ပညာရှင်ရောက်လာပြီ! အိပ်မပျော်တာ ပြဿနာမဟုတ်! ၃
Vol. 43 Ch. 639
"အရမ်းလှတယ်! ငါ့အသက်အရွယ်မှာ ဒီလိုဆွဲဆောင်မှုရှိတဲ့မြင်ကွင်းမျိုး ပထမဆုံးမြင်ဖူးတာပဲ''
တော်ဝင်ပညာရှင်လီလည်း အားရပါးရချီးကျူးလိုက်သည်_
"ပြောရဦးမယ်... သူဌေးချင်က တကယ်အံ့ဩစရာပဲ... ဒီလိုပတ်ဝန်းကျင်မျိုး ဘယ်သူမှမဖန်တီးနိုင်ဘူး''
"တော်ဝင်ပညာရှင်လီ မြှောက်လွန်းနေပါပြီ... ကျွန်တော်က ခရီးသွားစီမံရေးမေဂျာဆိုတော့ ဒါမျိုးတွေလေ့လာရတာ သဘောကျလို့ပါ''
တော်ဝင်ပညာရှင်လီက အမှန်အတိုင်းပြောနေမှန်း ချင်လင်သိသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာစနစ်ရှိသော်လည်း လူကြီးရှေ့မှာနှိမ့်ချရဦးမည်။
လူစုကလျှောက်လာရင်း ပန်းခင်းနေရာရောက်လာသည်။
ဒီတစ်ခါလည်း တော်ဝင်ပညာရှင်လီကရပ်ပြီး ပန်းခင်းအလယ်မှနှင်းဆီပင်ကိုကြည့်ကာ_
"ဒီလေးပင်က ရှင်းကျန့်တယ်ရဲ့နိုင်ငံတော်ပန်း မြို့စားနှင်းဆီဖြစ်မယ် ဟုတ်တယ်မလား?''
ပါမောက္ခရန်က ဒိုင်ခံရှင်းပြသည်_
"တော်ဝင်ပညာရှင်လီပြောတာမှန်တယ်... ချင်းလင်စံအိမ်ပန်းပင်လယ်ထဲမှာ ၆ ပင်ရှိသေးတယ်... ဒီပန်းတွေကြောင့်ပဲ ရှင်းကျန့်တယ်ကလူတွေ ကျွန်တော်တို့ဆီရောက်လာတာ ခင်ဗျားလည်းသိမှာပါ''
"အတော်များများက ဒေါသထွက်လွန်းလို့မွှန်ထူနေကြတာ... ရှင်းကျန့်တယ်ပြည်သူတွေက ချင်းလင်စံအိမ်အပေါ်အာဃာတအကြီးကြီးရှိတယ်... ဘာပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်တောင်မမြင်နိုင်တဲ့နိုင်ငံတော်ပန်းကို ဒီရှုမျှော်ခင်းနေရာမှာ လူတိုင်းကြည့်နိုင်တယ်လေ''
တော်ဝင်ပညာရှင်လီမှာ သိသိသာသာစိတ်ခံစားချက်ကောင်းသွားပြီး_
"ဒီကိစ္စက လှလှပပလုပ်လိုက်တာပဲ!''
အပန်းဖြေစံအိမ်ထဲဝင်ပြီးနောက် ချင်လင်က တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကိုခေါ်၍ စာရင်းသွင်းပြီး အကောင်းဆုံးပတ်ဝန်းကျင်နှင့်အခန်းများကိုစီစဉ်ပေးလိုက်သည်။
ထို့နောက် ထန်ရှိုးဝမ်က ပုံမှန်ဆေးစစ်ချက်လုပ်ရန် တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ဆီရောက်လာသည်။
အထူးသဖြင့် တော်ဝင်ပညာရှင်လီ၏ခန္ဓာကိုယ်အခြေအနေကို အထူးအာရုံစိုက်ရမည်။ သွေးပေါင်လည်းချိန်ရမည်။
ထန်ရှိုးဝမ် စမ်းသပ်ခန်းထဲပြန်သောအခါ တော်ဝင်ပညာရှင်လီနှင့်လိုက်လာသောဆရာဝန်က လာတွေ့သည်။ ဆရာဝန်နာမည်က သွမ့်မုရွေ့ရန်။
နေ့စဉ်လူမှုဘဝတွင် နာမည်လေးလုံးနှင့်လူအတော်ရှားသွားပြီဖြစ်သည်။
သွမ့်မုရွေ့ရန်က ထန်ရှိုးဝမ်အား စာဖိုင်တစ်ခုကမ်းပေးပြီး လာရင်းကိစ္စကိုရှင်းပြသည်_
"ဒေါက်တာထန်... တော်ဝင်ပညာရှင်လီရဲ့အခြေအနေအကြောင်းပြောပြမလို့ပါ... ဒါက တိတိကျကျအခြေအနေပါ... နေ့စဉ်စမ်းသပ်မှုမှာ ကျွန်တော် ခင်ဗျားနဲ့ပူးပေါင်းဆောင်ရွက်ပါမယ်''
ထန်ရှိုးဝမ်မှာ မလိုက်နာဘဲမနေရဲ။ သူမကစာဖိုင်အမြန်ယူပြီး ဖတ်ကြည့်လိုက်သည်။
သူဌေးက တော်ဝင်ပညာရှင်လီအကြောင်းပြောပြထားသည်။
တော်ဝင်ပညာရှင်လီမှာ အစာအိမ်ကင်ဆာအစောပိုင်းအဆင့်ဖြစ်ပြီး တခြားအခြေအနေများနှင့်ယှဉ်တွဲနိုင်သည်။ ပထမဆုံးအနေနှင့် သူစားကောင်းမည်မဟုတ်။ ဒီအချက်ကို သူဌေးနှင့်ဆရာလင်းက စိတ်ပူပေးလိမ့်မည်။
ထို့အပြင် တိုင်းရင်းဆေးကုသမှုနှင့်ဆက်စပ်သောစမ်းသပ်မှုများလည်းရှိသည်။ တော်ဝင်ပညာရှင်လီ၏ခန္ဓာကိုယ်အခြေအနေကိုထိန်းသိမ်းရန် မကြာခဏစမ်းသပ်ပေးရသည်။
"တော်ဝင်ပညာရှင်လီက အိပ်မပျော်ရောဂါရှိတာလား?''
ထန်ရှိုးဝမ်က စာဖိုင်အချက်အလက်ကြည့်ရင်း ရုတ်တရက်မေးလိုက်သည်။
သွမ့်မုရွေ့ရန်က ခေါင်းညိမ့်လိုက်ပြီး_
"အင်း... အကြီးအကဲမှာရှိတယ်... ရောဂါနဲ့ဆိုတော့ အိပ်ပျော်ဖို့ပိုခက်တာပေါ့... အိပ်ပျော်ဖို့ ဆေးအားကိုးရတယ်''
ထန်ရှိုးဝမ်မျက်မှောင်ကြုတ်လိုက်သည်_
"အိပ်ဆေးက အကြီးအကဲအတွက်မကောင်းဘူး... ရပ်လိုက်ပါ... ကျွန်မတို့မှာ ပိုကောင်းတဲ့နည်းရှိတယ်''
"တော်ဝင်ပညာရှင်လီအတွက် ဒီညငါးကုထုံးစီစဉ်ပါ... သူပင်ပန်းတာသက်သာပြီး အာရုံကြောစနစ်ကိုထိန်းညှိပေးမယ်... ဇီဝဖြစ်ပျက်မှုကောင်းမယ်... အိပ်မပျော်တာ အိပ်ချင်မူးတူးဖြစ်နေတာတွေသက်သာမယ်''
အပန်းဖြေစံအိမ်ပြောင်းခါစက သူမလည်း ငါးကုထုံးကိုအတော်အံ့ဩခဲ့သည်။ အပြင်မှာ ငါးကုထုံးကအလွန်ရေပန်းစားပြီး အာနိသင်အမျိုးမျိုးရှိသည်ဟုဆိုကြသော်လည်း ငါးကုထုံးအာနိသင်က သူတို့ပြောသလောက်မဟုတ်မှန်း သေချာသိသည်။ ငါးကုထုံးအများစုက ဘာအာနိသင်မှတောင်မရှိချေ။
သို့သော် သူဌေးယူလာသောငါးက ထူးခြားသည်။ ငါးကုထုံးအာနိသင်ကို သူမကိုယ်တိုင်ခံစားကြည့်ရာ အံ့ဩစရာကောင်းသည်။
သူဌေးလုပ်နေတာက ငါးကုထုံးအစစ်ဖြစ်မည်။ အပြင်က ငါးကုထုံးစစ်ပုံမရ။
နောက်ပြီး ငါးကုထုံးအပြင် အိပ်ပျော်စေသောနံ့သာဖြူနံ့သာလည်းရှိ၍ အိပ်မပျော်တာပြဿနာမဟုတ်။
သွမ့်မုရွေ့ရန်က ငါးကုထုံးအကြောင်းကြားပြီး မျက်မှောင်ကြုတ်ကာ_
"ဒေါက်တာထန်... တော်ဝင်ပညာရှင်လီက ဒီငါးကုထုံးကိုခဏခဏလုပ်ဖူးတယ်... အရင်က ကျန်းမာရေးစင်တာမှာလည်း လုပ်ကြည့်တယ်... ဒါပေမဲ့ လုပ်တိုင်း အာနိသင်သိပ်မရှိဘူး... အခု တော်ဝင်ပညာရှင်လီက ငါးကုထုံးဆိုနည်းနည်းတွန့်နေပြီ... သူ့ကိုထပ်မလုပ်တာမကောင်းဘူးလား?''
ပွင့်ပွင့်လင်းလင်းပြောရရင် အပန်းဖြေစံအိမ်၏ကုသချက်ကို သူနည်းနည်းစိတ်ပျက်မိသည်။
ပတ်ဝန်းကျင်အရမ်းကောင်းတာလက်ခံသော်လည်း အားပြန်ဖြည့်ပေးတာ ပတ်ဝန်းကျင်မဟုတ်။
ပါးစပ်ဟလိုက်တာနှင့် ငါးကုထုံးအကြောင်းဖြစ်နေသည်။ တခြားကျန်းမာရေးစင်တာတွေနှင့်သိပ်ကွာပုံမရ။ အားလုံး အသုံးမကျတဲ့အကွက်ဟောင်းတွေချည်း။
သို့ရာတွင် ဝန်ကြီးလုစီစဉ်ပေးသောကုသမှုဖြစ်၍ တစ်ဖက်လူကိုသတိပေးရုံသာတတ်နိုင်လေသည်။