← Chapters

ချိုင့်ဝှမ်းသို့ ဆက်လက်၍

Vol. 21 Ch. 307

ချိုင့်ဝှမ်းသို့ ဆက်လက်၍

Vol. 21 Ch. 307

Child of light (ကျန်းကုန်း)

Volume 11: Chapter 15 - Onward to the Stronhold

အချိန်တော်တော်ကြာမှ ကျုပ်လဲ အတွေးကမ္ဘာထဲက နိုးလာတော့တယ်။ ကျုပ်ရှေ့က တွင်းနက်ကြီးကို ကြည့်ပြီး ရယ်မောရင်းနဲ့ ခယ်အာလွင်တိတို့ ထွက်သွားတဲ့လမ်းကြောင်းအတိုင်း လိုက်ခဲ့လိုက်တယ်။

အစောက လျှပ်တပျက် တိုက်ပွဲမျာ ကျုပ်စွမ်းအားတွေ အများကြီး မသုံးလိုက်ရသလိုပဲ။ ပြီးတော့ သန့်ရှင်းသောဓားကို ကောင်းကောင်း ထိန်းချုပ်နိုင်လိုက်တယ်ဗျ။ မိစ္ဆာကြီး (၃)ကောင်ထဲက တစ်ကောင်သာ ရောက်လာရင်တော့ ကျုပ်ဒီလို လွယ်လွယ်နဲ့ တိုက်နိုင်မှာမဟုတ်ဘူးရယ်။ အဲ့မိစ္ဆာကြီး (၃)ကောင်နဲ့တောင် လက်ရည်ညီ နေလောက်တယ်လို့တော့ ထင်မိသား။ မိစ္ဆာမျိုးနွယ်တွေ စလှုပ်ရှားနေပြီ။ အချိန် တော်တော်နီးလာတဲ့ပုံပဲ။ အလင်းနတ်ဘုရား အမွေ အမြန်ဆုံး ရမှ ဖြစ်တော့မယ်။ မိစ္ဆာဘုရင် ပြန်ပေါ်လာဖို့ အရမ်းနီးကပ်နေပြီပဲ။

ခေါင်းပေါ်က ခေါင်းဆောင်းကို နောက်ဆွဲချလိုက်တယ်။ လောလောဆယ် ခယ်အာလွင်တိနဲ့ သူ့လူတွေလဲ ကျုပ်ကို သိပြီးသွားလောက်ပြီဆိုတော့ ဆက်ဖုံးကွယ်နေလို့လဲ အပိုပဲလေ။

လမ်းမကြီးအတိုင်း ပြေးလာတော့ ခယ်အာလွင်တိနဲ့ သူ့လူတွေ ကျုပ်ကို စောင့်နေကြတယ်ဗျ။ ခယ်အာလွင်တိ စိုးရိမ်တကြီး စောင့်နေပေမယ့် ကျုပ်ကိုမြင်တော့ အလုံးကြီးကျသွားသလိုပဲ။ ကျုပ်ရုပ်ကြီးမြင်တော့ သူတော်တော် အံ့ဩသွားတယ်။ ကျုပ် ရယ်ရယ်မောမောနဲ့ပဲ..

“ငါရုပ်ကြည့်ရတာ တော်တော် ကြောက်ဖို့ ကောင်းနေလို့လား…”

ခယ်အာလွင်တိ ရှက်သွားပြီး..

“မင်းနာမည် ဆယ့်ရှစ် မဟုတ်ဘူးမို့လား..”

“ငါ့နာမည် ကျန်းကုန်းဝေဆိုတာ မင်းမှန်းမိလောက်ပါပြီလေ။ ငါ့ကို ကျန်းကုန်းလို့ပဲခေါ်ပေါ့”

“မင်း တကယ်ကို နတ်ဘုရား တမန်တော်၊ အလင်းရဲ့သားတော် ကျန်းကုန်းဝေပေါ့..”

“ငါ မင်းကို ဘာမှ ဖုံးကွယ်နေစရာ မလိုတော့ဘူး.. အစောက တွင်းကြီးကို မိစ္ဆာမျိုးနွယ်တွေ လုပ်တာလေ.. ငါသာ သတိမထားမိဘဲ အချိန်မှီ မရှင်းထုတ်နိုင်ရင် အနီးပတ်ဝန်းကျင်မှာ တော်တော် ကြောက်စရာတွေ ဖြစ်ကုန်လိမ့်မယ်.. မင်းလဲ အခုတော့ မိစ္ဆာမျိုးနွယ် တကယ်ရှိမရှိ သုံးသပ်နိုင်ပြီ မို့လား..”

ခယ်အာလွင်တိ အဖြစ်အပျက်တွေ ပြန်တွေးမိပြီး ကြောက်ကြောက်လန့်လန့်နဲ့..

“မင်းမှန်တယ်.. မိစ္ဆာမျိုးနွယ် တကယ်ကို ရှိနေတာပဲ.. ဒီလောက် ကြောက်ဖို့ကောင်းတဲ့ သေမင်းလို မိစ္ဆာမျိုးနွယ်တွေက နတ်ဆိုးနဲ့ သားရဲမျိုးနွယ်ထက် အများကြီး ပိုအားကောင်းတယ်ကွ.. နတ်ဘုရား တမန်တော် ကျန်းကုန်း.. ငါမင်းကို အစက ပြောခဲ့တာတွေ စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ်.. မင်းကို တလူတပ်ထဲဝင်ဖို့ မစည်းရုံးခဲ့သင့်ဘူး.. ငါ့ကိုယ့်ငါ တော်တော် အထင်ကြီးမိသွားတာပဲ.. မင်းက ငါမြင်ဖူးသမျှထဲမှာ အစွမ်းထက်ဆုံး မှော်ဆရာပဲ.. မင်းသုံးလိုက်တာ တားမြစ်မန္တန်တစ်ခု မို့လား..”

“မင်း ပြောတာ မှန်တယ်.. တားမြစ်မန္တန်ကို သုံးရတာ ငါ့အတွက် တော်တော် ဝန်ပိတယ်.. ခံတပ်သွားဖို့ ငါအရမ်း အရေးကြီးနေပြီ.. မိစ္ဆာမျိုးနွယ်တွေ ပေါ်လာတာက ငါကို တော်တော် ဖိအားများတယ်လေ.. မင်းတို့ တလူနိုင်ငံလဲ ဖြစ်လာမယ့် အပြောင်းအလဲတွေကို ရင်ဆိုဖို့ တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်မှုတွေ လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. အစောက မိစ္ဆာတွေက တော်တော်ကို အဆင့်နိမ့်သေးတယ်.. မိစ္ဆာဘုရင် ပြန်ရှင်သန်လာရင် ဘာတွေဖြစ်လာမလဲ ငါလဲမသိတော့ဘူး..”

“နတ်ဘုရား တမန်တော် ကျန်းကုန်း စိတ်သာချထားလိုက်.. ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ ငါသေချာ ပြန်ပြောပြမှာပါ.. ငါတို့ တလူလဲ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးကို အစွမ်းကုန် လုပ်သွားမျာပါ..”

ဒီကောင် မိစ္ဆာမျိုးနွယ်ရဲ့ ကြောက်စရာအတွေ့အကြုံ ကောင်းကောင်း သိသွားလောက်ပြီ။ ကျုပ်ကြိုးစားခဲ့သမျှ နားလည်နိုင်တဲ့သူတွေ အများကြီးရှိလိမ့်မယ်တော့ မျှော်လင့်ရတာပဲ။

“ခယ်အာ.. ငါ့တာဝန် အမြန်ပြီးဖို့ အချိန်မရှိတော့ဘူး.. ဒါကြောင့် မင်းတို့နဲ့ ဆက်လိုက်လို့ မဖြစ်တော့ဘူး… နောက်မှ ဆုံကြသေးတာပေါ့..”

“မင်းနဲ့အတူ တိုက်ပွဲဝင်ခွင့်ရဖို့ ငါမျှော်နေမယ်..”

ကျုပ် ခေါင်းညိတ်ပြပြီး လေးလေးစားစားနဲ့ ကြည့်နေတဲ့ သူ့ငယ်သားတွေကိုပါ နှုတ်ဆက်လို့ နတ်ဘုရား စွမ်းအားတွေ အသက်သွင်းပြီးအလင်းတန်း တစ်ခုအဖြစ်နဲ့ ကောင်းကင်ကို ထိုးတက်သွားလိုက်တော့တယ်။ ကျုပ် ပျံလာတဲ့အတူ ညရဲ့ အေးချမ်းမှု ပုံမှန် ပြန်ဖြစ်သွားပါပြီ။

အခုတော့ စိုးရိမ်စိတ်တွေနဲ့ အရမ်းကို ပူလောင်နေပြီ။ နတ်ဘုရား ဘုရင်ပြောတဲ့ စကားအရ မိစ္ဆာဘုရင် နောက် (၂)နှစ်ဆို ပေါ်လာတော့မှာ။ ဒါပေမယ့် မိစ္ဆာမျိုးနွယ်တွေကတော့ စပေါ်လာနေပြီ။ မိစ္ဆာဘုရင် ထင်ထားတာထက် စောပေါ်လာဖို့ များတယ်။ အဲ့လိုသာဆို ကမ္ဘာကြီးအပေါ် သက်ရောက်မှု တော်တော် ကြီးမားသွားလိမ့်မယ်။ ကျုပ်မှာ စွမ်းအား မလုံလောက်သေးဘူး ဆိုတာလဲ လေးလေးနက်နက် သိလာတယ်။ သန့်ရှင်းသောဓားကိုသာ အပြည့်အဝ မထိန်းချုပ်နိုင်ရင် မိစ္ဆာဘုရင်ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး။ မိစ္ဆာဘုရင်ကို ချေမှုန်းဖို့ လုံလောက်တဲ့ စွမ်းအားတွေရှိအောင် အလင်းနတ်ဘုရား အမွေကို အမြန်ဆုံးယူမှရမယ်။ အချိန်မရှိတော့ဘူး ဆိုတော့ လမ်းလျှောက်နေလို့ မဖြစ်တော့ဘူး။

အရင်ကဆို ဒီလောက် အလျင်မလိုဖူးဘူး။ ကျုပ်နှလုံးသားထဲမှာ တစ်ခုထဲ စိုးမိုးနေပြီ။ မီကျားလီက အမွေဆက်ခံဖို့က လွယ်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတော့ စိုးရိမ်နေမိတယ်။ အမွေမဆက်ခံနိုင်ခဲ့ရင် ကျုပ်လဲ ဒီကမ္ဘာပေါ်က ပျောက်ကွယ်သွားရတော့မှာပဲ။ ကျုပ်က အသက်(၂၀)အရွယ် လူသားတစ်ယောက်လေ။ သေခြင်းနဲ့ ရင်ဆိုင်နေရမှတော့ ကျန်တာတွေ ဘာမှ ကြောက်မနေနိုင်တော့ဘူး။ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေး၊ ကျုပ်မိသားစုနဲ့ ကျုပ်အပေါင်းအသင်း မိတ်ဆွေတွေအတွက် လုပ်စရာရှိတာ လုပ်ရတော့မှာပဲ။

ကျုပ် ပျံနေတဲ့ အရှိန်မြှင့်လိုက်တော့ ညရဲ့လေတွေ ကျုပ်ကို ဆက်တိုက်တိုးဝှေ့းနေကြတယ်။ အေးစက်မှုက ကျုပ်စိတ်တွေ နှိုးဆွပေးလိုက်ပြီး အထွတ်အထိပ် အနေအထားကို ထိန်းထားဖို့ စိတ်ဝိညာဉ် ထုတ်လွှတ်လိုက်တယ်။ အောက်က ရှုခင်းတွေ အဆက်မပြတ် ပြောင်းလဲနေတယ်။ လက်ရှိ ကျုပ်အရှိန်နဲ့ဆို ခံတပ်ကို မကြာခင် ရောက်လောက်မယ်။

အရုဏ်တက်လာတော့ နေမင်းကြီး မိုးကုတ်စက်ဝိုင်းကနေ တရွေ့ရွေ့ မြင့်တက်လာပြီး ကမ္ဘာကြီးကို အနွေးဓာတ်တွေ စပေးရင်း အလင်းတန်းတွေ တောက်ပလာခဲ့ပြီ။ မနေ့ညက တိုက်ပွဲရယ်၊ တောက်လျှောက် ပျံသန်းလာရတာရယ်ဆိုတော့ ကျုပ်တော်တော်လေး ပင်ပန်းနေပြီ။ ဟိုအဝေးမှာ လျှပ်စီးခံတပ်ကို လှမ်းမြင်နေရပြီဆိုတော့ အောက်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ စွမ်းအားတွေ အကုန်လုံး ရုတ်သိမ်းပြီး မီတာ(၁၀၀) လောက်မြင့်တဲ့ တောင်ကုန်းတစ်ခုပေါ် အမြန်ဆင်းလိုက်တယ်။ ဒါမှ ပတ်ဝန်းကျင်ကိုလဲ သေချာ မြင်ရမှာလေ။ ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ဘာမှ မတွေ့ရတော့မှ ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူ တင်ပျဉ်ခွေ ထိုင်လိုက်တော့တယ်။ အိပ်ရင်းကျင့်ကြံနိုင်အောင် သစ်ပင်ခြေရင်းမှာ ကာကွယ်ရေး မှော်ဝင်္ကပါတစ်ခု အမြန်ဆွဲ လိုက်တယ်။ နတ်ဘုရားလက်မှိုင်ချချိုင့်ဝှမ်းက ဘယ်မှာရှိတယ်ဆိုတာ ကျုပ်မသိသေးဘူး။ ဒီခံတပ်ကို ခနခန ဖြတ်သွားနေပေမယ့် အဲ့ချိုင့်ဝှမ်း မတွေ့ဖူးသေးဘူး။ ကျုပ်ခန္ဓာကိုယ်ရော မှော်စွမ်းအားတွေကိုပါ ထိန်းသိမ်းထားဖို့ လိုသေးတယ်။

ကျုပ်ခန္ဓာကိုယ်မှာ ပေါင်းစပ်စွမ်းအားတွေ တဖြည်းဖြည်း ပျံ့နှံ့လာတယ်။ ကျုပ်အသိစိတ်တွေ ပြေလျော့သွားတာနဲ့အတူ ကုန်ဆုံးသွားတဲ့ စွမ်းအားတွေကို ပတ်ဝန်းကျင် အလင်းဓာတ်တွေကနေ ဆက်တိုက် ဆုတ်ယူနေလိုက်တော့တယ်။

============= (*^*)=============

အပိုင်း( ၃၀၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters