မျက်နှာနှစ်ဖက်နဲ့လူ
Vol. 93 Ch. 1395
“ ချင်း-ဟန်…. မင်း ဒါ သဘောတုန်း… မင်းက တိုက်ခိုက်ချင်နေတာလား…”
NCF အသင်းသားများအားလုံး ဝိုင်းရံလာခဲ့ကြသည်။ အကုန်လုံးက သူ့ကို ဒေါသခိုးဝေသည့် မျက်ဝန်းတို့ဖြင့် ကြည့်ရင်း သဘောမတူပါက ရိုက်နှက်ကြတော့မလိုပင်။
“ အိုးဟိုးဟိုး… မင်းတို့က လူများတိုင်းနဲ့ပဲ ငါတို့က ကြောက်မယ်ထင်နေတာလား…”
ချင်းဟန် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် “ လင်းကြီး… မင်း တောက်ပရမယ့် အချိန်ရောက်ပြီ…”
လင်းရီ ဆွံ့အသွားခဲ့ရ၏။
‘ ချီးတဲ့မှ … ရှိုးထုတ်ချင်သလို ထုတ်ပြီး သူ ရှုပ်ထားသမျှ ငါ့လာရှင်းခိုင်းချင်နေတယ်…’
“ သခင်လေးလင်း… မင်းက ကျိုးဟိုင် သခင်လေး လေးယောက်ရဲ့ ခေါင်းဆောင်… မင်းက ကျိုးကြောင်းဆင်ခြင်ဉာဏ် ရှိတဲ့လူဖြစ်မယ်လို့ ငါထင်တယ်… ငါတို့အားလုံးက နယ်ပယ် တစ်ခုတည်းသားချင်းတွေ… ငါတို့ရဲ့ ဆက်ဆံရေးကို ဒီလိုတွေလုပ်ပြီး ဖျက်ဆီးပစ်စရာ မလိုပါဘူး…”
“ ငါက စီးပွားရေး သမားတစ်ယောက်ဆိုလည်း ဟုတ်တယ်… ဒီသဘောတရားတွေကို ငါနားလည်တယ်…”
လင်းရီ ပြောပြီးနောက် သူ၏ အကြည့်က ဝူချီးမင်နှင့် ကျန်သူများအားလုံးထံ ယှက်သန်းသွားပြီး “ ဒါပေမယ့် မင်းတို့ကောင်တွေက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်လောက်တဲ့ အဆင့် မရှိသေးဘူး… ဒီတော့ ဘာဂရုစိုက်နေရမှာ… ဒါကြောင့်မို့ ငါ့ဘက်က လောင်းရဲပြီး ရှုံးခဲ့ရင်လည်း မီးရှို့ရဲတယ်… နာနာခံခံနဲ့ ကားကို ဖျက်ဆီးလိုက်… မဟုတ်ရင် ငါတို့ မလုပ်ရင်တောင် ဝိုင်းကြည့်နေသူတွေက အများကြီး… မင်းတို့ ထွက်သွားလို့ မရဘူး…”
“ မင်း….”
“ အစ်ကိုမင်…”
ဝူချီးမင် ပေါက်ကွဲထွက်တော့မည့် အချိန်တွင်ပဲ သူ၏ သူငယ်ချင်းတစ်ယောက် ရောက်လာပြီး သူ့ကို ရပ်တန့်လိုက်သည်။
“ ဒါက ကျိုးဟိုင်..ငါတို့ရဲ့ ပိုင်နက် မဟုတ်ဘူး… သူတို့နဲ့ ဒီနေရာမှာ အချင်းများလို့ ကောင်းမှာ မဟုတ်ဘူး..” ဝူချီးမင်ရဲ့ သူငယ်ချင်းကနေ ပြောလိုက်ပြီး “ အစ်မပင်းကို ဖုန်းဆက်ရအောင်… ရှောင်မိသားစုရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် ဟွာရှမှာတောင် သူ့စကား တစ်ခွန်းတည်းနဲ့ ဖြေရှင်းလိုက်လို့ရတယ်…”
ဝူချီးမင် မျက်လုံး အရောင် တောက်ပလာသည်။ “ ကောင်းပြီ… ငါနားလည်ပြီ…”
အခြားသူများကို လျစ်လျူရှုရင်း ဝူချီးမင်သည် ဖုန်းထုတ်၍ ရှောင်ပင်း၏ နံပါတ်ကို ခေါ်ဆိုလိုက်၏။
“ အစ်မပင်း… ငါပါ… ဒီမှာ ကျိုးဟိုင်မှာ တစ်ခုခု ဖြစ်နေလို့ ကူညီပေးလို့ရလား…”
“ နင်တို့က ကားပြိုင်ပွဲသွားကြတာ မဟုတ်ဘူးလား… ဘာများ ဖြစ်နိုင်မှာမို့လို့…”
“ ငါတို့ ပွဲမှာ မတော်တဆ ရှုံးသွားခဲ့တယ်… သူတို့က ထွက်သွားခွင့်မပေးဘဲနဲ့ ကားကို မီးရှို့ပြီးမှ ထွက်သွားလို့ရမယ် ပြောနေကြတယ်…”
“ ဒီ ကျိုးဟိုင်က လူတွေက တော်တော်လွန်တာပဲ…”
“ ခဏစောင့်.. ငါ ဖုန်းဆက်ပြီး ဒီကိစ္စကို မိနစ်ပိုင်းအတွင်း ဖြေရှင်းပေးမယ်…”
“ ကျေးဇူးပါ အစ်မပင်း… ကျေးဇူးပါဗျ…”
“ ကျိုးဟိုင်က ငါတို့ကိစ္စကို ဘယ်သူဝင်ရှုပ်ဝံ့လဲဆိုတာ သိချင်မိသား…”
လျန်ကျင်းမင်နှင့်ကောင်းကျုံးယွမ်တို့ကတော့ ဘေးတွင် ရပ်နေပြီး စကားလည်း တစ်ခွန်းမှ မပြောကြချေ။ ပြုံးတုံ့တုံ့ ရှိနေကြ၏။
ဝူချီးမင်၏ နောက်တွင် မတ်တပ်ရပ်နေသည့် ဝမ်ထင်သည် လီမို၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
“ ဘာတွေ ဖြစ်နေတာလဲ… အစ်ကိုမင်က ဘယ်သူ့ဆီ ဖုန်းဆက်နေတာလဲတဲ့…”
“ ရှောင်မိသားစုက ရှောင်ပင်းကိုလေ… သူ့အကြောင်း မင်း ကြားဖူးပါတယ်…”
“ ကျိုးဟိုင်က မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက်ကို အနိုင်ရသွားတဲ့ ရှောင်မိသားစုလား…”
“ အင်း အင်း ဟုတ်တယ်… သူတို့ပဲ…” လီမို ပြောလိုက်ပြီး “ အရင် ဟိုး အတိတ်တုန်းကတော့ ယွီဟန်မှာ ဝေ့မိသားစုက နံပါတ်တစ်… ဒါပေမယ့် ငါကြားတာ သူတို့ အကောင်ကြီးကြီး တစ်ယောက်ကို အပြစ်ပြုမိသွားပြီး နေ့ချင်းညချင်း ဖဲ့ဝေခံလိုက်ရတဲ့အပြင် မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက်ကိုလည်း ရှောင်မိသားစုဆီ ပေးလိုက်ရတယ်… အဲ့ဒီကစပြီး ဝေ့မိသားစုကို ကျော်ပြီးတော့ ယွီဟန်ရဲ့ နံပါတ်တစ် မိသားစုကြီး ဖြစ်လာတာပဲ…”
“ တကယ်ကြီး အဲ့လို ကိစ္စမျိုး ဖြစ်ခဲ့တယ်ပေါ့… အဲ့ အကောင်ကြီးကြီးက တအား စွမ်းအားကြီးလွန်းမနေဘူးလား…”
“ ဝေ့မိသားစုကို တစ်ချက်တည်းနဲ့ ပြားပြားဝပ်သွားစေတယ်ဆိုတော့ သူရဲ့ လွှမ်းမိုးမှုက သွားရှုပ်လို့ ရမှာ မဟုတ်လောက်ဘူး… ငါ့အထင် အစ်မပင်းက အဲ့လူကို ဖုန်းခေါ်နေပြီ ထင်တယ်… မဟုတ်လို့ကတော့ ဒီရဲ့ ကျိုးဟိုင်က သခင်လေး လေးယောက်ကို ကိုင်တွယ်နိုင်ဖို့ လမ်းမမြင်ဘူး…”
ဝမ်ထင် နှုတ်ခမ်းကို ကိုက်ထားမိ၏။ ကိုယ့်ထက် သာလွန်သူတို့က အမြဲရှိစတမ်းပင်။
လင်းရီကဲ့သို့ လူစားမျိုးကပင် ပိရမစ် ထိပ်ဆုံးတွင် ရှိနေလေပြီ။ သို့သော် အမှောင်ထဲ၌ သူ့ထက် သာလွန်နေသူက ရှိနေလိမ့်ဦးမည်လို့ သူမ ထင်မထားခဲ့ချေ။ ဤသည်က အံ့အားသင့်ဖို့ ကောင်းလွန်းလှ၏။
ဒူ ဒူ ဒူ….
လင်းရီရဲ့ ဖုန်းက တုန်ခါလာခဲ့သည်။ ရှောင်ပင်းကနေပြီး ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းဖြစ်၏။
လင်းရီ မနေနိုင်ပဲ ရယ်မောမိသွားခဲ့လေသည်။ ဝူချီးမင်နှုတ်ကနေပြီး အစ်မပင်းဟု ဆိုကတည်းက ရှောင်ပင်း ဖြစ်လိမ့်မည်လို့ လင်းရီ ထင်တော့ ထင်ခဲ့မိသားပင်။
“ အစ်ကိုရီ.. ရှင် အခု ဘယ်လဲ ရောက်နေတာ… ကျွန်မ အစ်ကိုရီကို အကူအညီ တစ်ခုလောက် တောင်းချင်လို့…”
ဗွီဒီယိုကောထဲရှိ အသံကို ကြားတော့ ဝူချီးမင်နှင့် ကျန်သူများအားလုံး ကြက်သေသေသွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ထိုအသံနှင့် အရမ်းရင်းနှီးနေခဲ့သောကြောင့်ပင်။
အဲ့တာ အစ်မပင်းရဲ့ အသံမဟုတ်လား…
“ မင်း ဝူချီးမင်ဘက်ကနေပြီး စကားကောင်း ပြောပေးချင်နေလို့လား…”
ဗွီဒီယိုကောထဲ၌ ရှောင်ပင်း အလွန်အမင်း အံ့အားသင့်သွားခဲ့လေသည်။
“ ဟင်.. ရှင် ဘယ်လိုလုပ်ပြီး သိနေတာလဲ…”
“ ငါ အခု ကားပြိုင်ပွဲကွင်းမှာ… ရှုံးတဲ့လူက သူတို့ရဲ့ ကားကို မီးရှို့ရမယ်လို့ သဘောတူထားခဲ့ကြတာ… ဒါပေမယ့် ငနဲက သူ့ကတိကို မတည်ချင်ဘူးလေ… ဒီကိစ္စမှာ ငါမှားတယ်လို့ ထင်လား…”
အနီးအနားရှိ လူများအားလုံး ပြောစရာစကား ကင်းမဲ့ကုန်ကြသည်။
ဝူချီးမင် ဖုန်းဆက်၍ အကူအညီ လှမ်းတောင်းလိုက်သည့်လူက တစ်ဖက်သူထံ သွားပြီး အကူအညီ ပြန်တောင်းနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
လင်းရီ ဖုန်း စခရင်ကို ဝူချီးမင်ဘက်သို့ ပြ၍ “ မင်း ရှောင်ပင်းဆီ ဖုန်းဆက်ခဲ့တာပဲ ဖြစ်ရမယ် ဟုတ်တယ်ဟုတ်… ဘယ်လိုတောင် တိုက်ဆိုင်ထားလိုက်သလဲ… ငါတို့ချင်းကလည်း ရင်းနှီးပြီးသားဆိုတော့ အဲ့လောက် ဒုက္ခခံစရာ မလိုတော့ဘူး… ငါ့ရှေ့မှာပဲ ပြောကြဆိုကြ…”
“ ခွီး…”
ချင်းဟန် အသံ ကျယ်လောင်စွာ ရယ်မောမိသွားခဲ့ပြီး အခြားသူများလည်း သူ့ဆီကနေ ကူးစက်ကုန်ကြသည်။
ဝူချီးမင်က အတော်လေး စိတ်ဝင်စားဖို့ကောင်း၏။ ဤကိစ္စကို ဖြေရှင်းပေးရန် တစ်ယောက်ယောက် ရှာမည်ဟု ဟိန်းလား ဟောက်လားပြုကာ အဆုံး၌ သူ အားကိုးနေသည့် လူက လင်းရီထံ အကူအညီတောင်းခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
ယခုဥစ္စာလောက် ရယ်စရာကောင်းတာ ရှိတော့မည်လို့ မထင်ပေ။
နောက်တွင် ရပ်နေသည့် ဝမ်ထင်လည်း အချိန်အတော် ကြာသည်ထိအောင် ကြက်သေသေသွားခဲ့ရသည်။
ယွီဟန်ရဲ့ နာမည်ကြီး မမလေးပင်းက လင်းရီကို တကယ်ကြီး အစ်ကိုရီလို့ ခေါ်လိုက်တယ်… ပြီးတော့ ဒီကိစ္စအတွက်တောင်မှ အကူအညီ တောင်းနေလိုက်သေးတယ်…
ဒီအကောင်က ကျိုးဟိုင်မှာ ဘယ်လောက်ထိတောင် ဩဇာလွှမ်းမိုးမှု ရှိနေလို့.. ဒါမှမဟုတ် ဟွာရှမှာဆိုရင်ပေါ့….။
“ ဝူချီးမင်… နင်တို့ ဘယ်လိုစည်းမျဉ်းတွေနဲ့ အလောင်းအစား လုပ်ထားလဲ ငါမသိဘူး… ဒါပေမယ့် နင်တို့ရှုံးလို့ ရှုံးတဲ့သူက ကားကို မီးရှို့ဖို့ သဘောတူထားရင် မြန်မြန် သဘောတူထားတဲ့ အတိုင်း လုပ်လိုက်… ယွီဟန်ကို သိက္ခာမချနဲ့…”
“ အစ်မပင်း… ငါ……”
“ ရပြီ… နင် တော်လိုက်တော့…” ရှောင်ပင်း ပြောလိုက်ပြီး “ ငါ အဲ့နေရာမှာ မရှိတာ နင် ကံကောင်းသွားတယ်.. မဟုတ်ရင် ပါးရှစ်စိတ် ကွဲနေလောက်ပြီ… နင်က ငါ့ကို ဖုန်းဆက်ပြီး အကူအညီ တောင်းဝံ့နေသေးတယ်ပေါ့လေ… နင် ငါ့ကို အရှက်ခွဲနေတာပဲ…”
“ ဟုတ် ဟုတ်ကဲ့ပါ အစ်မပင်း…”
လင်းရီ ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဝူချီးမင်ကို ပြုံးပြလိုက်သည်။
“ လုပ်စမ်းပါ… မင်း ဘယ်သူ့ဆီ ဖုန်းထပ်ခေါ်ချင်သေးလဲ… ခေါ်လိုက်စမ်းပါ…”
ပတ်ဝန်းကျင်ရှိ လူတိုင်း ရယ်ချင်စိတ်ကို အောင့်အီးထားကြရင်း ဝူချီးမင်ကို ကိုယ့်ကိုယ်ကို သွေးနားထင် ရောက်လွန်းသည့်အတွက် တိတ်တဆိတ် လှောင်ရယ်နေကြသည်။
“ ငါတို့ ပြန်တွေ့မှာပါ…”
အေးစက်စက် နှာခေါင်းရှုံ့ပြီးနောက် ဝူချီးမင်သည် ကားများကို ချန်ထားရစ်ခဲ့ပြီး သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။
“ အိုကေ အိုကေ… လာကြ လာကြ… အေးကအေး ချမ်းကချမ်းနဲ့ မီးလေးဖိုလိုက်ကြစို့…”
NFC အသင်းသားများ၏ ကားများအားလုံးကို လျန်ကျင်းမင် အတူ စုဝေးလိုက်၏။
သို့သော် ဝမ်ထင်၏ ကားကိုတော့ လင်းရီ ဖယ်ထုတ်ထားလိုက်လေသည်။ မည်သို့ပင်ဆိုစေ သူတို့ချင်းက အသိတွေဟု ပြော၍ရပြီး လွန်လွန်ကြူးကြူး လုပ်လို့ မသင့်ပေ။
ဟိန်းဟောက်သံပြု၍ တောက်လောင်နေသည့် မီးတောက် မီးလျှံများ၊ 857 ၏ သီချင်းသံနှင့်အတူ ကျိုးဟိုင်နိုင်ငံတကာ ကားပြိုင်ပွဲကွင်းသည် သွေးရူးသွေးတမ်း ညတစ်ညသို့ အသွင်ကူးပြောင်းသွားခဲ့တော့၏။
၎င်း၏ ဆွဲဆောင်ခြင်းကို ကျီချင်းရန်ပင် မလွတ်မြောက်နိုင်လိုက်ချေ။ အတော်လေး စိတ်ဝင်စားဖို့ ကောင်း၏။
အားလပ်ချိန်ကို အခွင့်ကောင်းယူ၍ လင်းရီသည် လီစီကျင်းနှင့် သွားတွေ့လေသည်။
“ အစ်ကိုရီ ရှင်က သိပ်တော်တာပဲ… ရှင့်ရဲ့ ကားမောင်းစကေးတွေက တကယ်ကြီး သိပ်ကို သိပ်ကို ကောင်းလွန်းတယ်…”
“ ဒီတိုင်းပါပဲ..” လင်းရီ ပြုံးလိုက်သည်။
“ ငါ မင်းကို ယွမ်တစ်သိန်း လွှဲပေးလိုက်မယ်… မနက်ဖြန် မနက်ခင်းကျရင် အစ်ကိုလီရဲ့ ကလေးဖို့ ပစ္စည်းတစ်ချို့ သွားဝယ်ပေးပြီး ရာသီ အဝတ်အစားတွေပါ တွဲပို့ပေးလိုက်…”
“ ဟင်…. ယွမ်တစ်သိန်းလား…”
“ အဲ့လောက်လည်း မများပါဘူး… သူ့ကို ဖုန်းအသစ်၊ လက်တော့ အသစ်၊ နဲ့ တခြား ကောလိပ်မှာ လိုအပ်မယ့် နေ့စဉ်သုံး ပစ္စည်းတစ်ချို့ ဝယ်ပေးလိုက်… အစ်ကိုလီက ငါတို့အပေါ် အစ်ကိုကြီး တစ်ယောက်လို ဂရုစိုက်ပေးခဲ့တာ ကပ်စေးကုတ်မနေနဲ့…”
“ အိုကေ… မနက်ဖြန်ကျ သွားလိုက်မယ်…”
လင်းရီ ခေါင်းညိမ့်လျက် နောက်သို့ လှည့်ထွက်လာခဲ့သည်။
ဝမ်ထင် သူ၏ နောက်ကျောကို ငေးရင်း ယခုလို ပြောလိုက်၏။
“ တော်တော်လည်း ထူးဆန်းတဲ့လူ… အစ်ကိုမင်နဲ့ မျက်နှာချင်းဆိုင်တုန်းကကျ မောက်မာပြီး အာဏာရှင်ဆန်တယ်… ဒါပေမယ့် နင်တို့ဌာနရဲ့ ခေါင်းဆောင်ကိုကျ ယဉ်ကျေးနေလိုက်တာ… အရမ်း ထူးဆန်းလွန်းတယ်.. စိတ်ကစဉ့်ကလျား ဝေဒနာရှင်များ ဖြစ်နေလား မသိဘူးနော်…”
စာစဉ် (၉၃) ပြီး၏။