← Chapters

သူက ကျိုးဟိုင်ရဲ့ သခင်လေးလင်းလား

Vol. 93 Ch. 1392

သူက ကျိုးဟိုင်ရဲ့ သခင်လေးလင်းလား

Vol. 93 Ch. 1392

ည အမှောင် ကျရောက်လာသည့် တိုင်အောင် ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းသည် မီးရောင်စုံတို့ဖြင့် ထိန်ထိန်လင်းနေလျက် ရှိသည်။

အပြင်ဘက် ကားပါကင်တွင် ပုံစံမျိုးစုံ၊ အရွယ်အစား မျိုးစုံနှင့် ရာနှင့်ချီသည့်ကားတို့ ထိုးရပ်ထားလေသည်။

လမ်း၏ ဘေးနှစ်ဖက်ပါမချန် ကားတို့ ထိုးရပ်ထားကြပြီး အလယ်တစ်လမ်းသာလျှင် သွားဖို့ နေရာ လမ်းရှိ၏။

ကားပြိုင်ပွဲကွင်း နေရာက လူ နှစ်သိန်းခွဲ ဝင်ဆံ့ပြီး ၎င်းတို့၏ ထိုင်ခုံ ငါးပုံတစ်ပုံက နေရာယူထားလေသည်။ ဤသည်က ယခုလို အော့ဖ်လိုင်း ကားပြိုင်ပွဲ ကြည့်ရှုသူ ပရိတ်သတ်တို့ မည်မျှ များပြားကြောင်းကို မီးမောင်းထိုးပြနေလျက် ရှိသည်။

“ ထင်ထင်ရေ… ဒီမှာ လူတွေ တအား များတာပဲနော်…”

လူပင်လယ်ကြီးကို မြင်တော့ လီစီကျင်း အင်မတန် အံ့အားသင့်သွားခဲ့သည်။

သူမ မူလက တွေးထားသည်မှာ လူ အယောက် ၁၈၀ လောက်သာ ရှိမည့် ပြိုင်ပွဲအသေးစားလေးဟု ထင်ထားသော်လည်းပဲ ဤမျှ ခမ်းနားကြီးကျယ်လိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။ နာမည်ကြီး အနုပညာရှင်များ၏ ပါတီပွဲပင် ဤမျှအတိုင်းအတာထိ ရောက်လိမ့်မည် မဟုတ်ချေ။

“ နင်က ဘယ်လို မျှော်လင့်ထားလို့… ဒါက ယွီဟန်၊ ကျိုးဟိုင် နဲ့ ရန်ချိန်တို့ စုပေါင်း ကျင်းပတဲ့ အော့ဖ်လိုင်း ကားပြိုင်ပွဲ…. ပရိတ်သတ်နဲ့ လွှမ်းမိုးမှုက နင်ထင်ထားတာထက် ပိုတယ်…”

“ မြို့သုံးမြို့ကြားက ပြိုင်ပွဲဆိုရင်တောင် ဒီလောက် လူအများကြီးကို ဆွဲဆောင်နေတာတော့ မဖြစ်သင့်ဘူးမလား….”

အမြဲတစေ ရိုးရှင်းသည့် စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသည့် လီစီကျင်းသည် ယခုလို အန္တရာယ်များသည့် ကစားနည်းမျိုး၌ အဘယ်ကြောင့် ပါဝင်ရန် တက်ကြွနေကြသလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။

အကယ်လို့ သူတို့သာ စိတ်ခံစားချက်များကို ထွက်ပေါက်ပေးချင်သည်ဆိုပါက ပန်းခြံထဲရှိ တိုက်ကားများနှင့် ပင်လယ်ဓားပြ စီးလည်း ရနေသည် မဟုတ်လား။

“ ဒီနေ့ ပြိုင်ပွဲက မြို့သုံးမြို့ရဲ့ ထိပ်တန်း ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ ဦးစီးဦးဆောင်ပြုပြီး ကျင်းပတယ်ဆိုတာ နင်မသိလို့… ဒီလူတွေရဲ့ မြို့သုံးမြို့မှာ ရှိတဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် ဒီလောက် လူအများကြီးကို အသာလေး ဆွဲဆောင်လို့ရတယ်…” ဝမ်ထင် ပြောလိုက်သည်။

“ ပြီးတော့ နင်လည်း အွန်လိုင်းပေါ်မှာ တအား နာမည်ကြီးတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် ချင်းဟန်ကို သိတယ်မလား….”

“ သိတာပေါ့….. မင်းသမီးတော်တော်များနဲ့ သတင်းတွေ အများကြီး ထွက်ဖူးတယ်လေ… သူ့ပုံစံ ကြည့်ရတာ မိန်းကလေးတွေကို အဝတ်လိုပဲ အထည်လဲ တွဲနေသလိုပဲ…”

“ ဟုတ်တယ်… အဲ့တာသူ… သူက ကျိုးဟိုင်ရဲ့ ချမ်းသာတဲ့ ဒုတိယ မျိုးဆက်လေ… ဒီခု ပြိုင်ပွဲမှာ သူလည်း ဝင်ပြိုင်မှာ… အဲ့လို ပုဂ္ဂိုလ်ကြီးကတောင် ဒီမှာ ရှိနေမှာဆို‌တော့ ဖန်တွေနဲ့ ဖိနပ်လျက်ချင်တဲ့ လူတွေက ဒီ အခွင့်အရေးကို ကျိန်းသေပေါက် အလွတ်ပေးမှာ မဟုတ်ဘူး….”

“ ဒါလည်း ဟုတ်သားပဲ….”

“ ထင်ထင်… မင်း ဒီမှာ ဘာလဲ လုပ်‌နေတာ… သွားပြီး မြန်မြန် ပြင်ဆင်ထားတော့လေ…. ပြိုင်ပွဲက စတောင် စတော့မယ်..”

ထိုစကား ပြောလိုက်သူကတော့ လီမိုဟု ခေါ်သည့် ကောင်လေး တစ်ယောက်ပင်။ သူက ဝမ်ထင်ရဲ့ အသင်းသား တစ်ဦး ဖြစ်၏။

သူ့မိသားစု အခြေအနေက ဝမ်ထင်တို့ မိသားစုထက် နည်းနည်းလေး သာလွန်ပြီး ယွီဟန်တွင် အတော်လေး နာမည်ကြီးထဲ ပါသည်။

“ ငါ့ ညီမကို ချင်းဟန် အကြောင်း သင်ပြပေးနေတာ..”

“ ချင်းဟန်…. သူလား... ငါသူ့ကို သိတယ်… သူက ကျိုးဟိုင်ရဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ထဲမှာ အံ့အားသင့်ဖို့ အကောင်းဆုံး ဖြစ်ခဲ့ဖူးတဲ့လူလေ.. တော်တော်လေး အထင်ကြီးဖို့ ကောင်းတဲ့လူ….”

“ ဟင်…. နင် ဘာတွေ လာပြီး ပြောနေတာ… ခုလည်း အံ့အားသင့်ဖို့ အကောင်းဆုံး မဟုတ်လို့လား…”

ဝမ်ထင် မေးလိုက်၏။

“ အခုလည်း အထင်ကြီးစရာ ကောင်းနေတုန်းပါပဲ… ဒါပေမယ့် သခင်လေးလင်းလို့ ခေါ်တဲ့ နောက်တစ်ယောက်က ကျိုးဟိုင်မှာ ထွက်လာခဲ့တယ်… သူက ချင်းဟန်နဲ့ သူငယ်ချင်းကောင်းတွေ… ငါ ကြားမိတာတော့ အဲ့သူက ချင်းဟန်ထက်တောင် ချမ်းသာပြီးတော့ ကျိုးဟိုင် သခင်လေး လေးယောက်ရဲ့ ခေါင်းဆောင်ဆိုလားပဲ… တစ်ချို့ လူတွေရဲ့ အသိုင်းအဝိုင်းထဲမှာကျတော့ သူက ထိပ်တန်း လူပေါ်ကြော့… ချင်းဟန်ထက်တောင် ရှိန်ဖို့ကောင်းတယ်…”

“ တကယ်ကြီး… ချင်းဟန်ထက်ပိုပြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက်လည်း ရှိသေးတာပေါ့…”

“ ဒါပေါ့.. အဲ့တာ အမှန်ပဲ.. ပြီးတော့ ငါတို့ ကပ္ပတိန်ဆီကနေ ကြားလာခဲ့တာ အဲ့ဒီ သခင်လေးလင်းလည်း ဒီည ဒီရောက်လာမယ်ဆိုပဲ… သူ့ရဲ့ ကားမောင်းတဲ့ စကေးတွေကလည်း ခေတဲ့ထဲ မပါဘူး… ဒီည ပြိုင်ပွဲထဲ ဝင်ပါလောက်တယ်…”

“ အဲ့လိုဆိုရင် ငါတို့ သူ့မျက်နှာ မြင်ခွင့်ရတော့မှာပေါ့နော်..”

လီမို ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ “ ငါ ကြားဖူးတာတော့ ချောမောခန့်ညားချက်က သရုပ်ဆောင် မင်းသားတွေ ရှုံးတယ်တဲ့နော်…”

“ ကျစ် ကျစ် ကျစ်.. ငါကလည်း အချောလေးတွေ ကြည့်ရတာ ကြိုက်တဲ့ ဝါသနာကလွဲရင် တခြားဘာမှ မရှိတာနဲ့တော့ ခက်နေပါပြီ….”

“ ဒါဆိုလည်း မင်း ကံကောင်းတယ်… ငါ့ရုပ်ကိုသာ ကြည့်နေလိုက်…”

“ လစ်စမ်း လစ်စမ်း… နင့်လို ရုက္ခစိုးကြီးကို ဘယ်သူမှ စိတ်မဝင်စားဘူး…”

“ သေစမ်း…”

ဝမ်ထင်၏ စနောက်ခြင်းကို ခံလိုက်ရသော်လည်းပဲ လီမို စိတ်မဆိုးသွားခဲ့ချေ။ ထိုအစား နောက်သို့ ပြန်လှည့်သွားပြီး ခဏနေ စတော့မည့် ပြိုင်ပွဲအတွက် ပြင်ဆင်စရာ ရှိသည်များကို သွားရောက်ပြင်ဆင်သည်။

“ ဟီးဟီး.. ဒီလာတာ ပြိုင်ပွဲထဲ ဝင်ပါမလို့ဘဲ… ဒါပေမယ့် လူချောလေးပါ တွေ့ရမယ်ဆိုတော့ ဒီ တစ်ခေါက် ကျိုးဟိုင်လာရတာ အရမ်းတန်သွားပြီ….”

“ နင် ချောတဲ့ ကောင်လေးတွေ အဲ့လောက် ကြည့်ချင်နေတယ်ဆိုလည်း အစ်ကိုရီကို သွားကြည့်လို့ ရနေတာပဲဟာ… ငါတော့ သူက တော်တော်လေး ချောတယ်လို့ ထင်တယ်….” လီစီကျင်း ပြောလိုက်သည်။

“ ဟင်….”

ဝမ်ထင်သည် လီစီကျင်းကို သံသယ ဖြစ်စွာ ကြည့်လိုက်ပြီး “ နင် အဲ့လို စကားမျိုး ပြောလိုက်တယ်ဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး…. နင် အဲ့ကောင်ကို ခံစားချက်တွေ ရှိနေတာလား…”

“ ဟင့်အင်း… မရှိပါဘူး…”

ဝမ်ထင် စနောက်လာသည့် အတွက်ကြောင့် လီစီကျင်း၏ မျက်နှာ ရဲတက်လာခဲ့သည်။

“ အစ်ကိုရီက အဲ့လောက် ထူးချွန်သာ ငါက သူနဲ့ မထိုက်တန်ပါဘူး…”

“ တခြား အချက်တွေ ဘေးကပ်ထားပြီး ကြည့်ရင်တော့ သူက တော်တော်လေး အထင်ကြီးဖို့ ကောင်းတယ်… နင်တို့ နှစ်ယောက်ကြားမှာ ကွာဟချက် တစ်ချို့ ရှိနေတယ်ဆိုပေမယ့် အချစ်ဆိပ် တက်နေတဲ့ မိန်းမတစ်ယောက်ကို ဘာကမှ တားဆီးလို့ မရဘူးဆိုတာ နင် မှတ်ထား…. နင်သာ နည်းနည်းလောက် ကြိုးစားလိုက်မယ်ဆိုရင် အခွင့်အရေး ရှိတာမျိုးလည်း ဖြစ်နိုင်တာပဲလေ… အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညှိမှာပဲ….”

“ ငါ့အကြောင်းချည်း ပြောမနေနဲ့… နင်လည်း ဘာထူးလို့.. စင်ဂယ်ပဲဟာ…”

“ ငါက သင့်တော်မယ့်သူ မတွေ့သေးလို့… မဟုတ်ရင် အစောကြီးကတည်းက ယူပြီးသွားပြီ..” ဝမ်ထင် ပြောလိုက်ပြီး “ ဒါပေမယ့် လင်းရီက တကယ့်ကို အနှောင့်အယှက်… စိတ်ရှုပ်ဖို့ကောင်းတဲ့ကောင်… နင့်လို့ အ,တိ,အ,တ စရိုက်နဲ့ဆိုလို့ကတော့ အတူသာ နေဖြစ်ရင် နင် သေတဲ့ထိ လှည့်စားခံရလောက်တယ်…”

“ အိုက်ယား.. နင်ဘာတွေ လာပြီး ပြောနေတာလဲ…” လီစီကျင်း ရှက်တက်တက်နှင့် အော်လိုက်၏။

“ ငါတို့က ဒီတိုင်းသာမန် လုပ်ဖော်ကိုင်ဖက်တွေ … နင်ထင်ထားသလိုမျိုး ရှုပ်ထွေးမနေဘူး… ငါလည်း ကိုယ့်အခြေအနေကိုယ် သိပြီးသားပါနော်.. အဲ့လို အတွေးမျိုးတွေ ခေါင်းထဲကို မရှိတာ… ဒီတော့ မဟုတ်တာတွေ စိတ်ပူပေးမနေနဲ့…”

“ ငါက ဒီတိုင်းပြောတာပါဟယ်… ဒါပေမယ့် နင်တို့ နှစ်ယောက်က လိုက်တယ်လို့ကို ငါလုံးဝ မထင်တာ… သူက နင်နဲ့ မထိုက်တန်ပါဘူး….”

လီစီကျင်း ခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်သည်။ ထင်ထင်၏ လင်းရီ အပေါ် မကျေမချမ်း ဖြစ်နေမှုတို့က အချိန်တို အတွင်း ကွယ်ပျောက်လိမ့်ဦးမည် မဟုတ်ချေ။

“ ကြည့်…. သခင်လေးချင်းနဲ့ ကျန်တဲ့သူတွေ ထွက်လာပြီ…”

နှစ်ယောက်သား စကား ကောင်းနေစဉ်မှာပဲ အာမေဋိတ်သံများဖြင့် အော်ဟစ်သံများကို ကြားလိုက်ရလေသည်။

“ ချင်းဟန်နဲ့ တခြားသူတွေ ရောက်လာပြီ….”

“ ဒီလောက် အကြာကြီး စောင့်ပြီးတော့ သူတို့ နောက်ဆုံး ဒီရောက်လာပြီ….”

“ ငါ ကြားထားတာ သခင်လေးချင်းတင် မကဘူး… အမြဲတမ်း သိုသိုသိပ်သိပ် နေတဲ့ သခင်လေးလင်းလည်း ရောက်လာမယ်တဲ့… ငါ နောက်ဆုံးတော့ သူ့မျက်နှာကို ဖူးမျှော်ရတော့မယ်…”

“ သခင်လေး လင်းက သခင်လေးချင်းထက် ပိုပြီး ချမ်းသာတယ်ဆိုတဲ့ ကောလဟာလတွေက အမှန်ပဲလား သိချင်လိုက်တာ…”

“ ငါလည်း ကြားမိတယ်… မှန်လောက်တယ်… မဟုတ်ရင် သခင်လေးလင်းကို ကျိုးဟိုင် သခင်လေး လေးယောက်ရဲ့ ခေါင်းဆောင်ဆိုပြီး သိကြမှာ မဟုတ်ဘူး…”

“ မင်းမှန်တယ်…”

တခြားသူများ ဆွေးနွေးပြောဆိုနေကြသည့် အသံကို ကြားတော့ ဝမ်ထင်သည် လီစီကျင်း၏ လက်မောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဖက်လိုက်၏။

“ စီကျင်း.. နင်ကြားလိုက်လား… ဆန်းကြယ်တဲ့ သခင်လေးလင်းက သခင်လေးချင်းထက်ကို ပိုပြီး ချမ်းသာတယ်တဲ့… ငါတို့တော့ ဒီနေ့ ဂျက်ပေါ့ ထိတာပဲ…”

“ အိုက်ယား.. နင်အဲ့လောက်ထိ စိတ်လှုပ်ရှားစရာ လိုလို့လား….”

“ ခဏနေ ထွက်လာမယ့်လူက ဟွာရှရဲ့ ထိပ်တန်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးတွေလေ… ငါတို့ရဲ့ အခြေအနေနဲ့ဆို တွေ့ခွင့်ရဖို့ မဖြစ်နိုင်သလောက်ပဲ.. ဒီနေ့ အခွင့်အရေးကို အလဟဿ ဖြစ်စေလို့ မဖြစ်ဘူး..”

ဝမ်ထင် အားအင် အပြည့်ဖြင့် ဖြစ်နေပြီး ခြေဖျားထောက်၍ပင် ပြိုင်ပွဲကွင်းပြင် ဝင်ပေါက်ဝသို့ မျှော်တလင့်လင့်နှင့် ကြည့်နေလျက် ရှိတော့၏။

Buzz Buzz Buzz ….

Boom Boom Boom…..(ဘွန်း ဘွန်း ဘွန်း ....)

ပွဲကျင်းပရာ အတွင်းအပြင်၌ ပေါက်ကွဲသံ အတွဲလိုက် ထွက်ပေါ်လာပြီး

ဝမ်ထင် ဝင်ပေါက်ဝသို့ မမှိတ်မသုတ် စောင့်မျှော်ကြည့်နေစဉ်မှာပဲ ကားအစင်းရေ ဆယ်စင်းကျော်သည် အပြင်မှ မောင်းဝင်လာခဲ့၏။

သောင်းနှင့်ချီသည့် လူတိုင်း၏ အကြည့်အောက်မှာပဲ ချင်းဟန်နှင့် ကျန်သူများအားလုံး ကားပြိုင်ပွဲဝင်း၏ အလယ်ဗဟိုသို့ မောင်းနှင်လာခဲ့ကြပြီး ကားတံခါးဖွင့်၍ အပြင်သို့ ထွက်လာသည်။ ထို့နောက် ပရိသတ်များဘက်သို့လှည့်ကာ လက်များ ဝှေ့ရမ်းပြနေကြသည်။

လူတိုင်း၏ အာရုံစူးစိုက်ခြင်းကို ခံရသည်က သူ၏ ဝင့်ဝါမှုကို အားရကျေနပ်မှု ဖြစ်စေသည်။

“ သခင်လေး လင်း …”

“ သခင်လေး လင်း …”

“ သခင်လေး လင်း …”

အပြင်ဘက်ရှိ အော်ဟစ်သံများကို ကြားတော့ ကျီချင်းရန်သည် လင်းရီကို အဓိပ္ပာယ် ပါပါ တစ်ချက်ကြည့်လိုက်၏။

“ ငါ နင့်ကို အဲ့လောက် နာမည်ကြီးလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး… မိန်းကလေးတွေ အများကြီးက နင့်နာမည်ကို အော်ခေါ်နေကြတာပဲ….”

“ ဒါက……. မင်း ထင်သလောက်လည်း မဟုတ်ပါဘူးကွာ… ဒါ အကုန်လုံးက ချင်းဟန်ကြောင့်ပါ…”

“ ဒီည အိမ်ရောက်ရင် နင်တော့ တွေ့ပြီပဲ..”

လင်းရီ မျက်နှာ မည်းမှောင်သွားခဲ့၏။ သူ ချင်းဟန်၏ ဘိုးဘေးအပေါင်းကို စိတ်ထဲတွင် ထပ်မံ မေတ္တာပို့သရင်း ကားတံခါးဖွင့်၍ ထွက်လိုက်သည်။

“ ဘုရားရေ… သခင်လေးက အရမ်းခန့်တာပဲ…”

“ ချောလိုက်တာ…..”

“ ငါမရတော့ဘူး… ငါမရတော့ဘူး… ငါသတိလစ်တော့မယ်… သူ့ရဲ့ စိတ်နေစရိုက်က ဖျော်ဖြေရေး နယ်ပယ်က မင်းသားတွေတောင် သူနဲ့ မယှဉ်နိုင်ဘူး..”

“ သူ့ဘေးက ကောင်မလေးကို ကြည့်စမ်း… ကြည့်ရတာ သူ့ကောင်မလေး ထင်တယ်… လှလိုက်တာဟယ်….”

“ အိုက်ယား…. သူ့ကိုကော သူ့ကောင်မလေးကိုရော ချစ်မိသွားလို့…”

ပတ်ဝန်းကျင်ရှိလူတိုင်းက အဆက်မပြတ် ဆွေးနွေးနေလျက် ရှိကြတော့၏။ သို့သော် ဝမ်ထင်နှင့် လီစီကျင်းတို့မှာမူ အံ့အားသင့်နေမိကြသည်။

“ ဟဲ့.. အဲ့တာ လင်းရီ မဟုတ်လား…”

All Chapters