ကိုယ့်ပိုက်ဆံနဲ့ကိုယ်
Vol. 93 Ch. 1386
“ ငါ ဘာလို့ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရပါလိမ့်…” လီချင်းခိုင် ပြောလိုက်ပြီး “ လင်းရီက ကောင်တီ ရောက်တာ ဒီလောက်ကြာနေပြီ .. ငွေ တစ်ပြား တစ်ချပ်မှလည်း အလွဲသုံးစား မလုပ်ထားဘူး… သူအိတ်ကပ်ထဲကနေတောင် အများကြီး စိုက်ပေးခဲ့သေးတယ်.. ဒါကို ဒီလူတွေက တကယ်ကြီး သူ့ကို လာတိုင်နေကြတယ်ပေါ့.. ဒီကောင်တွေ ဘာစဉ်းစားနေကြတာပါလိမ့်…”
“ အရင် သွားကြည့်လိုက်ရင် သိနေပြီပဲမလား…” လင်းရီ ပြုံးလိုက်ပြီး “ ကျွန်တော်လည်း ဘာတွေဖြစ်နေလဲဆိုတာ သိချင်တယ်…”
သုံးယောက်သား အောက်သို့ အတူ ဆင်းလာခဲ့ကြ၏။ တစ်ချိန်တည်းတွင် အခြားသော ဌာနရုံးခန်းထဲရှိ လူများကလည်း နောက်မှ လိုက်လာကြပြီး ဘာဖြစ်နေလဲဆိုတာ သိချင်နေကြလေသည်။
သူတို့လည်း လင်းရီ၏ စရိုက်ကို နားလည်ထားကြပြီး လင်းရီ ထိုကဲ့သို့ ငွေအလွဲသုံးစားပြုမှုတွေ လုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြသည်။
ရုံး အဆောက်အဦး၏ ဝင်ပေါက်ဝတွင် မရေမတွက်နိုင်သည့် ဖြတ်သွားဖြတ်လာလူတို့က စုဝေးနေကြ၏။ စားသောက်စွန့်သည့်လုပ်ငန်းစဉ်အပြင် ဤ လူများ အနှစ်သက်ဆုံးက ဒရာမာများ ကြည့်ရခြင်းပင် ဖြစ်သည်။
“ မင်းတို့ ဘာလုပ်နေကြတာလဲ…” ဝင်ယွင်ကျန်းသည် တံခွန် စာတမ်းများ ကိုင်ထားသည့် လူများအား ကြည့်ပြီး မေးမြန်းလိုက်သည်။
“ ကျွန်တော်တို့ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာလင်းရီကို တိုင်ကြားချင်လို့ပါ.. သူက တခြားသူတွေ ဆီကနေ အကျိုးအမြတ်တွေ လက်ခံပြီး သူတို့ကို မြောက်ပိုင်း လေ့လာရေး ခေါ်သွားဖို့ လုပ်ခဲ့တယ်… တခြား တစ်ဖက်မှာကျ ဒီလို အခွင့်အရေးမျိုးကို အမှန်တကယ် လိုအပ်နေတဲ့ ကျွန်တော်တို့လို လူတွေအတွက်ကျ အရမ်း နစ်နာရပါတယ်.. ကျွန်တော်တို့ ဖြေရှင်းချက် လိုချင်ပါတယ်…”
ဝမ်ယွင်ကျန်းသည် အောက်တွင် ဆိုင်းပုဒ်များ၊ စာတမ်းများ ကိုင်ဆောင်ထားကြသည့် လူတိုင်းကို အေးစက်စက် သိမ်းကျုံးကြည့်လိုက်သည်။ သူ၏ အမူအရာသည် အလွန်တရာကို အကျည်းတန်နေလေပြီ။
လင်းရီ၏ အကျင့်စရိုက်ကို သူကောင်းစွာ သိသည်။ သူကဲ့သို့သော လူစားမျိုးက ပိုက်ဆံ နှစ်ပဲခြောက်ပြားကို မက်မောမည့် လူစားမျိုးပေလော။
တစ်ယောက်ယောက်၏ လက်ချက် ဖြစ်ဖို့ များ၏။
ဘေးတွင် ရပ်နေသည့် ယွီချောင်းရှီကတော့ လက်နောက်ပစ်လျက် အားရကျေနပ်စွာဖြင့် ခေါင်းတညိမ့်ညိမ့် ပြုနေလျက် ရှိတော့၏။ ဤသည်က သူလိုချင်နေသည့် အကျိုးသက်ရောက်မှုမျိုးပင်။
“ ရပ် ရပ် ရပ်… လူတိုင်းပဲ ကျေးဇူးပြုပြီး ခဏလောက် ရပ်ပေးကြပါ…” ကျိုးဖုန်းကနေ၍ ရှေ့ထွက် ပြောဆိုလိုက်ပြီး “ ကျုပ်တို့လို ဖြောင့်မတ် မှန်ကန်တဲ့ အရာရှိတွေထဲမှာ ဒီလိုလူစားမျိုး ရှိနေတဲ့ အတွက် များစွာ စိတ်မကောင်း ဖြစ်မိပါတယ်… ကျုပ်တို့ဘက်က ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပြီးတော့မှ လူတိုင်းကို ဖြေရှင်းချက် တစ်ခုပေးပါ့မယ်လို့ ကျုပ် ကတိပေးပါတယ်…”
ထိုအချိန်တွင် ယွီချောင်းရှီသည် ဘေးသို့လှည့်ပြီး လင်းရီကို ကြည့်လိုက်သည်။
“ အတွင်းရေးမှူးဝမ်က မင်းအပေါ် အများကြီး ယုံကြည်ထားခဲ့လို့ ဒီကိစ္စမှာ အာဏာကုန် လွှဲပေးထားတာကို နောက်ကွယ်မှာ ဒီလိုနည်းတွေနဲ့ ကစားနေမယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး… မင်း ဒါ အတွင်းရေးမှူးဝမ်ရဲ့ ယုံကြည်မှုတွေကို မြောင်းထဲ ထည့်ပစ်တာပဲ…”
ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့သည် တစ်ယောက်ပြီး တစ်ယောက် အသံထွက်လာကြပြီး လင်းရီကို လက်ညိုးထိုးကြတော့၏။
အောက်ရှိ လူများ၏ စွပ်စွဲချက်ဖြင့် ဆိုပါက သူသည် လူတိုင်း၏ ရှုတ်ချခြင်းကို ခံနေရသကဲ့သို့ ရှိသည်။
“ ငါ တစ်ခုသိချင်တာက မင်းတို့တွေက ငါ့ကို လာပြီး ဝေဖန်ဖို့ ဘာ အဖြစ်ရှိလဲဆိုတာပဲ…” လင်းရီသည် အောက်ရှိ ဒေါသထွက်နေသည့် လူအုပ်ကြီးကို ကြည့်၍ တစ်ချက် မေးလိုက်သည်။
“ ငါတို့ အားလုံးက ကောင်တီထဲက လယ်သမားတွေ… ငါတို့ကမှ ခရီးစဉ်ကို လိုက်ဖို့ အရည်အချင်း အပြည့်မီဆုံးပဲ… ဒါပေမယ့် မင်းက အာဏာကို အလွဲသုံးစားလုပ်ပြီး နေရာကို တခြား မဟုတ်တဲ့သူတွေဆီ ပေးပစ်တယ်… ဒီလို အကျင့်ပျက် ခြစားတာကို လူတိုင်းသိအောင် ဖော်ထုတ်စေချင်နေတာလား…”
“ ကောင်းပြီ ကောင်းပြီ … အားလုံး ငြင်းခုန် မနေကြပါနဲ့…”
ယွီချောင်းရှီ ထပြောလိုက်ပြီး သူတို့၏ ဗီနိုင်းများကိုင်၍ ဆန္ဒထုတ်ဖော်နေကြသူများအား အော်ဟစ်လိုက်သည်။ ထို့နောက် ဝမ်ယွင်ကျန်းထံ ယခုလို ပြောလိုက်၏။
“ အတွင်းရေးမှူးဝမ်… ကျုပ်တို့ ကောင်တီက ခုချိန်မှာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အချိန်အပိုင်းအခြားကို ရောက်နေပြီ… ခု ဒီလို ကိစ္စမျိုး ဖြစ်လာပြီဆိုတော့ ကျုပ်တို့ ပြင်းပြင်းထန်ထန်ကို အရေးယူ ဆောင်ရွက်မှ ဖြစ်တော့မှာ…”
ဝမ်ယွင်ကျန်း၏ မျက်လုံးများသည် ဂနာ မငြိမ် ဖြစ်သွားခဲ့၏။ လင်းရီ၏ တုံးစန်းကောင်တီအပေါ် အကျိုးပြုထားသည်များနှင့် နှိုင်းစာကြည့်လျှင် ယခုလို ပြုလုပ်ရန်က မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။
သို့သော် သူ့ရှေ့ရှိ ကိစ္စ ပြဿနာက အသေးမွှားလေး ဟုတ်မနေပေ။ လူတိုင်းကို တည်ငြိမ်အောင် ဖြေရှင်းနည်းလမ်း တစ်ခုတော့ ရှာရလိမ့်မည်။
“ ယွီချောင်းရှီ… ခင်များ ဘာလို့ အနာပေါ် ဆားထပ်ဖြူးချင်နေရတာလဲ… ဒါကြီးက အခြေအမြစ် မဲ့တယ်နော်…”
ယခု အချိန်တွင်တော့ လင်းရီသည် စိတ်အလုပ်ရှုပ်ခံ ယဉ်ကျေးနေတော့မည် မဟုတ်ချေ။
“ ကျုပ်က ဒီခု ကိစ္စကို တာဝန်ယူထားတဲ့လူ ဆိုမှတော့ ဘယ်သူ လိုက်ရမယ် မလိုက်ရဘူး .. ကျုပ် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်.. ပြီးတော့ ခင်များက ခင်များရဲ့ ရာထူးကို သုံးပြီး ဆွေမျိုးကောင်းစားရေးတောင် လုပ်နေလိုက်သေးတယ်… ဒါကိုတောင် ကျုပ်ကို ဘယ်လို စကားမျိုး လာပြောတာလဲ…”
“ နောက်ပြီးတော့ မြောက်ပိုင်းကို လေ့လာခရီး ထွက်ဖို့ စခဲ့တာလည်း ကျုပ်ပဲ… စရိတ်စက အကုန်လုံးကို ကျုပ် အိတ်ထောင်ထဲကပဲ စိုက်ထုတ်ထားတာ… ဒီတော့ ကျုပ် ခေါ်ချင်တဲ့လူတွေကို ခေါ်သွားမယ်… အဲ့တာ ကျုပ်ကိစ္စ… ခင်များနဲ့ ဘာဆိုင်လို့…” လင်းရီ ပြောလိုက်ပြီး “ ခင်များသွားချင်တယ်ဆို ကိုယ့်စရိတ်နဲ့ကိုယ် သွားပေါ့.. ကျုပ် တကယ်ကြီးကို နားမလည်နိုင်တော့တာ… ဒီလို ဆိုင်းဘုတ်တွေ၊ လူအုပ်ကြီးတွေ စုဝေးပြီး ဒါ ဘာလဲ လုပ်တာ….”
“ မင်း ဘာပြောလိုက်တယ်… မင်းက စရိတ်စက အကုန်လုံးကို အိတ်စိုက်ထားတယ် ဟုတ်လား…”
ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့ ကြက်သေသေသွားခဲ့ကြ၏။ လင်းရီ ယခုလို လုပ်လိမ့်မည်လို့ သူတို့ ထင်မထားခဲ့ကြချေ။
ဒါ ပမာဏ သေးသေးလေးလည်း မဟုတ်ဘူးလေ… ဒီကောင်က သောက်ရူးလား…..
အောက်တွင် အော်လား ဟစ်လားနှင့် ပွဲရှာနေကြသူများကတော့ ဆိုင်းဘုတ်ကြီးများ ထောင်ရင်း ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ ကိုးရို့ကားယား ဖြစ်နေကြတော့သည်။
အကယ်လို့ ကောင်တီကသာ ကုန်ကျခံမည် ဆိုပါက သူတို့တွင် တိုင်ကြားရန် အခွင့်အရေးက ရှိသေးသည်။ သို့သော် သူကိုယ်၌က အိတ်စိုက်ထားသည်ဆိုလျှင်တော့ သူတို့ ထိန်းချုပ်လို့မရတော့ချေ။
သူခေါ်သွားချင်သူများကို ခေါ်သွားနိုင်သည်က သဘာဝပင်။ သူတို့ ဝင်စွက်ဖက်လို့ မရချေ။
“ ခင်များ ဘယ်လိုထင်လို့… မယုံရင် သွားပြီး အတွင်းရေးမှူးဝမ် ကျုပ်အတွက် ခရီးစရိတ် ထုတ်ပေးလားလို့ သွားစစ်ကြည့်လေ…”
ယွီချောင်းရှီသည် ဝမ်ယွင်ကျန်းကို လှည့်ကြည့်လိုက်၏။ တစ်ဖက်သူမှာ ကင်းမဲ့သည့် အမူအရာဖြင့် နှုတ်ဆိတ်လျက်သာ ရှိနေသည်။ အဖြေကတော့ ရှင်းနေလေပြီ။
“ မဖြစ်နိုင်ဘူး… မင်း ငါတို့ကို လာပြီး အရူးလုပ်မနေနဲ့… ဒီလို အစိုးရ စီးပွားရေး လုပ်ငန်းမှာ ကိုယ့်အိတ်ထဲက ငွေကို သုံးရလောက်အောင် ဘယ်သူက ရူးမှာလဲ… မင်း ညာနေတာ…” အနီရောင် ဗွီနိုင်းကြီး ကိုင်ထားသည့် အမျိုးသား တစ်ဦးကနေပြီး လှမ်းအော်ပြောလိုက်လေသည်။
“ မင်းသာ အဲ့လောက် ချမ်းသာနေရင် ဒီလာပြီး ဘာလို့ အလုပ်လုပ်နေသေးလဲ…”
“ ငါ့ဘာငါ လုပ်ချင်လို့ လာလုပ်တာကို ဘယ်ကောင့် စောက်ဂရုစိုက်နေရမှာ…”
လင်းရီ သူ၏ အိတ်ထောင်ထဲ နှိုက်ရှာပြီးနောက် သူ့ကားသော့ကို ထုတ်၍ လူတိုင်းရှေ့ ဝှေ့ရမ်းပြလိုက်သည်။
“ ဒီကားက ဈေးမကြီးဘူး… ယွမ် တစ်သန်း ဝန်းကျင်လောက်ပဲ ရှိတယ်…. ဒီလောက် ငွေနည်းနည်းလေးတော့ ငါလည်း တတ်နိုင်ပါသေးတယ်.. ဒီတော့ မင်းတို့ မကျေနပ်ချက်တွေကို ပြန်မျိုချပြီး လစ်လိုက်ကြတော့…”
ယွမ်တစ်သန်း ဝန်းကျင် ရှိတဲ့ကား တစ်စင်း…
အဲ့တာက ဈေးပေါနေတယ်ပေါ့…
ဤတစ်ကြိမ်တွင်တော့ အောက်ရှိ လူများသာလျှင် မကဘဲ ဝမ်ယွင်ကျန်းနှင့် အခြားသူများပါ ကြက်သေသေသွားခဲ့ကြသည်။ လင်းရီ ထိုမျှ ကားအကောင်းစားကြီး မောင်းလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။
လင်းရီ ပြုံးပြီး ခေါင်းခါရမ်းလျက် ကားသော့ကို အိတ်ထောင်ထဲ ပြန်ထည့်ထားလိုက်၏။
“ ခင်များ ဒီလို ကိုးရို့ကားယား လှည့်ကွက်တွေ ကစားနိုင်တာကိုတော့ ကျုပ် အထင် ကြီးမိတယ်..”
“ မင်း ဘာတွေ လာပြောနေတာလဲ… ငါ ဘာမှ မသိဘူး..” ယွီချောင်းရှီ တည်ငြိမ်ဟန် ဆောင်လိုက်၏။
“ ခင်များ မသိလည်း ကိစ္စမရှိဘူး.. အချိန်ကျရင် သိသွားလိမ့်မယ်…”
လင်းရီသည် ဝမ်ယွင်ကျန်းကို ကြည့်၍ “ အတွင်းရေးမှူးဝမ်… ဒီ ပြဿနာ လာရှာတဲ့ လူတွေကို ဖမ်းလိုက်တော့… ကျွန်တော် သူတို့ကို ထိပါးစော်ကားမှုနဲ့ အသရေဖျက်မှုအတွက် တရားစွဲချင်တယ်… ကျုပ် ဒီကိစ္စကို အဆုံးထိသွားဖို့ စီစဉ်ပြီးသား…”
“ ငါ ကြည့်လုပ်လိုက်မယ်…”
ဝမ်ယွင်ကျန်း ဖုန်းထုတ်ပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက်
“ လောင်မာ.. ဒီကို လူတစ်ချို့ ခေါ်ခဲ့စမ်းပါ… ဒီမှာ ပြဿနာ လာရှာနေတဲ့လူတွေ ရှိနေလို့… လာပြီး သူတို့ကို ခေါ်သွားလိုက်…”
“ ဒါကြီးက….”
ဝမ်ယွင်ကျန်း ဖုန်းဆက်၍ သူတို့ကို ဖမ်းခေါ်သွားရန် တစ်စုံတစ်ယောက်အား ပြောလိုက်သည့် အသံကြားတော့ လင်းရီကို အလုပ်ထုတ်ရန် ဆန္ဒလာပြကြသူတို့ တုန်လှုပ်ကုန်ကြ၏။
“ ငါတို့က တမင်တကာ ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်တာ… ဘာလို့ ငါတို့ကို လာဖမ်းနေတာလဲ…”
“ မင်းတို့က သောက်ပိန်းတွေကိုး.. ကိုယ့်ကိုယ်ကို အသုံးချခံလို့ ခံရနေမှန်းတောင် မသိကြတဲ့ကောင်တွေ....” လင်းရီပြောလိုက်ပြီး “ ဒါပေမယ့် နောက်ကွယ်က ဘယ်သူဆိုတာကို အမှန်အတိုင်း ပြောပြရင် မင်းတို့ကို ခွင့်လွှတ်ပေးမယ်… မဟုတ်လို့ကတော့ မင်းတို့ ဘယ်အချိန်ကျမှ ပြန်လွှတ်လာမလဲ ငါလည်း မပြောတတ်ဘူး..” လင်းရီ ပြောလိုက်သည်။
ကောင်တီရှိ လူများက ယခုလို ခြိမ်းခြောက်ပြောဆိုမှုကို တစ်ခါမျှ မခံရဖူးသဖြင့် အသားကုန် ထိတ်လန့်ကုန်ကြ၏။ သူတို့ ချက်ချင်းဆိုသလို သူရဲဘောကြောင်ကုန်ကြပြီး ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့ကို လက်ညိုးထိုး၍
“ အဲ့ဒီ နှစ်ယောက်… ငါတို့ကို ဒီလာပြီး ဒီလိုလုပ်ရင် ယွမ် ၂၀၀ ပေးမယ်ဆိုလို့ ငါတို့လာခဲ့တာ.. ငါတို့ တကယ်ကြီး ဘာမှမသိတာ…”
“ မင်းတို့… ဘာ သောက် အဓိပ္ပာယ် မရှိတာတွေ လာပြောနေတာလဲ… မင်းတို့ တစ်ယောက်ကိုမှ ငါ မသိဘူး....”
“ ဟုတ်တယ် သောက်အဘိုးကြီး အဲ့တာ ခင်များ… ခင်များရဲ့ ယောက်ဖ ကျန်းပန်းရုံကနေ တဆင့် ကျုပ်တို့ကို ခိုင်းတယ်ဆိုတာ ကျုပ်တို့ မသိဘူး မထင်နဲ့…”
ယွီချောင်းရှီ၏ နဖူးထက်တွင် ချွေးအေးများ စီးကျလာပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာသည်။
“ သောက်ပေါက်ကရတွေ … ငါ လုပ်ခိုင်းတာ မဟုတ်ဘူး…”
“ ယွီချောင်းရှီ… မင်း ဘာလုပ်ခဲ့လဲ ကြည့်စမ်း…”
ဝမ်ယွင်ကျန်း နှာမှုတ်လိုက်၏။
“ အတွင်းရေးမှူးဝမ်… ခင်များ ယုံကြည်မှရမယ်.. ကျုပ် တကယ်ကြီး ဒါမျိုး မလုပ်ခဲ့ပါဘူး.. လုပ်လည်း မလုပ်ဝံ့ပါဘူး…”
“ ငါ မင်းဆီကနေ ဘာ အကြောင်းပြချက်မှ မကြားချင်ဘူး.. ဒီကိစ္စ ခေါင်းဆောင်ကြီးတွေဆီ တင်ပြမယ်.. ဘာဆက်ဖြစ်လာမလဲ ဆိုတာကတော့…. အဲ့တာ မင်းရဲ့ ကံကြမ္မာပဲ….”