ချင်းလင်စံအိမ်ရဲ့စံက ကြောက်စရာကောင်းလောက်အောင်မြင့်! ၂
Vol. 43 Ch. 631
သူတို့အနောက်တိုင်းအစားအစာရဲ့ဝိသေသက ဒီလိုပုစွန်ကြီးနဲ့ပင်လယ်ဂဏန်းတွေ။
အရွယ်အစားနဲ့အရောင်ကြည့်ရုံနဲ့တင် အကောင်းဆုံးပုစွန်၊ပင်လယ်စာဂဏန်းများဖြစ်မည်။ သူလိုထိပ်တန်းစားဖိုမှူးတောင် တစ်နှစ်မှသုံးလေးခါရှားရှားပါးပါးကိုင်ရသော ထိပ်တန်းပါဝင်ပစ္စည်းများလည်းဖြစ်သည်။
ကမ္ဘာ့အဆင့်မြင့်စားသောက်ဆိုင်များတွင် ဒီလိုကမ္ဘာ့အဆင့်ရှိပါဝင်ပစ္စည်းများဖြည့်ဆည်းပေးနိုင်သော်လည်း တစ်ခါတည်းအများကြီးမဖြည့်တင်းပေးနိုင်။
အခုချင်းလင်စံအိမ်မှာ ဒီလောက်အများကြီးတစ်ခါတည်းတွေ့ရတာ အံ့ဩစရာပင်။
ဆရာလင်းက_
"ဒီပါဝင်ပစ္စည်းတွေအားလုံး သုံးမကုန်နိုင်ဘူး... ခါတိုင်းတော့ သူဌေးနဲ့သူဌေးကတော်အတွက် နေ့စဉ်ချက်ပေးတာ... သူဌေးက လေးငါးရက်တစ်ခါ ဖြည့်ဖြည့်ပေးလိမ့်မယ်''
"? ? ?''
Lazda လုံးဝအံ့ဩသွားသည်_
"ဒါတွေကိုနေ့တိုင်းချက်တယ်လို့ပြောတာလား? နေ့တိုင်းစားနိုင်တာလား?''
သူထိန်းမထားနိုင်တော့။
ဒီလိုအရည်အသွေးရှိတဲ့ပစ္စည်းတွေ ဘယ်လောက်ရှားလဲ သူအသိဆုံး။
အခုတစ်ဖက်လူက ဒီပစ္စည်းကိုနေ့တိုင်းရတယ်တဲ့။ ပြီးတော့ သူဌေးက နေ့တိုင်းစားချင်တာပဲလား?
ကမ္ဘာ့အချမ်းသာဆုံးလူ၊ တချို့အုပ်ချုပ်သူတွေ ဒါမှမဟုတ် တချို့လူမျိုးစုအကြီးအကဲတွေကြားရင် ညည်းကြလေမလား? သူတို့မှာပိုက်ဆံရှိရင်တောင် ဝယ်မရလို့ ဒီလိုမထားနိုင်။
အခုတော့ ဒီလိုထိပ်တန်းပါဝင်ပစ္စည်းတွေက အများကြီးရှိနေသလိုလို။
Lazda က စားဖိုမှူးတစ်ယောက်အနေနှင့် ရုတ်တရက်အတွေးပေါက်သွားသည်။ ဒီမှာ ဟင်းချက်နည်းခိုးမသင်နိုင်ရင်တောင် အခြေအနေကမဆိုး။
အကြောင်းတချို့ကြောင့် Lazda စိတ်ပြောင်းလာသည်။
ဆရာလင်းက Lazda ကိုစားဖိုဆောင်ခေါ်ပြစဉ် ကျောက်မိုချင်းရုံးခန်းထဲတွင် ချင်လင်က ထန်ရှိုးဝမ်ကိုခေါ်ထားသည်။
"သူဌေး... ဘာကိစ္စရှိပါသလဲ?''
ထန်ရှိုးဝမ်က အခန်းထဲဝင်ဝင်လာချင်းမေးသည်။
ကျောက်မိုချင်းကပြုံးပြီး ထန်ရှိုးဝမ်ကိုထိုင်ခိုင်းလိုက်သည်_
"အစ်မရှိုးဝမ်... ကျွန်မခေါ်လိုက်တာပါ... အစ်မနဲ့ဆွေးနွေးစရာရှိလို့... အစ်မလည်းသိပြီးသားပါ... အပန်းဖြေစံအိမ်ကဖွင့်တော့မယ်... အဲဒီတော့ အစ်မစံအိမ်ဆေးခန်းမှာနေချင်လား အပန်းဖြေစံအိမ်သွားချင်လားမေးမလို့''
ချင်းလင်အပန်းဖြေစံအိမ်မှာ အဆင့်မြင့်အပန်းဖြေစံအိမ်ဖြစ်၍ ကျန်းမာရေးစင်တာတချို့ထားရမည်။
ဝယ်ယူထားသောဆေးပစ္စည်းကိရိယာများအပြင် ကျန်းမာရေးစင်တာအတွက် ဆရာဝန်လည်းလိုသည်။ နေ့စဉ်လူနာစမ်းသပ်မှုနှင့်လိုအပ်သောဆေးပညာအရည်အချင်းကလည်း စံအိမ်ဆေးကုခန်းနှင့်မတူ။
ဆေးကုခန်းမှာရောဂါအပြင်းအထန်မကြုံသလို ဆေးပစ္စည်းကိရိယာဘာမှမသုံးနိုင်။
သို့သော် ကျန်းမာရေးစင်တာနှင့်ကွာခြားသည်။ တစ်ခါတလေ ဆရာဝန်၏တာဝန်က ဆေးရုံဆရာဝန်နှင့်အတူတူပင်။ တစ်ခုတည်းသောခြားနားချက်မှာ ဆေးရုံဆရာဝန်က ပြည်သူနှင့်ထိတွေ့ရပြီး ကျန်းမာရေးစင်တာမှာ အပန်းဖြေလာသောလူနာများနှင့်သာထိတွေ့ရသည်။
ထန်ရှိုးဝမ်၏ဆေးပညာအရည်အချင်းမှာ ချင်းလင်စံအိမ်မလာခင်ကတည်းက ထူးချွန်ပြီးသားဖြစ်၍ ဌာနခေါင်းဆောင်ဖြစ်နိုင်သည်။ ထို့ကြောင့် အပန်းဖြေစံအိမ်တာဝန်ခံထားမည်။
ဒါကလည်း ထန်ရှိုးဝမ်၏ဆန္ဒအပေါ်မူတည်သည်။
"အပန်းဖြေစံအိမ်ကိုသွားမယ်''
ထန်ရှိုးဝမ်က ပြတ်ပြတ်သားသားပြောလိုက်သည်။
သူမက ဆရာဝန်တစ်ဦး။ ဆေးပညာကိုနှစ်ပေါင်းများစွာလေ့လာခဲ့၍ သူမလေ့လာမှုတွေကို အချည်းနှီးမဖြစ်စေချင်။
စံအိမ်ဆေးကုခန်းမှာ သူမဆေးပညာက လုံးဝနှမြောစရာ။
အပန်းဖြေစံအိမ်မှာ မတူ။ အနည်းဆုံး ဆေးပညာအရည်အချင်းက ဧည့်သည်ခန္ဓာကိုယ်ကိုစစ်ဆေးဖို့၊ ကိရိယာအမျိုးမျိုးနှင့်စမ်းသပ်ဖို့၊ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသမှုအစီအစဉ်များတောင် လုပ်ဆောင်နိုင်သည်။
စကားတစ်ခွန်းရှိတယ်မလား? ဆရာဝန်တွေသွားဖို့အကောင်းဆုံးနေရာက ဆေးရုံအပြင် နာမည်ကြီးကျန်းမာရေးစင်တာတွေတဲ့။
"ကောင်းပါပြီ အစ်မရှိုးဝမ်... စံအိမ်ဆေးကုခန်းတာဝန်ခံလုပ်ဖို့သင့်တော်တဲ့ဆရာဝန်နှစ်ယောက်ကို အကြံပြုပေးပါဦး''
ကျောက်မိုချင်းကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
အပန်းဖြေစံအိမ်ကိုရွေးတာ ထန်ရှိုးဝမ်အတွက်အကောင်းဆုံးပင်။ သူမနှင့်ချင်လင်လည်း လူယုံလိုနေသည်။
ထန်ရှိုးဝမ်အပြင် နောက်ထပ်အရည်အချင်းရှိတဲ့ဆရာဝန်လည်းခန့်ရဦးမည်။ အနည်းဆုံးဆရာဝန်နှစ်ယောက်ထားမှ တစ်ခုခုဆိုလှည့်သာမည်။
ထန်ရှိုးဝမ်ထွက်သွားသောအခါ ချင်လင်နှင့်ကျောက်မိုချင်းက တခြားအပန်းဖြေစံအိမ်ကိစ္စများကိုဆွေးနွေးကြသည်။ အထူးသဖြင့် အပန်းဖြေစံအိမ်ပို့မည့်ဝန်ထမ်းများအကြောင်းပင်။
အပန်းဖြေစံအိမ်ဝင်ကြေးကိုလည်း သူတို့နှစ်ယောက်အတည်ပြုလိုက်သည်။
အပန်းဖြေစံအိမ်ကို အဆင့်မြင့်အပန်းဖြေစံအိမ်လုပ်ငန်းအဖြစ်ထားချင်လျှင် ဝန်ဆောင်ခနည်း၍မဖြစ်။
ဝင်ကြေး သုံးသန်း!
အမှန်ပင်။ ဤပမာဏက အပန်းဖြေစံအိမ်အတွက်စံနှုန်းဖြစ်သည်။
သဘောက တည်းခိုချင်ရင် တဆက်တည်း ယွမ်သုံးသန်းအထိသုံးမှရမည်။
"၃၀ သာ''ဟူသော TV ဇာတ်လမ်းတွဲကိုကြည့်သူတိုင်း ဒါကလည်း ထိပ်တန်းပြုစုစောင့်ရှောက်ရေး၏မပြောဘဲသိသောစည်းမျဉ်းတစ်ခုဖြစ်သည်။ ဇာတ်လမ်းတွဲတွင်ပါသော နှစ်သန်းစံနှုန်းပြုစုစောင့်ရှောက်ရေးစင်တာမှာ အပြင်၌'အကြီးအကဲကောင်းကင်အိမ်ရာ'ဖြစ်သည်။
ထိုကဲ့သို့ထိပ်တန်းပြုစုစောင့်ရှောက်ရေးအတွက်ဝင်ကြေးက နှစ်သန်းဟုဆိုနိုင်သည်။
သူ့စံအိမ်က သုံးသန်း။ ထိုထိပ်တန်းဆိုတာတွေထက် တစ်သန်းပိုများသည်။ နောက်ပြီး ဒါကဝင်ကြေးသာ။ အပန်းဖြေစံအိမ်ဝင်ပြီးနောက် လတိုင်း ယွမ် ၅၀၀၀၀၀ နှုတ်ယူမည်။
အဝတ်အစား၊ အစားအစာ၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ခ၊ ခန္ဓာကိုယ်စစ်ဆေးခြင်း၊ အထွေထွေအသုံးစရိတ်များနှင့် အခြေခံဖြည့်စွက်စာအပြင် အကြီးအကဲစားပွဲ၊ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့် အထူးအဆင့်မြင့်ဆေးဖက်ဝင်အစားအစာများပါသည်။
အကြီးအကဲစားပွဲနှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်ထပ်ဖြည့်ချင်ရင် အပိုထပ်ဆောင်းပေးရပြီး ပမာဏကိုကန့်သတ်ထားဦးမည်။ ပိုက်ဆံရှိရင်တောင် အတိုင်းအဆမရှိမရနိုင်။
ဝန်ဆောင်မှုနှင့်အသုံးစရိတ်အကြောင်း အသေးစိတ်အများကြီးရှိသေးသည်။
တကယ်တော့ အပန်းဖြေစံအိမ်အတွက်အပြင်အဆင်အားလုံးလိုလို အပြီးသတ်ထားပြီးဖြစ်သည်။ လုပ်ငန်းမဖွင့်ခင် လုပ်ငန်းစဉ်အားလုံးအပြီးသတ်ဖို့စောင့်ရုံသာရှိတော့သည်။
ကျန်းမာရေးစင်တာပါသောအပန်းဖြေစံအိမ်မှာ ကျန်းမာရေးစင်တာလျှောက်လွှာတင်ဖို့လိုသည်။
သူတို့လုပ်ငန်းစဉ်ကို မင်မြို့တော်ဌာနဆီတင်ထားပြီး ထောက်ခံချက်ကျလာဖို့စောင့်နေရုံသာ။
နောက်ပြီး လုပ်ငန်းစဉ်ကမကြာ။ တစ်ပတ်အကြာရမည်။
မည်သို့ဆိုစေ မင်မြို့တော်လီမိသားစုနှင့်ဝေ့မိသားစုက သူတို့စေတနာကိုတုံ့ပြန်နိုင်မည့်အခွင့်အရေးစောင့်နေကြ၍ ဒီလုပ်ငန်းစဉ်ကို ဘယ်သူမှမတားနိုင်။ လုပ်ငန်းစဉ်အမြန်ဆုံးအပြီးသတ်ဖို့တောင်လုပ်ပေးဦးမည်။