မိစ္ဆာ တွင်းပေါက်ကို ဖျက်စီးခြင်း
Vol. 21 Ch. 306
Child of light (ကျန်းကုန်း)
Volume 11: Chapter 14 - Destroying the Monster Hole
“ခယ်အာ… မင်းလူတွေ အမြန်ဆုံး နောက်ဆုတ်ခိုင်း.. ဒီ တွင်းပေါက်ကြီး ငါရှင်းထုတ်တော့မယ်..”
ခယ်အာလွင်တိ ကျုပ်ရှေ့က သန့်ရှင်းသောဓားကိုမြင်ပြီး အံ့အားသင့်လို့ ကျောက်ရုပ်လိုဖြစ်နေတယ်။
ကျုပ်စိုးရိမ်တကြီးနဲ့..
“အမြန်သွားတော့.. ပေါက်ကွဲတဲ့အချိန် တော်တော် ပြင်းမှာဟ”
အဲ့တော့မှ ခယ်အာလွင်တိ သတိလည်လာတော့တယ်။ အလင်းမိုးဖွားတွေကြောင့် ပြန်ကောင်းနေပြီဖြစ်တဲ့ သူ့ငယ်သား (၁၈)ယောက်ကိုပါ ဒီနေရာက ထွက်သွားဖို့ ခိုင်းလိုက်တယ်။ ဒီတော့မှ ကျုပ်သက်ပြင်းချပြီး တွင်းဝကြီးကို အာရုံစိုက်လိုက်တယ်။ အလင်းမိုးဖွဲလေးတွေ ပျောက်သွားပြီမို့ ဆိုးယုတ်အရှိန်အဝါတွေ တွင်းပေါက်ထဲက ဆက်တိုက် ထွက်နေတယ်။ မိစ္ဆာတွေ ထပ်ပေါ်လာတော့မယ်ဆိုတာ ကျုပ်သိနေပြီ။ စုက္ကရေးကို ကိုင်မြှောက်ရင်း ပေါင်းစပ် စွမ်းအားတွေ သွင်းပေးလိုက်တော့ ထိပ်မှာတပ်ထားတဲ့ အမြူတေ ပြန်တောက်ပလာပြီး အလင်းတန်းတွေ ထွက်လာတယ်။ သန့်ရှင်းသောဓားလဲ ထပ်ကြီးလာပြီး တွင်းပေါက်ဝကို ပျံသန်းသွားပြီ။ ကျုပ်ထိန်းချုပ်မှုနဲ့ပဲ ငွေရောင် နတ်ဘုရားအရှိန်အဝါ ဆက်တိုက်ထုတ်လွှတ်ရင်း တွင်းပေါက်ဝ အလယ်တည့်တည့်ကို ဦးတည်လိုက်တယ်။ မျက်လုံး စုံမှိတ်ပြီး ကျုပ်စွမ်းအားတွေ အကန့်အသတ်ထိ ဖြန့်ပြီး..
“ငရဲ သွားလိုက်တော့..”
