လုပ်လို့ မရဘူးလေ… ငါက ဒီတိုင်း…..”
“ ဘာကိစ္စလဲ… ခင်များက ကိုယ့်ကိုယ်ကို ဘယ်သူမှန်း မေ့နေတာလား…” လင်းရီ ကြားဖြတ်ပြောလိုက်၏။
ထို့နောက် လင်းရီနှင့် လီချင်းခိုင်တို့သည် အိမ်ထဲမှ ထွက်လာခဲ့ပြီး ကားထဲ ပြန်ရောက်လာကြလေသည်။
“ လင်းလေး… ဒီ ပိုင်လင် ရွာက နှစ်နေရာကိုတော့ ဒီတိုင်း ထားလိုက်စို့ကွာ… ငါတို့ ယွီချောင်းရှီကို မျက်နှာသာ နည်းနည်း ပေးဖို့လိုတယ်..”
“ ကျွန်တော် စဉ်းစားပါဦးမယ်..”
ပိုင်လင် ကျေးရွာရှိ ကိစ္စကို ကိုင်တွယ်ပြီးနောက် နှစ်ယောက်သည် မွန်းလွဲပိုင်းတွင် ကောင်တီသို့ ပြန်လာခဲ့ကြသည်။
“ အစ်ကိုလီ… အစ်ကိုရီ… ဒါက မြောက်ပိုင်းကို သွားပြီး လေ့လာမယ့် ကျောင်းသားတွေ စာရင်းပါ.. တစ်ချက်ကြည့်ကြည့်ပါဦး..” လီစီကျင်း စာရင်းတစ်ခုကို ပေး၍ ပြောလာသည်။
လင်းရီ ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ပိုင်လင် ကျေးရွာ ကော်လံတွင် လူနှစ်ယောက်ကို မြင်တွေ့လိုက်ရ၏။ နာမည်က ကျန်းပန်းရုံနှင့် စွန်းလီကျယ်တို့ပင်။
ထို့နောက် သူ ဖောင်တိန်နှင့် ကြက်ခြေခတ်လိုက်ပြီး “ ငါ ဒီနှစ်ယောက်ကို မလိုချင်ဘူး..” လင်းရီ ပြောလိုက်သည်။
“ သွားပြီး ဒီစာရင်းထဲက လူတွေက တကယ်ကြီး ကျေးရွာက လူတွေ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးခဲ့… ဒီ ကိစ္စကို လိမ်ညာလို့ မရဘူး..”
လီစီကျင်းနှင့် လီချင်းခိုင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြ၏။ လင်းရီ ဆိုလိုချင်နေသည်ကို သူတို့လည်း နားလည်သည်။
“ လင်းလေး.. မင်း ဒီလိုလုပ်နေတာက ယွီချောင်းရှီကို ဆန့်ကျင်လိုက်တာနဲ့ အတူတူပဲနော်…”
“ သူက ဘာကောင်မှ ဟုတ်တာ မဟုတ်ပါဘူး… ဘေးချိတ်ထားလိုက်…”
လီချင်းခိုင် ဘာမျှ ဆက်မပြောတော့ချေ။ လင်းရီ၏ စရိုက်ကို လူတိုင်းက နားလည်ပြီး ဆက်ပြောလည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်သည်မှာ သေချာလေသည်။
ကျန်းပန်းရုံနှင့် စွန်းလီကျယ်တို့ အပြင် အခြား လူခြောက်ယောက်တွင်လည်း ပြဿနာ တစ်ချို့ ရှိနေသည်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး အကုန်လုံးက ပယ်ချခံလိုက်ရ၏။
“ လင်းရီ … ငါ့ ရုံးခန်းထဲ ခဏလိုက်ခဲ့စမ်း…”
ရုံးခန်း အပေါက်ဝတွင် ယွီချောင်းရှီ ပြောလာခဲ့သည်။
သူ၏ မျက်နှာထားက တင်းထော်နေပြီး လူတိုင်းကို တင်ကြွေးထားနေရသကဲ့သို့ ဖြစ်နေသည်။
“ ကျွန်တော့်မှာ အချိန်မရှိဘူး.. ပြောစရာရှိရင် ဒီမှာပဲ ပြောလိုက်…” လင်းရီ ဂိမ်းကစားနေရင်း မော့ပင် မကြည့်ဘဲ ပြောလိုက်သည်။
“ မင်းမှာ အချိန်မရှိဘူး ဟုတ်လား…” ယွီချောင်းရှီ မျက်မှောင် ကုတ်လိုက်ပြီး “ ခုက အလုပ်လုပ်ချိန်… ဂိမ်းဆော့နေရမယ့် အချိန်မဟုတ်ဘူး..”
“ ဂိမ်းဆော့တာကလည်း ကျွန်တော့်ရဲ့ အလုပ်တစ်စိတ်တစ်ပိုင်းပဲ… ဒီခုကနေစလို့ ခင်များ စကားပြောချင်ရင် အချိန် ငါးမိနစ် ရမယ်… ခဏဆို ထမင်းစားသွားရဦးမှာ…”
ယွီချောင်းရှီ မျက်နှာထက်ရှိ ကြွက်သားတို့ တွန့်လိမ်သွားခဲ့ပြီး ရင်ထဲရှိ ဒေါသကို အတန်တန် ဖိနှိပ်ထားလျက် ရှိသည်။
“ ပိုင်လင် ကျေးရွာက နှစ်နေရာက ဘာဖြစ်တာလဲ.. မင်း ဘာလို့ အဲ့ နှစ်နေရာကို ပယ်ချပစ်လိုက်တာလဲ.. သူတို့ကလည်း ပိုင်လင် ကျေးရွာကပဲ… သူတို့က သွားဖို့ အရည်အချင်းမမှီဘူးလို့တော့ ငါ့ လာမပြောနဲ့…”
“ အဲ့လူက ခင်များရဲ့ ယောက်ဖ ဖြစ်နေတယ်… ဒီ အကြောင်းပြချက်က လုံလောက်ပြီလား…” လင်းရီ သူ၏ ထိုင်နေသည့်ဟန်ကို တစ်မျိုး ပြောင်းလိုက်ပြီး ယွီချောင်းရှီကို ကြည့်လိုက်သည်။
“ ခင်များရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ် မလုပ်တော့တာပဲလား.. ကျွန်တော့်ဘက်က ဒီကိစ္စကို မီးခိုးကြွက်လျှောက် မလိုက်သာကပဲ ခင်များကို မျက်နှာသာ လုံလုံလောက်လောက် ပေးပြီးနေပြီ… ခင်များက ဘာဖြစ်ချင်နေတာ… ပြည်သူ့လုံခြုံရေး ၊ အခွန်ရုံးနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက လူတွေကို စေလွှတ်ပြီး ခင်များကို ဥပဒေ အသိ သင်ပြပေးစေချင်နေတာလား…” လင်းရီသည် တင်းမာ ခက်ထန်စွာ ခွန်းတုံ့ပြန်လိုက်သည်။
“ မင်း…..”
ယွီချောင်းရှီ ဒေါသတကြီးနှင့် အံတင်းတင်း ကြိတ်နေလျက်ရှိ၏။ သို့သော် လင်းရီကို သူ လုပ်နိုင်တာ ဘာမျှ မရှိပေ။ ဤကိစ္စတွင် သူက မှားယွင်းနေသည့် ဘက်ကနေ ရှိနေသည်။
“ လင်းရီ … ငါမင်းကို ပြောလိုက်မယ်… မင်းက အောင်မြင်မှု တချို့ ရထားတယ်ဆိုရင်တောင် မင်းကိုယ်မင်း ဘယ်သူလဲ ဆိုတာ မမေ့လိုက်နဲ့…”
“ သတိပေးလို့ ကျေးဇူးပါပဲ..”
ယွီချောင်းရှီ နှာမှုတ်လျက် ထွက်ခွာသွားသည်ကို မြင်တော့ လီချင်းခိုင်နှင့် လီစီကျင်းတို့သည် လင်းရီကို စိတ်ပူပန်နေကြဟန်ဖြင့် ကြည့်လာခဲ့ကြ၏။
“ လင်းလေး… သူ့ကို ဆန့်ကျင်လို့ မင်း အတွက် ဘာမှ ကောင်းမှာ မဟုတ်ဘူး… မင်း အမြင့်ကို တက်ချင်တယ်ဆိုရင် သူတို့ရဲ့ လက်မှတ် လိုနေသေးတုန်းပဲ…”
“ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆို ကျွန်တော် ရာထူးမတိုးခင်ကို ဒီလူ ထောင်ထဲ ရောက်နေလောက်ပြီ.. စိတ်မပူနဲ့… ကျွန်တော့် အပေါ် ဘာအကျိုးသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး..”
“ ဒါပေမယ့် သူ့ဘက်က ခက်ခဲအောင် လုပ်လာရင် မင်းလည်း အခက်တွေ့မှာ ကျိန်းသေပေါက်ပဲ..”
“ အဆင်ပြေတယ်.. လာသမျှဘေး ပြေးတွေ့လိုက်ရရုံဘဲပေါ့… အဲ့အဘိုးကြီးလောက်ကတော့ ခေါင်းထဲကို မထည့်တာ…”
လီချင်းခိုင် သက်ပြင်းသာ ချလိုက်၏။ ဘာဆက်ပြောရမှန်းလဲ သူမသိတော့ချေ။
လင်းရီ၏ အကျင့်စရိုက်ဖြင့် ဆိုပါက အကယ်၍ မြို့ပေါ်သို့ ရာထူးတိုးသွားခဲ့လျှင်ပင် သူတော့ အဆင်ပြေမည့် လမ်းမမြင်ပေ။
တကယ်လည်း အစွမ်းအစရှိသည့် လူတို့၏ စိတ်နေစရိုက်က လိုက်လျောညီထွေ ရှိဖို့ ခက်ခဲလှ၏။
နေ့လည်ခင်းပိုင်းတွင် သုံးယောက်သား ထမင်း ထွက်စားကြပြီး တစ်နာရီကျော်တော့လောက်မှ ရုံးခန်းသို့ ပြန်လာခဲ့ကြသည်။
“ လင်းလေး.. လီလေး… နာမည်စာရင်းက အတည်ပြုပြီးသွားပြီ.. မင်းတို့နှစ်ယောက် ပြန်ပြီး ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားလိုက်တော့.. ငါတို့ စုပြီး မနက်ဖြန် ထွက်ကြမယ်…” လီချင်းခိုင်က ပြောလိုက်သည်။
“ အစ်ကိုလီ.. ညီမကတော့ အဆင်သင့် ဖြစ်ပြီးသားပဲ.. အချိန်မရွေး ထွက်လို့ရတယ်..”
“ မင်းရော .. လင်းရီ…”
“ ကျွန်တော့် ပစ္စည်းတွေက ကျိုးဟိုင်မှာ.. မနက်ဖြန် ကျိုးဟိုင်သွားပြီ အဲ့ကနေ တစ်ဆင့် လေယာဉ်စီးလိုက်မယ်… အဲ့လိုက ကျွန်တော့်အတွက် ပိုအဆင်ပြေမယ်…”
“ ကောင်းပြီလေ… မင်း အစီအစဉ်အတိုင်းပဲ…”
ပြောပြီးနောက် လီချင်းခိုင်သည် လီစီကျင်းကို ကြည့်၍ “ လီလေး… မင်း အစ်ကိုရီက ဒီလို အနုစိတ်တဲ့ အလုပ်တွေနဲ့ကျ ကိုက်တာမဟုတ်ဘူး… ဒီကိစ္စ မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်… သွားရေး၊ လာရေး၊ နေထိုင်စားသောက်စရိတ်တွေ အကုန် သေချာဂရုစိုက်လှည့်ဦး..”
“ ဟုတ် အစ်ကိုလီ…”
“ ရပြီ.. ဒီ မွန်းလွဲပိုင်းတော့ မင်းတို့ စီစဉ်စရာ ရှိတာ စီစဉ်ကြ… ငါ ခဏ သွားမှေးလောက်ဦးမယ်… “
လီချင်းခိုင် ပြောပြီးလို့ မျက်လုံးမှိတ်၍ မမှေးနိုင်သေးခင်မှာပဲ အပြင်ဘက်က ဆူညံသံများနှင့် အော်ဟစ်သံများကို ကြားလိုက်ရလေသည်။ အသံများ အရတော့ လင်းရီကို ဆန့်ကျင် ဆန္ဒပြနေကြသည့် လူများ ဖြစ်လောက်၏။
"လင်းရီကို ... အလိုမရှိ... လင်းရီကို အလိုမရှိ... "
" ငွေ အလွဲသုံးစား လုပ်တဲ့လင်းရီကို အလုပ်ထုတ်ပစ်....."
" ထုတ်ပစ် ထုတ်ပစ်... "
" ဟင်... ဘာဖြစ်တာတုန်းဟ...."
“ အပြင်တစ်ချက် သွားကြည့်လိုက်ရင် သိနေပြီပဲမလား…”