အရည်အသွေး ၂ လိပ်နှင့် အရည်အသွေး ၂ ငါးပုတ်သင်၏အာနိသင်!
Vol. 43 Ch. 642
ချင်လင်က မနက်အစောကြီးဂိုဒေါင်ရောက်လာသည်။ သူကဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲသွားလိုက်သည်။
မနေ့ကညနေပိုင်းနှင့်ဒီမနက်မှည့်သောသီးနှံများကို ဒီထဲထည့်ထားပြီး ခဏအချိန်ဖြုန်း၍ ဂိမ်းထဲမှထုတ်လိုက်သည်။
ထို့နောက် ဘေးမှရေကန်သွား၍ ငါးပုတ်ငါးဝါကြီးနှင့်လိပ်ကြီးကိုဆယ်လိုက်သည်။
အရည်အသွေး ၂ ရှိသောလိပ်ကြီးပင်။
တော်ဝင်ပညာရှင်လီ၏အချက်အလက်ကြည့်ပြီးနောက် လယ်ကွက်နှစ်ကွက်လုံးလိပ်မွေးထားသည်။ ဒီလိပ်တစ်သုတ်ကြီးရင် အရည်အသွေး ၂ လိပ်ကြီးနှစ်ကောင်ရမည်။
အရည်အသွေး ၂ ငါးပုတ်သင်ဝါကြီး၏ကင်ဆာကာကွယ်နိုင်ခြင်း +၂ နှင့် အရည်အသွေး ၂ လိပ်ကြီး၏အစာအိမ်ကင်ဆာကာကွယ်ဖိနှိပ်နိုင်ခြင်း +၂ မှာ တော်ဝင်ပညာရှင်လီအတွက်အစကတည်းကစီစဉ်ထားသော အားဖြည့်အစီအစဉ်ဖြစ်သည်။
တော်ဝင်ပညာရှင်လီလိုလူနာမျိုးရှိမှတော့ သူစမ်းကြည့်ရမည်။
တစ်ချိန်တည်း အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်တစ်အိတ်ကိုလည်း ဂိမ်းထဲမှထုတ်လာသည်။
ဒီနေ့ တော်ဝင်ပညာရှင်လီအတွက် အထူးဆေးဖက်ဝင်ဟင်းပွဲချက်ရန်စီစဉ်ထားသည်။
အကြီးအကဲစားပွဲနှင့်အထူးဆေးစွပ်ပြုတ်ကို ရှန်းရွှေလက်ဆောင်ဆန်နှင့်တည်ခင်းမည်။
သို့ရာတွင် ဆရာလင်း၏အကြီးအကဲစားပွဲကို အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်နှင့်တွဲပြီး သူလုပ်သောအထူးဆေးစွပ်ပြုတ်ကိုသာ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့်တွဲပေးမည်။
သက်ဆိုင်ရာပါဝင်ပစ္စည်းနှင့် သက်ဆိုင်ရာစားပွဲတွဲပေးခြင်းပင်။
နေ့စဉ်ဆေးစွပ်ပြုတ်ကို အပြင်မှဝယ်လာသောအရည်အသွေးမြင့်ဆန်နှင့်တွဲသည်။ ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်မှာရှားပါးသောကြောင့် သူသတိထားရမည်။ အများကြီးထုတ်လိုက်ရင် လူတွေလန့်ကုန်လိမ့်မည်။
သူကိုယ်တိုင်စိုက်သောရှန်းရွှေလက်ဆောင်ဆန်ရိတ်သိမ်းချိန်ကျရင် စိုးရိမ်စရာမရှိတော့။
ထိုပစ္စည်းများအပြင် အရည်အသွေး ၂ ဟင်းသီးဟင်းရွက်တချို့လည်းရှိသေးသည်။
ထိုဟင်းသီးဟင်းရွက်များစိုက်ရန် ချင်လင်ကမြေကွက်တချို့သီးသန့်ပြင်ဆင်ထားပြီး အပန်းဖြေစံအိမ်ကိုဖြည့်ဆည်းပေးရန်အတွက် ပေါ်လာနိုင်ခြေရှိသောအရည်အသွေး ၂ ထုတ်ကုန်များကိုရွေးချယ်ထားသည်။
အားလုံးထရပ်ကားပေါ်တင်ပြီးနောက် ကားစက်နှိုးလိုက်သည်။ ချင်လင်က စံအိမ်သို့ပစ္စည်းများသယ်လာပြီး ချန်တပေကိုလူခေါ်ခိုင်းကာ စံအိမ်အတွက်ပစ္စည်းများချစေသည်။ ထို့နောက် ချန်တပေတို့ကို သူ့နောက်လိုက်ကာ အပန်းဖြေစံအိမ်အတွက် အထူးပြင်ဆင်ထားသောအရည်အသွေး ၂ ပစ္စည်းများသယ်လာစေသည်။
