← Chapters

ဘယ်သူတုန်း ငါ့ညီမကို အရေးယူမှာ

Vol. 93 Ch. 1389

ဘယ်သူတုန်း ငါ့ညီမကို အရေးယူမှာ

Vol. 93 Ch. 1389

“ ဘာဖြစ်တာလဲ… အစ်မကို ဖြည်းဖြည်းချင်း ရှင်းပြ…”

နှစ်ယောက်စလုံး အနည်းငယ် အံ့အားသင့်သွားခဲ့ကြပြီး စိတ်ပူသွားကြလေသည်။

“ ရွှမ့်ဟော်နဲ့ ညီမတို့ အဖမ်းခံထားရလို့… ရဲက မိသားစုဆီ ဖုန်းဆက်ပါဆိုလို့ ညီမ အစ်မဆီ ဖုန်းဆက်လိုက်တာ…”

“ နင်တို့ ကျိုးဟိုင်မှာကို ဘယ်လို အဖမ်းခံလိုက်ရတာလဲ…”

“ ညီမတို့ကားကို မိုင်ကျော်နင်းမိလို့……” ကော်နင်ယွဲ့ ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်၏။

၎င်းကို ကြားတော့မှ နှစ်ယောက်လုံးလည်း ဟင်းခနဲ ချနိုင်တော့သည်။

ထွေထူး ကြီးကြီးမားမား မဟုတ်သဖြင့် သူတို့ စိတ်ပူဖို့ မလိုချေ။

“ နင့် ကိုကြီးရဲ့ နာမည်ကို မပြောပြလိုက်ဘူးလား…”

လင်းရီ၏ ကျိုးဟိုင်အတွင်း လွှမ်းမိုးမှုဖြင့်ဆိုပါက သူ့နာမည် ထုတ်ပြောလိုက်သည်နှင့် ပြဿနာ အများစုကို အလွယ်လေး ဖြေရှင်းလိုက်၍ ရသည်ဟု သူမ မြင်မိသည်။

“ ပြောတယ်… ဒါပေမယ့် သူတို့က မယုံဘူး… ညီမတို့ကို ညာနေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်လို့တောင် ပြောနေကြတာ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ယောင်းမ… နင် မြန်မြန်လေး လာနော်… ဒါပေမယ့် ကိုကြီးကိုတော့ သွားမပြောနဲ့… သူသာ သိသွားခဲ့ရင် ညီမကို သေအောင် ဆူလောက်တယ်…”

“ အရမ်း နောက်ကျသွားပြီ… နင့် အစ်ကိုက ခု ငါ့ဘေးနားလေးမှာ.. သူ အကုန် သိသွားခဲ့ပြီ…”

“ အာ…..”

“ အဲ့တာ ဘေးချိတ်ထားစမ်းပါ… နင်တို့ အခု ဘယ်နေရာမှာလဲ.. ငါတို့ ခုချက်ချင်း လာခဲ့မယ်…”

“ ညီမတို့ အခု အနောက်ဘက်မြစ် ယာဉ်ထိန်းရဲစခန်းမှာ…”

“ မပူနဲ့… အစ်မတို့ အခုချက်ချင်း လာနေပြီ..”

“ နင်တို့နှစ်ယောက် ရဲအရာရှိနဲ့ ပူးပေါင်းဆောင်ရွက်ပေးထားလိုက်… ခေါင်းမာမနေနဲ့… ပြဿနာ ရှိခဲ့ရင် နင့်အစ်ကိုနဲ့ အစ်မ ရောက်ရင် ဖြေရှင်းပေးမယ်..”

“ အွန်း.. ဟုတ် “

ပြောပြီးနောက် ကျီချင်းရန် ဖုန်းချကာ လင်းရီ၏ ပေါင်ပေါ်မှ အလျင်အမြန် ထပြီး အိတ်ကို ကောက်လွယ်လိုက်သည်။ သူမ လောလိုက်၏။

“ မြန်မြန် မြန်မြန်…သွားကြစို့…”

“ ဒီနှစ်ကောင်က တစ်ခုခုတော့ တစ်ခုခုပဲ… နေ့ခင်းကြောင်တောင်ကြီးကို ကားပြိုင်မောင်းနေကြတယ်ပေါ့… တွေးကြည့်တော့မှ ကျိုးဟိုင်လာပြီး ကားလာပြိုင်ကြမလို့လား မသိဘူး..” လင်းရီ ပြောလိုက်သည်။

“ ရှေ့တလောတုန်းက နင်ယွဲ့ ငါ့ဆီ ဖုန်းခေါ်ပြီး ခန်းဝင် ပစ္စည်းတစ်ချို့ ဝယ်ချင်တယ် ပြောတယ်… ငါ့ကိုတောင် လိုက်ခဲ့ပေးဦးတဲ့… ဒီနေ့ ရောက်လာမယ်လို့တော့ ထင်မထားဘူး…” ကျီချင်းရန် ကာပြောပေးလိုက်၏။

“ ပြီးတော့ နင့်ကို ရှင်းအောင် တစ်ခါတည်း ပြောထားရဦးမယ်… နင်ယွဲ့က အခု လက်ထပ်ရတော့မှာ… မိန်းမကြီး ဖြစ်နေပြီ.. သူ့ကောင်လေးကလည်း သူ့ဘေးနားမှာ ရှိတယ်… သူ့ အစ်ကိုကြီး တစ်ယောက် အနေနဲ့ နင် မသင့်လျော်တာတွေ မပြောရဘူး.. နားလည်လား…”

“ နားလည်ပါတယ် နားလည်ပါတယ်..”

“ သွားစို့…”

ကျီချင်းရန်၏ ဆော်ဩမှုအောက်တွင်ပဲ နှစ်ယောက်စလုံးသည် မြေအောက် ကားပါကင်သို့ အလျင်အမြန်ရောက်ရှိလာပြီး မာစီးတီး ကားထဲသို့ ဝင်၍ အနောက်ဘက်မြစ် ယာဉ်ထိန်း ရဲစခန်းသို့ ခရီးနှင်လာသည်။

********

အနောက်ဘက်မြစ် ယာဉ်ထိန်း ရဲစခန်းတွင်။

ကောင်နင်ယွဲ့နှင့် သူ့ကောင်လေး ၊ ချွီရွှမ့်ဟော်တို့သည် ဘေးတွင် လက်ထိပ်ခတ်ခံထားရလျက် ထိုင်နေကြသည်။

သို့သော် သူတို့နှင့် ရွယ်တူ နီးပါးရှိမည့် လူငယ် နှစ်ယောက်ကလည်း သူတို့ ဘေးရှိ ခုံတွင် ထိုင်နေလျက် ရှိ၏။

“ သူတို့လည်း ပြိုင်မောင်းနေတာခြင်း အတူတူ ဘာလို့ ကျွန်မတို့ကိုပဲ လက်ထိပ်ခတ်ထားရတာလဲ..”

ကော်နင်ယွဲ့ ကလန်ကဆန် ပြောလိုက်သည်။

လင်းရီ အားကိုးနှင့် သူမ ပို၍ ယုံကြည်ချက်တို့ ရှိလာပြီး ဤ ယူနီဖောင်းနှင့် ရဲများကို လုံးဝ ကြောက်ရွံ့ခြင်း မရှိတော့ချေ။

“ သူတို့က ပြိုင်မောင်းနေတာ မဟုတ်ဘူး… ဒီတိုင်း အရှိန်တင်လိုက်တာ… ပြီးတော့ မင်းတို့ရဲ့ ကားက လိုင်စင်တွေလည်း သေချာမလုပ်ထားတဲ့ မိုဒီဖိုင်းလုပ်ထားတဲ့ကား ဖြစ်နေတယ်… အဲ့တော့ သေချာပေါက်ပဲပေါ့… မင်းတို့နှစ်ယောက်ကို ထိန်းသိမ်း ထားရမှာပေါ့…” အမျိုးသား ယာဉ်ထိန်းရဲ အရာရှိမှ ပြောလိုက်ပြီး ကော်နင်ယွဲ့ကို ကြည့်လိုက်သည်။

“ ပြီးတော့ မင်းကို ပြောလိုက်မယ်… ဒီနေရာက ကျိုးဟိုင်… ကိုယ့်ကိုယ်ကို ဆင်ဆင်ခြင်ခြင်နေ… ဒီနေရာက မင်းရဲ့ အိမ်မဟုတ်ဘူး..”

“ ရှင်တို့ လွန်မလာနဲ့… “

“ အဲ့စကားကို ငါက ပြောရမှာ…” ယာဉ်ထိန်းရဲ အရာရှိကနေ ပြောလိုက်ပြီး “ မင်း ဒီလို ဆက်အော်ဟစ်နေဦးမယ်ဆိုရင် ငါ ခုချက်ချင်း အချုပ်ထဲ ပို့ရလိမ့်မယ်…”

ယာဉ်ထိန်းရဲ အရာရှိမှ အတည်ပေါက် မျက်နှာထားဖြင့် ပြောနေသည်ကို မြင်တော့ ကော်နင်ယွဲ့ ဆက်ပြီး အသံမဟစ်ဝံ့တော့ချေ။

ဤနေရာတွင် ခေတ္တနေရသည်က အချုပ်ကျသည်ထက်တော့ သာ၍ ကောင်းပါသေးသည်။

“ ဒီတိုင်း နာနာခံခံနဲ့ ပူးပေါင်းပေးလိုက်ရင် ခဏဆို ပြီးနေပြီကို ဘာလို့ ကိုယ့်ကိုယ်ကို ခက်ခဲအောင် လုပ်ချင်နေရတာလဲ…”

ပြောလိုက်သူက ဆံပင် အဝါရောင် ဆိုးထားသည့် လူငယ် တစ်ယောက် ဖြစ်ပြီး ထိုင်ခုံတွင် ထိုင်နေသည်။

သူ့နာမည်က ကျန်းလီချွင် ဖြစ်ပြီး သူ့ဘေးရှိ တစ်ယောက်ကတော့ သူ့သူငယ်ချင်း မာရှန်းတုံး ဖြစ်၏။

သူတို့နှစ်ယောက်လုံးက ရန်ချိန်က ဖြစ်ပြီး နှစ်ဦးစလုံး၏ မိသားစုများက အင်မတန် ချမ်းသာကြသည်။ သို့သော် ယွမ်သန်းအနည်းငယ် ပိုပိုလောက်ကလေးသာလျှင် ဖြစ်၏။

လင်းရီကဲ့သို့ စီးပွားရေး သမား အကောင်ထွားထွားကြီးနှင့် ယှဉ်မည် ဆိုလျှင်တော့ မိုင်ပေါင်းများစွာ ကွာဟနေသေးလေသည်။

အခြားတစ်ဖက်ရှိ ကော်နင်ယွဲ့နှင့် ချွီရွှမ့်ဟော်တို့ကတော့ ခန်းဝင် ပစ္စည်းများ ဝယ်ယူရန် ရန်ချိန်မှ ရောက်လာခဲ့ကြခြင်းပင်။ လိုအပ်သည်များကို ရန်ချိန်တွင် ဝယ်ယူ၍ ရသည် ဆိုသော်လည်းပဲ ကျိုးဟိုင်က ပိုပြီး စုံစုံလင်လင်နှင့် ရှိ၏။ ထို့ပြင် ကျီချင်းရန်ကလည်း အကြံဉာဏ်ပေး၍ ရသဖြင့် ဤသို့ လာခဲ့ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

သို့သော် ဤ အချင်းအရာများအပြင် ချွီရွှမ့်ဟော်၏ တခြား ဝါသနာ တစ်ခုက မွမ်းမံပြင်ဆင်ထားသည့် ကားများအား အထူး နှစ်ခြိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ယနေ့ည ကျင်းပမည့် ကျူဖုန်း နိုင်ငံတကာ ဖလားတွင် ပါဝင်ရန် ပြင်ဆင်နေခြင်းပင်။

ကားပြိုင်သည့် နေရာ၌ ချွီရွှမ့်ဟော်သည် ကျန်းလီချွင်ကဲ့သို့ လူနှင့် ဘယ်တုန်းကမှ အစေးမတည့်ခဲ့ချေ။ ထို့ကြောင့် ကျိုးဟိုင်သို့ မည်သူ အရင်ရောက်ဆိုပြီး လောင်းကြေး စားကြေး ချလိုက်ကြ၏။ သို့သော် ကျိုးဟိုင်သို့ ဝင်ဝင်ခြင်းပဲ ရဲဦးကြီးတို့က ဆီးလို့ကြိုကာ လေးယောက်စလုံးကို စခန်း ခေါ်လာခဲ့တော့သည်။

သို့ပေမယ့် ရန်ချိန်၊ ကျန်းမိသားစု၏ နာမည်က ရန်ချိန်ကို ကျော်လွန်၍ ကျိုးဟိုင်၌ပါ အချိတ်အဆက်များ ရှိနေခဲ့သည်။

သူ့ဦးလေးက ကျိုးဟိုင်တွင် ပို့ကုန်ပစ္စည်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်ပြီး ယွမ် တစ်ဘီလီယမ်ကျော် ကြွယ်ဝ ချမ်းသာသည်။ ထို့ကြောင့် အဆက်အသွယ် အားက အတော်လေးကို ကောင်း၏။

သို့ကြောင့်သာလျှင် သူသည်လည်း ရဲစခန်း၌ အေးဆေး ဒူးနှံ့နေနိုင်ခြင်းပင်။

“ ဘဝင်လေဟပ်မနေနဲ့… ငါ့ကိုကြီး လာရင် သူလည်း ငါတို့ကို ထုတ်ပေးနိုင်တယ်…”

“ ကျွတ် ကျွတ် ကျွတ်… မင်း ကိုကြီးက အဲ့လောက် အစွမ်းအစ ရှိနေရင် မင်းတို့ ဒီလို လက်ထိပ်လေးတွေနဲ့ နေနေရမှာ မဟုတ်ဘူး… လာနောက်မနေနဲ့ အိုကေ…” ကျန်းလီချွင် ပြောလိုက်သည်။

“ ကျစ်… နင် မယုံရင်လည်း နေပေါ့…”

“ ဒါဆိုလည်း စောင့်ကြည့်ပါဦးမယ်… ဟားဟားဟား….”

ကျန်းလီချွင် မောက်မောက်မာမာ ရယ်မောလိုက်သည်။

“ ဒါပေမယ့် သူ မြန်မြန်လာရင်တော့ ပိုကောင်းလိမ့်မယ်… ပြိုင်ပွဲက ည ရှစ်နာရီ စမှာဆိုတော့ မင်း မလွဲချော်ချင်ဘူးမလား…..

ချလပ်…

ထိုအချိန်တွင် စစ်ကြောရေး အခန်း တံခါး ပွင့်လာခဲ့ပြီး လူငယ်တစ်ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက် အထဲသို့ ဝင်လာသည်။

လူငယ်၏ နာမည်က ကျန်းလီဟန် ဖြစ်ပြီး သူသည်ကား ကျန်းလီချွင် ဦးလေး၏ သားတော်မောင် ဖြစ်ကာ ကျန်းလီချွင်ရဲ့ အစ်ကိုကြီးဆိုလည်း မမှားချေ။

ကျန်သူကတော့ အနောက်ဘက်မြစ် ယာဉ်ထိန်းရဲစခန်း၏ ရဲမှူးကြီး တုံကျန်းဟွာပင် ဖြစ်ပေသည်။

“ အစ်ကိုကြီး… မင်းလာပြီလား…”

“ မပူနဲ့… မင်းတို့ခဏဆို ထွက်သွားရတော့မှာ…”

ကျန်းလီဟန် တစ်ဖက်သို့လှည့်ပြီး တုံကျန်းဟွာကို ကြည့်လိုက်သည်။

“ အန်ကယ်တုံ၊ ဒီခု အခြေအနေက လယ်ကွင်း ဆင်နင်းထားသလို သိသိသာသာကြီး ဖြစ်နေပြီပဲဟာ… ကျွန်တော့် ညီငယ်က နည်းနည်းလေးပဲ အရှိန်တင်လိုက်မိတာ ငဲ့ညာပြီးမှ လွတ်ပေးလိုက်လို့ရလား..”

တုံးကျန်းဟွာသည် သူ၏ အောက်လက်ငယ်သား နှစ်ယောက်ကို ကြည့်ပြီး ယခုလို ပြောလိုက်၏။ “ အခြေအနေ ဘယ်လိုရှိလဲ.. မင်းတို့ နှစ်ယောက်လုံး မြင်လိုက်ရတယ်မလား…”

“ တိပ်ခွေထဲမှာ အကုန် ပါပြီးသားပါ… သူတို့က အရှိန်အကန့်အသတ်ထက် နည်းနည်းလေး မြန်သွားရုံပါပဲ…”

“ ဒါဆိုလည်း ထုံးစံအတိုင်း… ၊ ယွမ် နှစ်ရာ နဲ့ သုံးမှတ် နှုတ်မယ်…”

“ ကျေးဇူးပါ အန်ကယ်တုံ…” ကျန်းလီဟန် ယဉ်ကျေးစွာ စကားဆိုလိုက်သည်။

ယွမ်နှစ်ရာနှင့် သုံးမှတ်နှုတ်သည်က သူတို့လို ချမ်းသာသည့် သူဌေးသားလေးများ အဖို့တော့ ဘာမျှ မပေါက်ချေ။ မိုးဖွဲ မိုးပေါက်စနလေးကဲ့သို့ ဖြစ်ပြီး အပြစ်ပေးမခံရသည်နှင့် အတူတူပင်။

ထိုအခါ ကျန်းလီချွင်တို့ နှစ်ယောက် မတ်တပ်ရပ်လိုက်ပြီးမှ ချွီရွှမ့်ဟော်တို့ဘက် လက်ညိုးထိုး၍ “ အန်ကယ်တုံ၊ ဒီနှစ်ယောက်က ပြိုင်မောင်းရုံတင် မကသေးဘူး… သူတို့ရဲ့ မွမ်းမံ ပြင်ဆင်ထားတဲ့ ကားကလည်း တရားမဝင်ဘူး… သူတို့က အရမ်းမြန်တယ်.. ဥပဒေ ပြင်ပကို ရောက်နေပြီး သာမန်လူတွေရဲ့ အသက်ကို ဂရုမစိုက်တာ သိသာတယ်… သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူရမယ်နော်… သည်းခံနေလို့ မရဘူး…”

“ ကျန်းလီချွင်… မင်း လွန်မလာနဲ့..” ချွီရွှမ့်ဟော် အံကြိတ်လိုက်သည်။

“ ငါ ဘယ်မှာ လွန်လို့လဲ…. မင်းတို့ အမှားလုပ်တာကို သူများတွေက ထောက်ပြပေးပိုင်ခွင့် မရှိဘူးပေါ့ ဟုတ်လား… အမယ်လေးလေး ကြီးစိုးနိုင်လိုက်တာနော်…”

“ မင်း….”

“ မင်းတို့ ဘာတွေ ရန်ဖြစ်နေကြတာ… ဒီနေရာက မင်းတို့ ငြင်းခုံနိုင်တဲ့ နေရာမဟုတ်ဘူး..”

တုံးကျန်းဟော် အေးစက်စက် နှာမှုတ်လိုက်ပြီး ချွီရွှမ့်ဟော်နှင့် ကော်နင်ယွဲ့တို့ နှစ်ယောက်စလုံးကို တိတ်ဆိတ်သွားစေသည်။

“ သူတို့ အမှုကိုကော မှတ်တမ်းတင်ထားလား…” တုံကျန်းဟွာ မေးလိုက်သည်။

“ ပြိုင်မောင်းနေတာလို့ တကယ်ပဲ သံသယ ရှိပါတယ်.. ပြီးတော့ သူတို့ကားက မွမ်းမံပြင်ဆင်ထားတဲ့ကားပါ… ကျိုးဟိုင် လာတဲ့လမ်းမှာ တစ်နာရီကို မိုင် ၉၀ ထိရောက်အောင် နင်းနေကြတာပါ… မြို့ရဲ့ အေးချမ်းသာယာမှုအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ဖြစ်စေပါတယ်…”

“ ဒါဆိုလည်း ဒီကိစ္စကို လေးလေးနက်နက် ကိုင်တွယ်လိုက်… ဒီ အဆင့်ထိ ရောက်နေပြီကို ကမှူးကရှူးက လုပ်ချင်နေသေးတယ်… အခြေအနေက ဘယ်လောက်ထိ ပြင်းထန်နေလဲဆိုတာ သူတို့ အသိစိတ် ဝင်သွားအောင် လုပ်ပေးမှရမယ်…”

“ ဟုတ်ကဲ့… နားလည်ပါပြီ ကပ္ပတိန် တုံ…”

ထိုအချိန်တွင် ထူးမခြားနား အမှုမထားသည့် ပေါ့ပေါ့ပါးပါး အသံတစ်သံက တံခါး အပြင်ဘက်ကနေပြီး ပျံ့လွင့်လို့လာသည်။

“ ငါ့ညီမကို လေးလေးနက်နက် အရေးယူမယ်ဆိုတာ ဘယ်သူတုန်း…”

All Chapters