စစ်မှန်သော ပြိုင်ဘက်ကင်း
Vol. 012 Ch. 1104
ရန်ဒေသဘုရင်ခံ၏ သမီးများဖြစ်သော ရန်ညီအစ်မ၊ ကျူချွဲ့ဓားကလန်နှင့် မုန်တိုင်း ဓားကလန်တို့မှ နံပါတ်တစ် ပါရမီရှင်များ ဖြစ်ကြသော ခိုင်ဟွမ်နှင့် လင်းရာတို့သည် အသီးသီး ရှုံးနိမ့်ခဲ့ကြ၏။ မည်သူမှ ရီဖူရှင်း၏ ဓားတစ်ချက်ကို မခုခံနိုင်ကြပေ။
ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။
ရန်ဒေသမှ ဓားသမားတို့ သည်လည်း ကြီးစွာ တုန်လှုပ်နေကြ၏။ သူတို့က ရီဖူရှင်းအား လူထူးလူဆန်းပမာ မျက်လုံး အဝိုင်းသားဖြင့် ကြည့်နေကြသည်။
လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား စတင် မိတ်ဆက်ပေးတုန်းက ရီဖူရှင်းသည် နိုင်းယွင်အား ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်ဟု ပြောခဲ့သော်လည်း မည်သူကမှ အရေးတယူ မရှိခဲ့ကြ။
ယခု သူ တိုက်ခိုက်ခဲ့သောအခါ အမှန်တကယ်လည်း ပြိုင်ဘက်များအား အနိုင်ယူရန် ဓားတစ်ချက်တည်းသာ သုံးခဲ့ရသည်။
အကဲဖြတ် တိုက်ပွဲများအား ပါဝင်ခြင်း မရှိခြင်းက ရီဖူရှင်းသည် မစွမ်း၍ မဟုတ်ခဲ့။ သူက သူ၏ပြိုင်ဘက်ဟု မသတ်မှတ်သောကြောင့်သာ ဓားကို မထုတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူက အကဲဖြတ်ပွဲများအား ကျော်ကာ တာလီဓား တောင်ကုန်းအား တိုက်ရိုက် စိန်ခေါ်ခဲ့သည်။
လေရိုင်းရှန့်ထိုဓားကား လေထဲတွင် ဓားအသိများ စီးဆင်းလျက် ဝင့်ကြွားစွာ ရပ်နေသော လူငယ်အား ကြည့်နေသည်။ သူက ရီဖူရှင်းထံမှ အလွန်တရာ ကြီးမားသော မာနတရားအား ခံစားရသည်။ ထိုအရာကား ဓားသမားတစ်ဦး၏ မာနဖြစ်၏။ သူကား သူ့ဓားမှ လွဲ၍ မည်သည့် အရာကိုမှ ဂရုမစိုက်၊ အလေးမထား။ သူ၏ တစ်ခုတည်းသော စိတ်ဆန္ဒသည် ဓားလမ်းစဉ်ကို လျှောက်လှမ်းခြင်း ဖြစ်သည်။ သူ့တွင် သူ၏ဓားသာ ရှိသည်။
ထို့ကြောင့် သူသည် တာလီပြည်ထောင်၏ စည်းမျဉ်း စည်းကမ်းများနှင့် လိုက်လျောညီထွေ မဖြစ်ခဲ့။ သူ အလေးထားသည်ကား မည်သူမှ သူနှင့် တိုက်ခိုက်ရန် မထိုက်တန်၊ သူ့ဓားအား ထုတ်ရန် အရည်အချင်းမရှိ။
“သူက ဒီလိုဓားမျိုးကို ထုတ်သုံးနိုင်ရင် ဘာလို့ အစကတည်းက မတိုက်ခိုက်ခဲ့တာလဲ”
သူမက နားမလည်ပေ။
“အတော်ဆုံး ပါရမီရှင်တွေဟာ ခေါင်းမာပြီးတော့ ထူးဆန်းတဲ့ အတွေးအခေါ်တွေ ရှိတယ်။ သူတို့တွေဟာ စည်းမျဉ်း စည်းကမ်းတွေကိုလည်း သမာရိုးကျနဲ့ ကွဲထွက်ပြီးတော့ ဖီဆန်လေ့ရှိကြတယ် ”
လေရိုင်းရှန့်ထိုဓားက ပြောသည် …
“သူက အဲလိုလူမျိုးဖြစ်လိမ့်မယ် ”
အကယ်၍ ရီဖူရှင်းသာ လေရိုင်းရှန့်ထိုဓား၏ စကားကို ကြားပါက သူတည်ဆောက် ထားသော ဇာတ်ကောင်စရိုက်သည် မည်မျှ အောင်မြင်ကြောင်း သိမည်ဖြစ်သည်။ ယခု လေရိုင်းရှန့်ထိုဓား၏ မျက်လုံးထဲမှ ရီဖူရှင်း၏ စရိုက်လက္ခဏာသည် တာလီပြည်ထောင်သား တို့အား ရီဖူရှင်းက မြင်စေလိုသော ပုံစံအစစ်အမှန် ဖြစ်ပေသည်။
မောက်မာခြင်း၊ အရိုင်းဆန်ခြင်းနှင့် ခေါင်းမာခြင်း စသော အချက်များဖြင့် ထူးထူးခြားခြား ထက်မြက်သော သတ္တမဓားသည်ပင် အားလုံးက သူ့အား မြင်စေလိုသော ဇာတ်ကောင် ဖြစ်ပေသည်။
သတ္တမဓား၏ လောကတွင် စည်းမျဉ်းစည်းကမ်း ဟူသည် မရှိ၊ ဓားတစ်ခုတည်းသာ ရှိပေသည်။
တာလီနန်းတွင်း အကြံပေးက အောက်ဘုံမှ အင်အားစုများကို ကိုယ်တိုင် ဆင့်ခေါ်ကာ ပါရမီရှင်များ၏စွမ်းရည်ကို အကဲဖြတ်စေလျက် သူတို့အား အထက်ဘုံတွင် လေ့ကျင့်ခွင့်ကို ပေး၏။ ထိုအတွက် သူက သူ့တပည့်ကိုပင် စေလွှတ်ကာ အခမ်းအနားကို တက်ရောက်စေခဲ့သည်။ သူတို့က သူကဲ့သို့သော ဓားသမားကို အမှန်တကယ် ပေါ်ပေါက်လာစေလို ခဲ့ကြသည်မှာ သံသယ ဖြစ်စရာမလို။
“မင်းတို့အားလုံး နောက်ဆုတ်ကြ … ”
ဓားတောင်ကုန်းမှ အကြီးအကဲက ရန်ဒေသမှ ဓားသမားများကို ပြောသည်။ ရန်ဒေသမှ တန်ခိုးရှင်များ အားလုံးက နောက်ဆုတ်ကြသော်လည်း တစ်ယောက်ကတော့ ကျန်ရစ်ပေ၏။
သူကား အကဲဖြတ်ပွဲ၌ တတိယအဆင့်၌ ရှိသော စီဝေ့ဓားကလန်မှ လီဟန်ရှင်း ဖြစ်သည်။
“ဒါဆို မင်းက ဓားတောင်ကုန်းကို တိုက်ရိုက် စိန်ခေါ်တာ တာလီအောက်ဘုံက တန်ခိုးရှင်တွေက မင်းနဲ့တိုက်ခိုက်ဖို့ မထိုက်တန်ဘူးလို့ ယူဆလို့ပေါ့ ”
တာလီဓားတောင်ကုန်းမှ တန်ခိုးရှင်တစ်ယောက်က မေးသည်။
“အမှန်ပဲ ”
ရီဖူရှင်းက ခေါင်းညိတ်၏။
“ဓားတောင်ကုန်းက တပည့်တွေကို စိန်ခေါ်ဖို့ဆိုရင် မင်းခုနက ထုတ်ပြတဲ့ အကွက်လောက်နဲ့ မရဘူး ”
ထိုတန်ခိုးရှင်က ရီဖူရှင်းအား ပြောသည်။
ထိုတန်ခိုးရှင်က ပြောပြီးသည်နှင့် လီဟန်ရှင်းက ရီဖူရှင်းထံသို့ လျှောက်သွားသည်။
လီဟန်ရှင်းသည် ရီဖူရှင်း သူဓားထုတ်ရန် မထိုက်တန်ဟု ပြောသော တာလီအောက်ဘုံမှ တန်ခိုးရှင်ဖြစ်သည်။
ရီဖူရှင်းက လီဟန်ရှင်းကို လှမ်းကြည့်လိုက်လျှင် တစ်ဖက်လူထံမှ ဓားအသိများ ဖြာထွက်လာသည်ကို ခံစားရ၏။ ဤတွင် ရီဖူရှင်းက ကျိုးကျန်းတောက်နှင့် ချင်ထန်တို့အား ကြည့်ကာ ပြောသည် …
“မင်းတို့က ငါ့ဓားကို ထုတ်ဖို့ မထိုက်တန်ဘူးလို့ ပြောပြီးပြီ။ တကယ်လို့ မင်းတို့ ငါတိုက်ခိုက်တာကို မြင်ချင်ရင် သုံးယောက်လုံး တက်လာခဲ့ပါ ”
ထိုစကားကို ကြားလျှင် အားလုံးက ဆွံ့အရသည်။
သူရည်ညွှန်းသော သုံးယောက်မှာ အကဲဖြတ်ပြိုင်ပွဲ၌ အတော်ဆုံး သုံးယောက်ဖြစ်ပေသည်။ သူတို့ကား ချင်ထန်၊ ကျိုးကျန်းတောက်နှင့် လီဟန်ရှင်းတို့ဖြစ်ကြ၏။
သူတို့သည် အနာဂတ်တွင် ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသူများဖြစ်ကြသည်။ ထို့အတူ တာလီအောက်ဘုံ၏အတော်ဆုံး သုံးယောက်လည်း ဖြစ်ကြ၏။
ထိုအခိုက်တွင်ပင် သူတို့သည် သူ့ဓားအား ထုတ်ရန် မထိုက်တန်သူများဟု ရီဖူရှင်းက ပြောနေ၏။ သူတို့ သုံးယောက်စလုံး အားလည်း တစ်ပြိုင်နက်တည်း တက်လာရန် ပြောသည်။
သူ၏ထူးဆန်းသော စရိုက်က မရေမတွက်နိုင်သော လူများအား စိတ်လှုပ်ရှားစေသည်။ ချင်ထန်က အောက်ဘုံတွင် ပြိုင်ဘက် ကင်းသွားသောအခါ တိုက်ပွဲမှာ ပြီးဆုံးသွားပြီဟု အားလုံးက တွေးထင်ခဲ့ကြ၏။
သို့သော်လည်း ရုတ်တရက် သတ္တမဓားဟူသော ဓားသမားတစ်ဦး ရုတ်တရက် ထွက်လာကာ တာလီဓားတောင်ကုန်းကို စိန်ခေါ်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။
ချင်ထန်၊ ကျိုးကျန်းတောက်နှင့် လီဟန်ရှင်းတို့ အားလုံးက ရီဖူရှင်းအား ကြည့်ကြသည်။ သူတို့သုံးယောက်သည် လက်ရှိ တာလီပြည်ထောင် အောက်ဘုံ၌ အတော်ဆုံး ရှီတန်ခိုးရှင်များ ဖြစ်ကြပေသည်။
ထိုအခိုက်တွင် ရီဖူရှင်းက ထွက်လာ၏။ သူက သူတို့အား တက်နင်းပြီး သူ၏မြင့်မားသော ပါရမီများအား သက်သေပြလိုနေသည်လား။
လီဟန်ရှင်းက လေထဲသို့ တက်လာလျှင် သူ၏လက်ထဲ၌ ဓားတစ်လက် ပေါ်လာသည်။ ကောင်းကင်၌ ကြယ်တာရာများ လင်းလက်လာ၏။ ဓားအသိသည် သူ့အား လှည့်ပတ်လာခဲ့ကာ မရေမတွက်နိုင်သော ဓားများ ရီဖူရှင်းထံသို့ မိုးစက် မိုးပေါက်များပမာ ကျဆင်းလာခဲ့၏။
ရီဖူရှင်းက သူ့အား တစ်ချက် ကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားအသိများအား ထုတ်လွှတ်လိုက်သည်။
“စိတ်ဝင်စားစရာပဲ ”
ဘုရင်ခံလီက တစ်ချက် ရယ်မောကာ ပြောသည်။
သူ့နောက်မှ နေမင်း အလင်းရောင်များ ဖြာထွက်လာခဲ့ပြီး ပူပြင်းသော အငွေ့များ ထွက်ပေါ်လာခဲ့သည်။ သူ့ထံ၌ နေမင်းမီးတောက်ဓား တစ်လက် ဖြစ်ပေါ်လာခဲ့ကာ အရာခပ်သိမ်းကို လောင်ကျွမ်းစေနိုင်သော အပူငွေ့များ လှိုင်းထနေ၏။
ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ဝိုက်ကား ရေခဲများဖြင့် ဖုံးအုပ်လာခဲ့သည်။ ထို့နောက်တွင် ရေခဲဓား တစ်လက်သည်လည်း ဖြစ်ပေါ်လာခဲ့၏။ လေထဲတွင် မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့၏။ လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လင်းလက်လာခဲ့ကာ လျှပ်စီးဓားတစ်လက် ပေါ်လာ၏။ နောက်ဆုံးတွင် ကြယ်တာရာများဖြင့် စုဖွဲ့သော ဧရာမဓားကြီး တစ်လက် ဖြစ်ပေါ်လာ၏။ ဓားငါးလက်သည် ရီဖူရှင်းအား လှည့်ပတ်နေ၏။
ရန်ဒေသ ဓားသမားများမှာ ကြီးစွာ အံ့အားသင့်ကြရ ပြန်၏။ လေရိုင်းရှန့်ထိုဓား၏ မျက်မှောင်များ ကွေးကောက်သွားသည်။ ရီဖူရှင်းသည် ဘုရင်ခံ၏ အိမ်တော်၌ သူသည် အရာခပ်သိမ်းသော ပညာအား ကျွမ်းကျင်သည်ဟု ဆိုခဲ့၏။
သူ၏ ထိုကြွားဝါခြင်းက အမှန်တရား ဖြစ်နေခဲ့သည်။
ထိုအရာများကို မြင်လျှင် လီဟန်ရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လျှပ်တစ်ပြက် သူ့ဓားကို ထုတ်ကာ ရီဖူရှင်းထံသို့ မိုးစက်မိုးပေါက်များ ပမာ တိုက်ခိုက်လိုက်၏။
“နေမင်းမီးတောက် … ”
ရီဖူရှင်း၏ စိတ်အသိက ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားခဲ့ကာ နေမင်းမီးတောက်သည် သူစိတ်စေညွှန်ရာသို့ ပျံသန်းသွားသည်။ လေထဲတွင် နေရောင်ခြည် အလင်းတန်းတစ်ခု ပေါ်လာခဲ့ကာ မိုးစက်မိုးပေါက်များ ပမာ ဓားများအား ဝါးမျိုသွားတော့သည်။
ဓားသည် မိုးစက်မိုးပေါက် ဓားများအား ကျော်ဖြတ်၍ လီဟန်ရှင်းထံသို့ ဦးတည်သွား၏။
မိုးစက်မိုးပေါက်များပမာ ဓားများသည် ချက်ချင်းပင် ဓားတစ်လက်တည်းသို့ ပေါင်းစပ်သွားပြီး နေမင်းမီးတောက် ဓားနှင့်ရင်ဆိုင်သည်။
“ရေခဲဓား … ”
ဒုတိယမြောက်ဓားသည် အေးစက်သော လှိုင်းများအား ထုတ်လွှတ်လျက် လမ်းတစ်လျှောက်တွင် မြူခိုးများကို ဖြစ်စေကာ လီဟန်ရှင်းထံသို့ တိုးဝင်လာခဲ့လျှင် လီဟန်ရှင်းကို ရစ်ပတ်ထားသော ဓားအသိများမှာ နှေးကွေး အေးခဲလာကြ၏။
လီဟန်ရှင်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လည်ပတ်သွားခဲ့ပြီး အရောင်များ ဝင်းလက် လာခဲ့သည်။ မရေမတွက်နိုင်သော ဓားအသိများသည် အလင်းတန်း အသွင်ဖြင့် လေဟာနယ်ကို ဖြတ်သန်းသွားကြ၏။
ရီဖူရှင်းကား ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်လျှင် မုန်တိုင်းဓားနှင့် လျှပ်စီးမိုးကြိုးဓားတို့ ပြေးထွက်သွား၏။ မုန်တိုင်းဓားသည် လီဟန်ရှင်း၏ဓားကို ဖြတ်သန်းသွားကာ နောက်မှ လျှပ်စီးဓားက ကပ်လျက် လိုက်ပါလာသည်။ လီဟန်ရှင်း၏ မျက်နှာက ပြာနှမ်းသွား၏။
ဘုန်း …
ကျယ်လောင်သော အသံနှင့်အတူ သူ့ခန္ဓာကိုယ်က ပေါက်ကွဲလုနီးပါး ဖြစ်လာခဲ့၏။ လျှပ်စီးများသည် သူ့ခန္ဓာကိုယ်အား ဝါးမျိုလာခဲ့ကြတော့သည်။
သို့သော်လည်း ရီဖူရှင်း၏ဓားက လီဟန်ရှင်းအား ထိခိုက်စေအောင် မလုပ်ခဲ့ဘဲ အဝေးသို့သာ လွင့်စဉ်စေခဲ့သည်။ သို့သော်လည်း သူကား တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်မှာ သံသယဖြစ်စရာမလို။
ကျိုးကျန်းတောက် ကလည်း မြန်ဆန်စွာပင် လှုပ်ရှားလိုက်၏။ သူက ရွှေရောင်အလင်းတန်း အသွင်ဖြင့် ရီဖူရှင်းထံသို့ တိုးဝင်လာခဲ့သည်။ ကြီးမားသော ဖိအားက ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့၏။
ဓားလေးလက် ပေါ်လာခဲ့သော်လည်း ကျိုးကျန်းတောက်သည် စိုးရွံ့ဟန်တော့ မရှိပေ။ သူက လျှပ်စီးတန်း အသွင်ဖြင့် လေထုကို ဆက်လက် ဖြတ်သန်းပျံသန်းသွား၏။
ဓားများ မကြာခင် ရောက်လာခဲ့ကာ နှစ်ဖက်အားလှိုင်းများ အချင်းချင်း ရင်ဆိုင်မိသည်။ လေဟာနယ်က တုန်သွားကာ ကျိုးကျန်းတောက်သည် တုန်လှုပ်ခြင်း ကင်းသော နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရ၏။ သူက ရီဖူရှင်း၏ဓားကို ထိပ်တိုက် ရင်ဆိုင်လိုသည်။
ထိုမြင်ကွင်းက မရေမတွက်နိုင်သော လူများအား စိတ်လှုပ်ရှားစေ၏။ ကျိုးကျန်းတောက်က ရီဖူရှင်းအား ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နိုင်လောက်သည်။
သို့သော်လည်း ထိုအခိုက်တွင် ရီဖူရှင်း လှုပ်ရှားလိုက်၏။ သူက ရှေ့သို့ လှမ်းလိုက်လျှင် လေထုသည် လှိုင်းထသွားသည်။ တစ်ချိန်တည်းတွင် ကြီးမားသော အရှိန်အဝါ သည်လည်း လိုက်ပါလာတော့သည်။
ထိုအခိုက်တွင် ရီဖူရှင်းက ဓားတစ်လက်အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အပေါ်မှ ကျဆင်းလာသည်ကို မြင်ကြရ၏။ ဧရာမဓားကြီးသည် ကမ္ဘာမြေပြင်ကို ပိုင်းဖြတ်တော့မည့် အလား ဆင်းသက်လာခဲ့သည်။
ကျိုးကျန်းတောက်သည် ဧရာမကြီးမားသော ဖိအားကို ခံစားလိုက်ရကာ မျက်နှာ အမူအရာ ပြောင်းလဲသွား၏။ သူက မာန်သွင်း အော်ဟစ်ကာ ရွှေရောင်နတ်ဘုရား အသွင်ဖြင့် လေပေါ်သို့ ခုန်တက်လိုက်၏။
ရီဖူရှင်း၏ဓား ရောက်ရှိလာခဲ့သည်။
ဘုန်း …
ကျယ်လောင်သော အသံနှင့်အတူ ထင်မှတ်ထားသည့် အတိုင်း ကျိုးကျန်းတောက်၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ဖွဲ့အိတ်အလား ကျသည်။
စင်မြင့်သည် ကြီးစွာ တုန်ခါသွားကာ ကျိုးကျန်းတောက် တစ်ယောက် အတွင်း ကလီစာများ အားလုံး ကြေပျက်သွားသည့် အလား ခံစားရပြီး ပါးစပ်မှသွေးများ ယိုစိမ့်ကျလာခဲ့သည်။
ချင်ထန်က လေထဲသို့ ခုန်တက်လာခဲ့လျှင် သူရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ် သွားသည်။ သူက ရီဖူရှင်းရှေ့၌ ရုတ်တရက် ပေါ်လာခဲ့ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ရီဖူရှင်းကလည်း သူ့လက်အား ရိုက်ထုတ်လိုက်လျှင် အားလှိုင်းသည် ဓားအသွင်ဖြင့် တစ်ဘက်လူထံသို့ တိုးဝင်သွားသည်။
သို့သော်လည်း ချင်ထန်သည် ထိုနေရာမှ ပျောက်ကွယ်သွားကာ နောက်တစ်နေရာမှ ပေါ်လာပြီး လက်ဝါးများ ရိုက်ထုတ်၏။
ထိုအခိုက်တွင် နေရာတိုင်း၌ ချင်ထန်၏ပုံရိပ်များဖြစ်ပေါ်လာသည်ကို မြင်ကြရ၏။
“ပြန်လာစမ်း … ”
ရီဖူရှင်း၏အနီးတွင် ရစ်ပတ်နေသော အဆုံးအစမဲ့ ဓားအသိများသည် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားတော့မည် ကဲ့သို့ ထင်မှတ်ရ၏။
သူ့ခန္ဓာကိုယ်အား မြန်ဆန်စွာ လှည့်ပတ်လိုက်ရာ ကောင်းကင်တစ်ခွင်တွင် ဓားများ နေရာတိုင်း၌ ဖြစ်ပေါ်လာတော့သည်။
ဘုန်း … ဘုန်း … ဘုန်း …
ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့၏။ ချင်ထန်က လက်ဝါး ရိုက်ချက်များ အဆက်မပြတ် ထုတ်လွှတ်ကာ ဓားအသိများအား ဖြိုဖျက်ရန် ကြိုးစားသည်။
သို့သော်လည်း ထိုအခိုက်တွင် ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး အလွန်တရာ ပူပြင်းသော ဓားအသိတစ်ခုအား ခံစားရသည်။
သူက မာန်သွင်းအော်ဟစ်ကာ လက်ဝါး ရိုက်ထုတ်လိုက်လျှင် ကြီးမားသော စွမ်းအားလှိုင်းများ ဖြစ်လာခဲ့သည်။ သို့သော်လည်း ဓားသည် လေဟာနယ်ကို ခွင်းကာ လက်ဝါးကိုလည်း ဖြတ်တောက်သွားသည်။ ဓားအလင်းများက သူ့ထံသို့ တည့်တည့်မတ်မတ် ဝင်လာလျှင် ချန်ထန်၏မျက်လုံးများ၌ ထိတ်လန့်သော အငွေ့အသက်များ ဖြစ်လာတော့သည်။
သို့သော်လည်း ဓားသည် သူ့ထံသို့ အမှန်တကယ် ကျဆင်းလာခဲ့ခြင်း မရှိပါချေ။
ချင်ထန်က ရီဖူရှင်းအား တစ်ချက်ကြည့်သည်။ သူသည် တာလီအောက်ဘုံ၌ ပြိုင်ဘက် ကင်းသည်ဟု ထင်မှတ်ခဲ့၏။ သို့သော်လည်း ထိုအချက်မှာ မမှန်ကန်ခဲ့ပါ။
သူ့ရှေ့သို့ မယုံကြည်နိုင်ဖွယ် အားကောင်းသော ဓားသမား တစ်ဦးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“တာလီကိုးဒေသမှာ မင်းရဲ့ဓားကို ရင်ဆိုင်နိုင်တဲ့သူ တကယ်ပဲ မရှိလောက်ဘူး ”
ချင်ထန်က ပြောကာ စိတ်ပျက်လက်ပျက် ဟန်ဖြင့် နောက်လှည့် ထွက်သွားသည်။
မရေမတွက်နိုင်သော လူများက လေထဲတွင် ရပ်နေသော ဓားသမား လူငယ်အား ကြည့်ကြသည်။
တာလီကိုးဒေသတွင် မည်သူမှ သူ၏ဓားကို မခုခံနိုင်။
ရီဖူရှင်းက တခြားလူများ၏ အမြင်ကို ဂရုမစိုက်ပေ။ သူက ဓားတောင်ကုန်းမှ လူများဘက်သို့ လှည့်ကာပြောသည် …
“ကျုပ် သတ္တမဓားက ဓားတောင်ကုန်းကို စိန်ခေါ်တယ် ”
သတ္တမဓားသည် မည်သည့်အရာကိုမှ မျက်လုံးတွင် မထည့်ထားသော်လည်း သူ့လမ်းစဉ်ကား ဓားဖြင့် ရှေ့ဆက်သွားနေခဲ့သည်။
***