စံအိမ်ကိုဖြတ်သွားသောအခါ ရှဉ့်အော်သံကြားရသည်။ ကောင်လေးမွေးနီ ရုတ်တရက်ပေါ်လာပြီး လှည်းပေါ်ခုန်တက်လာသည်။
ဒီကောင်လေးကအရမ်းဉာဏ်ကောင်းပြီး စံအိမ်ထဲမှာ သူမရောက်ဖူးသောနေရာမရှိ။
ချင်လင် အပန်းဖြေစံအိမ်ရောက်သောအခါ တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကအိပ်ရာနိုးနေပြီဖြစ်ပြီး အလှစိုက်ဝါးတံတိုင်းအောက်တွင် လမ်းလျှောက်နေကြသည်ကိုတွေ့ရသည်။
"သူဌေးချင်!'' ပါမောက္ခရန်။
"သူဌေးချင်... မင်းရဲ့ဝါးက အတော်ကောင်းတာပဲ''
တော်ဝင်ပညာရှင်လီ။
သူတို့နှစ်ဦးက ချင်လင်ကိုနှုတ်ဆက်သည်။
ချင်လင်လည်း သူတို့နှစ်ဦးကိုတုံ့ပြန်ပြီး_
"လူကြီးမင်းတို့နှစ်ဦးအတွက် နေ့လယ်စာ အထူးဆေးစွပ်ပြုတ်ပြင်ဆင်ထားပါမယ်... ကျွန်တော် အရင်ဆုံးစီစဉ်လိုက်ပါဦးမယ်''
ပါမောက္ခရန်က ချင်လင်၏လက်ရာကိုမျှော်လင့်စောင့်စားနေသည်။ ချင်လင်လက်ရာကောင်းမှန်း သူသိသည်။
တော်ဝင်ပညာရှင်လီက သက်ပြင်းချလိုက်၏။ သူ့မှာ စားချင်စိတ်သိပ်မရှိ။
ပါမောက္ခရန်က မနေ့ညကဆရာလင်းလုပ်ပေးတဲ့ဆေးစွပ်ပြုတ်ကိုကောင်းတယ်ဆိုပဲ။ ဒါပေမဲ့ သူကိုက စားချင်စိတ်မရှိချေ။
အရည်အသွေး ၂ ပါဝင်ပစ္စည်းများကိုစားဖိုဆောင်ပို့ပြီးနောက် ချင်လင်က ဆရာလင်းအား အရည်အသွေး ၂ လိပ်ကိုအရင်ကိုင်ခိုင်းလိုက်သည်။
လိပ်သတ်တတ်တာ အရည်အချင်းတစ်ခု။
တစ်ချိန်တည်း ကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး သူယူလာသောအရည်အသွေး ၂ စတော်ဘယ်ရီသီးများဆေးကြော၍ပို့ပေးရန် စီစဉ်ခိုင်းသည်။ ဒါတွေကို အားဖြည့်နေကြသော အမျိုးသမီးသုံးဦး၊ တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကိုပို့ပေးစေချင်သည်။
အပန်းဖြေစံအိမ်သို့လွှဲပြောင်းထားသော ဝန်ဆောင်မှုပေးသူဝန်ထမ်းများမှာ အကောင်းဆုံးလုပ်ဆောင်ချက်၊စိတ်ထားနှင့်ကျွမ်းကျင်မှုရှိကြသည်။ သူတို့ကမြန်မြန်ဆန်ဆန် စတော်ဘယ်ရီသီးများဆေးပြီး တစ်ယောက်ချင်းပို့ပေးလိုက်သည်။
တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က ဥယျာဉ်ထဲလျှောက်သွားသည်။ အထဲတွင် ကျောက်စားပွဲသုံးဝိုင်းရှိပြီး တစ်ဝိုင်းလူသုံးလေးယောက်ထိုင်နိုင်သည်။
ကျောက်စားပွဲသုံးဝိုင်းအလယ်တွင် အရည်အသွေး ၂ သက်တန့်ရောင်ဇီးပန်းပင်များခြံရံထားသော အရည်အသွေး ၃ သက်တန့်ရောင်ဇီးပန်းပင်ရှိသည်။ ကျောက်စားပွဲဝိုင်းပတ်လည်တွင်မူ အရည်အသွေး ၂ အလှစိုက်ပင်များနှင့်ပန်းပင်အမျိုးမျိုးရှိသည်။
တကယ်တော့ မြင်ကွင်းကအလွန်ရိုးရှင်းသည်။ ဘာပဲဖြစ်ဖြစ် ချင်လင်နှင့်ယွီရွှေ့က မြင်ကွင်းပုံဖော်ကျွမ်းကျင်သူတွေမဟုတ်။
သို့ရာတွင် ထိုသစ်ပင်၊ ပန်းပင်၊ ဇီးပန်းပင်များအားလုံးမှာ စနစ်ထုတ်ကုန်ဖြစ်ပြီး အရည်အသွေး ၂ ရှိသောကြောင့် ဝင်လိုက်သောခဏတွင် သုခဘုံကဲ့သို့ခံစားရသည်။
တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က ကျောက်စားပွဲတွင်ဝင်ထိုင်လိုက်သည်။ အရည်အသွေး ၂ အာနိသင်များလွှမ်းမိုးမှုကြောင့် စိတ်ခံစားချက်အလွန်ကောင်းနေ၏။
စားပွဲထိုးတစ်ဦးက သစ်သီးခြင်းနှင့်ရောက်လာပြီး ကျောက်စားပွဲပေါ်တင်ကာ_
"တော်ဝင်ပညာရှင်လီ ပါမောက္ခရန်... ဒါကျွန်တော်တို့သူဌေးက အထူးပြင်ဆင်ပေးတဲ့သီးနှံတွေပါ... မြည်းကြည့်ပါဦး''
"တော်ဝင်ပညာရှင်လီ... မြည်းကြည့်ပါ!''
ပါမောက္ခရန်ကပြောပြောဆိုဆို စတော်ဘယ်ရီတစ်လုံးကောက်စားလိုက်သည်။ အရသာ +၂၊ အတွေ့အထိ +၂ ကြောင့်_
"ဒီစတော်ဘယ်ရီတွေက တကယ်အရသာရှိတာပဲ... ဒီလောက်အရသာရှိတာမျိုး အရင်ကမစားဖူးဘူး''
တော်ဝင်ပညာရှင်လီလည်း စတော်ဘယ်ရီတစ်လုံးကောက်စားလိုက်သည်။ သူစားချင်စိတ်မရှိဘူးဆိုရင်တောင် စတော်ဘယ်ရီကအရသာရှိသည်ဟုခံစားမိကြောင်း ဝန်ခံရပေမည်။
ကျွိ!
ခပ်စူးစူးအသံထွက်လာသည်။
ကျောက်စားပွဲတစ်နေရာတွင် ရှဉ့်တစ်ကောင်ပေါ်လာပြီး ခြင်းထဲမှသစ်သီးကိုစိုက်ကြည့်နေသည်။
"ဒါ သူဌေးချင်ရဲ့ကောင်လေးလား?''
ပါမောက္ခရန်က ရှဉ့်ကိုကြည့်ပြီး ပြုံးပြုံးနှင့်ပြောလိုက်သည်_
"အင်တာနက်မှာပြောကြသလို သူဌေးချင်ရဲ့ကောင်လေးက အရမ်းဉာဏ်ကောင်းတာပဲ... အသီးတောင်းနေတာလား?''
တော်ဝင်ပညာရှင်လီက စတော်ဘယ်ရီသီးယူပြီး ရှဉ့်ကိုပေးလိုက်သည်။ ရှဉ့်ကစတော်ဘယ်ရီသီးပိုက်ပြီး တစ်ကိုက်ကိုက်ကာ တကျွိကျွိအော်နေသည်။ ကြည့်ရတာ အရမ်းပျော်နေပုံပင်။
သူ့ကြည့်ပြီး တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကပြုံးလိုက်သည်။ ထိုအချိန် ရှဉ့်က QR ကုဒ်လာပေး၍ တော်ဝင်ပညာရှင်လီကြောင်သွားသည်။
"တော်ဝင်ပညာရှင်လီ... ဖုန်းနဲ့စကင်န်ဖတ်လိုက်''
ပါမောက္ခရန်ကပြုံးပြီး ပြောလိုက်သည်။
တော်ဝင်ပညာရှင်လီ သိချင်သွားသည်။ သူကဖုန်းနှင့် QR ကုဒ်ကိုစကင်န်ဖတ်လိုက်ရာ စာတစ်စောင်ရသည်:
"ရှဉ့်လေးမွေးနီဆီမှအလှအပဥလက်ဆောင်ရတဲ့အတွက်ဂုဏ်ယူပါတယ်... ဧည့်ကောင်တာတွင် ထုတ်ယူနိုင်ပါတယ်ရှင်!''
"ဒီရှဉ့်က ကျေးဇူးဘယ်လိုပြန်ဆပ်ရလဲ သိတာပဲလား?''
တော်ဝင်ပညာရှင်လီက ပြုံးလိုက်သည်။