ဓားတစ်ချက်တည်းဖြင့်
Vol. 012 Ch. 1103
“…”
ရီဖူရှင်း၏ စကားကိုကြားလျှင် လေရိုင်း ရှန့်ထိုဓား၏ပါးစပ်များ တွန့်ကွေး သွားသည်။
သူက ရီဖူရှင်းအား သည်နေရာအထိ ခေါ်ဆောင်လာကာ သူ့စွမ်းရည်များအား ပြသစေလိုခဲ့၏။
သို့သော်လည်း တိုက်ပွဲများ အဆုံးသတ်ခါ နီးတော့မှ ရီဖူရှင်းက သည်လူများသည် သူ့ဓားအား ထုတ်ရန် မထိုက်တန်ဟု ပြော၏။
ဟွမ်ချွဲ့က သဘောမကျသလို ကြည့်သည်။
ရှင်က ငကြောက်ဆိုတာကို ဝန်ခံလိုက်ပါတော့...။ တာလီကိုးဒေသမှာ ဘယ်သူမှ ရှင့်ဓားကို ထုတ်သုံးဖို့ မထိုက်တန်ဘူးတဲ့လား...။
အဓိပ္ပာယ်မရှိတာ...
မျက်လုံးများစွာက ရီဖူရှင်းထံသို့ ရောက်လာကာ သူ့အား အကြီးအကျယ် ရိုက်နှက်လိုစိတ်များ ဖြစ်လာကြ၏။
ချင်ထန်နှင့် ကျိုးကျန်းတောက်တို့သည် ရှီအဆင့်အမြင့်ဆုံးများ ဖြစ်ကြ၏။ စီဝေ့ဓားကလန်မှ လီဟန်ရှင်းသည်ပင် အတော်ဆုံး ပါရီရှင်တစ်ဦး ဖြစ်သည်။
သည်သတ္တမဓား ဘာတွေ မှားယွင်း နေသနည်း။ သူ့ဓားကို ထုတ်ရန် မထိုက်တန်ဘူးတဲ့လား...။
ရန်ဒေသမှ ဓားသမား အများအပြားက ရီဖူရှင်းအား လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်ကြသည်။ ရန်ဒေသ ဘုရင်ခံကပင် ပြောသည် …. “မင်းရဲ့ဓားပညာက ကောင်းတယ် ဆိုပေမဲ့ မင်းက မောက်မာ ဝင့်ကြွားတယ် ဆိုတဲ့ အချက်ကတော့ ငြင်းမရဘူး”
ယနေ့ တာလီကိုးဒေသမှ ပါရမီရှင်များ တိုက်ခိုက်သည်ကို ကြည့်ပြီးနောက် သူကိုယ်တိုင်က အဆင့်မြင့် ရှန့်ထိုတစ်ပါးဖြစ်သည့်တိုင် လူငယ် မျိုးဆက်များ၏ထူးချွန်မှုကို ငြင်းပယ်၍ မရပေ။
သူ့အား ခေါ်လာသူသည် လေရိုင်းရှန့်ထိုဓားဖြစ်ရာ ရန်ဒေသဘုရင်ခံက သူ့အား မျှော်လင့်ချင်ကြီးမားစွာ ထားခဲ့ပေသည်။
သို့သော်လည်း ရီဖူရှင်း၏အပြုအမူက သူ့အား စိတ်ပျက်စေခဲ့၏။
သို့သော်လည်း သူက လူငယ်တစ်ယောက်နှင့် အဖက်လုပ်ကာ ပြောဆိုနေမည်တော့ မဟုတ်ပေ။
“ဓားသမား တစ်ယောက်အနေနဲ့ မင်းက ဓားကို ထုတ်သုံးဖို့ သတ္တိ မရှိတာကိုတောင် ဝန်မခံတော့ဘူးပေါ့” ဖီးနစ်ဓားကလန်မှ ချီယောင်က ပြောသည်။
ကျူချွဲ့ဓားကလန်မှ တခြား ဓားသမားများကလည်း ရီဖူရှင်းအား သရော်ဟန်ဖြင့် ကြည့်ကြသည်။
လီဟန်ရှင်းမူကား ရီဖူရှင်းကိုပင် မကြည့်တော့ပေ။
ရီဖူရှင်းက သူ့အနီးမှ လူများအားလုံး၏ အမူအရာများကို မြင်လျှင် အရာအားလုံးမှာ သူ့အကြံအစဉ်အတိုင်း ဖြစ်လာသည်ကို ပိုမို နှစ်သိမ့်ကျေနပ်ရ၏။ ထိုလူများ မည်သို့ တွေးသည်ကို သူက ဂရုမစိုက်ဘဲ ပြောသည် … “ကျုပ်က ဒီကို လာကတည်းက ပြောပြီးပြီ … ကျုပ်ဓားကို ထုတ်ရလောက်အောင် ထိုက်တန်တဲ့လူမရှိရင် ကျုပ်က ဓားထုတ်မှာ မဟုတ်ဘူး။ ဓားလမ်းစဉ် ဆိုတာ တခြားလူတွေရဲ့ အမြင်ကို ဂရုစိုက်စရာ မလိုဘူး”
“မင်း သဘောပါပဲ …” လေရိုင်းရှန့်ထိုဓားက ပြောသည်။ ရီဖူရှင်းက ထိုသို့ပြောမှတော့ သူကလည်း အတင်း မတိုက်ခိုက်ခိုင်း လိုတော့ပေ။ သို့သော်လည်း သူက သဘောမကျ ဖြစ်နေသည်မှာ သိသာ ထင်ရှားပေသည်။
ချင်ထန်က စင်မြင့်ပေါ်တွင် ရပ်နေခဲ့ကာ သူ့အား မည်သူမှ မတိုက်ခိုက်ရဲကြပေ။
သူကား အထက်ဘံသို့ တက်ရောက် နိုင်တော့မည်ဖြစ်ကာ အနာဂတ်မှာလည်း ကြီးမားသော အောင်မြင်မှုများ ရရှိတော့မည် ဖြစ်သည်။
ချင်ထန်ဖြစ်စေ၊ ကျိုးကျန်းတောက်ဖြစ်စေ၊ လီဟန်ရှင်းဖြစ်စေ သူတို့အားလုံးတို့၏ အနာဂတ်မှာ အထက်ဘုံ၌ တည်ရှိပေသည်။
ဘုရင်ခံလီက လူအုပ်ကို ကြည့်ကာ ပြောသည် … “ဘယ်သူမှ စင်ပေါ်ကို မတက်လာတော့ရင် ဒီအခန်းအနားကို ရပ်လိုက်ကြတာပေါ့”
ဒေသကိုးခုမှ တိုက်ပွဲမှာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
ဤတွင် မရေမတွက်နိုင်သော လူများက တိုက်ပွဲနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေး ကြတော့သည်။
“အားလုံး အကောင်းဆုံး ကြိုးစား ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဘုရင်ခံလီက ပြုံးလျက် တခြားသော ဒေသမှ ဘုရင်ခံများနှင့် တော်ဝင်မြေများအား ပြောသည်။
“အရှင်နဲ့ အထက်ဘုံက တော်ဝင်မြေတွေ ဒီပွဲကို ကိုယ်တိုင် လာရောက်မှတော့ ကျုပ်တို့ အားလုံးက ကြိုးစားရမှာပေါ့ …” အားလုံးကလည်း လက်နှစ်ဖက် ဆုပ်ကာ လေးစားစွာ ပြောကြသည်။
ဘုရင်ခံလီက ပြုံးလျက် ပြောသည် … “စားပွဲက ဆက်ကျင်းပမှာဖြစ်လို့ အားလုံး လွတ်လွတ်လပ်လပ် နေကြပါ”
လူအများအပြားက ထရပ်ကြသည်။ ရွေးချယ်ခံရသူများက သူတို့အား ရွေးချယ်သော အထက်ဘုံမှ အင်အားစုများအား သွားရောက် နှုတ်ဆက်ရမည် ဖြစ်သည်။
အောက်ဘုံမှ အဖွဲ့အစည်များကလည်း သူတို့၏ရွေးချယ်ခံ ပါရမီရှင်များအား လိုက်ပါ ပို့ဆောင်ကြမည် ဖြစ်သည်။
စီဝေ့ဓားကလန်မှ ခေါင်းဆောင်က ထရပ်ကာ လီဟန်ရှင်းအား ထိုနေရာသို့ ခေါ်ဆောင် သွားသည်။
“အတူတူ သွားကြမယ် …” ရန်ဒေသ ဘုရင်ခံကလည်း ပြုံးလျက် ပြောသည်။ ရှန့်ထို အများအပြားက ဘုရင်ခံလီထံသို့ လျှောက်လာခဲ့ကြ၏။
လေရိုင်း ရှန့်ထိုကလန်က သူတို့နှင့်အတူ မလိုက်ပါခဲ့ပေ။ လေရိုင်းဓားကလန်က တိုက်ပွဲတွင် ပုံမှန် စွမ်းဆောင်ရည်သာ ရှိခဲ့ကာ သူတို့နှင့်အတူ လိုက်ပါရန် မသင့်ပေ။ ရီဖူရှင်းက ပါဝင် မတိုက်ခိုက်ခဲ့သည့် အတွက် သူက စိတ်ပျက်နေ၏။
သို့သော်လည်း ရီဖူရှင်းက ထရပ်ကာ သူတို့နှင့်အတူ လျှောက်သွားသည်ကို မြင်ရသည်။
သူကား ရန်ဒေသမှ ဓားသမားများ၏ နောက်မှ လိုက်ပါသွားသလို ဖြစ်နေရာ လေရိုင်းရှန့်ထိုဓားက ထိုမြင်ကွင်းကို ကြည့်ပြီး အလွန် အံ့အားသင့်သွားသည်။
“မင်း ဘာလို့ ငါတို့နောက်ကို လိုက်လာရတာလဲ” အသံတစ်သံအား ကြားကြရသည်။ လူအများအပြားက လှမ်းကြည့်ကြလျှင် ရန်ဒေသ တန်ခိုးရှင်များ အုပ်စုသည် ဓားတောင်ကုန်းမှ တန်ခိုးရှင်များထံသို့ လှမ်းသွားနေပြီး ထိုအထဲတွင် လီဟန်ရှင်းကိုလည်း မြင်ကြရ၏။
သို့သော်လည်း ထိုဓားသမား အုပ်စု၏ နောက်တွင် ချောမော ခန့်ညားသော ဓားသမား တစ်ယောက် သည်လည်း ဦးတည်ရာ အရပ်တစ်ခုတည်းသို့ သွားနေသည်ကို မြင်ရ၏။
ရန်ချိန်ရီက ရီဖူရှင်းအား မျက်မှောင်များ ကွေးညွတ်အောင် ကြည့်ကာ မေးလိုက်ခြင်း ဖြစ်သည်။
“ကျုပ် ခင်ဗျားတို့နောက်ကို လိုက်နေတာ မဟုတ်ဘူး” ရီဖူရှင်းက ပြောသည်။
ရန်ဒေသဘုရင်ခံက ရီဖူရှင်းအား ကြည့်သည်။ ကျူချွဲ့ဓားကလန်မှ ခိုင်ဟွမ်က ရီဖူရှင်းအား ငေါ့တော့တော့ ပြောသည် … “မင်းက တခြားဒေသက တန်ခိုးရှင်တွေနဲ့တောင်မှ မတိုက်ခိုက်ရဲတာ … ဒါတောင်မှ ရန်ဒေသက တန်ခိုးရှင်တွေနဲ့အတူ လိုက်လာ ရဲသေးတယ်”
ရီဖူရှင်းက သူ့အား ကြည့်ကာ ဘာမှ မပြောပေ။ သူက ရန်ဒေသမှ တန်ခိုးရှင်များအား ကျော်ကာ ကြည့်လိုက်၏။ ထိုနေရာတွင် လူတစ်စု ငြိမ်သက်စွာ ရပ်နေကြပေသည်။
သူတို့ကား အထက်ဘုံ တာလီဓားတောင်ကုန်းမှ တန်ခိုးရှင်များ ဖြစ်ကြသည်။
“ကျုပ်နာမည် သတ္တမဓား … တာလီဓား တောင်ကုန်းက တာလီပြည်ထောင် တစ်ခုလုံးမှာ ဓားပညာနဲ့ ပတ်သက်ပြီး နံပါတ်၁ လို့ ကြားထားတယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားတို့ကို စိန်ခေါ်ချင်တယ်” ရီဖူရှင်း၏အသံက ဓားတစ်လက်အလား လေထုကို ခွင်းသွားသည်။
ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် အလွန်အမင်း တိတ်ဆိတ် သွား၏။
မရေမတွက်နိုင်သော လူများက တစ်နေရာတည်းသို့ ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ရီဖူရှင်းကား ဓားတစ်လက်အလား မားမားမတ်မတ် ရပ်နေ၏။
အောက်ဘုံမှ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် တာလီဓား တောင်ကုန်းမှ တန်ခိုးရှင်များအား စိန်ခေါ်၏။
အဝေးမှ လေရိုင်းရှန့်ထိုဓားသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အရ၏။ သူက အမှန်တကယ်ပင် တာလီဓား တောင်ကုန်းကို သွားရောက် စိန်ခေါ်နေသည်။
ရန်ဒေသမှ တန်ခိုးရှင်များ အားလုံး၏အမူအရာမှာ အေးခဲသွားကြပြီး သူတို့အားလုံးက ရီဖူရှင်း၏ ထီမထင်သော ပုံစံအား ကြည့်ကြ၏။
“အတင့်ရဲတယ် …” စီဝေ့ရှန့်ထိုဓားက ပြောသည်။ သတ္တမဓားသည် သည်ယခင် အကဲဖြတ် တိုက်ပွဲများ၌ ပါဝင်ခြင်း မရှိခဲ့ဘဲ အမှန်တကယ်ပင် တာလီဓားတောင်ကုန်းမှ တန်ခိုးရှင်များအား စိန်ခေါ်နေသည်။
ဘုရင်ခံလီနှင့် လုချွန်တို့ပင် ရီဖူရှင်းအား လှမ်းကြည့်ကြ၏။
“ငါတို့က အကဲဖြတ်တိုက်ပွဲမှာ တိုက်ခိုက်ခဲ့တာလည်း မရှိသေးဘူး။ ဘာလို့ ရှင်က ဓားတောင်ကုန်းကို လာပြီးတော့ စိန်ခေါ်တာလဲ” မင်းသမီးလီယူက ရီဖူရှင်းအား ကြည့်ကာ မေးသည်။
ရီဖူရှင်းက လီယူအား ကြည့်ကာ တည်ငြိမ်စွာ ပြောသည် … “ကျုပ်က ဒေသကိုးခုက လူတွေ ယှဉ်ပြိုင်တာကို မြင်ပြီးပြီ။ ဘယ်သူမှ ကျုပ်ဓားကို ထုတ်ဖို့ မထိုက်တန်ဘူး။ ဒါကြောင့် ကျုပ်က တာလီဓား တောင်ကုန်းကို လာပြီးတော့ စိန်ခေါ်တာ”
လီယူ၏အမူအရာက တင်းမာသွားသည်။ သူမ၏အဖေက ဒေသကိုးခုမှ အထူးချွန်ဆုံး လူများအား အကဲဖြတ် ရွေးချယ်ပေးနေသော အချိန်တွင် ရီဖူရှင်းက ထိုလူများမှာ သူ့ဓားနှင့် မထိုက်တန်ဟု ပြောနေ၏။
လုချွန်ကလည်း ရီဖူရှင်းအား နားမလည်စွာ ကြည့်သည်။ သည်ကဲ့သို့သော အခြေအနေတွင် သူ၏အပြုအမူက အတင့်ရဲသည်ထက်ပင် ပိုနေသေး၏။
ရန်ဒေသမှ ဓားသမားများက လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ ရီဖူရှင်းအား ကြည့်ကြသည်။
တစ်ချိန်တည်းမှာပင် လူတစ်ယောက်က ရှေ့သို့ ထွက်လာသည်။ သူကား ကျူချွဲ့ဓားကလန်မှ နံပါတ်၁ဓားသမား ခိုင်ဟွမ်ဖြစ်သည်။
သူ၏ ခြေလှမ်းတိုင်းက ကြောက်မက်ဖွယ် ဖိအားများကို ဖြစ်ပေါ်စေ၏။ သူ၏ သက်စောင့်ဝိညာဉ်က ကွဲထွက်လာကာ ဧရာမ ဓားကြီးတစ်လက် ပေါ်လာသည်။ ကြောက်မက်ဖွယ် ဓားအားလှိုင်းက ရီဖူရှင်းထံသို့ မြန်ဆန်စွာပင် ရိုက်ခတ် လာခဲ့၏။
ဧရာမဓားကြီးနှင့်အတူ ခိုင်ဟွမ်သည် ကျယ်လောင်သော လေခွင်းသံနှင့်အတူ ရီဖူရှင်းထံသို့ တိုးဝင်လာ၏။
ရီဖူရှင်းက သူ့အား ကြည့်ကာ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်သည်။ သူ့ခန္ဓာကိုယ်အား ဓားအသိများ စီးဆင်းလာခဲ့၏။
ရီဖူရှင်းက လက်ဝှေ့ယမ်းလျှင် သူ့ရှေ့တွင်လည်း ဧရာမဓားကြီး တစ်လက် ပေါ်လာ၏။ ဓားသည် အလွန်အမင်း လေးလံဟန်ရ၏။
ဝုန်းခနဲ မြည်သံနှင့်အတူ ခိုင်ဟွမ်သည် ဓားနှင့်အတူ လေထဲတွင် ရပ်တန့်သွားပြီး သူ့ထံသို့ ကျဆင်းလာသော ဧရာမဖိအားကြီးအား ခံစားရသည်။
ရီဖူရှင်းက သူ့ရှေ့မှ ဓားကြီးအား တစ်ချက် ရိုက်လိုက်လျှင် ဓားသည် စူးရှသော အသံနှင့်အတူ ခိုင်ဟွမ်၏ဓားအား ချိုးဖျက်ကာ ခိုင်ဟွမ်အား ထိရိုက်၏။
အင့် …
ညည်းသံ တစ်ချက်နှင့်အတူ ခိုင်ဟွမ်ကား အဝေးသို့ လွင့်စဉ် သွားခဲ့တော့သည်။ ဓားသည် သူ၏ အတားအဆီးများကို ချိုးဖျက်ကာ သူ့ရင်ဘတ်ပေါ်သို့ ကျဆင်းခဲ့ပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ကျစေခဲ့သည်။
“မင်းဓားက အားမရှိဘူး ဖြစ်နေတယ်” ရီဖူရှင်းက ပြောသည်။ သူကား တိုက်ခိုက်ခဲ့ ကတည်းက မူလနေရာမှ တစ်လက်မမျှ မရွေ့သေးပေ။
အားမရှိဘူး ဟူသော စကားကား သည်မတိုင်ခင် သူက ခိုင်ဟွမ်ကို အကဲဖြတ် ပေးခဲ့သော စကားဖြစ်သည်။
ဝှီး …
စူးရှသော ဓားအသိတစ်ခု လေထဲတွင် ဖြစ်ပေါ်လာသည်။ မုန်တိုင်းဓားကလန်မှ လင်းရာသည် ဓားမုန်တိုင်း တစ်ခုကို ဖန်ဆင်းကာ အပေါ်မှ ဆင်းသက် လာခဲ့သည်။
ရီဖူရှင်းအား လျှပ်စီးများ ရစ်ပတ်လာခဲ့ပြီး သူ့ထံတွင် လျှပ်စီးဓားတစ်လက် ဖြစ်ပေါ်လာ၏။
သူက ခြေတစ်လှမ်း လှမ်းလိုက်လျှင် လျှပ်စီးဓားနှင့်အတူ သူက မူလနေရာမှ ပျောက်ကွယ် သွား၏။
ဘုန်း …
ကျယ်လောင်သော အသံတစ်ခုအား ကြားရသည်။ ထိုအခိုက်တွင် ဓားမုန်တိုင်းထဲ၌ လင်းရာသည် လျှပ်စီးများဖြင့် ရိုက်နှက်ခံရသည့်အလား အဝတ်အစားများ အပိုင်းပိုင်း ပြတ်တောက် သွားကာ မျက်နှာမှာ ပြာနှမ်း သွားခဲ့သည်။
“မင်းက ပေါက်ကွဲ အားနည်းတယ် …” ရီဖူရှင်း၏အသံက လေထဲတွင် ကြားကြရသည်။ ထိုစကားက သည်မတိုင်မီ လင်းရာအား အကဲဖြတ်ခဲ့သည့် အတိုင်းဖြစ်သည်။
ရန်ချိန်ရီနှင့် ရန်စီရီတို့က အချင်းချင်း ကြည့်လိုက်ကြကာ ညီအစ်မ နှစ်ယောက်က အရိပ်သဏ္ဌာန် အဖြစ်သို့ ပြောင်းလဲသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံး ဓားအသိများဖြင့် ပြည့်နှက် လာခဲ့သည်။ ထိုအခိုက်တွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ရီဖူရှင်းကို ဦးတည် လာနေကြ၏။
ရီဖူရှင်း၏ မျက်လုံးများက စူးရှသွား၏။
သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်လျှင် မူလနေရာမှ ပျောက်ကွယ် သွားသည်။ လေထဲတွင် ဓားရောင်အချို့ ဝင်းလက်သွားခဲ့ပြီး ခဏချင်း၌ပင် ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်များ ပျောက်ကွယ် သွားသည်။
ဓားတစ်လက်တည်းက သူတို့၏လှုပ်ရှားမှုများ အားလုံးကို ရပ်တန့်စေခဲ့သည်။
သူတို့က ရပ်လိုက်ကြကာ စုတ်ပြတ်နေသော အဝတ်အစားများကို ကြည့်ကြ၏။ သူတို့၏လက်များမှာ တုန်ယင်နေသည်။
ထိုအရာက ဓားတစ်ချက်တည်းသာ …။
ရန်ဒေသမှ မည်သူ တစ်ဦး တစ်ယောက်မှ ထိုဓား တစ်ချက်အား မခုခံနိုင်ကြပေ။