အသက် ၃၀ မကျော်ခင် သွေးဆုံးနေမှာကို မင်း မကြောက်ဘူးလား
Vol. 93 Ch. 1387
ဘုတ်…
ယွီချောင်းရှီ တစ်ကိုယ်လုံး ကြမ်းပြင်ပေါ်သို့ ပုံလျက် လဲကျသွားခဲ့တော့သည်။
သူ့စိတ်တွေ ကယောင်ချောက်ချား ဖြစ်လို့နေသည်။ ရှေ့ဆက် ဖြစ်လာမည့် သူ၏ ကံကြမ္မာကို တွေးပူ စဉ်းစားရင်း ရင်ဘက်ကြီး တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေတော့သည်။
လင်းရီ ကုန်းကွထိုင်၍ ယွီချောင်းရှီ၏ ပခုံးကို အားပေးသည့်နှယ် ပုတ်ပေးလိုက်သည်။ ထို့နောက် နားအနားကပ်၍ တီးတိုးလေသံဖြင့် “ တကယ်တမ်းကျ ကျုပ် တုံးစန်းကောင်တီ လာတယ်ဆိုတာ ကစားဖို့ပဲ… ခင်များ ထင်သလောက်ကြီး သူတော်ကောင်း ဖြစ်နေတာ မဟုတ်ဘူး… မြင့်မြတ်နေတာ မဟုတ်ဘူး.. အချိန်တန်ရင် ကျုပ်က ထွက်သွားမယ့်လူ.. ခင်များ ဘာလို့ ဒီလိုတွေ လုပ်ရတာ… ဒီလိုတွေ လုပ်စရာကို မလိုတာ… ခုတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်သောက်လိုက်ရပြီမလား… ဟင်း…..”
“ မင်း….”
ယွီချောင်းရှီသည် လင်းရီကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။ ရုတ်ချည်းဆိုသလို သူ့တွင် ပြောစရာ စကား အခွန်းပေါင်း ထောင်သောင်း မကရှိလာသော်လည်း လည်ချောင်းဝတွင် တစ်စို့နေခဲ့ကာ တစ်လုံးတစ်ပါဒမျှ ထွက်လို့မလာခဲ့ချေ။
“ ကျုပ် ခင်များကို ပြောပြဖို့ ဝန်မလေးပါဘူး… ယွီဟန်မြို့ရဲ့ ခေါင်းဆောင်ကြီး ကိုယ်တိုင် ဒီရောက်လာခဲ့ရင်တောင် ကျုပ်ကို တလေးတစားနဲ့ စကားပြောရမှာ… ဒီရဲ့ တုံးစန်းကောင်တီလို နေရာမျိုးမှာ အာဏာ ပါဝါတွေ မက်မောနေမယ်လို့ ထင်လား… ခင်များ ကျုပ်ကို တကယ် အထင်သေးနေခဲ့တာပဲ…” လင်းရီ ယွီချောင်းရှီကို ပြုံးရင်း ကြည့်နေခဲ့သည်။
“ ခင်များရဲ့ အမှားတွေကနေ သင်ခန်းစာယူ… ဒါမှ နောင်ကျရင် တူညီတဲ့ အမှားမျိုးကို နောက်တစ်ခါ မကျူးလွန်မိမှာ.. ခင်များ သွားပြီး အပြစ်ပြုလို့ မရတဲ့ လူတစ်ချို့ဆိုတာ ရှိတယ်… ကျုပ်က အဲ့ဒီထဲက တစ်ယောက်ပဲ..”
မကြာမီ တစ်စုံတစ်ယောက်က ယွီချောင်းရှီနှင့် ကျိုးဖုန်းတို့ကို လာခေါ်သွားပြီး လင်းရီနှင့် ကျန်နှစ်ယောက်ကတော့ ရုံးခန်းထဲ ပြန်လာခဲ့သည်။
ဝမ်ယွင်ကျန်းက သူ့ကို ရုံးခန်းသို့ ခဏဆင့်ခေါ်ပြီး ညွှန်ကြားချက် တစ်ချို့ ထပ်ပေး၏။ ထို့နောက် သူနှင့် လီစီကျင်းကို ပြန်ပြီး နားခိုင်းလေသည်။ ခွင့်ပေးလိုက်သည်ဟုလည်း သတ်မှတ်၍ရသည်။
“ အစ်ကိုရီ… ရှင် မနက်ဖြန်အတွက် ဘာတွေ စီစဉ်ထားလဲ…”
အလုပ်သိမ်းပြီးတော့ လီစီကျင်းက မေး၏။
“ ငါတို့ အရင်ဆုံး ဘက်စ်ကားနဲ့ ကျိုးဟိုင်ကို သွားကြမယ်… ပြီးမှ အဲ့ကနေ လေယာဉ်နဲ့ မြောက်ပိုင်းကို ပျံသန်းကြမယ်…” လင်းရီ ပြောလိုက်ပြီး “ မင်း တစ်ခုခု လုပ်စရာ ရှိလို့လား…”
“ ထင်ထင်လည်း မနက်ဖြန် ကျိုးဟိုင်ကို သွားမှာ… သူ ကျွန်မတို့ ကားနဲ့ လိုက်ခဲ့လို့ ရမယ်မလား…”
“ ထင်ထင်လား…” လင်းရီ ခေတ္တမျှ ရပ်တန့်၍ “ မင်းရဲ့ သူငယ်ချင်း သူဌေးသမီးလေးကို ပြောနေတာလား..”
“ အွန်း… သူပဲ..” လီစီကျင်း ခေါင်းညိမ့်လိုက်ပြီး “ မနေ့က ကျွန်မတို့ နှစ်ယောက် ဖုန်းထဲမှာ စကားပြောရင်း မြောက်ပိုင်းကို အလုပ်ခရီးထွက်မယ့် အကြောင်း စကားစမိလိုက်တယ်လေ… သူ ပြောတာ သူလည်း ကျွန်မတို့နဲ့အတူ ကျိုးဟိုင် အတူ လိုက်ခဲ့ချင်တယ်တဲ့… ကားပြိုင်ပွဲ တစ်ခု ဝင်ပြိုင်မလို့ဆိုပဲ…”
“ ရတယ်လေ… ဘယ်လိုပဲ ဖြစ်ဖြစ် ကားထဲမှာ နေရာလွတ်တွေ ရှိနေတာကိုပဲ… “ လင်းရီ ပြန်ပြောလိုက်ပြီး “ ဒါပေမယ့် ငါ သိချင်တာ… သူ့ရဲ့ စကေးတွေနဲ့ ဘယ်လို ပြိုင်ပွဲမျိုးမှာ ဝင်ပြိုင်မလို့တဲ့တုန်း…”
“ ကျွန်မလည်း မသိဘူး… ဒါပေမယ့် သူ စိတ်လှုပ်ရှားနေတဲ့ပုံကို ကြည့်ရသလောက်တော့ အတော်လေး အရေးကြီးတဲ့ပွဲ ဖြစ်မယ်နဲ့ တူတယ်…”
“ ကောင်းပြီ ကိစ္စမရှိဘူး… မင်းဘာမင်း အဆင်ပြေအောင်သာ ကြည့်လုပ်လိုက်…”
“ ဟီးဟီး… ကျေးဇူးပါ အစ်ကိုရီ..”
လီစီကျင်းကို လိုက်ပို့ပေးပြီးနောက် လင်းရီသည်လည်း ဟိုတယ်သို့ ပြန်လာပြီး အနားယူတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ဘက်စ်ကားတစ်စင်းက ကောင်တီ ရုံးအဆောက်အဦး၏ ဝင်ပေါက်ဝတွင် ထိုးရပ်လာသည်။
ဆယ်နာရီ အချိန်လောက် ရောက်တော့ လိုက်ပါမည့်လူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ဘက်စ်ကားပေါ်သို့ တက်လာကြ၏။ နောက်ကျသူဟူ၍ တစ်ယောက်တစ်လေမျှပင် မရှိ။ အကုန်လုံးက အချိန် တိကျကြသည်။
လင်းရီ ကားထဲရှိ လူများကို တစ်ချက်ကြည့်လိုက်၏။
အသက်အကြီးဆုံး လေးဆယ် အရွယ်ဖြစ်ပြီး အငယ်ဆုံး အသက် ၂၀ အစောပိုင်းပင်။ သူတို့အားလုံးက တက်ကြွသည့် စိတ်ဝိဉာဏ်တို့ဖြင့် ရှိနေကြပြီး သူ၏ လေ့ကျင့်ရေး ပရိုဂရမ် လိုအပ်ချက်နှင့် ကိုက်ညီလေသည်။
အကယ်လို့ အသက် ၇၀၊ ၈၀ အရွယ်ကြီးများ၊ သို့မဟုတ် ကျန်းပန်းရုံနှင့် သူ့ဇနီးလိုမျိုး ဟန်နီးမွန်းခရီးထွက်သလို အချောင်သမားများ လိုက်ပါလာခဲ့မည် ဆိုပါက သူ စီစဉ်သည့် ခရီးသွား လေ့လာရေး၏ ရည်ရွယ်ချက်လည်း ပျောက်ဆုံး ပျက်စီးသွားရလိမ့်မည်။
ဤသည်က မယ်မယ်ရရ လေ့ကျင့်ရေး ပရိုဂရမ် ဖြစ်ပြီး ထိုကဲ့သို့ ထမင်း အလကား စားချင်သူများ လိုက်ပါလာဖို့ မလိုအပ်ချေ။
“ ဒါရိုက်တာလင်း… မင်းပြောတာ ငါတို့ ဒီ ခရီးစဉ်အတွက် ပိုက်ဆံ တပြားမှ သုံးစရာ မလိုဘူးဆိုတာ အဲ့တာ အမှန်ပဲလား…”
“ ငါတို့ဘက်က သွားရေးလာရေး၊ နေထိုင် စားသောက် စားရိတ် အကုန်လုံးကို ကုန်ကျခံပေးသွားမှာ… ဒါပေါ့.. တကယ်လို့ ကိုယ်က အဲ့ဒီနေရာက တခြား နေရာတွေ သွားလည်ချင်တယ်ဆိုရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲပေါ့… အဲ့တာတော့ ငါတို့လည်း ဘယ်အကုန်ကျ ခံပေးနိုင်မှာ…”
လူတိုင်း ရယ်မောလိုက်ကြသည်။
“ ဒါပေါ့… ဒါပေါ့… အဲ့လိုမျိုးတွေအတွက် ပိုက်ဆံ တောင်းရအောင်အထိ ငါတို့လည်း မသိတတ်တာ မဟုတ်ပါဘူး… အဲ့လို အသိစိတ်လေးတော့ ရှိပါသေးတယ်…”
“ ဒီတော့ ငါတို့ခရီးထွက်ကြမှာက လေယာဉ်နဲ့လား ရထားနဲ့လားတဲ့….”
“ ဒါပေါ့.. လေယာဉ်နဲ့ပေါ့… ရထားနဲ့ဆိုလို့ကတော့ မြောက်ပိုင်းကို ရောက်ဖို့ တစ်ရက်နဲ့ တစ်ညလောက်ကို စီးရပါလိမ့်မယ်….”
“ ဝူးဟူး… လေယာဉ်နဲ့တဲ့… “
လင်းရီ ပြုံးလိုက်သည်။ “ အိုကေ အားလုံးပဲ.. ကြွားတာက ကြွားလို့ရတယ်… ဒါပေမယ့် ဒီခု ဥစ္စာက လေ့လာသင့်ယူဖို့ ရှားပါးတဲ့ အခွင့်ကောင်းပဲ… ဒါကြောင့်မို့ ဂရုတစိုက်နဲ့ အာရုံစိုက်ထားကြပါ… နောင်ကျရင် အခွင့်အရေး ထပ်ရမှာ မဟုတ်တော့ဘူး…”
“ စိတ်ချ ဒါရိုက်တာလင်း… ငါတို့ မိသားစုက ငါ့ကို ကိုယ်စားလှယ် လွှတ်လိုက်တာ… ငါ့မိန်းမက ပြန်လာလို့ ဘာမှ မသိလာခဲ့ရင် ခြေထောက် သုံးချောင်းလုံးကို ရိုက်ချိုးမှာတဲ့… တစ်လုံးမှ မလွတ်အောင်ကို နားထောင်မှာ…”
“ ဟားဟား….”
လမ်းတစ်လျှောက်တွင် ဘက်စ်ကားထဲရှိ လေထုက သီချင်းညည်းသံများ၊ ရယ်မောသံများဖြင့် လွတ်လပ်ပေါ့ပါးနေကြသည်။
လူတိုင်းကလည်း အတူလိုက်ရယ်မောရင်း တစ်ဦးနှင့် တစ်ဦး လျင်လျင်မြန်မြန်ပဲ ရင်းနှီးလာခဲ့ကြ၏။
တစ်နာရီ နီးပါးလောက် ဘက်စ်ကားစီးပြီး နောက်ဆုံးတွင် ယွီဟန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထင်ထင်ကတော့ သတ်မှတ်ထားသည့် နေရာတွင် ကြိုရောက်နေပြီး ကားကို မြင်တော့ အသင့် တက်လာခဲ့လိုက်၏။
ဝမ်ထင်၏ သွင်ပန်း သဏ္ဌာန်က ထုံးစံ အတိုင်း ခပ်မိုက်မိုက်ပင်။ တစ်ချိန်တည်းတွင် ကြွက်သားဗလကြီးများနှင့် ကြောက်စရာ ကောင်းမနေသလို မိန်းကလေး အရမ်းဆန်သည်မျိုးလည်း မဟုတ်ချေ။
လင်းရီကို မြင်တော့ ဝမ်ထင် မျက်လုံးလှန်ကြည့်လိုက်၏။
လင်းရီ ဆွံ့အသွားခဲ့ရသည်။
ဒီ မိန်းမက ရူးများနေလား…
“ နင်က တစ်ခုခုပဲ သိလား… အစ်ကိုရီရဲ့ ကားထဲမှာလည်း လိုက်စီးသေးတယ်.. သူများ ကိုလည်း မျက်လုံးလှန်ကြည့်နေသေးတယ်…”
“ အကျင့်ပါသွားပြီ… အချိန်ခဏလေးနဲ့တော့ ပြင်လို့ရဦးမှာ မဟုတ်ဘူး…”
လင်းရီ “ …… “
“ အိုး ဟုတ်သားပဲ… ငါနင့်ကို မေးမယ် မေးမယ်နဲ့ မေ့နေတာ.. နင် ကျိုးဟိုင်ကို ပြိုင်ပွဲဝင်ဖို့ သွားမှာဆို… ဘယ်လိုပြိုင်ပွဲမျိုးလဲ….”
ထိုစကားကြားတော့ ဝမ်ထင် စိတ်လှုပ်ရှားလာသည်။
“ ကျူဖုန်း နိုင်ငံတကာ ဖလား ၊ ငါက ယွီဟန်မြို့ ကိုယ်စားပြုထဲက တစ်ယောက်လေ…”
“ တကယ်ကြီးလား… တီဗွီမှာ ပြတဲ့ ဟိုလို ပြိုင်ပွဲမျိုးလား…”
လီစီကျင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမ၏ သူငယ်ချင်းမလေးက ထိုကဲ့သို့ အဆင့်မြင့်သည့် ပြိုင်ပွဲမျိုးတွင် ဝင်ပြိုင်နေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
“ တော်တော်လေး အဆင့်မြင့်တယ်… ဒါပေမယ့် ငါတို့ လုပ်တာက ဝါသနာအရပဲ… ပရော်ဖက်ရှင်နယ်ကျကျတော့ မဟုတ်ဘူး… ဒါပေမယ့် လူတော်တော်များများကတော့ အတော်လေး အသိအမှတ်ပြုကြပါတယ်…”
“ ဝါး.. အထင်ကြီးဖို့ ကောင်းလိုက်တာ.. ငါ ဒီည အားတယ်… ဒီတော့ နင့်နောက် လိုက်ကြည့်လို့ရမယ်မလား…”
ဝမ်ထင် ရွှင်ပြသွားခဲ့ပြီး အနည်းငယ် ဂုဏ်ဆာနေသည့်ဟန်ဖြင့် “ ဒီည… ငါနင့်ကို အမြင်ကျယ်အောင် ခေါ်သွားပေးမယ်…”
“ အိုကေ…”
ပြောပြီးနောက် လီစီကျင်းသည် လင်းရီဘက်သို့ လှည့်ကြည့်လာခဲ့၏။
“ အစ်ကိုရီ… ရှင်ရော သွားဦးမလား…”
“ ဒီကောင်မလေး ဝင်ပြိုင်မယ်ဆိုတာနဲ့တင် ပွဲက ဘယ်လောက် ပျင်းဖို့ကောင်းမလဲဆိုတာ သိလိုက်ပြီ… ဟိုတယ်မှာပဲ နေတော့မယ်…”
“ ဟေ့ ဟေ့ ဟေ့… နင် ဘာစကားပြောနေတာလဲ… နင်ငါ့ကို အထင်သေး နေတယ်ပေါ့ ဟုတ်လား…”
“ သွားစမ်းပါကွာ… စပယ်ရှယ် ရွှိုင်းထားတဲ့ ကား အကောင်းစားကြီးနဲ့တောင် ငါ့ရဲ့ Lexus ကို မနိုင်တဲ့သူကများ လာပြီး အော်မနေနဲ့…”
“ နင်က ငါ့ကို ကားမပြိုင်ဖူးသလိုမျိုး လာပြီး လုပ်နေတာပဲ… နင်ကသာ ညစ်ပတ်သွားခဲ့တာလေ.. မဟုတ်ရင် နင့်ကို ဆယ်လျားစာလောက် အသာစီးပေးလိုက်လို့ရတယ်…”
“ အင်း… ဟုတ်တယ်.. မင်းမှန်တယ်…”
လင်းရီ ရုတ်တရက်ဆိုသလို ငြင်းဆန်ခြင်းကို ရပ်တန့်လိုက်ပြီး ဝမ်ထင်ကို ဆွံ့အသွားစေခဲ့ကာ ချက်ချင်းဆိုသလို ရှူးရှူးရှားရှားတွေ ဖြစ်သွားစေခဲ့သည်။
နှစ်နာရီလောက်ကြာပြီးနောက် ဘက်စ်ကားသည် ကျိုးဟိုင်သို့ ရောက်ရှိလာခဲ့၏။
လင်းရီ ညွှန်ကြားသည့်အတိုင်း ကားက ပန်နီဆူလာ ဟိုတယ်ရှေ့တွင် ထိုးရပ်လာခဲ့သည်။
“ လာကြ… ကားပေါ်က ဆင်းကြမယ်…”
ကားထဲကနေ ထွက်လာခဲ့ပြီးနောက် ကြီးကျယ်ခမ်းနားလှသည့် ပန်နီဆူလာ ဟိုတယ်ကြီးကို ကြည့်ရင်း ကားထဲရှိ လူများ မနာလို အားကျမှုတွေ ဖြစ်နေမိကြတော့၏။
“ အစ်ကိုရီ… ကျွန်မတို့က ဒီဟိုတယ်မှာ တည်းကြမှာလား…”
“ အင်း…”
“ နည်းနည်းလေး မချဲ့ကားလွန်းဘူးလား… ဒါ အနည်းဆုံး ကြယ်ငါးပွင့်ကြီး ဟိုတယ်ကြီးလေ…” လီစီကျင်းကနေပြီး ပြောလိုက်သည်။
သူမ၏ ကနေဦး အစီအစဉ်က ရိုးရိုးရှင်းရှင်း ဟိုတယ် တစ်ခုရှာ၍ တည်းခိုရန်ဖြစ်၏။ ထိုမှသာ ပိုက်ဆံ အများအပြား ချွေတာရာ ရောက်လိမ့်မည်။ သို့ပေမယ့် ထိုအစား ယခုလို ကြယ်ငါးပွင့် ဟိုတယ်ကြီးထံ ခေါ်ချခံလာရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ ခရီးထွက်လာမှတော့ နေဖို့ထိုင်ဖို့ သက်တောင့်သက်သာ ရှိမယ့် တစ်နေရာတော့ လိုတာ သဘာဝပဲမလား.. ကိုယ့်ကိုယ်ကို ညှင်းပန်းစရာ မလိုပါဘူး…”
“ ဟီးဟီး… နင် သတိထားနော်.. နင်တို့ရဲ့ ရန်ပုံငွေက အကန့်အသတ်နဲ့… နင် ဒီလို အရေးမပါတဲ့ အရာတွေအပေါ် ဗုန်းဗောလအော သုံးနေမယ်ဆိုရင် မြောက်ပိုင်း ရောက်လို့ ဘာမှ သုံးစရာ မကျန်ဘဲ ဖြစ်နေလိမ့်မယ်…”
“ မင်းလည်းနော်… နေရာတကာ လိုက်ပါ လိုက်စိတ်ပူပေးနေတော့တာပဲ… အသက် ၃၀ မကျော်ခင် သွေးဆုံးသားဆုံးတွေ ဖြစ်မှာ မကြောက်ဘူးလား…”
“ နင်ကသာ သွေးဆုံးမယ့်လူလေ…” ဝမ်ထင် ပြောလိုက်ပြီး “ လာပြီး ဟန်များ မနေနဲ့… နင် သုံးစရာ ပိုက်ဆံ မကျန်တော့မှ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့…”
ထိုအခိုက်အတန့်တွင် ဝမ်ထျန်းလုံသည် ဟိုတယ်ဝန်ထမ်းများနှင့် အပြင်သို့ ထွက်လာပြီး လင်းရီရှေ့တွင် ရပ်တန့်၍ “ ဥက္ကဌလင်း.. ရောက်လာပြီလားခင်ဗျ…”