← Chapters

တလူ ဘုရင်

Vol. 21 Ch. 314

တလူ ဘုရင်

Vol. 21 Ch. 314

Child of light (ကျန်းကုန်း)

Volume 11: Chapter 22 - Dalu’s King

လျှပ်စီးခံတပ် တပ်မှူးနားနေခန်းထဲမှာ..

“အစီရင်ခံပါတယ်… တပ်မှူး ခယ်အာလွင်တိ တွေ့ခွင့် တောင်းဆို နေပါတယ်”

အခန်းထဲကနေ လွှမ်းမိုးနိုင်စွမ်းရှိလွန်းတဲ့ အသံကြီးနဲ့..

“ဝင်ခိုင်းလိုက်..”

ငွေရောင် သံချပ်ကာနဲ့ ခယ်အာလွင်တိ စိုးရိမ်မှုအပြည့်နဲ့ အမတ်ကြီးစင်မြင့်ရှေ့ အမြန်လျှောက်သွားလိုက်တယ်။

“အရှင့်ငယ်သား ခယ်အာလွင်တိ နှုတ်ခွန်းဆက်သပါတယ်..”

ခယ်အာလွင်တိ သက်လတ်ပိုင်းအရွယ်ရှိတဲ့ မြင့်မြတ်သူကို ကြည့်ရင်း ဒူးထောက်လိုက်တယ်။ အဲ့လူက တလူဧကရာဇ် ထန်ဖုန်းလွီချန် ဆိုတာပေါ့ဗျာ။ ထန်ဖုန်းလွီချန်ကို ကြည့်ရတာ ပုခုံးကျယ်ကျယ်၊ အရပ် (၁.၉)မီတာလောက်ရှိမယ်။ အသက် (၅၀)ရှိပြီ ဆိုပေမယ့် တောင့်တုန်း ဖြောင့်တုန်းပဲဗျ။ မျက်လုံး မျက်ခုံး ပုံစံကိုက တော်တော် ပြတ်သားမယ့်ပုံ။ လောလောဆယ် သူ့မျက်နှာမှာ တော်တော်ကို စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေသလိုပဲ။

“ခယ်အာ.. မင်း အချိန်မှီရောက်လာတာကွ.. ငါမင်းကို ပြဿနာလေးတစ်ခု ဖြေရှင်းခိုင်မလို့”

“အရှင် အမိန့်ပေးပါ..”

“ငါက လျှပ်စီးခံတပ်ကို စစ်ဆေးဖို့ ရောက်လာတာ။ အားလုံး အဆင်ပြေပေမယ့် ဖေးယု ရုတ်တရက် ပျောက်သွားတယ်ဟေ့… သူ့နောက်ကို ကိုယ်ရံတော် တပ်သားတွေ လွှတ်လိုက်ပေမယ့် အခုထိ ဘာမှ အကြောင်း မပြန်သေးဘူး.. ငါ့ သားသမီးတွေထဲမှာ သူ့ကို ငါအချစ်ဆုံးပဲလေ.. ငါ သူ့ကို ပြင်းတယ် ပြောလိုက်မိတာ အမှားပဲကွ.. ခက်တာက ငါသူ့ကို ကောင်းကောင်း ဂရုမစိုက်မိလိုက်ဘူး.. သူ့ကိုရှာခေါ်ဖို့ မြင်းတပ်သား (၁၈)ယောက် ခေါ်သွားလိုက်..”

ခယ်အာလွင်တိ မျက်လုံးထဲမှာ စိတ်ညစ်တဲ့ အရိပ်အငွေ့တွေ ဖြတ်ပြေးသွားတယ်။ ဒီကောင် မင်းသမီး ဖေးယုနဲ့ တောက်လျှောက် တွေ့နေရတဲ့ကောင်လေ။ သူ့ကို တော်တော်ကြီး ခေါင်းကိုက်အောင် လုပ်နိုင်ထားတာကိုး။

“အရှင်.. မင်းသမီးလေးကို သွားမရှာခင် အရေးတကြီး တင်ပြဖို့ တစ်ခုရှိနေပါတယ်..”

“မင်း မတ်တပ်ရပ်ပြီး တင်ပြလို့ရတယ်..”

ခယ်အာလွင်တိ ကျုပ်နဲ့ တွေ့ခဲ့တာကစပြီး မိစ္ဆာမျိုးနွယ်ကို တိုက်ခဲ့တဲ့ကိစ္စတွေ တင်ပြလိုက်တယ်။ ကျုပ်ရဲ့ မှော်ပညာအကြောင်း တင်ပြတဲ့အချိန်ဆို မျက်လုံးထဲမှာ အံ့ဩသဘောကျမှုတွေ အပြည့်နဲ့ပေါ့ဗျာ။

ခယ်အာလွင်တိ တင်ပြတာတွေ နားထောင်ပြီး ထန်ဖုန်းလွီချန် အမူအရာပြောင်းသွားတယ်။

“ဒါဆို အားလုံးအမှန်တွေပေါ့.. မိစ္ဆာမျိုးနွယ်က ဒီကမ္ဘာကြီး တစ်ခုလုံးကို တကယ်ကို ခြိမ်းခြောက်နေတာပဲ.. ကြည့်ရတာ ငါသေချာ ဂရုမစိုက်မိခဲ့တဲ့ပုံပဲ.. အမတ်ကြီး ဖန်ဟောင်ကို ငါ့အတ္တကြောင့် ရာထူးကနေ အတင်းဖယ်ထုတ်လိုက်မိပြီ.. ကျွတ်… အားလုံး ငါ့အမှားတွေပါလား.. ငါတို့ တလူနိုင်ငံက စစ်တပ်တွေကို အမှန်တကယ် စလေ့ကျင့်ပေးမှ ဖြစ်တော့မယ်.. တစ်ယောက်ယောက် လာစမ်း..”

စစ်သည်တစ်ယောက် ဝင်လာပြီး ဒူးထောက်ရင်း..

“အရှင်..”

ထန်ဖုန်းလွီချန် ပြတ်ပြတ်သားသားနဲ့..

“နိုင်ငံတော်မှာ အမိန့်ထုတ်လိုက်.. မှော်ဆရာတွေ အထူးသဖြင့် အလင်းမှော်ဆရာတွေအားလုံး မထမတန်းစား မှော်တပ်ဖွဲ့ ဖွဲ့စည်းရမယ်.. မှော်သမ္မဂ္ဂမှာ ပါဝင်လာတဲ့ မှော်ဆရာတိုင်းကို သူတို့ မှော်စွမ်းအားအလိုက် လစာ(၂)ဆ ပေးမယ်.. ပြီးတော့ အမှတ်(၁) တပ်မကြီးက တပ်ခွဲတွေကို အမိန့်ပေးထုတ်လိုက်.. မြို့စွန်မှာ တပ်တွေ စုရမယ်.. ဘုရင့်ကာကွယ်ရေး အစောင့်တပ်က ခယ်အာကျာ ရဲ့ ဦးဆောင်မှုအောက်မှာ ရှိလိမ့်မယ်.. ပြီးရင် လင်းယုန် လေ့ကျင့်ရေး စီမံချက် အကောင်အထည်ဖော်ဖို့ စစ်ဦးစီးချုပ်ကို ပြောလိုက်..”

