ချိုင့်ဝှမ်းရဲ့ သတင်း
Vol. 21 Ch. 310
Child of light (ကျန်းကုန်း)
Volume 11: Chapter 18 - New of the Canyon
ကျုပ် သူ့ကို ဘာမှမပြောဘဲ လှောင်ကြည့် ကြည့်နေလိုက်တယ်။ လူသန်ကြီး သူ့ကို အသာနေဖို့ အချက်ပြပြီး ကျုပ်ကိုစိုက်ကြည့်ရင်း..
“ဆရာကြီး.. ဒီမှော်စာလိပ်က ဘာအတွက် သုံးရတယ်ဆိုတာ မေးလို့ရမလား..”
အဲ့လူ တခြားလူတွေထက် ပိုအသိကြွယ်သားပဲ။ ကျုပ် ပုံမှန်လေသံနဲ့..
“အသက် ကာကွယ်ပေးနိုင်တယ်”
“အသက် ကာကွယ်ရေးတဲ့လား.. အဲ့ဒါ ဘယ်လိုလဲ..”
လူသန်ကြီး နည်းနည်း အံ့ဩသွားတဲ့ပုံပဲဗျ။
“အဲ့ဒါ သေရေးရှင်ရေး အခြေအနေကနေ လွတ်မြောက်နိုင်လိမ့်မယ်.. မင်းအန္တရာယ်ထဲရောက်နေရင် (၅)ကီလိုမီတာအကွာအဝေးကို ကျပန်းပုံစံနဲ့ ရောက်သွားအောင် တည်နေရာရွှေ့ပြောင်းဖို့ အသက်သွင်းလို့ရတယ်.. တကယ့် အရေးပေါ်အခြေအနေတိုင်းမှာ မင်းအသက်ကယ်နိုင်ရင် ဒီမျက်နှာဖုံးထက် မနိမ့်ဘူးမို့လား.. အသက်ထက် အရေးကြီးတာ ဘာရှိသေးလို့လဲဆိုတာတော့ သိတယ်မို့လား.. ဒီတည်နေရာရွှေ့ပြောင်း အဆောင်ကို ကမ္ဘာ့ထိပ်သီး မှော်သခင်ကြီး ချွဲစုန့်ကျန်း ကိုယ်တိုင် လုပ်ထားတာ”
“ဒါ တကယ်ကို မှော်သခင်ကြီး ချွဲစုန့်ကျန်း ကိုယ်တိုင်လုပ်ထားတာလား…”
လူသန်ကြီး စိတ်လှုပ်ရှားမှုတွေနဲ့အတူ စာလိပ်ကို ယူလိုက်တယ်။ လွတ်မြောက်အဆောင်မှာ လေဟာနယ်မှော်စွမ်းအား အားနည်းပေမယ့် သူခံစားနိုင်မယ်ဆိုတာ ကျုပ်သေချာပေါက်သိတယ်လေ။
အခုဆို ကျုပ်က ဒီလိုမှော်စာလိပ်တွေ အလွယ်လေး လုပ်နိုင်နေပြီဆိုတော့ ကျုပ်အတွက် သိပ်အသုံးမဝင်တော့ဘူးလေ။ လေဟာနယ်မှော်ပညာက အလင်းမှော်ပညာလောက် မကောင်းပေမယ့် မှော်သခင်ကြီး အဆင့်တော့ ရှိလောက်ပါတယ်။ ဒီလို ထွက်ပြေးလို့ရတဲ့ အဆောင်တွေ ကျုပ်သဘောကျတယ်။ ကျုပ် နံပတ်တစ် လက်ကိုင်ဆောင်ပုဒ်ကိုက ဘေးကင်းကင်းဖို့အတွက် လေဟာနယ်မှော် လေ့လာခြင်းဆိုတာ မငြင်းနိုင်ပါဘူး။
လူသန်ကြီး အချိန်တော်တော်ကြာမှ ခေါင်းယမ်းပြီး အဲ့စာလိပ် ကျုပ်လက်ထဲ ပြန်ထည့်ပေးတယ်။
ကျုပ်လဲ အံ့ဩသွားတာပေါ့။
“ဘာလို့လဲ.. ဒါ မှော်သခင်ကြီး ချွဲစုန့်ကျန်း ကိုယ်တိုင်လုပ်ထားတာ မယုံလို့လား..”
“မဟုတ်ဘူး.. မင်းငါ့ကို လိမ်ဖို့အတွက်နဲ့တော့ အရှင်ချွဲစုန့် နာမည် သုံးမှာမဟုတ်ဘူးဆိုတာ ငါယုံတယ်… သတ္တိမျက်နှာဖုံးအတွက် လဲလှယ်ဖို့ မလောက်သေးတာ တွေ့လို့ပါ.. မင်းလက်ထဲက မှော်တောင်ဝှေးပဲ ငါလိုချင်တယ်..”
ဒီတခါ ကျုပ်လန့်သွားတာဗျ..
“မရဘူး.. ဒါနဲ့တော့ မလဲနိုင်ဘူး.. ဒီမှော်တောင်ဝှေးက ငါ့အတွက် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို ဖြစ်နေပြီ.. လွယ်လွယ်နဲ့ လဲလို့မရဘူး.. ဒီလိုဆိုရင်ရော.. ခုနက စာလိပ်(အဆောင်)လို အကျိုးသက်ရောက်မှုတူတဲ့ နောက်ထပ် အဆောင်(၂)ခု ငါလုပ်ပေးမယ်.. အဲ့လိုဆိုရင်ရော ဘယ့်နှယ့်လဲ.. လွတ်မြောက်ဖို့ အခွင့်အရေး (၃)ကြိမ် ဆိုတာ မင်းအတွက် အကျိုးရှိမှာပါ.. အခုဆို မိစ္ဆာမျိုးနွယ်က ကမ္ဘာကြီးကို ခြိမ်းခြောက်နေပြီဆိုတာ မင်းလဲ သိမှာပါ.. မင်းအသက် လုံခြုံအောင်ထားနိုင်တာ အကောင်းဆုံးပဲလေ..”
လူသန်ကြီး အပြုံးသဲ့သဲ့ပြုံးပြီး..
“မိစ္ဆာမျိုးနွယ်လား.. သူတို့အကြောင်း သိပေမယ့် ကြောက်မနေဘူး.. ဒီနေရာက ကမ္ဘာပေါ်မှာ ကာကွယ်မှု အကောင်းဆုံး လျှပ်စီးခံတပ်ကွ.. လွတ်မြောက်ရေး အဆောင်(၃)ခုက တော်တော် ဆွဲဆောင်အား ကောင်းတယ် ဆိုပေမယ့် ဒီလိုအဆောင်တွေ မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်.. ခက်တာက ဒါတွေ ငါမလိုချင်ဘူး.. လဲလှယ်ချင်ရင် အချက်(၂)ချက်ရှိတယ်.. တစ်နည်းက မင်းလက်ထဲက မှော်တောင်ဝှေး… နောက်တစ်နည်းက တည်နေရာရွှေ့ပြောင်း ဝင်္ကပါရေးဆွဲနည်းပဲ.. မင်းကို ရိုးရိုးသားသား ပြောရရင် ငါက စစ်သည်တော်အဖြစ်ရော မှော်ပညာပါ ကျင့်ထားတာ.. လေဟာနယ် မှော်ပညာ လေ့ကျင့်ထားတာကြောင့် ငါတို့တွေ လမ်းကြောင်း တူတယ်လို့ ပြောလို့ရတယ်.. တစ်ခုတော့ ရှိတာပေါ့.. ငါ့လေဟာနယ် မှော်ပညာက မင်းနဲ့ယှဉ်ရင် တော်တော် ကွာမှာ သေချာတယ်..”
လက်စသတ်တော့ အဲ့လူ ဒီလိုအဆောင် လုပ်နည်းကို လေ့လာချင်နေတာပဲ.. တော်တော် စေ့စပ်တဲ့သူဗျို့..
“ကောင်းပြီလေ.. ဒါပေမယ့် အခြေခံတွေပဲ သင်ပေးနိုင်မှာ.. ပိုပြီး ကောင်းကောင်း အသုံးချနိုင်ဖို့တော့ ကိုယ့်အားကိုယ်ပဲ ကိုးရမှာ..”
လူသန်ကြီးက ကျုပ်လွယ်လွယ်နဲ့ သဘောတူမယ် ထင်မထားလောက်ဘူး.. သူ့မျက်နှာမှာ ရှားရှားပါးပါး ပျော်သွားတဲ့ အရိပ်အယောင် ပေါ်လာတယ်..
“ကောင်းပြီ.. အကောင်းဆုံးပဲ.. ကျေးဇူးအရမ်းတင်တယ်.. အခု မျက်နှာဖုံးက မင်းအပိုင်ပဲ.. ညီ(၃) မင်း အပြင်ထွက်ပြီး စစ်ဆေးလိုက်အုံး.. ဒီနတ်ဆိုးဆီက မှော်ပညာ သင်ချင်လို့ကွ..”
ညီ(၃)လို့ အခေါ်ခံရတဲ့ ငပိန်ကတော့ ကျုပ်ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေတယ်။ သူခေါင်းညိတ်ရင်း..
“အစ်ကိုကြီး.. အဲ့ကောင် လူလိမ်တော့ မဖြစ်နိုင်ဘူးမို့လား..”
ကျုပ်လို နတ်ဘုရားတမန်တော် တစ်ယောက်ကို လူလိမ်တစ်ယောက်လို့ ထင်ရက်လိုက်တာဗျာ။ ကျန်တဲ့လူတွေသာ ကြားသွားရင် အူတက်သေကုန်ကြတော့မှာပဲ။
“အကန်တွေ ပြောမနေနဲ့တော့.. ထွက်သွားလိုက်..”
လူသံကြီး အမိန့်က အသံနည်းနည်းမာလာတာဆိုတော့ တုန့်ဆိုင်း တုန့်ဆိုင်းနဲ့ ထွက်သွားလေရဲ့။
လူသန်ကြီးကို ရှေ့တည့်တည့်ကနေကြည့်ရင်း သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ စစ်နိုင်အောင် ကျုပ်ရဲ့ ပေါင်းစပ်စွမ်းအားတွေ အသာလေး ဖြန့်ထုတ်လိုက်တယ်။ ဒီလူ အဆင့်မြင့် မှော်ဆရာ အဆင့်ရောက်အောင် နည်းလမ်းတစ်ခုနဲ့ လေ့ကျင့်နိုင်ခဲ့တာပဲဗျ။ လွတ်မြောက်ရေး အဆောင်လုပ်နည်း တောင်းတာ အံ့ဩစရာမရှိတော့ဘူးပဲ။ ကျုပ် အေးအေးဆေးဆေးနဲ့..
“အဆောင် ဘယ်လို လုပ်ရမလဲဆိုတာ (၃)ကြိမ် ရွတ်ပြမယ်.. မင်းဘယ်လောက်ထိ နားလည် မှတ်မိနိုင်မယ်ဆိုတာ မင်းကြိုးစားနားလည်နိုင်မလဲ ဆိုတာပဲ မူတည်လိမ့်မယ်..”
စကားဆုံးတာနဲ့ မှော်အဆောင် လုပ်တဲ့နေရာမှာ သုံးရမယ့် ပစ္စည်းတွေ ထုတ်ပြီး ရှင်းပြလိုက်တယ်။ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ်မှာ ခပ်မြန်မြန်လေး ပြောပြလိုက်ပေမယ့် နောက်ဆုံးအကြိမ်မှာတော့ တော်တော်ကို နှေးနှေးနဲ့ ရှင်းပြလိုက်တယ်။ ခနလေးနဲ့ မှော်အဆောင် (၃)ခု ပြီးသွားတယ်။ အဆောင် (၃)ခုစလုံး သူ့ကို ပေးပြီး..
“ဒီ အဆောင် (၃)ခု မင်းယူလိုက်.. မင်းလက်ရှိ မှော်စွမ်းအားနဲ့ဆိုရင် ဒီလိုအဆင့်မျိုး အဆောင်လုပ်ဖို့ ခက်နေအုံးမှာ.. ဒါပေမယ့် အကွာအဝေးကို ခပ်နီးနီးထားပြီး လုပ်ပေါ့.. အကောင်းဆုံးကတော့ (၁)ကီလိုမီတာ မကျော်ရင် အောင်မြင်ဖို့ များလိမ့်မယ်.. မင်းမှော်စွမ်းအား တိုးလာတာနဲ့အမျှ အကွာအဝေး တိုးပြီး ကြိုးစားပေါ့..”
လူသန်ကြီး အရိုအသေပေးရင်း..
“ဟုတ်ကဲ့ပါ သခင်ကြီး.. ဒီလို အနီးကပ်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အမြဲတမ်း မှတ်ထားပါ့မယ်..”
ကျုပ် ခေါင်းညိတ်ရင်း..
“မှော်ပညာနဲ့ သိုင်းပညာ နှစ်ခုစလုံး လေ့ကျင့်တဲ့အတွက် အစပိုင်းတော့ ရလဒ်တွေ ကောင်းလိမ့်မယ်.. ဒါပေမယ့် ရေရှည်လေ့ကျင့်မယ်ဆိုရင်တော့ နှစ်မျိုးစလုံး အထွတ်အထိပ် ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး.. မင်းဟာမင်း ဆုံးဖြတ်ပေါ့..”
လူသန်ကြီး မချိပြုံး ပြုံးပြီး..
“ငါ ငယ်ငယ်က အရမ်းပျော့တာကွ.. ကိုယ်ကာယ တောင့်တောင့် တင်းတင်းနဲ့ စွမ်းအား (၂)မျိုးစလုံး ကျွမ်းကျင် နိုင်မယ်လို့ အမြဲတွေးနေမိတာ… ဒါပေမယ့် အခုတော့ နားလည်သွားပြီ.. နောက်ကျသွားပြီ ဆိုပေမယ့် မင်းပြောတာ နားထောင်ပါ့မယ်.. အဆောင်လုပ်နည်း သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ငါသေချာပေါက် ကြိုးစားပါ့မယ်.. မင်းနာမည် မေးလို့ရမလား..”
“ဒါဆို မင်းကို အရင် မေးခွန်းတစ်ခု မေးလို့ရမလား.. မင်းဖြေနိုင်ရင်တော့ မင်းမေးတာ ငါဖြေမယ်..”
“ကောင်းပြီ.. ကျေးဇူးပြုပြီး မေးပါ..”
“ဒီခံတပ် ရှေ့မှာ နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်း ရှိတယ်လို့ ငါကြားမိတယ်.. ဘယ်မှာရှိလဲ သိလား..”
ကျုပ်စကားကြားတော့ လူသန်ကြီး အံ့ဩသွားတယ်..
“နတ်ဘုရားလက်မှိုင်ချချိုင့်ဝှမ်းလား.. ငါကြားဖူးသလိုပဲ.. ခနနေအုံး စဉ်းစားလိုက်အုံးမယ်..”
အဲ့လူ ခေါင်းငုံ့ပြီး စဉ်းစားနေလေရဲ့။
သူ ကြားဖူးတယ်ပေါ့။ ကျုပ် ဝမ်းသာ သွားမိတယ်။ သူသာသိရင် အချိန်မကုန် တော့ဘူးပေါ့ဗျာ။ ဟိုရှာ ဒီရှာ လုပ်နေစရာ မလိုတော့ဘူးလေ။
အချိန် တော်တော်ကြာမှ လူသန်ကြီး ခေါင်းမော့လာပြီး..
“အဲ့နေရာကို ငါသေချာပေါက် ကြားဖူးတယ်.. ပြီးတော့ အဲ့နေရာမှာ တော်တော်ကြီးတဲ့ အက်ကွဲကြောင်းကြီး တစ်ခုရှိတဲ့ နတ်ဆိုးနယ်မြေက ကုန်းမြင့်တစ်ခုမှာ ဖြစ်လိမ့်မယ်.. ခံတပ်ကနေ တော်တော်လေး ဝေးပြီး တောင်ဘက်လောက်မှာ ရှိတဲ့ပုံပဲ… အဲ့နေရာမှာ ရှာကြည့်လို့ရတယ်..”
============= (*^*)=============
အပိုင်း( ၃၁၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား