← Chapters

ရုတ်တရက် မိစ္ဆာ ခြေရာလက်ရာတွေ ပေါ်လာခြင်း

Vol. 21 Ch. 303

ရုတ်တရက် မိစ္ဆာ ခြေရာလက်ရာတွေ ပေါ်လာခြင်း

Vol. 21 Ch. 303

Child of light (ကျန်းကုန်း)

Volume 11: Chapter 11 - Monster Traces Suddenly Appear

ခယ်အာလွင်တိ အံ့ဩသွားပြီး..

“ဘာမှားလို့လဲ.. မဟုတ်သေးပါဘူး.. ဒီနေရာမှာ ဘာမှားစရာမှ မရှိတာ..”

ကျုပ်ရဲ့ နိမိတ်ဆိုး အချက်ပေးတာ ပိုပို ကြီးလာပြီ။ ခပ်လှမ်းလှမ်းက အေးစက်စက် အငွေ့အသက် ပေါ်လာတယ်။ လက်ဝှေ့ရမ်းရင်း မီးပုံကို ငြိမ်းဖို့ ရေမှော်ပညာကို သုံးလိုက်တယ်။ မိစ္ဆာ အငွေ့အသက် ပီပီပြင်ပြင် ခံစားလိုက်ရလို့ စုက္ကရေးကို ကိုင်ပြီး မတ်တပ်ရပ်လိုက်တယ်။ မိစ္ဆာအငွေ့အသက်နဲ့ ပတ်သက်ရင် သူတို့ထက်ပိုပြီး ကျုပ်ကောင်းကောင်း ရင်းနှီးနေတယ်လေ။ ဒီကောင်တွေ ဘာလို့ ဒီမှာ ပေါ်လာပါလိမ့်။

ခယ်အာလွင်တိ ကျုပ်နဲ့ အတူရပ်နေပေမယ့် ဘာတွေလွဲနေတယ်ဆိုတာ မသိတဲ့ပုံပဲ။ သူ မျက်မှောင်ကြုတ်ပြီး..

“ဆယ့်ရှစ်.. မင်း အရမ်းလေးနက်လွန်းနေသလားလို့.. ငါဘာလို့ ဘာမှ မခံစားရတာလဲ..”

ကျုပ် ခပ်တိုးတိုးနဲ့..

“အားလုံး မြန်မြန်ထကြ.. ငါတို့ ပတ်ဝန်းကျင်မှာ ကြောက်စရာ စွမ်းအားတွေနဲ့ ပြည့်နေပြီ.. ပြင်ကြတော့..”

ခယ်အာလွင်တိ ခေါင်းညိတ်ပြတယ်။ ဒီကောင် အတွေ့အကြုံ တော်တော် ရင့်နေတဲ့ စစ်သည်တော်ကောင်း တစ်ယောက်ပဲဗျ။ ရုတ်တရက် ပေါ်လာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ် လုပ်တတ်တာပဲ။ သူ့ငယ်သားတွေကို အသံတစ်ချက်မှ မထွက်ဘဲ စုစည်းနိုင်လိုက်တယ်။

ကောင်းကင်မှာလဲ မကောင်းတဲ့ အငွေ့အသက်တွေ တော်တော် ထူလာပြီ။ ခယ်အာလွင်တိ ဒီအချိန်ကျမှ တစ်ခုခု မှားနေသလို ခံစားလိုက်ရတော့တယ်။

“အဲ့ဒါ ဘာလဲ.. ကြည့်ရတာ တော်တော်ကို မကောင်းတဲ့ အငွေ့အသက်တွေပဲ..”

“ငါမှန်းတာသာ မမှားရင် ဒါ မိစ္ဆာမျိုးနွယ် ဖြစ်လိမ့်မယ်..”

ခယ်အာလွင်တိ ဒီတော့မှ အလေးအနက် ဖြစ်သွားပြီး..

“မိစ္ဆာမျိုးနွယ်လား.. တကယ်ကို မိစ္ဆာမျိုးနွယ်လား..”

ကျုပ် သူ့ကိုကြည့်ပြီး ခေါင်းတစ်ချက် ရမ်းမိလိုက်တော့တယ်။

“မင်းလို စိတ်နဲ့ လူတွေ တိုက်ကြီးထဲမှာ အများကြီးပဲ.. ငါကိုယ်တိုင် ဒီကောင်တွေနဲ့ တိုက်ခဲ့ရလို့ ဒီကောင်တွေ တကယ်ရှိတယ်ဆိုတာ မင်းကို ပြောရဲတယ်.. လောလောဆယ်တော့ လက်ရှိအခြေအနေကို ဖြေရှင်းရအုံးမယ် ဘာမှ မတောင်းဆိုနဲ့အုံး.. အားလုံးပဲ ဘာတွေ ဖြစ်လဲသိရအောင် ငါ့နောက်လိုက်ခဲ့ကြ..”

ပြောပြီးတာနဲ့ စိတ်ဝိညာဉ်စွမ်းအားသုံးပြီး တောနက်ထဲ လျှောက်ဝင်လာလိုက်တယ်။

မိစ္ဆာမျိုးနွယ်ရဲ့ သေခြင်းအရှိန်အဝါတွေကို ခွဲခြားရတာ တော်တော် လွယ်ပါတယ်။ ဒီလိုနဲ့ အရှိန်အဝါ အထူထပ်ဆုံးနေရာ ရောက်လာခဲ့လိုက်တယ်။ သေချာတော့ ရှာကြည့်ရမှာပဲ။ ခယ်အာလွင်တိနဲ့ သူ့လူတွေ (၁၈)ယောက် အသံတစ်စက်မှ မထွက်ဘဲ ကျုပ်နောက် ကပ်လိုက်လာကြတယ်။

သေခြင်းအရှိန်အဝါတွေ ပိုပို ထူထပ်လာပြီ။ အရမ်းထူလွန်း အားကြီးတော့ ဖိအားတွေတောင် ပြင်းထန်လာပြီ။

တောနက်ထဲ ဝင်ရင်းနဲ့ နောက်ဆုံးတော့ သေခြင်းအရှိန်အဝါနဲ့ လေဟာနယ် အရိပ်အယောင်တွေ တွေ့လိုက်ရတယ်။ တောအုပ်ထဲလဲ တော်တော်ကို ရှင်းလင်းထားတာပဲ။ ဘယ်လောက်ထိ ရှင်းထားလဲဆို အသက်ဓါတ်တောင် နည်းနည်းမှ မခံစားမိဘူး။ မီးခိုးရောင် နယ်မြေမှာ ဘာသတ္တဝါမှ မတွေ့ဘူး။ ပတ်ဝန်းကျင်က မြက်ပင်တွေတောင် ညှိုးနွမ်းနေတဲ့ ပုံပဲ။ ရှင်းထားတဲ့ ဗဟိုချက်မှာ (၁၆)မီတာလောက်ကျယ်တဲ့ တွင်းကြီး တစ်တွင်းရှိနေတယ်။ ကျုပ်တို့ ရှိနေတဲ့ နေရာကကြည့်တာ ဘယ်လိုမှ မမြင်နိုင်ဘူး။ အဲ့တွင်းထဲကနေ အနီရောင် အလင်းဖျော့ဖျော့ ထွက်နေပြီး တော်တော်ကို ဆိုးဆိုးဝါးဝါး ခံစားချက်တွေ ပေးနေလေရဲ့။

ခယ်အာလွင်တိက..

“အဲဒါ မိစ္ဆာမျိုးနွယ်ရဲ့ တွင်းလား..”

ကျုပ် ခေါင်းအသာညိတ်ပြီး..

“တော်တော် ဖြစ်နိုင်တယ်.. စောင့်ကြည့်ရအောင်..”

ဒီအပေါက်ကြီးက ကျန်းဟူနဲ့ ကျန်တဲ့သူတွေ ဝိုင်းဖယ်ခဲ့တဲ့ ကျုပ်တို့ အခြေစိုက်စခန်းနားက အပေါက်ထက် တော်တော် သေးတာဗျ။ ဘာသတ္တဝါမှ ပေါ်မလာဘူးဗျ။ ဒီတွင်း တော်တော် ကြောက်စရာ ကောင်းပြီး မိစ္ဆာမျိုးနွယ်တွေ ထွက်လာနိုင်မယ့် တွင်းပေါက်တစ်ခုဆိုတာ ကျုပ်သေချာပေါက် ပြောနိုင်တယ်။ သန္ဓေတည်နေတုန်း အားလုံးကို သတ်ပစ်မှရမယ်။ မဟုတ်ရင် တော်တော်ကို ဆုံးရှုံးမှုကြီးမျာဗျ။

ကောင်းကင်ကြီးက အုံမှိုင်းနေသလို၊ တိမ်မည်းတွေရဲ့ ဗဟိုချက်က တွင်းကြီး အပေါ်တည့်တည့်မှာ။

တွင်းပေါက်ထဲကနေ ဆူဆူညံညံ အသံတွေ ကြားလိုက်ရတယ်။ ကျုပ် လျှို့ဝှက်ချက်တွေ ထပ်ဖုံးထားနိုင်ဖို့တောင် မစဉ်းစားတော့ဘဲ ခယ်အာလွင်တိကို သတိထားနေဖို့ မျက်လုံးနဲ့ပဲ အချက်ပြလိုက်တယ်။ စုက္ကရေးအပေါ်က ပတ်ထားတဲ့ အဝတ်ကို အသာဖယ်လိုက်တော့တယ်။ ကျုပ် အထွတ်အထိပ် အခြေအနေကို ထိန်းထားနိုင်ဖို့ ခန္ဓာကိုယ်ထဲက ပေါင်းစပ်စွမ်းအားတွေကို လှည့်ပတ်လိုက်တော့တယ်။ ကျုပ်ပြင်ဆင်နေတုန်းမှာပဲ အသံတွေ ကျယ်သည်ထက် ပိုကျယ်လာတယ်။

“ဝရူး… ဝရူး..”

အနက်ရောင် (၁၀)ကောင်လောက် တွင်းပေါက်ထဲကနေ မြေပေါ် ရောက်လာတယ်။ ဒီလို ရွံစရာကောင်တွေ အရင်က တွေ့ဖူးပြီးသားလေ။ လူသား အငွေ့အသက်တွေ ခံစားမိသွားတော့ မျက်လုံးတွေ ရဲရဲနီပြီး ကျုပ်တို့ဆီ ဦးတည်လာလာတော့တာပဲ။

“အားလုံး ကိုယ့်ကိုကိုယ် ဂရုစိုက်..”

ကျုပ် အသံတိုးတိုးနဲ့ သတိပေးလိုက်တယ်။ ဒီ အရုတ်တမာကောင်တွေကို ကျုပ်နည်းနည်းလေးမှ ညှာတာနေမှာ မဟုတ်ဘူး။ ကျုပ်လဲ အတွေးတစ်ချက်နဲ့အတူ အမြန်ဆုံး ချေမှုန်းပစ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ခယ်အာလွင်တိ အံ့ဩနေတာ ဂရုစိုက်မနေတော့ဘဲ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အသက်သွင်းပြီး ခုန်တက်လိုက်တယ်။ စုက္ကရေးလဲ အဖြူရောင် အလင်းတန်းတွေ တောက်ပလာတယ်။ (၁၀)မီတာလောက် အဝေးက ဘီလူးတွေဆီကို အဖြူရောင် အလင်းတန်း တစ်ချက် ပစ်လွှတ်လိုက်တော့တာပေါ့။

ပေါက်ကွဲသံ အကျယ်ကြီးနဲ့အတူ အလင်းဒြပ်စင်က သန့်စင်လွန်းအားကြီးလို့ မိစ္ဆာကောင်တွေတော့ နွေဦးလေအောက်က သစ်ရွက်ခြောက်တွေလို ကြွေလွင့်ကုန်ပါလေရော။ ဒါပေမယ့်လဲ တွင်းထဲကနေ ဆက်တိုက် ထွက်လာနေတာဆိုတော့ မာန်လျှော့ချလို့ မရနိုင်သေးဘူး။

“အိုလင်းရောင်ခြည်.. ငါမိတ်ဆွေတို့… ကြယ်စင်အလင်းတွေ ဖန်တီးလို့ ရှေ့မှာရှိတဲ့ ရန်သူတွေ ချေမှုန်းဖို့ ကန့်သတ်မဲ့ အလင်းစွမ်းအားတွေ သုံးလိုက်စမ်းပါ.. တောက်ပသော အလင်းကြယ်..”

အလင်း ဒြပ်စင်တွေ ကျုပ်ပတ်ပတ်လည်ကို အမြန်ဆုံးစုလာပြီး တောက်ပနေတဲ့ အလင်းကြယ်တွေ ဆက်တိုက် ဖွဲ့စည်းလာပြီး အလွှာတွေ တစ်ခုပြီးတစ်ခု ဖန်တီးလိုက်တော့တယ်။ ဒီမန္တန်ရဲ့ အမြင့်ဆုံး စွမ်းအားပြနိုင်အောင် လုပ်နေတာလေ။

ကျုပ်ခန္ဓာကိုယ် လွင့်မျောပြီး တောဘက်ကို ဆုတ်သွားလိုက်တယ်။ ကျုပ်အမိန့်နဲ့အတူ အလင်းကြယ်တွေ အများကြီး ပေါ်လာတယ်။ အလင်းတန်းတွေ ပြင်းလွန်းအားကြီးတော့ ကျုပ်ရော၊ ခယ်အာလွင်တိနဲ့ သူ့ငယ်သား တွေရော မျက်စိတွေ ကွယ်ကုန်ရော။ တွင်းထဲက ထွက်လာတဲ့ မိစ္ဆာတွေ ရော တွင်းထဲက အကောင်တွေပါ ကျုပ်တိုက်ကွက်ကြောင့် အငွေ့ပျံသွားတာ သေချာ ခံစားလိုက်ရတယ်။

အလင်းရောင် နည်းနည်း မှိန်သွားမှပဲ မြေပြင်မှာ တွင်းပေါက်တွေ ဗလပွနဲ့ အစိမ်းရောင် အရည်တွေ နေရာတိုင်း ပျံနှံ့နေလေရဲ့။ မိစ္ဆာတွေ ဘယ်လောက် သေသွားမှန်း မသိဘူး။ တိုက်ခိုက်လိုက်တဲ့ နေရာမှာ အပေါက်ကြီးတစ်ပေါက် ဖြစ်နေတယ်။ အနံ့ဆိုးကြီးတွေ ကျုပ်တို့ဆီ ရောက်လာတော့ ကျုပ်တောင် မျက်မှောင်ကြုတ်လိုက်မိတယ်။

ခယ်အာလွင်တိ အံ့ဩတကြီးနဲ့ အဖြစ်အပျက်တေါကို ကြည့်ရင်း..

“ဒီ.. ဒီ.. ဒီလောက် စွမ်းအား ကောင်းဖို့ဆိုရင်. မင်း.. မင်း.. မှော်ပညာသင်တော့ မဖြစ်နိုင်ဘူးမို့လား..”

ကျုပ် အလေးအနက်နဲ့..

“ကိစ္စမပြီးသဘေး သတိထား..”

ဒီတွင်းကြီးကို ဖျက်စီးပစ်ဖို့ သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ စုစည်းလိုက်တော့တယ်။

နီရဲရဲ မီးလုံး နှစ်ရောင် ကျုပ်ဆီလာနေတာနဲ့အမျှ တွင်းထဲကနေ အော်သံတွေ ရုတ်တရက် ထွက်လာတယ်။ ထွက်လာတဲ့ မိစ္ဆာတွေကို တားဆီးဖို့ အတွက် စုက္ကရေးကို အလျားလိုက်ကိုင်ပြီး အလင်းရောင် ထုတ်လွှတ် လိုက်တယ်။ အလင်းရောင်တွေ တဖျတ်ဖျတ်တောက်ပရင်း ကျုပ်အလင်းဓာတ်တွေနဲ့ လှမ်းပစ်လိုက်တယ်။

အခုထွက်လာတဲ့ မိစ္ဆာတွေက အစောက မိစ္ဆာတွေထက် (၃)ဆ ပိုမြန်တာပဲ။ မိစ္ဆာတွေရဲ့ တိုက်စစ် တဖြည်းဖြည်း အားကောင်းလာတာပဲ။ ကျုပ်ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ် စွမ်းအားတွေ ဆက်တိုက် စီးဆင်းနေလို့သာမဟုတ်ရင် ဒီကောင်တွေကို တိုက်ခိုက်ဖို့ တော်တော် ခက်လိမ့်မယ်။

============= (*^*)=============

အပိုင်း( ၃၀၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters