ပညာရှင်ရောက်လာပြီ! အိပ်မပျော်တာ ပြဿနာမဟုတ်! ၂
Vol. 43 Ch. 638
ပွင့်ပွင့်လင်းလင်းပြောရရင် တခြားတစ်ယောက်သာဆို သူဌေးကြီးဖြစ်နေဦးတော့၊ သူကိုယ်တိုင်ထွက်ကြိုမည်မဟုတ်။
သို့သော် သိပ္ပံသုတေသနမှာ သူ့ဘဝကိုမြှုပ်နှံပြီး နိုင်ငံအတွက်အကြီးအကျယ်အားထုတ်ခဲ့သော ဒီလိုပညာရှင်မျိုးကို သူလုံးဝလေးစားသည်။
ခဏအကြာ_
သီးသန့်လုပ်ငန်းသုံးကားတစ်စီး အပန်းဖြေစံအိမ်ရောက်လာပြီး ရပ်လိုက်သည်။
ကားပေါ်မှလူသုံးယောက်ဆင်းလာ၏။
တစ်ယောက်က တရုတ်သိပ္ပံအကယ်ဒမီမှဝန်ထမ်း။ တော်ဝင်ပညာရှင်လီကိုပို့ပေးဖို့၊ ချင်းလင်အပန်းဖြေစံအိမ်မှာအကောင့်လုပ်ဖို့ သူကတာဝန်ယူရသည်။
နောက်တစ်ယောက်က အဖြူရောင်ကုတ်နှင့်ဆရာဝန်တစ်ဦးပင်။ တရုတ်သိပ္ပံအကယ်ဒမီက စီစဉ်ထားခြင်းဖြစ်သည်။ အပန်းဖြေစံအိမ်မှတခြားဆရာဝန်များနှင့်အတူ တော်ဝင်ပညာရှင်လီ၏ခန္ဓာကိုယ်အခြေအနေကို သူကစစ်ဆေးရမည်။
ဒီအချက်မှနေ၍ တော်ဝင်ပညာရှင်လီလိုအရွယ်ရသူအတွက် အထက်လူများကဘယ်လောက်အလေးထားကြောင်းသိနိုင်သည်။
ပါမောက္ခရန်က ကားပေါ်မှနောက်ဆုံးဆင်းလာသောလူကြီးကို တရိုတသေနှင့်_
"တော်ဝင်ပညာရှင်လီ... ရောက်လာပြီပေါ့... ခရီးပန်းတယ်မလား?''
တော်ဝင်ပညာရှင်လီလိုလူကြီးတစ်ယောက်အဖို့ သူကတရုတ်သိပ္ပံအကယ်ဒမီမှာအောင်မြင်မှုတချို့ရထားရင်တောင် ဘာမှမဟုတ်ချေ။
ချင်လင်လည်း တော်ဝင်ပညာရှင်လီကိုကြည့်လိုက်သည်။
အင်တာနက်ပေါ်တွင် တော်ဝင်ပညာရှင်လီအကြောင်းအကျဉ်းချုပ်နှင့်ဓာတ်ပုံတချို့သာရှိသည်။ နောက်ပြီး လူကိုယ်တိုင်တွေ့ရတာ ဓာတ်ပုံနှင့်ကွာသည်။
တော်ဝင်ပညာရှင်လီမှာ နည်းနည်းမျက်တွင်းကျနေပုံပေါက်သည်။ အသက် ၈၀ နီးပါးရှိပြီး အစာအိမ်ကင်ဆာရှိနေသည့်အတွက် ကင်ဆာအစောပိုင်းအဆင့်ဆိုရင်တောင် ဒီလိုအသက်အရွယ်မျိုးမှာ ညင်းဆဲသလိုဖြစ်နေသည်။
တော်ဝင်ပညာရှင်လီက ခေါင်းခါပြီး_
"ရှောင်ရန်... မင်းကနောက်နေပြန်ပြီ... လေယာဉ်နဲ့ကားစီးရတာလေ... ငါက သုတေသနလုပ်နေကျပါ... အဲဒါတွေက ဒီထက်ပိုပင်ပန်းတယ်''
ပါမောက္ခရန်က အောင့်သီးအောင့်သက်ပြုံးလိုက်သည်။
အဲဒါဘယ်လိုလုပ်တူမှာလဲ?
သို့သော် တော်ဝင်ပညာရှင်လီကိုမတုံ့ပြန်ဘဲ_
"တော်ဝင်ပညာရှင်လီ... မိတ်ဆက်ပေးရဦးမယ်... ဒါအပန်းဖြေစံအိမ်ရဲ့သူဌေး.. သူဌေးချင်ပါ... ပြီးတော့ သူက ပါမောက္ခလီခိုင်ပါ''
တော်ဝင်ပညာရှင်လီက ချက်ချင်းပြုံးလိုက်ပြီး_
"မင်းတို့နှစ်ယောက်ကိုသိတယ်... ငါမလာခင် ဝန်ကြီးလုက သူဌေးချင်အကြောင်း အများကြီးပြောလိုက်တယ်... ငါတို့တရုတ်သိပ္ပံအကယ်ဒမီမှာ အားဖြည့်ဆေးရည်နဲ့အူမကြီးကင်ဆာကုတဲ့ဆေးမှုန့်ရတာ တရုတ်တိုင်းရင်းဆေးပညာအသိကြွယ်တဲ့သူဌေးချင်ရဲ့ကျေးဇူးတွေပဲ''
"ပြီးတော့ ပါမောက္ခလီခိုင်... တရုတ်သိပ္ပံအကယ်ဒမီမှာကတည်းက မင်းအကြောင်းတွေကြားနေတာ... တွေ့ချင်နေတာကြာပြီ... ငါတို့သုတေသနမှာ ပါမောက္ခလီခိုင်လိုတက်သစ်စကြယ်ပွင့်တွေရှိတာကောင်းတယ်.. အရမ်းကောင်းတယ်!''
တော်ဝင်ပညာရှင်လီက လီခိုင်ကိုလေးစားသောအကြည့်နှင့်ကြည့်လိုက်သည်။
တစ်ဘဝလုံး သိပ္ပံသုတေသနမှာမြှုပ်နှံထားသောသူလိုလူအဖို့ ဒီလိုထူးချွန်တဲ့ဂျူနီယာမျိုးတွေ့ရတာလောက် ကျေနပ်စရာမရှိတော့။
သူတို့မျိုးဆက်လွန်ရင် သိပ္ပံသုတေသနကိုလက်ဆင့်ကမ်းသယ်ဆောင်မည့်သူမရှိဘဲ အနောက်တိုင်းထက် နောက်ကောက်ကျကျန်ခဲ့မှာ သူစိုးရိမ်သည်။
မျိုးဆက်ဖြတ်ကျော်လာသူတစ်ဦးအနေနှင့် သူတို့ကိုယ်ပိုင်သိပ္ပံသုတေသနက ဒီအခြေအနေအထိရောက်လာဖို့ဘယ်လောက်ခက်လဲ သူသိသည်။
လီခိုင်မှာချီးကျူးခံရခြင်းကြောင့် နည်းနည်းရှက်သွားပြီး အမြန်ဖြည့်ပြောလိုက်သည်_
"မဆိုစလောက်လေးပါ... တော်ဝင်ပညာရှင်လီတို့နဲ့စာရင် ဘာမှမဟုတ်ပါဘူး''
"မင်းက နှိမ့်ချလွန်းနေတာပဲ!''
တော်ဝင်ပညာရှင်လီပြုံးလိုက်သည်။
ပါမောက္ခရန်က_
"တော်ဝင်ပညာရှင်လီ... အရင်ဆုံး စံအိမ်ထဲဝင်ရအောင်... ကျွန်တော်တို့ အဝင်စာရင်းသွင်းရဦးမယ်... ပြီးရင် သူဌေးချင်က ကျွန်တော်တို့အတွက်စီစဉ်ပေးလိမ့်မယ်''
"အင်း... အရင်ဆုံး သူတို့နဲ့ပူးပေါင်းပေးတာပေါ့... ပြီးရင် ငါ့ခန္ဓာကိုယ်လေးကို သူဌေးချင်ဆီအပ်လိုက်တော့မယ်''
တော်ဝင်ပညာရှင်လီကပြုံးပြုံးနှင့် ချင်လင်ကိုပြောလိုက်သည်။
"တော်ဝင်ပညာရှင်လီ... ကြွပါ''
ချင်လင်ကချက်ချင်း အထဲဖိတ်ပြီး အပန်းဖြေစံအိမ်ထဲခေါ်သွားလိုက်သည်။
တော်ဝင်ပညာရှင်လီကို ဆရာဝန်ကတွဲပြီး အပန်းဖြေစံအိမ်ထဲဝင်လာသည်။
တကယ်တော့ ဒီလာပြီးအားဖြည့်တာ သူသိပ်ပြီးမျှော်လင့်မထား။
တရုတ်သိပ္ပံအကယ်ဒမီက သူ့အတွက်ကျန်းမာရေးစင်တာတွေ၊အပန်းဖြေနေရာတွေ အများကြီးစီစဉ်ပေးခဲ့ဖူးသည်။ အားလုံးခပ်ဆင်ဆင်ချည်း။
ဒီတစ်ခါ ရောဂါသက်သာဖို့ထက် ပါမောက္ခလီခိုင်နှင့်သူဌေးချင်၏တွေးခေါ်ပုံကိုကြည့်ရန်လာခဲ့ခြင်းပင်။
တရုတ်သိပ္ပံအကယ်ဒမီကလူကြီးတိုင်း တက်သစ်စကြယ်ပွင့်လီခိုင်အကြောင်းကြားဖူးသည်။ ဒိုနာစီမြက်ရင်းက ကြီးကျယ်သောလုပ်ဆောင်ချက်ပင်။
ပြီးတော့ သူဌေးချင်။ သူက ဒီသုတေသနရလဒ်တွေကိုလှူဒါန်းခဲ့သူ။ သူတို့လူကြီးတွေ မလေးစားဘဲမနေနိုင်တော့။
သူဌေးချင်က အားဖြည့်ဆေးရည်နှင့်အူမကြီးကင်ဆာဆေးမှုန့်အတွက် ဘာအတွေးမှမရှိဘဲ သူနှင့်မဆိုင်သလို ဝန်ကြီးလုဆီပေးလိုက်သည်။
ဒီလိုကြည်လင်တဲ့စိတ်ထားရှိလို့ ဝန်ကြီးလုကအစီရင်ခံဖို့ပြန်လာလာချင်း သူဌေးချင်အကြောင်းပဲပြောနေတော့တာကိုး။
လူကြီးတွေတောင် ဒီလူငယ်ကိုတကယ်လေးစားရသည်။
သို့သော် တော်ဝင်ပညာရှင်လီအပန်းဖြေစံအိမ်ထဲရောက်လာသည့်ခဏတွင် စက္ကန့်ပိုင်းမျှကြောင်သွားသည်။ တမူထူးခြားသောအသွင်အပြင်က သူ့မျက်လုံးထဲရောက်လာသည်။
"ဒီပန်းတွေ အပင်တွေက ငါထင်ထားတာနဲ့သိပ်မတူပါလား''
တော်ဝင်ပညာရှင်လီက ပြောလိုက်သည်။
သူ့အသက်အရွယ်မှာ အားလုံးကိုမြင်တွေ့ဖူးပြီးပြီ။ မြင်ကွင်းတစ်ခုက သူ့ကိုဖမ်းစားနိုင်သည်ဟုပြောရင် အဓိပ္ပါယ်မရှိဖြစ်နေမည်။
ရှုခင်းဘယ်လောက်လှလှ သူစိတ်ဝင်စားသော သုတေသနအကြောင်းအရာဖတ်ရတာလောက် ဆွဲဆောင်မှုမရှိပေ။
အပန်းဖြေစံအိမ်ထဲဝင်လိုက်သည့်ခဏတွင်မူ ပန်းပင်များကဖြစ်စေ၊ဝါးပင်များကဖြစ်စေ သူ့ကိုဆွဲဆောင်နိုင်ကြောင်းဝန်ခံရပေမည်။
ဘယ်လိုဖော်ပြရမည်မသိတော့။ ဘာပဲဖြစ်ဖြစ် သူကအဖွဲ့အနွဲ့ကောင်းသူမဟုတ်။ 'လှတယ်.. အရမ်းလှတယ်'ဟုသာ ခံစားမိသည်။
အဓိကအကျဆုံးမှာ ဒီပတ်ဝန်းကျင်ထဲရောက်လာပြီး သူ့စိတ်နှင့်ခန္ဓာသက်သာသွားသလိုခံစားရသည်။ ဒါပတ်ဝန်းကျင်၏သက်ရောက်မှုဖြစ်မည်။
ဒီလိုမခံစားရတာ နှစ်ဆယ်ချီကြာပေါ့။
ထိုအရည်အသွေး ၂ အပင်များအားလုံးတွင် အလှစိုက်ပင် +၂၊ အဆင်း +၂၊ အလှ +၂၊ ဆွဲဆောင်မှု +၂၊ စိတ်လွတ်လပ်ခြင်း +၂၊ အပူအပင်ကင်းခြင်း +၂၊ စိတ်နှင့်ခန္ဓာသက်သာစေခြင်း +၂ အရည်အသွေးများရှိသည်။
"တော်ဝင်ပညာရှင်လီ... ဒီပတ်ဝန်းကျင်က ဘယ်လိုလဲ?''
တော်ဝင်ပညာရှင်လီ၏ခံစားချက်ကိုနားလည်ပုံနှင့် ပါမောက္ခလီကပြုံးပြီး မေးလိုက်သည်။
သူပထမဆုံးစံအိမ်ထဲရောက်တုန်းက သူလည်းရှုခင်းကိုဒီလိုစိတ်ဝင်စားခဲ့ဖူးလေသည်။