ခံတပ် ဈေးသည်
Vol. 21 Ch. 308
Child of light (ကျန်းကုန်း)
Volume 11: Chapter 16 - Stronghold Peddler
တဖြည်းဖြည်းနဲ့ နိုးလာတော့ အချိန်ဘယ်လောက် ကုန်သွားမှန်း မသိလိုက်ဘူး။ ကျုပ်ပတ်ဝန်းကျင်မှာတော့ ဘာမှ ပြောင်းလဲသွားတာ မရှိဘူး။ စိတ်ဝိညာဉ် လှည့်ပတ်ပြီး ခန္ဓာကိုယ်ထဲကို စစ်ကြည့်လိုက်တော့ ပေါင်းစပ်စွမ်းအားတွေ သိသိသာသာ ပိုအားကောင်းလာတာ တွေ့လိုက်ရတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက ရွှေအမြူတေ (၃)ခု ပတ်ဝန်းကျင်ကနေ စွမ်းအားတွေ ဆက်တိုက် စုပ်ယူနေတယ်။ ကျုပ်ကျင့်ကြံမှုလဲ ပုံမှန်အနေအထားတင်မကဘဲ ပိုတောင် တိုးတက်လာတဲ့ပုံပဲ။ အဲ့ဒါ ကျုပ်လေ့ကျင့်မှုနဲ့ ဘာမှမဆိုင်ဘဲ မနေ့ညက ခင်းလိုက်တဲ့ မှော်ဝင်္ကပါနဲ့ သေချာပေါက် ပတ်သက်နေလိမ့်မယ်။
အိပ်နေတာထပြီး ကြောဆန့်လိုက်တယ်။ နေ တော်တော် မြင့်နေလိုက်တာ မွန့်တည့်ချိန်တောင် ရောက်နေပြီ။ ခန္ဓာကိုယ်ထဲက ပေါင်းစပ်စွမ်းအားတွေ လှည့်ပတ်ရင်း ခံတပ်ဆီကို ခုန်ထွက်သွားလိုက်တော့တယ်။
ခံတပ်ကြီးကတော့ ဒီအတိုင်းပါပဲ။ တားမြစ်မန္တန်ကြောင့် ပျက်စီးသွားတာတွေကို ပြုပြင်နေတဲ့ အလုပ်သမားတွေ အများကြီး တွေ့လိုက်ရတယ်။ ရေရှည်လုပ်ရမယ့် လုပ်ငန်းဆိုတော့ အလုပ်ရှုတ်နေကြအုံးမှာပေါ့။ နတ်ဘုရားလက်မှိုင်ချချိုင့်ဝှမ်း တည်နေရာ အတိအကျ မသိဘူးဆိုတော့ ခံတပ်ကိုပဲ ဦးတည်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ခံတပ် ပတ်ဝန်းကျင်ကို ကျုပ်ထက်ပိုသိလောက်မယ့်သူတွေ ရှိနိုင်တယ်။ ဒါကြောင့် ချိုင့်ဝှမ်း တည်နေရာ အရိပ်အမြွက် သိလောက်မှာပါလေ။ ကိုယ့်ဟာကိုယ် ရှာနေမှာထက်တော့ မြန်မှာပေါ့။ အတွေးနဲ့ ပြေးနေလိုက်တာ ခံတပ်နဲ့ မီတာ(၂)မီတာ အကွာလောက်ထိ ရောက်လာတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်သွားလို့ အစောင့်အကြပ်တွေ လျော့ထားတာ ဖြစ်လောက်မယ်။ လှည့်ကင်းသမားတွေ ရှိသင့်ပေမယ့် မတွေ့မိဘူးဗျ။ ဖြတ်သွား ဖြတ်လာ ကုန်သည်တွေပဲ တွေ့နေရတယ်။
ခံတပ်ဆီ တရွေ့ရွေ့ လျှောက်လာလိုက်တာပေါ့။ ပတ်ဝန်းကျင်ကတော့ အေးချမ်းနေရောပဲ။ ကျုပ်ထွက်သွားပြီး နောက်ပိုင်း ခံတပ်ကို ဘယ်သူ တာဝန်ယူထားတယ်ဆိုတာ မသိသေးဘူး။ ထားလိုက်ပါတော့ (၃)နိုင်ငံ ခေါင်းဆောင်တွေကို ဒုက္ခမပေးချင်တော့ပါဘူး။ ကျုပ်ရောက်လာတာ သိရင် ဒုက္ခတွေ များလိမ့်မယ်။ လောလောဆယ် မသိတာ ကောင်းပါတယ်။
စဉ်းစားရင်း တံခါးဝက ဖြတ်လျှောက်လာခဲ့လိုက်တယ်။ အထဲရောက်တော့ လူဦးရေ သိသိသာသာ တိုးလာတာပဲဗျ။ အများစုက ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ပို့နေကြတယ်။ နောက်ဆုံးမှ လှည့်ကင်းသမား နည်းနည်း တွေ့လိုက်ရတော့တယ်။ သူတို့တွေ တလူနဲ့ ရှို့တိနိုင်ငံတွေက ဖြစ်လိမ့်မယ်။ အိုက်ရှားက မှော်ဆရာတွေ ကျုပ်မမြင်လို့လေ။ သူလဲ အိုက်ရှားကို ဦးဆောင်ရတာ အဆင်ပြေလောက်မှာပါလေ။ ဆရာတွေရဲ့ အကူအညီနဲ့ဆို အိုက်ရှားရဲ့ မှော်တပ်ဖွဲ့တွေ အင်အားပိုကောင်းလာမှာပါ။ ဆရာတိရဲ့ အလင်းမှော်ဆရာတွေ ပြုစု ပျိုးထောင်မှုနဲ့ဆို မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်ဖို့ ပိုလွယ်သွားမယ်လို့ မျှော်လင့်ရတာပဲ။
“သခင်လေး.. မင်း မှော်သလင်းကျောက်တွေ ဝယ်ချင်လား”
ထောင့်တနေရာကနေ နိုင်ငံခြား စကားသံတစ်ခု ထွက်လာတယ်။ ကျုပ်လှည့်ကြည့်လိုက်တော့ သက်လတ်ပိုင်း အရိပ်အယောင်နဲ့ လူတစ်ယောက်ဗျ။ ဝတ်ရုံရှည် ဝတ်ထားပြီး အရပ်မမြင့်ပုံက ကျုပ်ရင်ဘတ်ထိပဲ ရောက်တယ်လေ။ အဟာရ ချို့တည့်မှုကြောင့် ဖြစ်လောက်မယ် ထင်တယ်။ သူ ကျုပ်ကို မဝံ့မရဲ လက်ပြနေတယ်။
ကျုပ်လျှောက်သွားတော့ ခပ်ပိန်ပိန်လူက..
“သခင်လေး မှော်သလင်းကျောက်တွေ တယ်ချင်လား။ သေချာတာတော့ မင်းမှော်ပညာ ကောင်းကောင်း သုံးတတ်ပါတယ်လေ..”
စိတ်ထဲမှာတော့ လှောင်နေလိုက်မိတာပေါ့။ အဲ့လူ ကျုပ်ကို အောက်ခြေ မှော်ဆရာ တစ်ယောက်လို့ ထင်နေတဲ့ ပုံပဲ။ အိုက်ရှားနိုင်ငံက ထွက်လာကတည်းက ဘာသင်္ကေတမှ မပါတဲ့ မှော်ဝတ်စုံ ဝတ်ထားမိတာကိုး။ ကျုပ်ကို နာမည်မရှိတဲ့ မှော်ဆရာလေး တစ်ယောက်လို့ပဲ တွက်ထားလောက်တယ်။ ငွေလေး နည်းနည်းပါးပါး လိုချင်တော့ မှော်သလင်းကျောက်တွေ ဂျင်းထည့် ရောင်းချင်တော့ ကျုပ်ကို အချဉ်မှတ်နေတာပဲ။
ကျုပ် ခေါင်းခါပြီး..
“ကျုပ်က မှော်ဆရာပေမယ့် စိတ်မဝင်စားပါဘူးဗျာ..”
အဲ့လူ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး..
“ဒီလိုဆိုရင်ရော.. ငါ့နေရာ လိုက်ကြည့်ယုံပါပဲ.. ငါ့ဆီမှာ မှော်သလင်းကျောက်တွေ တင်မဟုတ်ဘူး.. တခြား ပစ္စည်းတွေလဲ အများကြီး ရှိသေးတယ်.. အိုက်ရှားနိုင်ငံ မှော်တပ်ဖွဲ့တွေ အသုံးများတဲ့ ပစ္စည်းတွေပေါ့.. လုံးဝကို ပစ္စည်းမှန် ဈေးမှန်စေရမယ်.. ဈေးတန်တာတွေလဲ တွေ့ရမှာပါ.. မင်းလဲ အဆင့်မြင့်မြင့် မှော်ဆရာ တစ်ယောက် ဖြစ်လောက်ပါတယ်.. သေချာပေါက် သုံးလို့ရမှာ တစ်ခုရှိတယ်.. စိတ်မပူနဲ့ ငွေအများကြီး မတောင်းဘူး.. ကတိပေးတယ်.. ငါနဲ့သာ လိုက်ကြည့်လိုက်..”
“ကောင်းပြီလေ.. ဒါဆိုလဲ ရှေ့က လမ်းပြပါ..”
ငပိန်မျက်လုံးထဲမှာ အပျော်ရိပ် ဖြတ်ကနဲ လက်သွားတာ တွေ့လိုက်ရတယ်။ သူ့နောက်လိုက်ရင်း လမ်းကြားလေးထဲ လှည့်ပတ် လာခဲ့လိုက်တယ်။ ပတ်ဝန်းကျင်ကို သေချာစစ်ပြီးမှ တံခါးဖွင့်ပြီး ကျုပ်ကို အိမ်ထဲ ခေါ်သွားတာဗျို့။
အိမ်က သိပ်တော့ မကြီးပါဘူး။ အထဲရောက်တော့ ခင်းကျင်းထားတဲ့ မှော်ပစ္စည်း မျိုးစုံ တွေ့လိုက်ရတယ်။ မှော်ဝတ်ရုံတွေ၊ မှော်နှင်တံတွေနဲ့ ကျန်တဲ့ ပစ္စည်းတွေရောပဲ။ ကျုပ် အဆင့်နဲ့ အဲ့ပစ္စည်းတွေက ထွက်နေတဲ့ မှော်စွမ်းအား အတက်အကျ အနိမ့်အမြင့်တွေ ကောင်းကောင်း ခံစားမိနေတယ်လေ။ အဆင့်နိမ့် မှော်ပစ္စည်း အကြမ်းထည်တွေပဲလို့ ကျုပ်သတ်မှတ်လိုက်တယ်။ အံ့ဩစရာ ပုံစံတွေနဲ့ ဆိုပေမယ့် ဘယ်ဟာမှ ကျုပ်အတွက် အသုံးဝင်တာ မရှိပါဘူး။
ငပိန် လက်နှစ်ဖက် ပွတ်ရင်း..
“ဆရာ ကြည့်ပါ.. ဒီထဲကပစ္စည်းတွေအကုန်လုံး ပစ္စည်းကောင်းတွေကြီးပဲ..”
“မင်းမှာ တခြားပစ္စည်းတွေ ရှိသေးလား.. ဒီထဲမှာတော့ ကျုပ်မျက်လုံးထဲ တိုးတာ တစ်ခုမှ မတွေ့သေးဘူး”
ငပိန် မျက်နှာအမူအရာ ပြောင်းသွားတယ်။ ခနနေမှ သူအံ့အားသင့်ပြီး ခေါင်းတညိတ်ညိတ်နဲ့..
“ဒီထက် ကောင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် ဈေးတော့ နည်းနည်း ပိုများမှာပေါ့..”
“ဒါတွေဖယ်ပြီး ကျုပ်ကို ပြစရာရှိတာ ပြပေးကြည့်ပါ။ တန်တယ်ထင်ရင် ဝယ်တာပေါ့..”
“ကောင်းပြီလေ.. ခနစောင့်..”
စကားဆုံးတော့ သူအခန်းထဲ ဝင်သွားတယ်။ ခနနေတော့ သေတ္တာပုံးတစ်ခုနဲ့ ပြန်ထွက်လာတယ်။
“ဆရာ.. ဒါ ငါစုဆောင်းထားတာတွေထဲက တချို့ပေါ့။ မင်းက အဆင့်မြင့်မှော်ဆရာ တစ်ယောက်မို့သာ မဟုတ်ရင် ငါထုတ်မပြချင်ဘူးရယ်.. ဒါပေမယ့် ဈေးနှုန်းကတော့…”
“ကြည့်ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့..”
“ကောင်ပြီ.. စိတ်မပူပါနဲ့ .. ကျေးဇူးပြုပြီး ကြည့်ပါအုံး..”
နည်းနည်း ကြီးပုံရတဲ့ သေတ္တာပုံးကြီးကို ဖြည်းဖြည်း ဖွင့်လိုက်တယ်။ အဲ့ထဲမှာ မှော်သလင်းကျောက်နဲ့ မှော်နှင်တံ နည်းနည်း ရှိနေတယ်။ အထူးသဖြင့် မှော်နှင်တံတွေက အပြင်မှာ ပြထားတာထက် ပိုကောင်းတာ သေချာတယ်ဗျ။ မှော်စွမ်းအား အနိမ့်အမြင့်အရ ဒုတိယအဆင့် ပစ္စည်းတွေ ဖြစ်လောက်တယ်။ ဒါပေမယ့် အရင်က မြင်ဖူးထားတာတွေနဲ့တော့ တော်တော်ကွာတယ်ဗျ။ ကျုပ် သေချာကြည့်ဖို့ နှင်တံတစ်ချောင်း ကောက်ယူကြည့်လိုက်တယ်။ ငပိန်က..
“မင်း တော်တော် မျက်လုံးကောင်းတာပဲ.. အဲ့ဒါ ငါ့ဆီမှာ အကောင်းဆုံး မှော်နှင်တံပဲ.. မန္တန်သုံးတဲ့အချိန် မင်းအမြန်နှုန်း (၃၀)ရာခိုင်နှုန်းလောက် မြင့်သွားလိမ့်မယ်”
ကျုပ် ခေါင်းပဲ ခါလိုက်တယ်။ (၃၀)ရာခိုင်နှုန်းဆိုတာ ဆိုးတော့ မဆိုးပါဘူး။ ကျုပ် စုက္ကရေးနှဲ့ ယှဉ်နိုင်ဖို့တော့ အဝေးကြီးလေ။ ပြီးတော့ မှော်စွမ်းအား ထုတ်လွှတ်မှု အရှိန်နဲ့ ပတ်သက်ပြီး ကျုပ်မှာ ပြဿနာမှ မရှိတာ။ မှော်နှင်တံ ပြန်ချထားလိုက်တယ်။
“ခင်ဗျားမှာ တခြားပစ္စည်းတွေ ရှိသေးလား။ ဒါမှမဟုတ် ဒါခင်ဗျားပိုင်တာ အကုန်ပဲလား..”
============= (*^*)=============
အပိုင်း( ၃၀၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား