ပညာရှင်ရောက်လာပြီ! အိပ်မပျော်တာ ပြဿနာမဟုတ်!
Vol. 43 Ch. 637
ရုံးခန်းထဲ၌_
ချင်လင်၊ ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့ လက်ဖက်ရည်ဝိုင်းဖွဲ့နေစဉ် ဖုန်းဝင်လာသည်။
ရှန်လီထံမှဖြစ်သည်။
"ဥက္ကဌရှန်... ဘာကိစ္စရှိလို့လဲ?''
သူကချက်ချင်း ဖုန်းကိုင်လိုက်သည်။
ရှန်လီကရှင်းပြသည်_
"ဥက္ကဌချင်... ချင်းလင်ဖရဲသီးဒုတိယအသုတ်မှည့်ပါပြီ... မနက်ဖြန် ကျွန်တော်တို့ဓာတ်ခွဲခန်းက မြို့ထဲကဖရဲသီးဒုတိယအသုတ်အခြေအနေကို သွားကြည့်ဖို့စီစဉ်ထားပါတယ်... ကျွန်တော်တို့နဲ့လိုက်ကြည့်မလား?''
"ခဏနော်''
ချင်လင်က ဖုန်းနှင့်ခဏခွာပြီး ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုမေးလိုက်သည်_
"လောင်ချန် လောင်မာ... မနက်ဖြန် ချင်းလင်ဖရဲသီးစိုက်ခင်းအခြေအနေကိုလိုက်ကြည့်ချင်လား?''
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က စိတ်ဝင်စားသည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာဓာတ်ခွဲခန်းရှယ်ယာ ၁၀% ရှိသည်။
ချန်ရှန်းဖေကပြုံးလိုက်ပြီး_
"ဒီနှစ်ရက်က နားရက်ပဲ... သွားကြည့်တာပေါ့!''
မာလဲ့ဝမ်လည်း ခေါင်းညိမ့်သည်။
ချင်းလင်ဖရဲသီးပထမအသုတ်ကို ဧပရယ်လလယ်စိုက်ပြီး စိုက်ပျိုးချိန်တိုတောင်းသောကြောင့် စိုက်သည့်အချိန်မှရောင်းသည့်အချိန်အထိ နှစ်လအချိန်ယူရသည်။
ဖရဲသီးပထမအသုတ်က စျေးကွက်ထဲရောက်နေပြီဖြစ်သည်။ နောက်ပြီး တရန်ဖာ၏ဒါရိုက်တာချူမှာ ဦးစားပေးဖြစ်သောကြောင့် သူကအသုတ်ကြီးတစ်သုတ်မှာပြီး တရန်ဖာဆိုင်ခွဲများကိုခွဲပေးသည်။
မင်းသားလေးဝမ်ရန်၏စူပါမားကတ်အဆက်များကလည်း ဒီဖရဲသီးအကြောင်းသိသောကြောင့် ဝမ်ရန်နှင့်ချိတ်ဆက်ပြီး အသုတ်ကြီးမှာကြသည်။
ထိုစူပါမားကတ်များတွင် ချင်းလင်ဖရဲသီးတင်ထားပြီး ရောင်းအားအတော်ကောင်းသည်။ ဤကဲ့သို့ချင်းလင်ဖရဲသီးရောင်းအားကောင်းခြင်းကြောင့် တခြားအရောင်းအဆက်အသွယ်များလည်း တစ်ယောက်ပြီးတစ်ယောက်လာရှာကြသည်။
ချင်းလင်ဖရဲသီးမရောင်းရမှာ ပူစရာမလိုဟုဆိုနိုင်သည်။
အခုစက်တင်ဘာတွင် ဖရဲသီးဒုတိယအသုတ်မှည့်လာသည်။ အရင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က သူတို့အဖွဲ့အစည်းကိစ္စများနှင့်အလုပ်များနေသောကြောင့် ဒီကိစ္စကိုအာရုံမစိုက်နိုင်ကြ။
အခု အားလပ်ချိန်ဖြစ်၍ အတူတူသွားကြည့်ပြီး အပန်းဖြေနိုင်သည်။
သူတို့နှစ်ဦးစိတ်ဝင်စားသောကြောင့် ချင်လင်လည်းဖုန်းထဲပြောလိုက်သည်_
"ဥက္ကဌရှန်... မနက်ဖြန် ကျွန်တော် လောင်ချန် လောင်မာတို့နဲ့အတူလိုက်မယ်... ကျွန်တော်တို့ကိုလာခေါ်ဖို့ ကားလွှတ်ပေးပါ''
"ကောင်းပါပြီ ဥက္ကဌချင်!''
ရှန်လီက ချက်ချင်းပြန်ဖြေလိုက်သည်။
နောက်တစ်နေ့_
ချင်းလင်ဓာတ်ခွဲခန်းကား တောင်တန်းစံအိမ်ရောက်လာပြီး ချင်လင်၊ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့ကိုလာကြိုသည်။
ရုံချန်းထဲတွင် ၁၅ မြို့ရှိပြီး ချင်းလင်ဖရဲသီးကို အလှည့်ကျအသုတ်ခွဲစိုက်ထားသည်။ သုံးကြိမ်သာခွင့်ပြုထား၏။ နှစ်လသုံးလစိုက်ပျိုးထားသောမြေကို အနားပေးပြီးဖွံ့ဖြိုးအောင်လုပ်ဖို့လိုသည်။ တစ်ချိန်တည်းမှာ မြေဩဇာနှင့်အပင်ပြာကိုရောပြီး မြေဆီလွှာကိုထိန်းသိမ်းထားရမည်။
ဒီတစ်ကြိမ်တွင် ဒုတိယအသုတ်ကျသော ရွာနှင့်မြို့များဖြစ်သည်။
ရှရှန်းမြို့လည်း အပါအဝင်။ နောက်ပြီး ရှရှန်းက ရုံချန်းတွင် စီးပွားရေးမဖြစ်ထွန်းဘဲ ဆင်းရဲသောရွာများသည့်မြို့တစ်မြို့လည်းဖြစ်သည်။
ထို့ကြောင့် ရုံချန်းနှင့်ဆွေးနွေးပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းနှင့်ရုံချန်းက ဒုတိယအသုတ်စိုက်ပျိုးရာတွင် ရွာနှစ်ရွာကိုအထူးထောက်ပံ့ပေးရန်ဆုံးဖြတ်ခဲ့သည်။
တရင်ရွာမှာ ဆင်းရဲသောရွာများထဲမှတစ်ရွာဖြစ်သည်။
ချင်လင်နှင့်ချန်ရှန်းဖေတို့ တရင်ရွာရောက်သောအခါ တစ်ရွာလုံးအလုပ်ရှုပ်နေကြသည်။ ကွင်းပြင်ထဲတွင် ထရပ်ကားကြီးများထိုးထားပြီး ရွာသားများက ဖရဲသီးရိတ်သိမ်းပြီးချိန်ရန်၊စာရင်းသွင်းရန်အလုပ်ရှုပ်နေကြသည်။
မြင်ကွင်းက အတော်လေးအသက်ဝင်နေသည်။ ရွာသာတိုင်း၏မျက်နှာမှာ ပြုံးပြုံးရွှင်ရွှင်နှင့်။ မည်သို့ဆိုစေ ချင်းလင်ဖရဲသီးပထမအသုတ်အကြောင်း ရွာများသိထားပြီးဖြစ်လေသည်။
သူတို့အသုတ်တွင် စာရင်းလုပ်ထားပြီးနောက် တန်ဖိုးကမှန်းထားသည်ထက်ပိုတက်လာသောကြောင့် မိသားစုတိုင်းဝင်ငွေရသည်။ မိသားစုတိုင်းမှာ ၅ ဧကရှိပြီး နှစ်လမပြည့်ခင် ဖရဲသီးကိုဂရုစိုက်ထား၍ ရောင်းချပြီး ယွမ် ၆၀၀၀၀ နီးပါးရသည်။
တစ်နှစ်သုံးကြိမ်စိုက်လျှင် ယွမ် ၁၈၀၀၀၀။ ဆင်းရဲသောမိသားစုတောင် ဝီရိယရှိလျှင် ကောင်းကောင်းမွန်မွန်နေနိုင်သည်။
ချင်းလင်ဓာတ်ခွဲခန်း၏ကားကိုမြင်ပြီး ရွာသားအားလုံးစိတ်ဝင်စားသွားသည်။
တရင်ရွာမှအော်ဒါထိန်းသိမ်းရေးတာဝန်ခံ လူငယ်ရွာသူကြီးရန်ယွီက ရှေ့တက်လာပြီးနှုတ်ဆက်သည်။ ရှန်လီနှင့်ချင်လင်ကားပေါ်မှဆင်းလာသောအခါ သူက_
"ချင်းလင်ဓာတ်ခွဲခန်းရဲ့ဦးဆောင်သူတွေလားဗျ? ကြိုဆိုပါတယ်... ကျွန်တော်က ရန်ယွီပါ... တရင်ရွာရဲ့ရွာသူကြီးပါ''
ရှန်လီကပြုံးပြီး မေးလိုက်သည်_
"ရွာသူကြီးရန်... ကျုပ်တို့အခုပဲလာကြည့်ပြီး အခြေအနေကိုသဘောပေါက်လိုက်တယ်... ခင်ဗျားတို့ရွာက ရိတ်သိမ်းတဲ့ဖရဲသီးတွေဘယ်လိုလဲ? စာရင်းပိုင်း အလွှဲအပြောင်းနဲ့ ငွေပေးချေမှုတွေလက်ခံနိုင်တယ်မလား?''
ရန်ယွီကနားထောင်ပြီး ချက်ချင်းပင်_
"ခေါင်းဆောင် စိတ်မပူပါနဲ့... ကျွန်တော်တို့ ချင်းလင်ဓာတ်ခွဲခန်းနဲ့ လုံးဝပူးပေါင်းဆောင်ရွက်မှာပါ... ရှကျိုင်းရွာလိုပြဿနာမဖြစ်စေရပါဘူး''
ဟာသပဲ။
မြို့တွေရွာတွေမှာ ပထမအသုတ်ချပြီးကတည်းက ရွာတိုင်းက ရှကျိုင်းရွာလို ချင်းလင်ဖရဲသီးစိုက်ခွင့်မရမှာကြောက်နေပြီ။ လက်မခံဘဲနေမလား?
နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းရဲ့ငွေပေးချေမှုက မတင်းကြပ်။
"ရွာသူကြီးရန်... ကျုပ်ဖရဲသီးနည်းနည်းခူးပြီး မြည်းကြည့်လို့ရမလား?''
ရှန်လီလည်းပြုံးပြီး ပြောလိုက်သည်။
ရန်ယွီက ချက်ချင်းပြန်ဖြေသည်_
"ကိစ္စမရှိပါဘူး... မပူပါနဲ့ ခေါင်းဆောင်... ကျွန်တော်တို့ရွာထဲမှာ ဖရဲသီးဖြစ်အောင် အင်တိုက်အားတိုက်လုပ်ထားတာပါ... ချိုမှာသေချာတယ်''
ရှန်လီကရှေ့သွားပြီး ကျပန်းဖရဲသီးသုံးလုံးခူးလိုက်သည်။ ထို့နောက် ခွဲခိုင်းပြီး ချင်လင်၊ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့ကို အတူတူမြည်းဖို့ဖိတ်လိုက်သည်။
ချန်ရှန်းဖေကနည်းနည်းစားပြီး ရယ်လိုက်ကာ_
"ဒီဖရဲသီးတွေ မဆိုးဘူး... ဒါပေမဲ့ စံအိမ်ကဟာထက်တော့ အများကြီးညံ့သေးတယ်''
ချင်လင်လည်း ခေါင်းညိမ့်လိုက်သည်။ ဖရဲသီးသုံးလုံးမှာ အရည်အသွေး ၁ ရှိ၍ အပြင်လူတွေအတွက်တော့ အရမ်းအရသာရှိနေလိမ့်မည်။
သို့ရာတွင် စံအိမ်မှာ အရည်အသွေး ၂ ဖြစ်၍ ချန်ရှန်းဖေတို့မှာ အရည်အသွေး ၂ ချင်းလင်ဖရဲသီးစားထားပြီး အရည်အသွေး ၁ ဖရဲသီးမယှဉ်နိုင်အောင်ဖြစ်နေသည်။
ရှန်လီက ဓာတ်ခွဲခန်းမှလူတွေကိုဖြန့်ပြီး ရွာထဲမှစိုက်ခင်းအခြေအနေကိုစစ်ဆေးခိုင်းသည်။ ထို့နောက် ချင်လင်တို့ကို နောက်တစ်မြို့ခေါ်သွားလေသည်။
…
ရက်ပိုင်းခန့်ကြာပြီးနောက်_
ချင်လင်၊ လီခိုင်နှင့် ပါမောက္ခရန်တို့မှာ မနက်အစောကြီးကတည်းက ချင်းလင်အပန်းဖြေစံအိမ်ဝင်ပေါက်တွင်စောင့်နေကြသည်။
သူတို့ကို ဒီလိုစောင့်စေနိုင်တဲ့သူက လုံးဝနှယ်နှယ်ရရပုဂ္ဂိုလ်မဟုတ်။
တော်ဝင်ပညာရှင်လီရောက်တော့မည်ဖြစ်သောကြောင့်ပင်။
ချင်လင်က ဖုန်းရရချင်း အပြေးရောက်လာသည်။