← Chapters

လျှို့ဝှက်ဆန်းကျယ် မျက်နှာဖုံး

Vol. 21 Ch. 309

လျှို့ဝှက်ဆန်းကျယ် မျက်နှာဖုံး

Vol. 21 Ch. 309

Child of light (ကျန်းကုန်း)

Volume 11: Chapter 17 - The Mysterious Mask

ငပိန် မျက်မှောင်ကြုတ်သွားပြီး..

“ဆရာ.. ဒါတွေအားလုံး အဆင့်မြင့်ပစ္စည်းတွေပါ။ ငါကိုယ်တိုင် စုဆောင်းထားတာတွေပါ..”

ကျုပ် ခေါင်းခါပြီး..

“ဒီပစ္စည်းတွေ ကျုပ်အတွက် သိပ်အသုံးမဝင်ဘူး။ မင်းမှာ ဘာမှ မရှိတော့ဘူးဆို ကျုပ် သွားတော့မယ်”

ဒီနေရာကို ဧည့်သည်တွေ အလာနည်းတာဆိုတော့ ငပိန်စိုးရိမ်ပြီးမှ မျက်လုံးထဲ အရောင်တစ်ချက် လက်သွားတယ်..

“ကျေးဇူးပြုပြီး ဒါလေးကြည့်ပါအုံး.. ဒါကျုပ်ရဲ့ ထိပ်တန်း ပစ္စည်းလေးပါ..”

ပြောပြီးတာနဲ့ သေတ္တာအပေါ်အံကို ဖယ်ပြီး အတွင်းပိုင်း တစ်ထပ် ထပ်ဖွင့်လိုက်တယ်။ အထဲမှာ ပစ္စည်းတစ်ခုဗျ။ စက္ကူလို ခပ်ပါးပါးနဲ့ ငွေရောင် ဖျော့ဖျော့လေး တစ်ခု။ ဘာမှန်း ကျုပ်မသိပေမယ့် အထဲက စွမ်းအားကြီးကို ကျုပ် ထူးထူးခြားခြား ခံစားမိလိုက်တယ်။ ထူးထူးခြားခြားကို သံသယဖြစ်စရာပဲ။

“အဲ့ဒါ လာလဲ…”

“ဘာလဲဆိုတာ အခုထိ သေချာမသိသေးဘူး.. သတ္တိမျက်နှာဖုံးလို့ခေါ်တယ်.. ဝတ်ထားရင် မျက်နှာကွယ် ထားနိုင်ရုံတင်မဟုတ်ဘူး.. လေဝင်လေထွက်လဲ ကောင်းတော့ ဝတ်ထားတဲ့သူ အသက်ရှူ မကြပ်ဘူးပေါ့.. ဒီပစ္ဏည်းမှာ မှော်စွမ်းအား တော်တော်ပါတယ်လို့တော့ တစ်ယောက်က မှတ်ချက်ပေးသွားတာပဲ.. ရတနာ တစ်ခုပါပဲ.. ဒီလိုဆိုရင်ရော ဘယ့်နှယ့်လဲ.. မင်းလိုချင်ရင် ဈေးချိုချိုနဲ့ ပေးလိုက်မယ်လေ..”

မျက်နှာဖုံးလား။ စိတ်တော့ ဝင်စားတယ်ဗျ။ သတ္တိမျက်နှာဖုံး ကောက်ကိုင်ကြည့်လိုက်တယ်။ ချောမွတ်ပြီး သိပ်မလေးဘူးဗျ။ ဘာတွေနဲ့ လုပ်ထားလဲတော့ ကျုပ်လဲမသိဘူး။ ခေါင်းငုံ့ပြီး မျက်နှာမှာ သေချာ တပ်ကြည့်လိုက်တယ်။ အေးမြမြ ခံစားချက်နဲ့အတူ မျက်နှာဖုံးက ကျုပ်မျက်နှာမှာ အလိုလို ကပ်သွားတယ်။ မတူတဲ့ ခံစားချက်တစ်ခု ကျုပ်တစ်ကိုယ်လုံး ဖြတ်ပြေးသွားတာဗျို့။ မျက်နှာဖုံးကနေ ကျုပ်ခန္ဓာကိုယ်ထဲက ပေါင်းစပ် စွမ်းအားတွေကို စုပ်ယူနေပြီး သူတို့ကြားထဲမှာ အဆက်အသွယ် တစ်ခု ဖြစ်လာတယ်။ ရင်ဘတ်ထဲက သန့်ရှင်းသောဓားတောင် နည်းနည်းရွေ့သွားပြီး မျက်နှာဖုံးထဲကို စွမ်းအားတွေ ပို့လွှတ်ပေးနေတယ်။ မျက်နှာဖုံးကလဲ ချက်ချင်းကို ရွှေရောင်ငွေရောင် အလင်းတန်းတွေ ထွက်လာတယ်။ မျက်နှာဖုံးက နှာခေါင်းနဲ့ ပါးစပ်ကိုပဲ ဖုံးထားနိုင်တယ်။ ဒါ ကျုပ်လိုနေတာနဲ့ အံဝင်ဂွင်ကျဆိုတော့ မဆိုးဘူး။ ကျုပ်မျက်နှာက ရုပ်ဆိုးဆိုးကြီးလဲ ဖုံးထားပြီးသားပဲ။ မျက်နှာဖုံးထဲမှာ နတ်ဘုရား စွမ်းအားတွေရှိနေတယ်။ ဒါလဲ မြင့်မြတ်လက်နက် တစ်ခုများလား။

ငပိန် စိုးရိမ်တကြီးနဲ့..

“ဘယ့်နှယ့်လဲ.. ငါပြောတာတွေ မှန်တယ်မို့လား.. မင်းဝတ်လိုက်တော့ အလင်းတွေထါက်လာတာပဲ ကြည့်လေ။ ကြည့်ရတာ မင်းကို သူ့ပိုင်ရှင်အဖြစ် သတ်မှတ်လိုက်ပြီထင်တယ်..”

“ကျုပ် ဒါလိုချင်တယ်.. ဘယ်လောက်လဲ..”

ငပိန် လက်နှစ်ဖက် ပွတ်ရင်း..

“ဒါ… ဒါကို ရွှေဒင်္ဂါး (၁၀၀၀၀)နဲ့ ရောင်းပေးလိုက်မယ်.. မင်းနဲ့ လိုက်ဖက်တယ်ထင်လို့ (၈)ရာခိုင်နှုန်း လျှော့ပေးအုံးမှာဆိုတော့ (၈၀၀၀)ပဲ ယူလိုက်ပါ့မယ်လေ.. ဘယ့်နှယ့်လဲ..”

ကျုပ်မှာ ငွေသိပ်မပါတာ သတိရပြီး အံ့ဩသွားမိတယ်။ ရွှေဒင်္ဂါး (၈၀၀၀)ဆိုတာ လောလောဆယ် ကျုပ်အတွက် နည်းနည်းများနေတယ်။ ခက်တာက ဒီပစ္စည်းကို ကျုပ်ကြိုက်နေတာဆိုတော့ ရှက်ရှက်နဲ့ပဲ..

“ကျုပ် တောင်းပန်ပါတယ်.. ခက်တာက အခုငွေများများ ပါမလာဘူး..”

ကျုပ်မှာ ငွေပါမလာဘူးကြားတော့ အဲ့လူ အမူအရာပြောင်းသွားတော့တယ်။ စောစောက သဘောကောင်းတဲ့ ပုံစံပျောက်သွားပြီး သရုပ်မှန် ပေါ်လာလေပြီ။ ကျုပ်မျက်နှာဆီ လက်လှမ်းရင်း..

“ငွေမရှိဘဲ မင်းဘယ်လိုမှော်ဆရာလဲကွ.. ဒီပစ္စည်း ငါ့ပြန်ပေး.. မင်းငါ့အချိန်တွေ လာဖြန်းနေတာပဲ…”

သူ့လက် ကျုပ်မျက်နှာနဲ့ (၃)လက်မအကွာလောက် ရောက်တော့ မျက်နှာဖုံးက ရုတ်တရက် ထလင်းလာလို့ လက်ပြန်ရုတ်သွားတယ်။

ငပိန် နည်းနည်း ဒေါသထွက်ပြီး..

“ဘာတုန်း.. ငါ့ပစ္စည်း အချောင်လိုချင်နေတာလား.. ပြန်ပေးစမ်း..”

“ဒီပစ္စည်း ကျုပ်တော်တော် လိုချင်တယ်။ ဒီလိုဆိုရင်ရော ပစ္စည်းချင်း လဲကြမယ်လေ..”

ငပိန် အေးစက်စက်နဲ့..

“မင်း.. မင်းလို ရုပ်ဆိုးကြီးနဲ့ ဘယ်လိုကောင်းတဲ့ ပစ္စည်းတစ်ခုခု ရှိနိုင်မှာလဲဆိုတာ သံသယရှိတယ်။ မြန်မြန်ပြန်ပေး။ မရောင်းဘူး..”

“မဟုတ်ဘူး.. သူ့လက်ထဲက အထုပ်နဲ့လဲလိုက်..”

စကားသံနဲ့အတူ အိမ်အပြင်ကနေ အသံတိုးတိုး ထွက်လာတယ်။ တံခါးအပြင်မှာ အရပ်မြင့်မြင့်နဲ့ တစ်ယောက် ပေါ်လာတယ်။ လှည့်ကြည့်လိုက်တော့ သက်လတ်ပိုင်း လူသန်ကြီးတစ်ယောက် တွေ့လိုက်ရတယ်။ အဲ့လူ ကျုပ်ထက် အရပ်မြင့်တယ်ဗျ။ အစ်ကိုကြီး ကျန်းဟူနဲ့တောင် တူနေသေးတယ်။ လူကတော့ သာမန်စစ်သည်တော် ဝတ်စုံ ဝတ်ထားတာပဲ။ အငွေ့အသက်တွေအရတော့ ကျွမ်းကျင်သူဖြစ်လိမ့်မယ်။ ရက်စက် ကြမ်းကြုတ်တဲ့ အကြည့်တွေနဲ့ ဆိုတော့ တော်တော် ကြမ်းမယ့်လူဗျ။

ငပိန်က..

“အစ်ကိုကြီး မင်းပြန်လာပြီလား.. မြန်မြန်လာ.. ဒီလူ ငါ့ပစ္စည်း အချောင်လိုချင်နေတယ်.. ငါ့အချိန်တွေ တော်တော် ဖြုန်းပစ်တာကွ..”

လူသန်ကြီးကတော့ သူ့ကိုစိုက်ကြည့်ပြီး..

“သူ့လက်ထဲက အထုပ်နဲ့ အဲ့မျက်နှာဖုံး လဲခွင့်ပေးလိုက်လို့ ငါပြောနေတယ်လေ..”

ပြီးတော့ ကျုပ်ဘက်လှည့်လာပြီး..

“အလဲအလှယ် လုပ်မှာလား..”

စုက္ကရေးနဲ့ ဘယ်လိုလုပ် လဲနိုင်မှာတုန်း။ ကျုပ်ခေါင်းခါပြီး..

“အဲဒါနဲ့တော့ လဲလို့မရဘူး.. ငါ့ အထုပ် ဘာလို့ လိုချင်နေရတာလဲ..”

“ငါ့မှာ ဒီလိုသာ အမြင်မရှိရင် မှော်ပစ္စည်းတွေ အရောင်အဝယ် လုပ်ခဲ့တဲ့ နှစ်တွေ အလဟသ ဖြစ်သွားမှာပေါ့.. မင်းအထုပ်ထဲကဟာက မှော်တောင်ဝှေး ဖြစ်လောက်တယ်။ အပြင်ထိ မှော်စွမ်းအားတွေ ထွက်နေတာ ခံစားနေရတယ်။ ငါ့ သတ္တိမျက်နှာဖုံးနဲ့ လဲချင်ရင် လဲလို့ရတယ်..”

စုက္ကရေးက နဂါးဘုရင်ရဲ့ လက်နက်လေ။ ဒီမျက်နှာဖုံးက အမည်မသိစွမ်းအားအတွက်နဲ့ ဘယ်လိုလုပ် လဲနိုင်မှာတုန်း။ ပြီးတော့ စုက္ကရေးက ကျုပ်အတွက် အလိုက်ဖက်ဆုံး မှော်တောင်ဝှေးလေ။ ပြီးတော့ ကျုပ်စွမ်းအားတွေတောင် မြှင့်တင်ပေးနိုင်သေးတယ်။ ဒီမျက်နှာဖုံးကိုလဲ တော်တော် ကြိုက်နေတယ်။ ဘယ်လို လုပ်ရင်ကောင်းမလဲ။ ကျုပ် စိတ်ဝိဉာဉ်သုံးပြီး သိုလှောင်အိတ်ထဲ အသေးစိတ် စစ်ကြည့်လိုက်တော့တယ်။ ပစ္စည်းတစ်ခုတော့ တွေ့ပြီဗျို့။

“ဒီလိုလုပ်ကြမယ်လေ.. ကျုပ်မှော်တောင်ဝှေးနဲ့တော့ မလဲနိုင်ဘူး.. ဒါပေမယ့် တခြားတစ်ခုနဲ့ လဲမယ်.. မင်းတို့ အရှုံးမရှိစေရဘူးဆိုတာ အာမခံတယ်.. ဘယ်နှယ့်လဲ..”

“ငါ ကြည့်ကြည့်မယ်လေ.. အဲ့ပစ္စည်းထုတ်လိုက်.. တကယ်ပစ္စည်းကောင်းဆို ညှိနှိုင်းလို့ရတယ်.. ဒါပေမယ့် ငါ့ကိုတော့ တပတ်ရိုက်ဖို့ မစဉ်းစားနဲ့နော်.. ငါတစ်ချက် ကြည့်ယုံနဲ့ ဘယ်လောက် တန်ဘိုးရှိတယ်ဆိုတာ သိတယ်နော်.. ငါဆိုတဲ့ကောင်က ခံတပ်မှာ မသိသူမရှိတဲ့ ရတနာ ကျွမ်းကျင်သူပဲ..”

“စိတ်ချ.. မင်းကျေနပ်စေရမယ်..”

စကားဆုံးတာနဲ့ သိုလှောင်အိတ်ထဲကနေ ပစ္စည်းတစ်ခု ထုတ်ယူလိုက်တော့တယ်။

လူသန်ကြီး အံ့ဩသွားပြီး..

“လေဟာနယ် မှော်ပညာ.. မင်းက တကယ်ကို အဆင့်မြင့် မှော်ဆရာလား..”

လေဟာနယ်မှော်ဆိုတာ ဒီကမ္ဘာကြီးပေါ်မှာ တော်တော် နာမည်ကြီးတဲ့ မှော်ပညာလေ။ အနည်းဆုံး အဆင့်မြင့် မှော်ဆရာချင်း တူရင်တောင် လေးစားခံရတယ်လေ။

သူဘာတွေ တုန်လှုပ်နေတယ်တော့ မသိဘူး။ ကျုပ်ဒီအတိုင်း လွှတ်ထားလိုက်ပြီး စာလိပ်တစ်လိပ် ကိုင်ပြီး..

“ဒီပစ္စည်းနဲ့ လဲချင်တယ်.. မင်း ဘယ်လိုထင်လဲ..”

ငပိန်က..

“အဲဒါ ဘာလဲ.. မင်း ငါ့ပစ္စည်းကိုများ စက္ကူနဲ့ လဲချင်နေတာလား..”

============= (*^*)=============

အပိုင်း( ၃၁၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters