← Chapters

နင်က မှန်ကို ကြိုက်တယ်၊ သူက ပြတင်းပေါက် ဘောင်ကို ကြိုက်တယ်

Vol. 93 Ch. 1393

နင်က မှန်ကို ကြိုက်တယ်၊ သူက ပြတင်းပေါက် ဘောင်ကို ကြိုက်တယ်

Vol. 93 Ch. 1393

လင်းရီကို မြင်လိုက်ရတော့ ဝမ်ထင်နှင့် လီစီကျင်းတို့၏ မျက်လုံး သူငယ်အိမ်များ ပြူးကျယ်သွားခဲ့ကြသည်။ သူတို့၏ ဦးခေါင်းဆိုလျှင်လည်း တူနှင့် အထုခံလိုက်ရသကဲ့သို့ မူးနောက်နောက် ဖြစ်သွားရလေသည်။

သူတို့နှင့် တစ်ချိန်လုံးနီးပါး အတူရှိနေခဲ့သူက ကျိုးဟိုင်၏ သခင်လေးလင်းဖြစ်ပြီး သခင်လေးချင်းထက်ပင် ကျော်ကြားနေသူ တစ်ဦး ဖြစ်နေသည်လော။

ဤသတင်းကြီးက လီစီကျင်းနှင့် ဝမ်ထင်တို့ နှစ်ဦးလုံးကို အတော်လေး ရှော့ခ်ရသွားစေခဲ့ကာ အချိန်တစ်ခုလောက် ကြာသည်အထိ သတိမလည်နိုင်ဘဲ ရှိနေတော့၏။

“ အတည်ကြီးလား.. သူက အဲ့လောက် နာမည်ကြီးနေတယ်ဆိုလည်း ဘာလို့ တုံးစန်းကောင်တီကိုလာပြီး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဌာနမှာ အလုပ်လုပ်နေသေးလဲ…”

ဤ ဖြစ်ရပ်ကြီးက ဝမ်ထင် အတွက်တော့ ဧရာမ ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်၏။ သူမ လုံးဝ လက်သင့်မခံနိုင်ချေ။

သူမ တစ်ချိန်လုံး ပုတ်ခတ် စော်ကားနေသည့်လူက တကယ်ကြီး အင်အားကောင်းသည့် ဒုတိယမျိုးဆက် သခင်လေး တစ်ယောက် ဖြစ်နေသည်လော။ မည်သူကရော ထိုအချက်ကို လက်သင့်ခံနိုင်လိမ့်မည်နည်း။

“ ဒီလူတွေရဲ့ တုံ့ပြန်ပုံကို ကြည့်ရသလောက်တော့ မမှားလောက်ဘူး …” လီစီကျင်း ပြောလိုက်သည်။

“ ငါတော့ နင့်ကို သူ့နောက် လိုက်ဖို့ ပြောမိတာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ထင်တယ်..” ဝမ်ထင် ပြောလိုက်ပြီး “ ဟိုရဲ့ ဒေါင်ကောင်းကောင်းနဲ့ မိန်းကလေးကို နင်ကြည့်ကြည့်.. မိုးပေါ်က နတ်သမီးလားပဲ… ရင်ဘက်နဲ့ ခြေတံသွယ်သွယ်လေးတွေဆို မိန်းမချင်းတောင် မနာလို ဖြစ်ရလောက်တယ်… အိုက်ယိုး ဝမ်းနည်းဖို့ ကောင်းလိုက်တာ…”

“ အစ်ကိုရီက ရုပ်ချောတယ်.. ခန့်ညားတယ်… ချမ်းသာပြီး ထက်ထက်မြက်မြက်လည်း ရှိတယ်… သူ့အရည်အချင်းတွေနဲ့ဆိုရင် ဒီလိုမျိုး ကောင်မလေး တစ်ယောက် ရှိတာက ဖြစ်သင့်တဲ့ ကိစ္စပဲလေ….”

“ ကဲပါ…. အရင်ဆုံး တစ်နေရာမှာ ဝင်ထိုင်နှင့်… လူတိုင်းလည်း ရောက်နေပြီဆိုတော့ ငါလည်း သွားပြင်ဆင်တော့မှ… ငါ့ကို အားပေးဖို့ မမေ့နဲ့နော်….”

“ အေးပါ…”

ဝမ်ထင် သူမကိုယ်သူမ ပြင်ဆင်၍ NCF အသင်းထံ လျှောက်လှမ်းလာခဲ့သည်။ သို့သော် အရေးကြီးဆုံးကတော့ လင်းရီကို ရှာဖို့ရန်ပင်။

“ နင်က ကျိုးဟိုင်ရဲ့ သခင်လေးလင်းပေါ့..”

ဝမ်ထင်ကို မြင်တော့ လင်းရီလည်း သူမ ကျိုးဟိုင်သို့ လာရင်း ရည်ရွယ်ချက်မှာ ယခုပြိုင်ပွဲတွင် ဝင်ပြိုင်ဖို့ ဖြစ်ကြောင်းကို အမှတ်ရသွားခဲ့သည်။

“ မဟုတ်ဘူးလို့ ပြောရင် မင်း ယုံမှာလား…”

“ နင့်ကြီးတော်ကို ယုံရမှာလား…”

“ ဒါဆိုလည်း ဘာလို့ မေးနေသေးလဲ… မင်းက ငတုံးလား…”

“ နင်…”

ဝမ်ထင် ဒေါသတကြီးနှင့် နှာမှုတ်လိုက်သည်။ သူမ ပြန်ပြီး ချေပလိုက်ချင်သော်လည်း လင်းရီ မည်သူဖြစ်ကြောင်းကို သတိရလိုက်တော့ ရင်ထဲ၌သာ ပြန်ပြီး သိမ်းဆည်းထားလိုက်၏။

“ နင့်မှာ ပိုက်ဆံ ရှိသွားတာနဲ့ပဲ မောက်မာလို့ရပြီ ထင်မနေနဲ့… နင့်ကို ပြောလိုက်မယ်… ငါတို့ အသင်းဘက်မှာ ကျွမ်းကျင်တဲ့ Racer ရှိတယ်… သူက နင့်ကို အသာလေး အနိုင်ယူနိုင်တယ်…”

“ ကောင်မလေး… ငါတို့ကို စကားနာထိုးဖို့ဆိုပြီး ယွီဟန်က မင်းကို လွှတ်လိုက်တာလား…” ကောင်းကျုံးယွမ်ကနေပြီး ပြောလိုက်သည်။

“ မဟုတ်ဘူး… ငါ ဒီလာတာ နင်တို့ကို ပထမနေရာရဖို့ အခွင့်အရေး မရှိဘူးဆိုတာ လာပြောတာ…. ရန်ချိန်နဲ့ ဒုတိယ နေရာကိုပဲ လုလိုက်ကြတော့…”

“ လင်းကော … သူတို့က မင်းကို အထင်သေးနေတာပဲကွ…” ကောင်းကျုံးယွမ်နှင့် ကျန်သူများ တဟားဟား ပွဲကျသွားခဲ့ကြသည်။

“ ငါတို့မှာ အဲ့လို လုပ်နိုင်စွမ်းရှိလို့ပဲ…”

ထိုစကားပြောလိုက်သူက ဝမ်ထင် မဟုတ်ပါဘဲ သူမဆီ လှမ်းလာနေသည့် အမျိုးသား နှစ်ယောက်ကနေပြီး ပြောလိုက်ခြင်းပင်။

ထိုအထဲ တစ်ယောက်က အင်မတန်ကို ငယ်ရွယ်သည်။ နှစ်ဆယ် အစောပိုင်းလောက်သာ ရှိမည်ဟု ထင်ရပြီး ပရော်ဖက်ရှင်နယ် racer ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ ဆံပင်ဒီဇိုင်းကတော့ နဖူးကျယ်ကျယ် အလယ်ခွဲလေးနှင့် ယူနီဖောင်းနှင့် ဆိုတော့ အနည်းငယ် ခန့်ခန့်ညားညား ရှိနေသည်။

သူ့ဘေးရှိ သက်လတ်ပိုင်း ၊ ၃၇,၃၈ ရှိမည့် လူကလည်း racer ယူနီဖောင်းပဲ ဝတ်ထားသည်။ သူက အရွယ်တင်သည်။ သို့သော် လူငယ်လေးလောက်တော့ ထူးခြားမနေချေ။

မေးစေ့တွင် ကျင်စွယ်ငုတ်တို ပေါက်နေပြီး စီးကရက်ကိုလည်း လက်ကကိုင်ထားသေးသည်။ အတော်လေးကို သာမန်ဆန်သည်ဟု ခံစားရစေသည်။

“ အစ်ကိုမင်… နင် ရောက်လာပြီလား…” ဝမ်ထင် ပျော်သွားခဲ့၏။

လူငယ်လေး၏ နာမည်က ဝူချီးမင် ဖြစ်ပြီး ယွီဟန် NFC အသင်း၏ အသင်းခေါင်းဆောင် ဖြစ်သည်။

သက်လတ်ပိုင်း လူ၏ နာမည်ကိုတော့ ကျိုးကျစ်ဖျင်ဟု ခေါ်ပြီး ဝူချီးမင် အသစ်ခေါ်ယူထားသည့် အသင်းသား တစ်ဦး ဖြစ်၏။

သူက ယမန်နှစ် ပြည်တွင်း ကားပြိုင်ပွဲ ချန်ပီယံ တစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင်တော့ ယခုလို အော့ဖ်လိုင်း ပြိုင်ပွဲများ လိုက်ပြိုင်၍ ဆုကြေးများ လိုက်လံ ရိတ်သိမ်းနေသည်။

ဝူချီးမင် ခေါင်းညိမ့်လိုက်သည်။ “ ငါ ဘာမှလုပ်စရာမရှိလို့ သခင်လေးချင်းကို နှစ်သိမ့်ပေးဖို့ လာခဲ့တာ… ဒုတိယ နေရာရရင်လည်း တအား ဝမ်းမနည်းနေနဲ့လို့.. မဟုတ်ရင် ကောင်းမှာ မဟုတ်ဘူး…”

“ ငါ ကျိုးကျစ်ဖျင်ကို သိတယ်.. မင်း ငါ့ကို သူနဲ့ ယှဉ်နေရင် ငါက သူ့ကို မမှီတာ သဘာဝပဲ…” ချင်းဟန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့ လင်းကြီးက ဒီရောက်နေပြီ… မင်းတို့ကောင်တွေအတွက် အခွင့်အရေး မရှိဘူး…”

ဝူချီးမင် လင်းရီဘက်သို့ ကြည့်ပြီး လက်ဆန့်တန်းလိုက်၏။

“ ငါတို့ ပထမဆုံး တွေ့ဖြစ်ကြတာကို ဒီလိုတွေ လုပ်နေတာဆိုတော့ ငါ နည်းနည်းတော့ ရှက်မိတယ်… “

“ ရှက်စရာ မရှိပါဘူး..” လင်းရီ ပြောလိုက်ပြီး “ ငါတို့ရဲ့ စည်းမျဉ်းတွေအရ ရှုံးတဲ့လူက ကား မီးနဲ့ရှို့ရမယ်… ပြဿနာ မရှိဘူး… ဟုတ်တယ်ဟုတ်…”

ဝူချီးမင်နှင့် ဝမ်ထင်တို့၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

ဒီ ကျိုးဟိုင်ကလူတွေ နည်းနည်းလေး မဆင်မခြင် မနိုင်လွန်းဘူးလား…

“ မင်းရဲ့ စီးတော်ယာဉ်နဲ့ မခွဲခွာရက်ဘူးဆိုလည်း အဆင်ပြေတယ်… ဘာပဲဆိုဆို ဒါက ငါတို့ ကျိုးဟိုင်ရဲ့ စည်းမျဉ်းသပ်သပ်ပဲလေ…”

ဘေးတွင် ရပ်နေသည့် ချွီရွှမ့်ဟော်ကတော့ တိတ်တဆိတ် ဆွံ့အနေမိ၏။

အစ်ကိုကြီးလို တိုင်ကွန်းကတော့ သူများနဲ့ မတူအောင်ကို ကစားနေတော့တာပဲ…

သူဘာများ ပြောနိုင်ဦးမှာ… သောက်ရမ်းမိုက်တယ်…။

မိုဒီဖိုင်း လုပ်ထားသည့် ကားများ၏ ကုန်ကျစရိတ်ဖြင့်ဆိုပါက မည်သည့် ကျပန်းကား တစ်စင်းမဆို အနည်းဆုံး ယွမ် ငါးသန်းကျော်လောက်တော့ ရှိမည်။ အကယ်လို့ မီးနှင့်ရှို့မည် ဆိုပါက ယွမ် သန်းချီသည် ထိုကဲ့သို့ ပျောက်ကွယ်သွားရလိမ့်မည် မဟုတ်ပါလော။

“ ဒီတိုင်း ယွမ်သန်းနည်းနည်းပဲ ပေးရတဲ့ ကားပဲ မလား… ဘာမလုပ်ရဲစရာ ရှိလို့… ဒီလောက် ငွေနည်းနည်းလေးကတော့ ငါတို့လည်း ရှားပါးမနေဘူး..” ဝူချီးမင် အကျောမခံ။ ပခုံးတွန့်လျက် ခပ်မိုက်မိုက် ပြန်ပြောလိုက်၏။

“ ပြီးတော့ ပထမနေရာက ငါတို့ရဲ့ အပိုင်ဆိုတာ အာမခံရဲတယ်… မင်းတို့ ဓာတ်ဆီပုံးတွေ ပြင်ထားလိုက်… ခဏနေကျရင် မီးပုံပွဲ လုပ်ရတော့မှာဆိုတော့…”

“ ကောင်းပြီလေ… စောင့်နေမယ်…”

ဝူချီးမင် နောက်သို့လှည့်၍ ကျိုးကျစ်ဖျင်နှင့်အတူ ပြန်ထွက်သွားခဲ့သည်။ ဝမ်ထင် လင်းရီကို ကြည့်လိုက်၏။

“ နင်တော့ နင့်မာနကြောင့် ကြေကွဲရဦးမယ်… နင့် စကေးတွေက ငါ့လောက်တောင် မရှိတာကို အစ်ကိုဖျင်ကို စိန်ခေါ်ရဲနေတယ်ပေါ့ ဟုတ်လား…”

“ ငါ့ ရင်ဘက် ကြွက်သားကြီးတွေကတောင် မင်းလောက် ထူတာကို ဘယ်မှာ ကွာနေလို့…”

“ နင် ဘာသဘောလဲ… လူတွေရဲ့ ကိုယ်ရေးကိုယ်တာကို မတိုက်ခိုက်ရဘူးဆိုတာ မသိဘူးလား… နင် ဒါလေးတောင် နားမလည်ဘူးလား..” ဝမ်ထင် ရှူးရှူးရှားရှား ဖြစ်သွားခဲ့သည်။

“ ငါ အစ်ကိုဖျင်ရဲ့ စကေးတွေကို သိတယ်… နင့်ကားကို သဂြိုဟ်ဖို့သာ ပြင်ထားလိုက်…”

ဝမ်ထင် နောက်သို့လှည့်ပြီး ဒေါသတကြီးနှင့် ထွက်ခွာသွားလေသည်။ ထိုစဉ် လင်းရီနှင့် ကျန်သူများကတော့ သူတို့ကားများကို ပြေးလမ်းကြောင်းဆီ မောင်းနှင်လာခဲ့ကြသည်။

ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအရ တစ်သင်းဆီကို ပြိုင်ပွဲဝင် ဆယ်ယောက် စေလွှတ်ရမည်။ အမှတ်ပေး စနစ်ကို အသုံးပြု၍ နောက်ဆုံး အနိုင်ရရှိသူကို ဆုံးဖြတ်ပေးမည်။

မကြာမီ သုံးသင်းလုံးက ပြေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီး ပြိုင်ပွဲအတွက် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်ကြတော့၏။

“ ညီကို… ကားကောင်းပဲ…”

ကျိုးကျစ်ဖျင် ၊ သူ့ဘေးသို့ ရောက်လာပြီး စတီယာရင်ဘီးကို လက်တစ်ဖက်ဖြင့် ကိုင်ထားလျက် တစ်ဖက်က စီးကရက်တိုကို ကိုင်ထားကာ အပြုံးလေးဖြင့် ပြောလာသည်။

“ မင်းက တော်တော်လေး ကျွမ်းကျင်တာပဲ… ဒါကိုတောင် ပြောနိုင်တယ်ဆိုတော့….”

“ မမေ့လိုက်နဲ့… ငါက မနှစ်တုန်းက ကားပြိုင်ပွဲ ချန်ပီယံဆိုတာ… ငါ့ မျက်လုံးတွေက စူးရှပြီး ထက်မြိတယ်…” ကျိုးကျစ်ဖျင် ဆေးလိပ်ပျာကို တစ်ချက်တောက်၍ ပြောလိုက်သည်။

“ ဒါပေမယ့် ယှဉ်ကြည့်မယ်ဆို မင်းက တအားကြီး ကျွမ်းကျင်နေတာမျိုးလည်း မဟုတ်ပါဘူး..”

“ ဘာလို့ အဲ့လို ပြောနိုင်ရတာ…”

“ မင်းရဲ့ ကားကို တစ်ချက်ကြည့်လိုက်တာနဲ့ ပိုက်ဆံတွေ အများကြီး သုံးထားတယ်ဆိုတာ ငါပြောနိုင်တယ်… အစိတ်အပိုင်း အားလုံးက အကောင်းစားတွေချည်းပဲ.. ဒါပေမယ့် အသုံးမဝင်ဘူး…” ကျိုးကျစ်ဖျင် ပြောလိုက်သ်ည။

“ အကောင်းဆုံး ပစ္စည်းတွေ သုံးတာနဲ့ပဲ မင်းက အမြန်ဆန်ဆုံး မဖြစ်သွားဘူး…. မိုဒီဖိုင်း လုပ်ထားတဲ့ ကားတွေက ပြိုင်ဖို့နဲ့ လေ့ကျင့်ဖို့ပဲ… မင်းက အပျော်တမ်း တအားဆန်လွန်းတယ်…”

“ မင်း ပြောချင်တာကို ငါနားလည်တယ်.. ဒါပေမယ့် ငါ့မှာက သုံးမကုန်လောက်အောင်ကို ပိုက်ဆံတွေက တအားပေါနေတော့လည်း ကားတွေ မိုဒီဖိုင်းလုပ်တဲ့ အချိန်ကျ အကောင်းဆုံးဆိုတဲ့ ပစ္စည်းကိုပဲ ဝယ်သင့်တာ သဘာဝပဲလေ… မဟုတ်ရင် ဒီလောက် ပိုက်ဆံတွေ အများကြီး ရှာထားပြီးမှ ဘာလဲလုပ်မှာ… အုတ်ဂူထဲ ထည့်မြုပ်ဖို့လား…”

ကျိုးကျစ်ဖျင် “ ??? “

မင်းငါ့မျက်နှာ ဖြတ်ရိုက်လိုက်တာကြီးက မလွန်လွန်းဘူးလား….

“ ဟင်းဟင်း…. အဲ့လောက်ကြီးလည်း မလိုပါဘူး.. ခဏနေကျရင် ပိုက်ဆံ မီးနဲ့ရှို့ရတဲ့ အရသာကို ခံစားခွင့်ပေးမယ်…”

“ ဒါဆိုလည်း ကျေးဇူးပဲပေါ့….”

ထိုအချိန်တွင် ကားပြိုင်ပွဲကွင်း ဧရိယာ တစ်လျှောက် ရေဒီယို(အသံလွင့်)အသံ ပျံ့လွင့်လာသည်။

“ ကျူဖုန်း ကားပြိုင်ပွဲကြီးရဲ့ ပထမဆုံးအကြိမ် စတင်ပါပြီ… ယှဉ်ပြိုင်သူများအားလုံး အဆင်သင့် ပြင်ထားပေးကြပါ..”

Boom, Boom, Boom…..

Boom, Boom, Boom…..

Boom, Boom, Boom…..

ကြေညာချက် ထုတ်ပြန်လိုက်သည်နှင့် သုံးဆယ်ကျော်သော ကားများအားလုံးကနေပြီး ကျယ်လောင်သည့် အင်ဂျင်သံများ တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ကာ အမျိုးသားနှင့် အမျိုးသမီးတို့နှင့် စိတ် အခြေအနေကို လုံးဝ လှုပ်ရှားတက်ကြွသွားစေသည်။

အကုန်လုံးက အလွန်တရာကို စိတ်အားထက်သန်နေကြပြီး အလံများ ဝှေ့ရမ်းလျက် အားပေးနေကြ၏။ အကုန်လုံး ထိန်းချုပ်မှုအောက်ကနေ လွင်ကင်းကုန်ကြသည်။

ဘေးတွင်ထိုင်နေသည့် ဟော်ယွမ်ယွမ်နှင့် ကျီချင်းရန်ကတော့ ထိုမြင်ကွင်းကို မြင်တော့ မျက်မှောင်ကြုတ်လိုက်မိကြသည်။

“ ဒီတိုင်း ကားပြိုင်နေတာပဲ မဟုတ်ဘူးလား… ဘာတွေများ စိတ်လှုပ်ရှားစရာ ရှိနေလို့… ဒီလူတွေကိုတော့ ငါတကယ် နားမလည်နိုင်တော့ဘူး…”

“ ဒါက ကိုယ်ပိုင် ဝါသနာအရလေ အစ်မကျီရဲ့… ကိုယ့်နဲ့ နှိုင်းပြီးမှ သူများကို လိုက်ပြောနေလို့တော့ ဘယ်ဟုတ်သေးမှာ…” ဟော်ယွမ်ယွမ်ကနေ ပြောလိုက်ပြီး

“ နင်က မှန်ကို ကြိုက်သလိုမျိုး၊ သူက ပြတင်းပေါက် အောက်ခြေဘောင်ကို ကြိုက်သလိုမျိုးပဲပေါ့….”

All Chapters