ခရီးလမ်းတစ်ခုပေါ်ဝယ်
Vol. 21 Ch. 301
Child of light (ကျန်းကုန်း)
Volume 11: Chapter 9 - Leaving on a Journey
ခယ်အာလွင်တိ ရယ်မောရင်း..
“အဲ့လို ပြောစရာလားကွာ.. ဒီခရီးမှာ ငါတို့နဲ့အတူ လိုက်ဖို့ မှော်ဆရာကြီးတစ်ယောက်ကို ဖိတ်လိုက်နိုင်တာကိုက ငါ့အတွက် ကံကောင်းမှုတစ်ခုပဲလေ.. ဒါဆို ပြေလည်သွားပြီပေါ့.. ဒီက စောင့်နေယုံပဲ လိုတယ်.. ငါသွားပြီး အထုပ်အပိုး ပြင်လိုက်အုံးမယ်.. ခနနေ လာခေါ်မယ်..”
စကားဆုံးတာနဲ့ ခွက်ထဲက လက်ကျန်ရှင်းပြီး လှည့်ထွက်သွားတော့တယ်။
ကျန်တဲ့သူတွေ သဘောကျဖို့ ကျုပ်ရုပ်အပေါ်မှာ မူမတည်ဘူးနဲ့ တူပါတယ်။ သူ့တပ်သားတွေလဲ စုနေလေရဲ့။ ဒီဝိုင် မဆိုးဘူးပဲ။ သူနဲ့ မပြီးပြတ်သေးမှတော့ သူ့ကို ကူညီသင့်တယ် ထင်တာပဲ။ ကျုပ်လဲ အမှတ်မထင် ပုလင်းလိုက် ကိုင်ပြီး မော့သောက်လိုက်တယ်။ စောစောက စိတ်မကြည်လို့ သိပ်မသောက် ဖြစ်ခဲ့သေးတာ။ ခယ်အာလွင်တိ မှာထားတဲ့ ဟင်းပွဲတွေက ဈေးအကြီးဆုံးတွေဗျ။ ကျုပ် ထပ်စားလို့ရသေးတယ်။ မူကျီနဲ့ ကျုပ်ဆိုတာ အခြေမရှိတဲ့ တွင်းကြီးတွေလေ။ ဒီဟင်းပွဲလေး နည်းနည်းက ကျုပ်အတွက် ဘာမှကို မဟုတ်တာ။ စားပွဲပေါ်က ဟင်းပွဲတွေအကုန် ကောက်ရိတ်သလို အရိတ်ခံလိုက်ရတာပေါ့ဗျာ။ ခယ်အာလွင်တိ အလင်စလို ထွက်သွားရတာဆိုတော့ ငွေအရှင်းရသေးဘူး။ ဒါဆို ကျုပ်ပေးရတော့မှာလား။ ကျုပ်လဲ အရေးပေါ် ထွက်လာတာမို့ ငွေသိပ်မပါဘူးလေ။ သူပြန်လာပါစေလို့ပဲ ဆုတောင်းရတော့မယ်။ စပျစ်ဝိုင်နဲ့ ဟင်းပွဲတွေ တန်ဘိုး မသေးလောက်ဘူး။ ဝိုင်အရသာလဲ မဆိုးဘူးဗျ။ ခက်တာက ခွက်နဲ့ မသင့်တော်တာ။ ဝိုင်သောက်တဲ့အခါ ခွက်ပေါ်မှာ အရမ်းမူတည်တယ်လို့ ဆရာတိပြောဖူးတယ်။ ကျောက်စိမ်းခွက်ဆိုပေမယ့် အဆင်ပြေမနေဘူး။
ကံကောင်းလို့ပေါ့ဗျာ.. သိပ်မကြာခင် မြင်းခွာသံတွေ ပီပီသသ ကြားလိုက်ရတယ်။ ခယ်အာလွင်တိ ရဲ့ မြင်းတပ်ဖွဲ့ ဖြစ်လိမ့်မယ်။
ကျုပ်ထင်လိုက်တာ မှန်တယ်ဗျ။ မြင်းခွာသံတွေ တည်းခိုခန်း အဝမှာ ရပ်သွားတယ်။ ခယ်အာလွင်တိ စိတ်လှုပ်ရှားတကြီး ပြန်ရောက်လာတယ်လေ။
“ညီနောင် အခု ငါတို့ သွားလို့ရပြီ.. အာ.. ဟုတ်သားပဲ မင်းနာမည် မမေးမိသေးဘူး..”
ကျုပ်အံ့ဩသွားမိတယ်။ အမှန်အတိုင်း ပြောလို့ မဖြစ်သေးဘူးလေ။
“အရှင် မင်းဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါ့မိတ်ဆွေတွေကတော့ ငါ့ကို ဆယ့်ရှစ် လို့ခေါ်ကြတယ်”
နတ်ဆိုး တော်ဝင်နန်းတော်ထဲမှာ ထင်းခွဲခဲ့ရတဲ့ အချိန်ကိုတောင် သွားသတိရမိတယ်ဗျာ။
ခယ်အာလွင်တိ ဘာမှ ထပ်မမေးတော့ဘူး။
“ညီနောင် ဆယ့်ရှစ်.. အခုသွားကြစို့လေ..”
ကျုပ်အကြည့်တွေ စားပွဲပေါ်က လက်ကျန် ဝိုင်ပုလင်းပေါ် ရောက်သွားတယ်။ ကျုပ် ပြုံးရင်းနဲ့..
“အရှင် မင်း ငါ့ကို ဧည့်ခံမယ်လို့ ပြောသွားသလားလို့..”
ဒီအချိန်မှာတော့ ကျုပ်မျက်နှာပူပူနဲ့ ပြောရတော့မှာပဲ။
ဒင်းမှင်တက်သွားပြီး..
“ဟုတ်သားပဲ.. မှန်တယ် မှန်တယ်.. ငါမေ့သွားတာ တောင်းပန်ပါတယ်.. ဆိုင်ရှင် ငွေရှင်းမယ်..”
ပြေစာရောက်လာတော့ ကြည့်ပြီး ခယ်အာလွင်တိ သက်ပြင်းချတာ တွေ့လိုက်ရတယ်။ ကျုပ်တော့ သူ့အပေါ် ကျေးဇူးကျွေး တင်သွားပြီ ပြောရမှာပေါ့။ အဝတ်ပတ်ထားတဲ့ စုက္ကရေးကိုင်းပြီး တည်းခိုခန်းက ထွက်လာခဲ့လိုက်တယ်။ သူ့ငယ်သားတွေတော့ ရဲရင့်မှုတွေ အပြည့်နဲ့ စောင့်နေကြလေရဲ့။ မြင်းအလွှတ် (၂)ကောင် ပါတယ်ဆိုတော့ တစ်ကောင်က ခယ်အာလွင်တိအတွက်၊ တစ်ကောင်က ကျုပ်အတွက် ပြင်ထားတယ် ဆိုတဲ့ သဘောပေါ့။
“ဆယ့်ရှစ်.. ဒါ မင်းအတွက်ကွ..”
ဒေါင်ကောင်းကောင်းနဲ့ အဖြူရောင် မြင်းလိမ္မာတစ်ကောင် ဆွဲလာတယ်။ သူ့ငယ်သားတွေတော့ ကျုပ်ကို ဝိုင်းကြည့်နေကြလေရဲ့။ မိုးရပ်သွားပြီဆိုပေမယ့် တိမ်တွေတော့ မဲအုံ့နေတုန်းပဲဗျ။ ကျုပ်လဲ မြင်းမစီးဖြစ်တာ အတော်ကြာပြီပဲ။ ဒီမြင်း ကျုပ်ကို ကောင်းကောင်း လက်ခံပါ့မလား မသိဘူး။
ခယ်အာလွင်တိ ကျုပ် တွေဝေနေတာမြင်တော့ ပြုံးပြီး..
“ဆယ့်ရှစ်.. စိတ်ချ။ မင်းက မှော်ဆရာမှန်းသိလို့ မြင်းလိမ္မာရွေးပေးထားတာ။ မြင်းပေါ်က ငါကူတင်ပေးရအုံးမလား”
ကျုပ် ရှို့တိမှာတုန်းက ဆရာဝမ်ရဲ့ အပြင်းစား လေ့ကျင့်မှုတွေ ခံခဲ့ရတယ်လေ။ ကျုပ် ကိုယ်လုံးကိုယ်ပေါက်က အဆင်ပြေပါသေးတယ်။ ကုန်းနှီးပေါ် တက်ထိုင်ဖို့ လုပ်လိုက်တယ်။ ခယ်အာလွင်တိ ပြောသလိုပဲ မြင်းက မြင်းလိမ္မာလေးဗျ။ သူ့ကျောပေါ် ထိုင်လိုက်တာနဲ့ အေးဆေးပဲ။ ကျုပ် သက်ပြင်းတစ်ချက် အရှိုက်နဲ့အတူ မြင်းစီးရတဲ့ ခံစားချက် ရလိုက်တယ်။ စီးထားတဲ့ မြင်းက ဒေါင်ကောင်းတော့ အမြင့်ကနေ မြေပြင်ကို ငုံ့ကြည့်နေရသလို ခံစားလိုက်ရတယ်။
“ညီနောင် ဆယ့်ရှစ်.. ငါမင်းကို မိတ်ဆက်ပေးရအုံးမယ်.. ဒါ ငါ့ညီအစ်ကိုတွေပေါ့.. သူတို့တွေအကုန်လုံး မြင်းစီးကျွမ်းကြတယ်လေ”
မြင်းတပ်ကို လေ့လာကြည့်လိုက်တော့ ခယ်အာလွင်တိ အပါအတွင် (၁၈)ယောက်ဗျ။ အားလုံးက အေးစက်စက် တင်းမာမာ အမူအရာတွေနဲ့ ရှိနေကြတာ။ သူတို့ စိတ်ခံစားချက်တွေ ဖုံးကွယ်ထားကြတာဗျ။ ခန္ဓာကိုယ်က ထွက်နေတဲ့ ရောင်ဝါတွေအရတော့ အားမနည်းလောက်ဘူး။ သူတို့တွေ ကောင်းကင်သူရဲကောင်း အဆင့်နီးနီးပဲ။ ခယ်အာလွင်တိ လက်အောက်က ကောင်တွေ ကျွမ်းကျင်သူတွေ ဖြစ်တဲ့အပြင် သိပ်ရိုးရှင်းပုံမရဘူး။ သူတို့ အုပ်စုကို ခေါင်းညိတ်ပြပြီး..
“အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်.. ငါက ဆယ့်ရှစ်ပါ… ကျေးဇူးပြုပြီး ဂရုစိုက်ပေးကြပါအုံး..”
“ကောင်းပြီ.. ငါတို့ သွားကြစို့..”
ခယ်အာလွင်တိ ပြောပြီးတာနဲ့ မြို့ပြင်ထွက်ဖို့ မြင်းလှည့်လိုက်တယ်။ ကျုပ်လဲ မြင်းကိုလှည့်ဖို့ အလျင်စလို လိုက်လုပ်ရတာပေါ့။ ခက်တာက ကျုပ်စကား နားမထောင်တာ ဆိုးချက်ပဲ။ သွားတယ်ဆိုပေမယ့် နှေးကွေးနေရောပဲ။ ကံကောင်းတာက ခယ်အာလွင်တိနဲ့ သူ့လူတွေလဲ အမြန်မသွားကြဘူးဗျ။ အချိန်လေး နည်းနည်း ကြာလာတာနဲ့အမျှ မြို့ပြင်လဲရောက်ရော ကျုပ်ရဲ့ ပင်ကိုယ်စွမ်းရည်အရ အဆင်ပြေသွားတာပါပဲ။
ခယ်အာလွင်တိနဲ့ ကျုပ် အဖွဲ့ရှေ့ဆုံးကနေ စီးနေကြတာ။ သူကတော့ တပ်ထဲမှာ ဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာတွေ ပြောပြတတ်သေးတယ်။ သူက တလူနိုင်ငံမှာ တော်တော် နာမည်ကြီးပုံပဲဗျ။ အသက် (၁၄)နှစ်ကတည်းက တပ်ထဲရောက်ပြီး လက်ရှိ ရာထူးအထိ တဖြည်းဖြည်း တက်လာတာ။ သူရာထူးရတယ်ဆိုတာ ကံကောင်းလို့မှ မဟုတ်တာ။ အခုဆို သူ့အသက်(၂၆)နှစ်ဆိုတော့ ကျုပ်ထက် အသက်အများကြီး ကြီးတာပဲ။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ အရွယ်တင်ချက်ပဲဗျာ။
“ညီနောင် ဆယ့်ရှစ်.. မင်း ဘယ်မှော်ပညာ လေ့ကျင့်ထားတာလဲ..”
“အလင်းမှော်ကွ.. ဆန်ခယ်မှော်ပညာကျောင်းမှာ လေ့လာခဲ့တာလေ..”
ဆန်ခယ် မှော်ပညာကျောင်းဆိုတာ ကျုပ်မွေးဇာတိ ရွာလေးနဲ့ အနီးပတ်ဝန်းကျင်မှာဆို အကြီးဆုံး ကျောင်းပေါ့။ အိုက်ရှားမှာ လူတွေ ကောင်းကောင်းသိတယ်ဆိုပေမယ့် တော်ဝင်မှော်ပညာကျောင်းနဲ့တော့ မယှဉ်နိုင်ဘူးပေါ့ဗျာ။
ခယ်အာလွင်တိ ကျုပ်စကားတွေကို သံသယ ဝင်ပုံမရဘူး။
“မင်းမှော်ပညာနဲ့ လက်ရှိအဆင့်က ဘယ်ရောက်နေပြီလဲ မေးလို့ရမလား..”
“သိပ်တော့ မသေချာဘူး။ မင်းပြောသလို မှော်ကျောင်းသား အဆင့်လောက် ပဲထင်တာပဲ..”
“အလင်းမှော်ပညာက သင်ယူရခက်လား။ အလင်းဒြပ်စင် မှာ တိုက်ခိုက်စွမ်းအား သိပ်မရှိဘူးလို့ ငါကြားဖူးတယ်”
သူ့စကား ကြားတော့ အလင်းမှော်ပညာ စသင်ရတဲ့ ရည်ရွယ်ချက်ကိုတောင် ပြန်မတွေးပဲ မနေနိုင်တော့ဘူး။ ကျုပ်ကိုကျုပ်လဲ ဒီနေ့ ဒီအဆင့်ထိရောက်အောင် တိုးတက်လာလိမ့်မယ်လို့ အရင်က ထင်ကိုမထားခဲ့မိတာ။ သက်ပြင်းသာ ချနေလိုက်မိတော့တယ်။
============= (*^*)=============
အပိုင်း( ၃၀၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား