မလေ့လာနိုင်တဲ့ဆေးပြုတ်ရည်! ၂
Vol. 43 Ch. 635
ဒီတော်ဝင်ပညာရှင်က သာမန်မဟုတ်။ နိုင်ငံအတွက် အကြီးအကျယ်ပါဝင်အားထုတ်ခဲ့သူဖြစ်သည်။ အဓိကနည်းဗျူဟာလက်နက်သုတေသနနှင့်လုပ်ငန်းများစွာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အဓိကတာဝန်ခံပုဂ္ဂိုလ်မဟုတ်သော်လည်း မရှိမဖြစ်အဖွဲ့ဝင်တစ်ဦးပင်။
အဓိကသုတေသနတိတိကျကျကိုမူ အင်တာနက်ပေါ်တွင် အချက်အလက်ထုတ်ပြန်ထားခြင်းမရှိ။ မည်သို့ဆိုစေ နည်းဗျူဟာလက်နက်ဆို၍ ဘယ်လောက်တင်းကြပ်မလဲ စိတ်ကူးကြည့်နိုင်သည်။
နောက်ပြီး ဒီတော်ဝင်ပညာရှင်က အသက် ၈၀ နီးနီးရှိပြီဖြစ်သော်လည်း သိပ္ပံသုတေသနရှေ့တန်းတွင် အလုပ်လုပ်နေဆဲပင်။
ဝန်ကြီးလုက ဒီလိုလူမျိုးအားဖြည့်ဖို့အတွက် သူ့နေရာမှာ တကယ်စီစဉ်လိုက်သည်။ အတိအကျပြောရရင် ဒါသူ့အပန်းဖြေစံအိမ်ကိုတောက်ပစေမည့်အရာ။
ဒီလိုဂုဏ်ပုဒ်ရှိတဲ့ပညာရှင်မျိုးကို ငွေနှင့်တိုင်းတာလို့မရပေ။
သို့ရာတွင် တရုတ်သိပ္ပံအကယ်ဒမီလျှောက်လွှာထဲမှတော်ဝင်ပညာရှင်လီ၏အချက်အလက်ကိုကြည့်ပြီး သူမျက်မှောင်ကြုတ်မိသည်။
တော်ဝင်ပညာရှင်လီ၏ကျန်းမာရေးအခြေအနေက သိပ်မကောင်း။ သူ့မှာ အစာအိမ်ကင်ဆာရှိနေသည်။ အသက်အရွယ်ရ၊ ပင်ပန်းပြီး ပုံမှန်မစားသောကြောင့်ဖြစ်မည်။
ကံကောင်းတာက တော်ဝင်ပညာရှင်လီ၏အစာအိမ်ကင်ဆာမှာ အစပိုင်းအဆင့်သာရှိသေးသည်။
သို့သော် ရောဂါစစ်တမ်းမလုပ်ခင် သူ့အရွယ်နှင့်ခန္ဓာကိုယ်အခြေအနေမကောင်းသောကြောင့် လောလောဆယ် ခွဲစိတ်၍မရသလို ဓာတ်ရောင်ခြည်ကုသမှုလည်းမခံယူနိုင်။
ဘယ်နည်းလမ်းသုံးသုံး အသက် ၈၀ နီးနီးရှိသောသူ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိချေ။ ထို့ကြောင့် လတ်တလော သောက်ဆေးနှင့်သာ ရောဂါကိုဖိနှိပ်ထားရသည်။ အရင်ဆုံး တိုင်းရင်းဆေးနှင့်ကုသပြီးအားဖြည့်မည်။ နောက် အခြေအနေပိုကောင်းလာတော့မှသာ ခွဲစိတ်မည်။
ထိုအခြေအနေကိုကြည့်ရင်း ချင်လင်မှာတာဝန်ကြီးသလိုခံစားလိုက်ရသည်။

ဒီလိုပညာရှင်မျိုးကို သူ့နေရာမှာပြန်ပြီးအားဖြည့်မပေးနိုင်ရင် ရှက်စရာအလိမ်းလိမ်း။
တစ်ချိန်တည်း ငါးပုတ်သင်ငါးအဝါကြီး၏ကင်ဆာကာကွယ်နိုင်စွမ်းနှင့် အရည်အသွေး ၂ လိပ်၏အစာအိမ်ကင်ဆာကာကွယ်ဖိနှိပ်နိုင်စွမ်းကိုလည်း သူစဉ်းစားမိသည်။
ဒီနှစ်ကောင်ပေါင်းလိုက်ရင် တော်ဝင်ပညာရှင်လီအတွက် အာနိသင်ရှိနိုင်တယ်မလား?
အရင်က ဒီအကြောင်းမှန်းဆခဲ့သော်လည်း တစ်ခါမှမစမ်းသပ်ဖူး။
စနစ်ထုတ်ကုန်များကလည်း သူဘယ်တော့မှစိတ်မပျက်ရ။ တော်ဝင်ပညာရှင်လီလာရောက်အားဖြည့်သောအခါ နည်းနည်းပါးပါးစားရင်ကို သေချာပေါက်အလုပ်ဖြစ်လိမ့်မည်။
အချိန်နှင့်အမျှစားပေးလျှင် အရည်အသွေး ၂ လိပ်နှင့်ငါးပုတ်သင်အဝါတန်ဖိုးက သတ်မှတ်တန်ဖိုးယွမ် ၅၀၀၀၀၀ ထက် အများကြီးပိုကုန်ကျမည်ဖြစ်သော်လည်း ပေးစရာမလို။
အဓိကက ဒီလိုပညာရှင်မျိုးစားချင်တဲ့အစားအစာမျိုးပေးဖို့ပင်။ ဆိုရိုးရှိသည်: အားရပါးရစားချင်စိတ်ကို ငွေနှင့်မဝယ်ယူနိုင်တဲ့။ သူ့ရဲ့အကောင်းဆုံးလုပ်ဆောင်ချက်အတွက် ပြန်ပေးဆပ်မှုဟုယူဆနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူအေးအေးချမ်းချမ်းနေနိုင်တာ ဒီလိုစီနီယာတွေရဲ့သိပ္ပံသုတေသနလုပ်ဆောင်ချက်ကြောင့်ဟုဆိုလျှင် မှားမည်မထင်။
နည်းဗျူဟာလက်နက်တိုးတက်အောင်မြင်မှုမရှိဘဲ အပြိုင်အဆိုင်တွေကြားထဲမှာ ဒီလောက်ယုံကြည်မှုရှိရှိနေနိုင်မည်မဟုတ်ပေ။
တခြားသာဆိုရင် နည်းလမ်းမရှိတော့။
ချင်လင်ကချက်ချင်း တရုတ်သိပ္ပံအကယ်ဒမီလျှောက်လွှာကိုအတည်ပြုပေးပြီး ချင်းလင်အပန်းဖြေစံအိမ်မှာအားပြန်ဖြည့်ဖို့စာရင်းသွင်းရန် အသိပေးလိုက်သည်။
သုံးရက်ကြာပြီးနောက်_
ဝန်ကြီးလုစံအိမ်ရောက်လာသည်။
ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီကိုစာရင်းသွင်းပေးရန် သူကိုယ်တိုင်ရောက်လာခြင်းဖြစ်ပြီး ရက်စွဲကိုမူ ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီပြောင်းရွှေ့လာမှ စရေတွက်မည်ဖြစ်သည်။
ဝန်ကြီးလုက တစ်ခါတည်းနှုတ်ဆက်စကားဆိုသည်။ မည်သို့ဆိုစေ သူ့မှာအရေးကြီးကိစ္စပေါင်းစုံတာဝန်ယူထားရသည်။ ချင်းလင်ဓာတ်ခွဲခန်းမှာ တစ်ချိန်လုံးမနေနိုင်။
ဝန်ကြီးလုသွားသောအခါ ချင်လင်ကအပန်းဖြေစံအိမ်စားဖိုဆောင်သွားလိုက်သည်။
အခု အပန်းဖြေစံအိမ်ကဧည့်သည်လက်ခံတော့မည်ဖြစ်၍ စားဖိုဆောင်ထဲတွင် ဆရာလင်းအတည်ပြုပေးရမည့်အရေးကြီးကိစ္စရှိနေသည်။
နေ့စဉ်ဖြည့်စွက်စာကိစ္စပင်။
ချင်လင် စားဖိုဆောင်ထဲရောက်သောအခါ ဆရာလင်းက သူ့လက်ထောက်နှစ်ယောက်နှင့်အလုပ်ရှုပ်နေသည်။
အပန်းဖြေစံအိမ်မှာ ဧည့်သည်အများကြီးမရှိသောကြောင့် စားဖိုဆောင်က စံအိမ်စားသောက်ဆိုင်မှစားဖိုဆောင်လောက်မကြီး။ ဆရာလင်းနှင့်အကူနှစ်ယောက်သာရှိသည်။ သို့သော် ပစ္စည်းကိရိယာက လိုလေသေးမရှိပေ။ ပတ်ဝန်းကျင်နှင့်ပစ္စည်းကိရိယာများက စားသောက်ဆိုင်ထက်ပိုပြီး လိုအပ်ချက်များသည်။
အဓိကပါဝင်ပစ္စည်းများကလည်း စားသောက်ဆိုင်ထက်ပိုကောင်းသည်။ အရည်အသွေး ၂ ပစ္စည်းများကိုပိုပြင်ဆင်ထားသည်။
"သူဌေး!''
ဆရာလင်းက ချင်လင်ကိုမြင်လျှင် ပြုံးပြီးနှုတ်ဆက်သည်။
"ဆရာလင်း... ဆေးစွပ်ပြုတ်ဘယ်လိုလဲ?''
ချင်လင်ကခေါင်းညိမ့်ပြီး ဆရာလင်းကိုမေးလိုက်သည်။

သူ့အမေးကြောင့် ဆရာလင်းကအပြစ်ရှိသလိုနှင့်_
"သူဌေး... ပြီးခဲ့တဲ့နှစ်ရက်လုံး ကျုပ်လေ့ကျင့်ထားတာ... ကျွမ်းကျွမ်းကျင်ကျင်လည်းဖြစ်နေပြီ... အဆင့်တိုင်း ဘာမှမမှားဘူး... ဒါပေမဲ့ ခင်ဗျားရဲ့ဆေးစွပ်ပြုတ်လို အရသာရှိအောင်မလုပ်နိုင်ဘူးဖြစ်နေတယ်''
ပြောရင်းဆိုရင်း ဆရာလင်းကသက်ပြင်းတွေချသည်။
သူဌေးကယုံယုံကြည်ကြည်နှင့် ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းကိုသင်ပေးထားသော်လည်း သူကစိတ်ပျက်စရာကောင်းလွန်းသည်။
ဒီခံစားချက်က လုံးဝအောင့်သက်သက်။ ဝူရှရုပ်ရှင်ထဲကလို ကမ္ဘာ့အကျော်အမော်ဆရာက လျှို့ဝှက်သိုင်းပညာသင်ပေးသော်လည်း သူကဘယ်နည်းနှင့်မှ မတတ်မြောက်နိုင်ဖြစ်နေသည်။
ကိုယ့်ကိုပေးရင်တောင် မယူနိုင်ဘူးပေါ့။
"ထပ်လုပ်ကြည့်... ကျွန်တော် ဘေးကနေကြည့်မယ်''
ချင်လင်ကမျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
အပန်းဖြေစံအိမ်ရဲ့နေ့စဉ်ဖြည့်စွက်စာက ဆေးစွပ်ပြုတ်။
သူနေ့တိုင်း အပန်းဖြေစံအိမ်မှာ ဆေးစွပ်ပြုတ်ပြုတ်ပေးဖို့မဖြစ်နိုင်။ ဝန်ဆောင်မှုထဲမှာဖော်ပြထားတဲ့အထူးဆေးစွပ်ပြုတ်ဆိုသော အရည်အသွေး ၃ ဆေးစွပ်ပြုတ်ကိုသာ ပုံမှန်လုပ်ပေးနိုင်မည်။
ထို့ကြောင့် အပန်းဖြေစံအိမ်တွင်ဆေးစွပ်ပြုတ်လုပ်နည်းသင်ပေးရန် ယုံကြည်အားကိုးရသူတစ်ဦးလိုပြီး သူ့ကိုနေ့စဉ်ဆေးစွပ်ပြုတ်အတွက်တာဝန်ယူခိုင်းမည်။
ပြီးတော့ ဆရာလင်းထက်ပိုပြီး သင့်တော်မည့်သူမရှိ။
ဆရာလင်းကို ယုံလည်းယုံသည်။
သို့သော် ဆရာလင်းပြောပုံအရ သူထင်ထားသည်နှင့်နည်းနည်းလွဲနေပုံရသည်။
ဆရာလင်းက တုံ့ဆိုင်းမနေ။ ချင်လင်ရှေ့တွင် အရည်အသွေး ၂ ငါးတုံးယူပြီး ဆေးစွပ်ပြုတ်စလုပ်သည်။
သူ့ကြည့်ရတာ အတော်ကျွမ်းနေပြီ။
ချင်လင်က ဘေးမှကြည့်နေ၏။ ဆရာလင်းလုပ်တာ လုံးဝအမှားမရှိ။ သူသင်ပေးထားတဲ့အတိုင်း အဆင့်လိုက်လုပ်သည်။ ဆေးစွပ်ပြုတ်အချိုးအစားနှင့် ဆေးပင်ထည့်သောအစဉ်တောင်မလွဲချေ။
မကြာမီ ဆရာလင်း၏ဆေးစွပ်ပြုတ်ရလာသည်။
"သူဌေး မြည်းကြည့်!''
ဆရာလင်းက သူလုပ်ထားသောငါးစွပ်ပြုတ်ကို ချင်လင်ဆီပေးလိုက်သည်။