စုက္ကရေးကို အောက်ညွှန်လိုက်တာနဲ့ ငွေရောင်အလင်းတန်းနဲ့ သန့်ရှင်းသောဓားက ရုတ်တရက် တွင်းပေါက်ထဲ ဝင်သွားတော့တယ်။ ငြီးတွားသံတွေ အုံနဲ့ကျင်းနဲ့ ကြားလိုက်ရပြီး ကောင်းကင်နဲ့ မြေပြင်တောင် တုန်လှုပ်သွားတယ်။ မြေငလျင်တွေလဲ ဆက်တိုက်လှုပ်လာတယ်။ ကျုပ်လဲ အာရုံစိုက်ပြီး မီတာ(၁၀၀)လောက်ထိ တည်နေရာရွှေ့ပြောင်းပြေးရတာပေါ့။ ကျုပ်ပျောက်သွားယုံရှိသေး ပေါက်ကွဲသံကြီး တစ်ချက်နဲ့အတူ (၁၀)မီတာလောက်က မြေလွှာတွေရော သစ်ပင်တွေရော အကုန် လွှင့်ထွက်ကုန်ရော။ မြေကြီးတွေ၊ အပင်အပိုင်းအစတွေ လေထဲကနေ မိုးရွာသလို ဆက်တိုက် ကျလာကြတယ်။ ငွေရောင်အလင်းတန်း တွင်းပေါက်ထဲ ရောက်သွားတာနဲ့ မိစ္ဆာအငွေ့အသက်တွေ လုံးဝပျောက်သွားပြီ။
စုက္ကရေးကနေတဆင့် သန့်ရှင်းသောဓားကို ပြန်ရုတ်သိမ်းလိုက်တယ်။ သန့်ရှင်းသောဓားကနေ အလင်းတန်းတွေ အပြင်းအထန်ထုတ်လွှတ်မှုလဲ သိသိသာသာ မှိန်သွားပြီ။ အသက်ပြင်းပြင်း ရှူရင်း အစောက ခင်းထားတဲ့ မှော်ဝင်္ကပါကို ဖျက်စီးပြီး ခန္ဓာကိုယ်ထဲက စွမ်းအားတွေ သန့်ရှင်းသောဓားထဲကို ထပ်ထည့်လိုက်တယ်။ ကျုပ် ဘယ်မှ ထွက်မသွားဘဲ တွင်းကြီးထဲကနေ အဓိကကောင်ကြီး ထွက်လာမှာ ရပ်စောင့်နေလိုက်တယ်။ အရင်က အတွေ့အကြုံတွေ စိတ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပဲလေ။ တွင်းပေါက်ထဲမှာ တစ်ခုခု ကျန်မကျန် မသိပေမယ့် ရှိတဲ့ကောင်လဲ နှစ်ခါမတွေးဘဲ ချက်ချင်း ချေမှုန်းပစ်မှာလေ။
ကျုပ် ဆုံးဖြတ်ချက် မှန်တယ်ဗျ။ သိပ်မကြာပါဘူး တွင်းထဲကနေ အမည်းရောင်(၂)ကောင် အလင်းတန်းလိုမျိုး ထွက်လာတယ်။ ကျုပ် အေးစက်စက် အော်ရင်း မြင်ရတဲ့(၂)ကောင်ကို ချိပ်ပိတ်ဖို့ စုက္ကရေးကို သုံးလိုက်တာပေါ့။ ထင်မထားအောင်ကို အလွယ်တကူနဲ့ မိလိုက်တာဆိုတော့ သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေကြောင့် ဒဏ်ရာ အပြင်းအထန်ရထားတာ ဖြစ်လိမ့်မယ်ဗျ။ အဲ့(၂)ကောင်လုံး ချိပ်ပိတ်ခံလိုက်ရတော့ ဖိအားပေးပြီး သူ့ပုံစံတွေ မထိန်းနိုင်တော့ဘဲ လူသားပုံစံတွေ ဖြစ်သွားတယ်။ သူတို့ (၂)ယောက်ကို သေချာကြည့်လိုက်တော့ ကျုပ်တော်တော် အံ့ဩသွားမိတယ်။ တစ်ယောက်က ကမ္ဘာ့ထိပ်သီး မှော်သခင်ကြီး၊ အိုက်ရှားနိုင်ငံရဲ့ ရီမိသားစုခေါင်းဆောင်၊ စစ်ဖုန့်ရီဗျ။ နောက်တစ်ယောက်က သူ့မြေး၊ ဟိုင်ယွဲ့ရဲ့ ချစ်သူဟောင်း ဖုန့်လျန့်ရီဗျို့။ သူတို့ပုံစံတွေနဲ့ အငွေ့အသက်တွေက အရင်က ကျုပ်နဲ့ စုံဖူးတုန်းကလိုပဲ။ ဝတ်စုံတွေကအစ မပြောင်းလဲဘူး။
စစ်ဖုန့်ရီနဲ့ ဖုန့်လျန့်ရီ ကျုပ်ကို ဘုကြည့် ကြည့်နေကြတယ်။ ဖုန့်လျန့်ရီတော့ လက်တစ်ဖက် ပြတ်နေပြီ။ ပါးစပ်နဲ့ နှာခေါင်းထဲကနေ အစိမ်းရောင် အရည်တွေ စီးကျရင်း နှစ်ယောက်စလုံး ဝမ်းနည်းနေပုံပဲ။ အထူးသဖြင့် သန့်ရှင်းသောဓားစွမ်းအားကြောင့် သူတို့တွေ ဒဏ်ရာအပြင်းအထန် ရသွားကြတာဆိုတော့ လက်ရှိ ကျုပ်အနေအထားကို ဘာမှ မခြိမ်းခြောက်နိုင်တော့ဘူး။
စစ်ဖုန့်ရီ အမုန်းတရားတွေနဲ့..
“မင်း.. ငါတို့ မဟာအစီအစဉ်ကို ထပ်နှောက်ယှက်ပြန်ပြီ..”
ကျုပ်လဲ သက်ပြင်းချပြီး..
“ရီမိသားစု ခေါင်းဆောင်.. ဒီလောက် ဒုက္ခရောက်ရကျိုး နပ်လို့လား။ အိုက်ရှားမှာ ခင်ဗျားရဲ့ ရာထူးနဲ့ ဂုဏ်သိက္ခာ အရမ်းကြီးပါတယ်။ ဒါတောင် ခင်ဗျားက လူသားမျိုးနွယ်ကို အန္တရာယ်ပေးမယ့် မိစ္ဆာဘုရင်ကို ဘာလို့ ကူညီချင်ရတာလဲ။ ဘာအကျိုးရှိမှာ မို့လဲ..”
နိုင်ငံတော်ရဲ့ အမြင့်မြတ်ဆုံး မိသားစုကြီး (၃)ခုထဲက တစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ ဒီလို ဝမ်းနည်းစရာ အခြေအနေရောက်သွားရတာ ဘယ်လိုလုပ် ယုတ္တိတန်တော့မှာလဲလို့။
သေခြင်းအငွေ့အသက်တွေ အပြင်ဘက်မှာ ဆက်တိုက် ရှိနေသေးပေမယ့် သူ့မှာ စွမ်းအားအရမ်းနည်းနေတော့ ချိပ်ပိတ်ထားတာကနေ မလွတ်နိုင်ဘူး။
“ကျန်းကုန်းဝေ.. မင်း.. ဒီနေ့ ငါ့မျိုးနွယ်တစ်ခုလုံးကို သတ်လိုက်တာကွ.. ငါ့ကို သတ်လိုက်.. အရှင်မိစ္ဆာဘုရင် ဒီကိစ္စအတွက် မင်းကို ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒီကမ္ဘာကြီးမှာ နောက်တစ်ကြိမ် သူပြန်ရှင်လာရင် မင်းသေရမယ်ကွ..”
ဒီတွင်းကြီးကို ဦးဆောင်တာ သူတို့(၂)ယောက်ထဲ မဟုတ်ဘဲ ရီမိသားစု တစ်စုလုံးထင်တယ်။ ဒါတောင် သူတို့တွေ ကျုပ်တိုက်ကွက်အောက်မှာ အသတ်ခံလိုက်ကြရသေးတယ်။ ကျန်တဲ့အချိန်ဆိုရင်တော့ လူသားတွေကို သတ်လိုက်မိလို့ ကျုပ်ပျော်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ဖုန့်ရီနဲ့ ဖုန့်လျန့်ရီတို့တွေ နောက်မဆုတ်နိုင်တော့တာ ကျုပ်နားလည်နေတယ်။ သူတို့ကို လွှတ်ပေးလိုက်ရင် မိစ္ဆာဘုရင်မှာ စွမ်းအား တိုးသွားမှာလေ။
“ရီမိသားစုခေါင်းဆောင်.. မိစ္ဆာမျိုးနွယ်ဆိုတာ ဘယ်လို ချေမှုန်းသုတ်သင်ရမယ်ဆိုတာပဲ သိတဲ့သူတွေ။ ကမ္ဘာကြီးကို သိမ်းပိုက်နိုင်တာနဲ့ လူသားမျိုးနွယ်ကို သုတ်သင် မျိုးဖြုတ်ပစ်မှာလေ။ ခင်ဗျား တကယ်ကြီး အဲ့လို မြင်ချင်နေတာလား”
ကျုပ်ဘယ်လောက် နားချနားချ အသုံးဝင်မှာလဲ မဟုတ်ပါဘူး။
စစ်ဖုန့်ရီ စူးစူးဝါးဝါးနဲ့..
“ဟုတ်တယ်.. ငါမြင်ချင်တာ ဒါပဲ.. လူသားတွေ အချိန်အကြာကြီး နေခဲ့ကြပေမယ့် သူတို့တွေ ငါတို့မိစ္ဆာမျိုးနွယ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ. အား…….”
ရုတ်တရက် သူ့တကိုယ်လုံး မီးခိုးရောင် အငွေ့အသက်တွေ ထွက်လာပြီး ချိပ်စည်းကို ထိုးဖောက်ထွက်နိုင်ပြီး မီးခိုရောင် အလင်းတန်းလိုမျိုး ကျုပ်ဆီ ဦးတည်လာတယ်။
ကျုပ် ခေါင်းအသာယမ်းလိုက်တယ်။ ကျုပ်တောင် အမိန့်ပေးစရာမလိုဘဲ သန့်ရှင်းသောဓား လှုပ်ရှားသွားတယ်။ ငြီးတွားသံနဲ့အတူ စစ်ဖုန့်ရီ ခန္ဓာကိုယ် ပျောက်သွားပါလေရော။ မသတ်ချင်ပေမယ့် သတ်လိုက်ရတာပါပဲ။ ဖုန့်လျန့်ရီမျက်လုံးထဲမှာ ကြောက်နေတဲ့ပုံစံ ကြောင်စီစီနဲ့ ကျုပ်ကို ကြည့်နေတယ်။ ကျုပ် ရှုံံ့မဲ့ပြီး ..
“ဖုန့်လျန့် .. ငါဒီနေ့တော့ မင်းကို လွှတ်ပေးမှာမဟုတ်ဘူး… မင်းနောက်ဆုံး ဘာပြောချင်လဲ..”
ဖုန့်လျန့်ရီ မျက်လုံးတွေ ရုတ်တရက် အရောင်တောက်လာတယ်။
“ဘာလို့ ဒီလိုတွေထိ ဖြစ်သွားတယ်ဆိုတာ ငါလဲမသိဘူး.. ခက်တာက အခုမှတော့ ငါဘာပြောလို့ရအုံးမှာလဲ.. ဟိုင်ယွဲ့ကိုတော့ အစပိုင်း သူ့ကို တကယ်ချစ်ခဲ့တာပါလို့ပဲ ပြောပေးကွာ.. နောက်ဘဝဆိုတာ ရှိခဲ့ရင် သူ့ကို ကောင်းကောင်း ဆက်ဆံမှာပါကွာ..”
စကားဆုံးတာနဲ့ ဖုန့်လျန့်ရီရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းပူဆွေးမှုတွေ ပြည့်လာတယ်။
“ဖုန်း…”
သူ့ခန္ဓာကိုယ်က ရုတ်တရက် ဖေါင်းကားလာပြီး ပေါက်ကွဲသွားတယ်။ မီးခိုးရောင် အငွေ့အသက်တွေလဲ ပျောက်ကွယ်သွားရော။
သန့်ရှင်းသောဓားကို ရုတ်သိမ်းပြီး မြေပေါ် ပြန်ဆင်းလာလိုက်တယ်။ ဖုန့်လျန့်ရီပျောက် သွားတဲ့နေရာကို မှင်သက်ပြီး ကြည့်နေမိလိုက်တယ်။ အခု မိစ္ဆာတွေအားလုံးကို အောင်အောင်မြင်မြင်နဲ့ သုတ်သင်လိုက်နိုင်ပေမယ့် နည်းနည်းမှ မပျော်ပါဘူးဗျာ။ ကျုပ်နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတယ်။ ဖုန့်လျန့်.. မင်းဘာလို့ ဒီလိုလုပ်ရတာတုန်း.. မင်းသာအသိစိတ်ပြန်ရလာရင် ငါမင်းကို သတ်ချင်မှ သတ်မှာလေကွာ။
============= (*^*)=============
အပိုင်း( ၃၀၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား