အားနာပါတယ်… မင်းတို့တော့မရဘူး
Vol. 93 Ch. 1394
“ နင် ဘာကို ပြောချင်နေတာ… မှန်တွေ ပြတင်းပေါက်တွေက ဘာကြိုက်စရာ ရှိလို့…”
“ အာ….” ဟော်ယွမ်ယွမ် ခေတ္တမျှ အတန်တိတ်သွားခဲ့ပြီး “ နောင်ကျ သူ့အလိုလို နားလည်သွားလိမ့်မယ်…”
မကြာမီ ဒစ်ဂျစ်တယ်ဘုတ်က သုံးစက္ကန့် နောက်ပြန်ရေတွက်၏။
3 -- !
2 -- !
1 -- !
Boom ---
အချိန်ရေတွက်မှု ပြီးဆုံးသည်နှင့် ကား အစင်း သုံးဆယ်ကျော်သည် တစ်စင်းပြီး တစ်စင်း တဟုန်ထိုး ပြေးထွက်လာခဲ့ကြ၏။
ကျိုးကျစ်ဖျင် လီဗာပေါ်သို့ နင်းလိုက်သည်။ သူ မူလက တွေးထားခဲ့သည်မှာ ချက်ချင်း ဦးဆောင်၍ ပထမနေရာ ရနိုင်လိမ့်မည်ဟူ၍ပင်။
သို့သော် သူ မထင်မှတ်ထားခဲ့သည်က စစချင်းကတည်းကပင် လင်းရီရဲ့ကားက သူ့ထက် ကားတစ်ဝက် သာနေလေသည်။
“ တာထွက် တော်တော်မြန်တာပဲ… မင်းမှာ အစွမ်းအစတော့ ရှိသား….”
“ ကျိုးကြီး… ဘာတွေ ဖြစ်နေတာလဲ… သူက မင်းကို ဘယ်လိုဖြစ်ပြီး ကျော်တက်သွားခဲ့တာ…” ဝူချီးမင်သည် ဝေါ်ကီတော်ကီကနေပြီး လှမ်းမေးသည်။
“ မလောနဲ့… ငါက လက်တစ်ဖက်တည်း မောင်းနေလို့… ခု လက်နှစ်ဖက်လုံးနဲ့ ကိုင်တော့မှာ…”
“ အဲ့လိုလား…” ဝူချီးမင် ပြောလိုက်ရင်းဖြင့် သူ့ စိတ်ထဲရှိ ဝန်လေးနေမှုများလည်း လျော့ပါးသွားခဲ့ရသည်။
“ သူက အရင်ဆုံး ဦးဆောင်နိုင်တယ်ဆိုတော့ သူ့မှာ အရည်အချင်းတစ်ချို့ ရှိလို့ပဲ ဖြစ်ရမယ်… ဂရုစိုက်… သူ့ကို နိုင်ဖို့က ငါတို့ရဲ့ ရည်မှန်းချက် မဟုတ်ဘူး… အကွာအဝေး အပြတ်သတ်နဲ့ နိုင်ဖို့က ငါတို့ရဲ့ ရည်မှန်းချက်… “
“ မပူနဲ့… ဒီကောင် နောက်ဆုံးကျရင် ငါ့နောက်မီးတောင် မမြင်စေရဘူး…”
ကျိုးကျစ်ဖျင်သည် ဆေးလိပ်ကို အပြင်သို့ လွင့်ပစ်၍ ပြုံးလိုက်သည်။ “ ဒီ တစ်ခေါက်တော့ မင်းနဲ့ လေးလေးနက်နက် ဆော့ကစားပေးမယ်…”
ဘွန်း ဘွန်း ဘွန်း….
စတီယာရင်ဘီးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် လီဗာအပေါ် နင်းလိုက်သည်။ ပထမ အချိုးကွေ့၌ ပြန်လည်ပြီးမှ ဦးဆောင်နိုင်ဖို့ကို သူ မျှော်မှန်းထားသည်။
နားကွဲမတတ် ဆူညံတို့က ကားပြိုင်ပွဲကွင်း ဧရိယာ တစ်လျှောက် ပျံ့လွင့်လာပြီး လူတိုင်းက NFC အသင်းသား တစ်ဦး အရှိန်စတင်နေပြီကို သတိထားမိလိုက်ကြသည်။
“ လင်းရီ … ကြိုးစားထား…”
“ ရီကော…”
“ ဝူးဟူး… သခင်လေးလင်း.. “
လင်းရီ၏ ပထမ နေရာက အာမခံချက် မရှိတော့သည်ကို မြင်တော့ ကျီချင်းရန်သည် မတ်တပ်ရပ်၍ အလျင်အမြန်ပဲ အားပေးလိုက်သည်။
“ အဟမ်း အဟမ်း… အစ်မကျီ… စိတ်အေးအေးထား… သူများတွေ ကြည့်ကုန်ကြပြီ…”
“ လူတိုင်းလည်း အားပေးနေတာပဲ မဟုတ်ဘူးမလား… ငါ တခြား ဘာမှလည်း မလုပ်မိပါဘူး..”
“ ကိုယ့်ရဲ့ အလှနတ်သမီး ဂုဏ်ကို ထိန်းသိမ်းထားဖို့ လိုတယ်လေ… “ ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ငြိမ်ငြိမ်လေး နေမှ ဖြစ်မှာ…”
“ အဲ့လူက လင်းရီကို ကျော်တက်တော့မှာ ငါ ဘယ်လို ငြိမ်ငြိမ်နေရမှာလဲ…”
“ ဒါဆိုလည်း အသံလျော့ပေါ့…” ဟော်ယွမ်ယွမ်ကနေပြီး “ ကောင်းကျုံးယွမ်ဆို ဟိုးနောက်မှာ… ဒီကဖြင့် အေးဆေးပဲ…”
“ ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ… လင်းရီက တစ်ခါမှ မရှုံးဖူးဘူးလေ… ဒီတော့ ခုလည်း ရှုံးလို့ မရဘူး…” ပြောပြီးနောက် ကျီချင်းရန်သည် ဟော်ယွမ်ယွမ်၏ စကားကို လျစ်လျူရှု၍ လင်းရီကို ဆက်လက် အားပေးနေလိုက်သည်။
နောက်ကြည့်မှန်ကနေ တဆင့် ကျိုးကျစ်ဖျင်ရဲ့ ကားက သူနှင့် ဖြည်းဖြည်းချင်း နီးကပ်လာနေသည်ကို လင်းရီ မြင်နေရသည်။
သူ ပြုံးလိုက်၏။ “ မဆိုးဘူးပဲ…”
ဘွန်း ဘွန်း ဘွန်း….
လင်းရီရဲ့ စုဘာရူသည်လည်း နားကွဲမတတ် ဆူလောင်သည့် အသံတစ်သံ ပေါက်ကွဲထွက်လာပြီး ထပ်မံ၍ အရှိန်မြင့်လိုက်ပြန်သည်။ သူနှင့် ကျိုးကျစ်ဖျင်ကြားရှိ အကွာအဝေးသည်လည်း ထပ်မံ ကျယ်ပြန့်သွားခဲ့၏။
ကျိုးကျစ်ဖျင်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
ဒီလို အမြန်နှုန်းနဲ့… ဒီကောင် တာယာကွဲမှာ မကြောက်ဘူးလား…
ပထမအချိုးအကွေ့တွင် ကျိုးကျစ်ဖျင် နင်းနေသည့် အရှိန်ကို ၁၁၀ သို့ စတင် လျော့ချလာသည်။
သို့သော် လင်းရီမူကား တစ်နာရီကို မိုင် ၁၆၀ နှုန်းလောက်ဖြင့် ဆက်လက် မောင်းနှင်နေသည်။ ယခုလို အလျင်နှုန်းဖြင့် ဒရစ်ဆွဲလိုက်သည်က ကြည့်ရှုနေသည်အားလုံးကို ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။
“ ဖက်ခ်… သခင်လေးလင်းကတော့ ထင်ထားတဲ့အတိုင်းပဲ… သူတစ်ယောက်တည်းပဲ ဒီလိုမျိုး လုပ်နိုင်မှာ…”
“ နတ်ဘုရား… ဒါ လူမဟုတ်ဘူး… ငါတို့ နတ်ဘုရားကို မြင်နေတာ…”
ပထမ အချိုးအကွေ့ ပြီးနောက် ကားအစင်း သုံးဆယ်ကျော်သည် သုံးအုပ်စုအဖြစ် ခွဲခြားခံလိုက်ရ၏။
ရှေ့ပိုင်းတွင် ဦးဆောင်နေကြသည့် လင်းရီနှင့် ကျိုးကျစ်ဖျင်၊ အလယ်တွင် နောက်မှ လိုက်နေကြသည့် အခြားသော ပြိုင်ပွဲဝင်များနှင့် နောက်ဆုံးတွင် ကားဘီးချော်၍ အချင်းချင်းပြန်တိုက်မိကြသူများ ဟူ၍ပင်။
သို့သော် လူတိုင်းကြားရှိ အပြိုင်အဆိုင်ကတော့ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်၏။
“ ကျစ်ဖျင်… မင်း အဲ့ဒီဘက် ဘယ်လိုဖြစ်နေတာလဲ… မြန်မြန် သူ့ကို ကျော်တက်တော့လေ…”
ဝူချီးမင်၏ အသံသည် ဝေါ်ကီတော်ကီထဲမှ တဆင့် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
သို့သော် ကျိုးကျစ်ဖျင် သူ့ကို ဘာမျှပြန်မပြောချေ။ သူ့ရှေ့ရှိ လင်းရီကိုသာ မမှိတ်မသုန် စိုက်ကြည့်နေရင်း အခွင့်အရေးကောင်း တစ်ရပ်ကို ရှာဖွေနေသည်။
ဤသို့ဖြင့် သုံးပတ် ပြည့်သွားခဲ့၏။ သူတို့ကြားရှိ အကွာအဝေးက ကျဉ်းမြောင်းလာခြင်း မရှိသည့် အပြင် ပို၍ပင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လို့လာလေသည်။
ယင်းက ဘာကြောင့်လဲဆိုတော့ လင်းရီက အချိုးအကွေ့များကို အလွန်အမင်း မြင့်မားသည့် အမြန်နှုန်းဖြင့် ဒရစ်ဆွဲကွေ့နိုင်ပြီး အရှိန်တင်ပြီးနောက် သင်တင့်သလောက် ထိန်းနှေးရုံသာ လိုအပ်သည်။
သို့သော် သူ့ဘက်ခြမ်းတွင်တော့ အချိုးအကွေ့များကို ဖြတ်ကျော်ဖို့အတွက် အရှိန်ကို ဘေးကင်းနိုင်လောက်သည်အထိ လျော့ချရ၏။ မဟုတ်ဘူးဆိုပါက သူ့ကားက ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားလိမ့်မည်။
ဤ အသေးစိတ် အချက်အလက်များက ကြီးမားသည့် ကွာဟမှု ရလဒ်တို့ကို ဖြစ်သွားစေခဲ့သည်။
“ လင်းကြီး.. မင်းဘက် အခြေအနေ ဘယ်လိုလဲ…”
ဝေါ်ကီ တော်ကီကနေ တဆင့် ချင်းဟန် မေးလာခဲ့သည်။
“ ဒီဘက် အကုန် အဆင်ပြေတယ်… မင်းတို့သာ နောက်မှာ မကျန်ရစ်စေခဲ့နဲ့…”
အောင်နိုင်သူကို အမှတ်ဖြင့် ဆုံးဖြတ်မည် ဖြစ်သောကြောင့် သူတစ်ဦးတည်းက ရှေ့မှ ဦးဆောင်နေလို့လည်း အသုံးမဝင်ချေ။ အခြား အသင်းဝင်များ၏ ရလဒ်ကိုလည်း ထည့်သွင်း စဉ်းစားရဦးမည်။
အတော်လေးလှမ်းသည့် အကွာအဝေး၌ အနီရောင် ဗော့ဆွာဂန် ဂေါ့ဖ် တစ်စင်းက အခြားသူများနှင့် ပြိုင်ဆိုင်နေသည်။ လင်းရီ ရှေ့ဆုံးကနေ ပြိုင်ပွဲကို ဦးဆောင်နေသည် မြင်တော့ ဝမ်ထင် ထိခိုက်မှု အချက်ရေ တစ် ဘီလီယမ်လောက် ရရှိလိုက်သည့်နှယ် ခံစားသွားခဲ့ရသည်။
လင်းရီ၏ ကားမောင်းသည့် စကေးက ထိုမျှ နတ်ဘုရားဆန်နေလိမ့်မည်လို့ သူမ လုံးဝကို ထင်မထားခဲ့ချေ။
သူနှင့် သွားယှဉ်လိုက်မည်ဆိုပါက သူမတို့နှစ်ယောက်ကြားရှိ အကွာအဝေးသည် ကောင်းကင်နှင့် မြေပြင်ကဲ့သို့ပင်။
အဲ့တုန်းက သူ Lexus လေးနဲ့ ငါ့ကို အနိုင်ပိုင်းခဲ့တာ မဆန်းတော့ပါဘူး…
သူ့ရဲ့ စကေးတွေနဲ့ဆို ရှာရီမောင်းနေရင်တောင် ငါ့ထက် မြန်လိမ့်ဦးမယ်…
“ မပူနဲ့… ရှေ့ကနေ ဦးဆောင်ပြီးသာ မောင်းနေ… ငါတို့ နည်းဗျူဟာ တစ်ခု စီစဉ်ပြီးသား… ပထမရဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး…”
“ အိုကေ…”
ဆယ့်နှစ်ပတ် ဆက်တိုက် မောင်းနှင်ပြီးနောက် လင်းရီသည် အပြတ်သတ် အောင်ပွဲနှင့်အတူ ပန်းဝင်နိုင်ခဲ့သည်။
ကျိုးကျစ်ဖျင်ကတော့ ၁၅ စက္ကန့် နောက်ကျ၍ ဒုတိယ နေရာကနေ ပန်းဝင်လာသည်။ ယင်းက လူတိုင်းကို အံ့အားတကြီးနှင့် ပင့်သက်ရှိုက်သွားစေခဲ့၏။
တစ်ယောက်ပြီးတစ်ယောက်၊ တစ်စင်းပြီး တစ်စင်း ၊ ကားများ ပန်းဝင်သည့် နေရာသို့ ရောက်လာခဲ့ကြသည်။
ဝူချီးမင်သည် ကားထဲမှ ထွက်လာ၍ ဦးထုပ်ကို ချက်ချင်း ချွတ်လိုက်ပြီး ဒေါသတကြီးဖြင့် ကျိုးကျစ်ဖျင်ထံ လျှောက်လှမ်းလာသည်။
“ မင်း ဘာတွေ ဖြစ်နေတာလဲ…. မင်း တစ်ခေါက်လေးမှတောင် သူ့ကို မကျော်တက်နိုင်ခဲ့ဘူး…”
ကျိုးကျစ်ဖျင်၏ မျက်နှာသည် ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေပြီး မည်သို့ ဆင်ခြေပေးရမှန်းမသိ ဖြစ်နေတော့၏။
“ ငါတို့ သူ့ကို အထင်သေးမိခဲ့တာ… သူက ပရော်ဖက်ရှင်နယ် racer ပဲ… သူ့ရဲ့ ဒီလို စကေးမျိုးနဲ့ဆို ကမ္ဘာ့ထိပ်တန်း ဆရာကြီးတွေတောင် သူ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး…”
“ ဟားဟား… အမှိုက်… သူ့ကိုယ်သူ ချန်ပီယံကြီးဆိုပြီး တကယ့်လက်တွေ့ကျ သခင်လေးလင်းထက် ၁၅ စက္ကန့်တောင် နောက်ကျနေသေးတယ်… အိမ်ပြန်ပြီးသာ အိပ်နေလိုက်ပါကွာ…”
“ နောင်ကျရင် မိုဒီဖိုင်းကားတွေနဲ့ မကစားနဲ့… go-kart (လုံးတီးပြိုင်ကားငယ်) ကမှ မင်းနဲ့ ပိုလိုက်တာ…”
“ အမှိုက်….”
“ အမှိုက်…”
လှောင်ပြောင် ရယ်မောသံတို့က ဆူနာမီ လှိုင်းလုံးကဲ့သို့ ကားပြိုင်ပွဲ ဧရိယာအတွင်း တစ်လုံးပြီး တစ်လုံး ရိုက်ခတ်လာသည်။ ဝူချီးမင် ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်၏။
“ မင်းတို့ စောက်ပါးစပ်တွေ ပိတ်ထား… ဆက်ပြောနေရင် အကုန် ရိုက်သတ်ပစ်မယ်…”
ယွီဟန်၏ နာမည်အကြီးဆုံး ဒုတိယမျိုးဆက် ဆက်ခံသူ ဝူချီးမင်သည် အကျင့်ကောင်းသည့် လူစားမျိုး မဟုတ်ချေ။
ပြိုင်ပွဲရှုံးပြီးနောက် စိတ်အခြေအနေ ဆိုးရွားနေသည်ကို အရှုံးသမားများကပါ လာပြီး အာချောင်နေတော့ ဒေါသက ငယ်ထိပ်ဆောင့်တက်လာသည်။
“ ဝူကြီး… မင်း ဘာတွေ လုပ်နေတာ… လောင်းရဲမှတော့ အရှုံးကိုလည်း ဝန်ခံရဲရမယ်လေ… သူတို့ စကားလေး နည်းနည်းပြောတာကရော မှားလို့လား… စိတ်သဘောထား သေးသိမ်ချက်ပဲ…” ချင်းဟန် စနောက်လိုက်၏။
“ အင်နိုးစန့် လုပ်နေတာတွေ တော်လိုက်တော့… နောက်နှစ်ကျရင် ထပ်ပြိုင်မယ်… အဲ့ခါကျရင် အဟောင်းရော အသစ်ရော တစ်ခါတည်းရှင်းမယ်…”
ထိုသို့ပြောပြီးနောက် ဝူချီးမင်သည် အခြားသူများဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။
“ သွားစို့…”
“ ဟေး ဟေး ဟေး … ဘာလို့ ထွက်ပြေးချင်နေကြတာ…. ရှုံးတဲ့ဘက်က သူတို့ကားတွေ မီးရှို့ရမယ်လို့ သဘောတူထားကြတယ် မဟုတ်ဘူးလား… မလုပ်နိုင်ဘူးလို့တော့ လာမပြောနဲ့…”
“ ဒီလောက်ထိ လုပ်စရာ လိုလား…” ဝူချီးမင် ပြောလိုက်သည်။
“ မင်းရော မရှို့ရဲဘူးလား…”
“ ဒီ ပြိုင်ပွဲကွင်းက ငါ့အပိုင်ပဲ.. မင်းတို့ ဘာမှ အားနာနေစရာ မလိုဘူး… ဘာမှလည်း ကြောက်နေစရာ မလိုဘူး…” လင်းရီကနေပြီး ပြောလိုက်သည်။
“ ငါတို့အားလုံးက နယ်ပယ်တစ်ခုတည်းသားချင်းတွေ… နောင်ကျလည်း ဒီမျက်နှာတွေက ဆက်တွေ့နေရဦးမှာကို ဒီလောက်ထိ လုပ်စရာ လိုလို့လား..” ဝူချီးမင် ပြောလိုက်ပြီး “ ပြီးတော့ ရန်ချိန်က SSR လည်း ရှုံးသွားတာပဲ… မင်းသူ့ကိုကျတော့ ဘာမှ မပြောဘူး… ငါတို့ကို တမင် ပစ်မှတ်ထားနေတာလား…”
“ ပထမအချက် … သူတို့က ဟိတ်ဟန် လာမများဘူး… “ ချင်းဟန် ပြောလိုက်ပြီး “ ဒုတိယအချက်… SSR ရဲ့ ခေါင်းဆောင်က ငါ့သူငယ်ချင်းပဲ… ဒီတော့ သူတို့နဲ့ ရင်းနှီးမှု တံတားကို မီးရှို့ပြီးမှ ဖျက်ဆီးစရာ အကြောင်း မရှိဘူး.. ဒါပေမယ့် အားတော့နာတယ်… မင်းတို့တော့ မရဘူး…”