ထန်ဖုန်း စကားကြားတော့ ခယ်အာလွင်တိ မလန့်ဘဲကို မနေနိုင်တော့ဘူး။ ဟိုးအရင်ကတည်းက လင်းယုန် လေ့ကျင့်ရေး စီမံချက်ကို ကြားဖူးထားတယ်လေ။ အစိုးရရဲ့ တော်တော်ကို ရက်စက်ကြမ်းကြုတ်လွန်းတဲ့ လေ့ကျင့်ရေးတစ်ခုဗျ။ စီမံချက် ရေးဆွဲထားပေမယ့် ရက်စက်ကြမ်းကြုတ်လွန်းတော့ အကောင်အထည် မဖော်ဖြစ်လိုက်ဘူးလေ။ ထန်ဖုန်း ခိုင်းလိုက်တဲ့ မြေပြင်လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာ ထိပ်သီးတွေကြီးပဲ။ သူတို့ အင်အားကိုက နိုင်ငံတော်ရဲ့ အင်အားထက်ဝက်လောက်နဲ့ ညီတယ်လေ။ အသစ်ဖွဲ့စည်းထားတဲ့ မှော်သမ္မဂ္ဂ အပြင် ဧကရာဇ် ထန်ဖုန်းလွီချန်ကိုယ်တိုင်ရဲ့ စွမ်းအားကလဲ ပိုထက်လာပုံပဲလေ။

“အမိန့်အတိုင်းပါ အရှင်..”

ထန်ဖုန်းလွီချန် ခယ်အာလွင်တိဘက် လှည့်ပြီး..

“ခယ်အာ.. ငါ့နိုင်ငံတော်ရဲ့ မျိုးဆက်သစ် ထိပ်သီးတွေထဲမှာဆို မင်းက ပါရမီရှင်ပဲ.. မင်းကို ငါအရမ်း မျှော်လင့်ထားတယ်.. တော်ဝင်မျိုးဆက်သစ် တပ်ဖွဲ့ကို ဦးဆောင်ဖို့ မင်းကို တာဝန်ပေးလိုက်မယ်.. ကျေးဇူးပြုပြီး ငါ့ကို စိတ်မပျက်စေနဲ့..”

တော်ဝင် မျိုးဆက်သစ် တပ်ရင်းမှာ လက်ရွေးစင် စစ်သား(၅၀၀၀၀)နဲ့ ဖွဲ့စည်းထားတာဆိုတော့ ခယ်အာလွင်တိ တော်တော် ဝမ်းသာသွားတယ်။ အဲ့တပ်ဖွဲ့က တလူနိုင်ငံတော်ထဲမှာ ကျန်တပ်ဖွဲ့တွေထက် ထိပ်ကပဲလေ။ အဲ့ တပ်ဖွဲ့ကို အုပ်ချုပ်ဖို့ ထန်ဖုန်းလွီချန် ကိုယ်တိုင် တိုက်ရိုက် အုပ်ချုပ်ထားတာဆိုတော့ ဒီတာဝန် တော်တော်ကို အရေးကြီးတာဗျ။ အမတ်ကြီး ဖန်ဟောင် ဒီရာထူး မရခင်တုန်းက အဲ့တပ်ဖွဲ့ကို အုပ်ချုပ်ဖို့ တာဝန်ပေး ခံရသေးတယ်။

ခယ်အာလွင်တိ စိတ်လှုုပ်ရှား တကြီးနဲ့ ဒူးထောက်ပြီး..

“အရှင့်ရဲ့ ချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ်..”

“အင်း.. မင်း ငါ့သမီးကို အခုချက်ချင်း သွားရှာပြီး ပြန်ခေါ်လာခဲ့လိုက်.. လင်းယုန် လေ့ကျင့်ရေး စီမံချက်ကို ငါကိုယ်ကြီးကြပ်ပြီး စဖို့ လုပ်တော့မယ်..”

ခယ်အာလွင်တိ ခေါင်းညိတ်ပြီး လှည့်မလို့ ခြေလှမ်းပြင်နေတုန်းမှာပဲ..

“အစီရင်ခံပါတယ်..”

စစ်သားတစ်ယောက် အသံကျယ်ကျယ်ပေးရင်း အမောတကော ပြေးလာပြီး ဒူးထောက်ရင်း..

“အရှင်မင်းကြီးကို တင်ပြပါတယ်.. မင်းသမီးနေရာ သိရပါပြီ..”

“သူဘယ်မှာလဲ မြန်မြန်ပြောစမ်း..”

“အစပိုင်း မျိုးဆက်သစ် တပ်ဖွဲ့က မင်းသမီးလေးကို ဝိုင်းထားမိပေမယ့် ရုတ်တရက် မှော်ဆရာတစ်ယောက် ပေါ်လာတယ်.. မှော်ဆရာက တာတို တည်နေရာရွှေ့မန္တန်ကို သုံးလိုက်လို့ လွှတ်သွားပါတယ်.. အဲ့နောက်တော့ ခံတပ်ရဲ့ အစောင့်တပ်ဖွဲ့ခေါင်းဆောင် သူတို့ကို တွေ့လိုက်လို့ လှုပ်ရှားတပ်ဖွဲ့ ချက်ချင်း လွှတ်လိုက်ပါတယ်.. သူတို့ကို အံချီးဖွယ်(တားမြစ်မန္တန်ကြောင့် ဖြစ်ပေါ်လာသည့် ချောက်နက် ပင်လယ်ပြင်ကို ဆိုလိုခြင်းဖြစ်သည်။) နေရာနားမှာ ဝိုင်းမိသွားတယ်… ဒါပေမယ့် အဲ့မှော်ဆရာက မှော်ပညာ အရမ်းကို အစွမ်းထက်လွန်းပါတယ်အရှင်.. သူ့ကိုယ်သူလဲ မင်းသမီးလေးရဲ့ ဆရာလို့ အတိအလင်း ပြောပါသေးတယ်.. သူနဲ့ ခနလောက် တိုက်ခိုက်ပြီးမှ ကျွန်တော်မျိုးတို့ သူ့ပြိုင်ဖက် မဖြစ်နိုင်တာ သိရပါတယ်.. အဲ့မှော်ဆရာ အဖွဲ့ခေါင်းဆောင်ကို အနိုင်ယူပြီး မင်းသမီးလေးကို အံချီဖယ် တစ်ဖက်ကမ်း ခေါ်သွားတဲ့အတွက် ဆက်လိုက်လို့ မရတော့ပါဘူး..”

ထန်ဖုန်း တင်ပြချက်တွ နားထောင်ပြီး ချက်ချင်း အသက်ရှူပြင်းထန်လာတယ်။

“ဘာ.. မြင်းစစ်သည် (၁၀၀၀)က မှော်ဆရာ တစ်ယောက်ကို မနိုင်ဘူးတဲ့လား.. မင်းတို့ ဘယ်နိုင်ငံမှာ မွေးခဲ့ကြတာတုန်းကွ .. ဟမ်…”

သတင်းပို့တဲ့ စစ်သည် ဘယ်လိုလုပ် ပြန်ဖြေရဲမှာလဲလို့။ ခယ်အာလွင်တိ မျက်လုံးထဲမှာ အလင်းရောင်တစ်ချက် လက်သွားပြီး..

“အဲ့ မှော်ဆရာ ဘယ်လိုပုံစံလဲ..”

“အဲ့မှော်ဆရာ ပိန်ပိန်ပါးပါးနဲ့ အဖြူရောင် မှော်ဝတ်စုံ ဝတ်ထားတယ်.. ခေါင်းပေါ်မှာလဲ ခေါင်းစွပ် စွပ်ထားပြီး ငွေရောင်မျက်နှာဖုံး တစ်ခုတပ်ထားသေးတယ်.. သူ့လက်ထဲမှာလဲ အဝတ်ထုပ် ရှည်ရှည်တစ်ခု ကိုင်ထားပါသေးတယ်..”

“ငွေရောင် မျက်နှာဖုံးနဲ့လား..”

ထန်ဖုန်းလွီချန် မနေနိုင်တော့ဘဲ..

“ခယ်အာ.. အဲ့ ကောင်ကို မင်းသိလို့လား..”

============= (*^*)=============

အပိုင်း( ၃၁၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters