သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်က ဒီလောက်တောင်ပဲလား?
Vol. 43 Ch. 645
သွမ့်မုရွေ့ရန်ကမဖြစ်နိုင်မှန်းသိသော်လည်း မျှော်လင့်စောင့်စားမိသည်။ တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်အစီရင်ခံစာအမြန်ဆုံးထွက်ဖို့ သူမျှော်နေသည်။
ဒီလိုစိတ်အခြေအနေမျိုးက နည်းနည်းထူးဆန်းသော်လည်း လူတိုင်းဖြစ်တတ်သည်။
တစ်ခါတလေ မဖြစ်နိုင်တာတောင့်တမိခြင်းကို ရှောင်လွှဲမရချေ။
ထို့ကြောင့် ကုသခန်းဘက်အမြန်သွားပြီး ထန်ရှိုးဝမ်ရုံးခန်းထဲဝင်လိုက်သည်။
ထန်ရှိုးဝမ်မှာ သက်လတ်ပိုင်းလူတစ်ယောက်နှင့်တွေ့ဆုံနေသည်။ သူမလက်ထဲတွင် ထိုသက်လတ်ပိုင်းလူ၏ အချက်အလက်များကိုင်ထားသည်။
သက်လတ်ပိုင်းအမျိုးသားမှာ ဆရာဝန်တစ်ဦးဖြစ်သည်။ သူမဆရာသမားက အကြံပြုထောက်ခံထားသောသူပင်။
အပန်းဖြေစံအိမ်ဆေးကုခန်းအနေနှင့် ဆေးကုခန်းဆရာဝန်က သူမတစ်ယောက်တည်းရှိနေလို့မဖြစ်။ နောက်ထပ်အရည်အချင်းရှိသောဆရာဝန်နှစ်ယောက်လိုသေးသည်။
ရှေ့လျှောက် အပန်းဖြေစံအိမ်မှာ ခက်ခက်ခဲခဲခွဲစိတ်မှုမျိုးတောင်လုပ်နိုင်ဖို့တွေးထားသည်။ မည်သို့ဆိုစေ သူဌေးလက်ခံတဲ့ဧည့်သည်တွေက နှယ်နှယ်ရရမဟုတ်။ ဆေးကုခန်း၏စွမ်းဆောင်ချက်ကိုမြှင့်တင်ရမည်။
အပန်းဖြေစံအိမ်တွင် တခြားကျွမ်းကျင်သူများကိုဆွဲခန့်၍ရသော်လည်း ဆရာဝန်လိုကျွမ်းကျင်သူမျိုးကိုမူ အလွယ်တကူဆွဲမခေါ်ရဲသောကြောင့် သူဌေးက ဒီကိစ္စအတွက် သူမဆီအပြည့်အဝအာဏာလွှဲထားသည်။
သူဌေးနှင့်သူဌေးကတော်က ယုံကြည်ထားသောကြောင့် သေသေချာချာလုပ်ရမည်။ သူမက အရင်ဆရာကိုရှာပြီး ဆရာဝန်နှစ်ယောက်အကြံပြုခိုင်းသည်။
ဒီအပန်းဖြေစံအိမ်မှာ ထိပ်တန်းဆရာဝန်တွေမခန့်နိုင်။ ထိုဆရာဝန်များမှာ အကြီးအကဲပါမောက္ခအဆင့်နီးနီးရှိ၍ အနိမ့်ဆုံးလစာက ယွမ် ၁၅၀၀၀၀ နှင့်အထက်ရှိပြီး ဆုကြေးအမျိုးမျိုးလည်းရသည်။
သို့ရာတွင် တချို့ဆရာဝန်များမှာ ဆေးပညာအရည်အချင်းမြင့်သော်လည်း အပြောမတတ်၍ ဆေးရုံစနစ်နှင့်အသားမကျ။ သူတို့ရည်မှန်းချက်များတောင် ခေါင်းဆောင်များကဖိနှိပ်တာခံရသည်။
သူမရှေ့ကပုဂ္ဂိုလ်က လင်းရန်။ အရည်အချင်းရှိဆရာဝန်တစ်ဦးဖြစ်သော်လည်း တုတ်ထိုးအိုးပေါက်ပြောတတ်ပြီး သူဌေးသားတစ်ယောက်ကိုကြားဖြတ်ဝင်ခွဲစိတ်ခွင့်မပြုခဲ့သောကြောင့် နောက်ဆုံး သူဌေးသားနှင့်အဆက်အစပ်ရှိသောလက်ထောက်ဒါရိုက်တာ၏ဖိနှိပ်မှုကိုခံခဲ့ရသည်။
ထို့ကြောင့် လင်းရန်မှာ အဆင့်မတက်နိုင်၊ရာထူးလည်းမတိုးနိုင်။ ဆေးပညာအရည်အချင်းရှိရင်တောင် အသုံးမဝင်ချေ။
အထူးသဖြင့် ဒီနှစ် လက်ထောက်ဒါရိုက်တာကရာထူးတိုးသွား၍ ဒီလိုဆက်ဆံမှုတွေနှင့်သူမသင့်တော်ဟု ပိုပြီးသံသယဖြစ်လာသည်။
အလုပ်ပြောင်းဖို့လည်း တွေးမိသည်။ သူ့အပိုင်းမှာလုပ်ပိုင်ခွင့်ရှိမှတော့ အဆင့်တူသောဆေးရုံအားလုံးက ဒီဆေးရုံဒါရိုက်တာအသစ်ကိုမျက်နှာသာပေးကြလိမ့်မည်။ နောက်ပြီး သူ့လိုခေါင်းမာသောဆရာဝန်မျိုးကို ဘယ်ဆေးရုံခေါင်းဆောင်မှကြိုက်မည်မဟုတ်ပေ။
ထန်ရှိုးဝမ်နှင့်လင်းရန်မှာ အတွေ့အကြုံမျှဝေရင်း ပထမဆုံးတွေ့ဆုံမှုက အတော်လေးအဆင်ပြေနေသည်။
"ဒေါက်တာသွမ့်မု... အရေးကြီးကိစ္စရှိလား?''
ထန်ရှိုးဝမ်က သွမ့်မုရွေ့ရန်အလောတကြီးဝင်လာသည်ကိုမြင်ပြီး ချက်ချင်းမေးလိုက်သည်။ တော်ဝင်ပညာရှင်လီအကြောင်းတစ်ခုခုဖြစ်မည်ထင်သည်။
"ဒေါက်တာထန်... တော်ဝင်ပညာရှင်လီရဲ့စမ်းသပ်ချက်ကိုလောပေးလို့ရမလား?''
သွမ့်မုရွေ့ရန်က အလောတကြီးမေးသည်_
"တော်ဝင်ပညာရှင်လီရဲ့အခြေအနေပြောင်းလာတယ်ထင်တယ်... ကျွန်တော်အမြန်ဆုံးသိချင်တယ်''
"အင်း''
ထန်ရှိုးဝမ်ခေါင်းညိမ့်လိုက်သည်_
"ပြီးရင် ရုံချန်းဆေးရုံကိုဖုန်းဆက်လိုက်မယ်''
"နှောင့်ယှက်မိတဲ့အတွက်အားနာပါတယ် ဒေါက်တာထန်''
ထန်ရှိုးဝမ်လုပ်စရာရှိနေသောကြောင့် သွမ့်မုရွေ့ရန်က ဆက်မနှောင့်ယှက်တော့။ သူကနှုတ်ဆက်ပြီး ထွက်သွားသည်။
"ဒေါက်တာထန်... ဒေါက်တာသွမ့်မုကလည်း ဒီကဆရာဝန်လား?''
လင်းရန်က သူတို့စကားကြားပြီး စူးစမ်းလိုက်သည်။
"ဒီမှာ အနားယူအားဖြည့်နေတဲ့တော်ဝင်ပညာရှင်တစ်ယောက်ရှိတယ်''
ထန်ရှိုးဝမ်ကရှင်းပြသည်_
"ဒေါက်တာသွမ့်မုက သူ့ရဲ့ကိုယ်ရေးဆရာဝန်ပါ''
လင်းရန်နည်းနည်းအံ့ဩသွားသည်။
ချင်းလင်အပန်းဖြေစံအိမ်မှာ တော်ဝင်ပညာရှင်ရှိတယ်လား? ပြီးတော့ ပြုစုစောင့်ရှောက်မယ့်ကိုယ်ရေးဆရာဝန်ရှိတဲ့တော်ဝင်ပညာရှင်!
ဒါ နှယ်နှယ်ရရတော်ဝင်ပညာရှင် လုံးဝမဟုတ်။
သူဒီနေ့ ချင်းလင်အပန်းဖြေစံအိမ်ရောက်လာတာ သူ့ဆရာအသိပါမောက္ခ၏ထောက်ခံချက်ကြောင့်ပင်။ နောက်ပြီး ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံက အရမ်းနာမည်ကြီးမှန်း သူသိသည်။
အခုတလော အင်တာနက်ပေါ်မှာ ချင်းလင်အပန်းဖြေစံအိမ်က နာမည်ကြီးနေသည်။ ကြော်ငြာဗီဒီယိုတွင် ပတ်ဝန်းကျင်မှတဆင့် အကောင်းဆုံးကုသမှုပေးသောအပန်းဖြေစံအိမ်အဖြစ်နာမည်ကြီးနေသည်။
နောက်ပြီး ဒီနေ့အပန်းဖြေစံအိမ်ရောက်လာတော့ စံအိမ်ပတ်ဝန်းကျင်ကအရမ်းလှပြီး ဗီဒီယိုထဲမှာထက်ဆွဲဆောင်မှုရှိသည်။
ပတ်ဝန်းကျင်အပြင် အပန်းဖြေစံအိမ်ဝင်ကြေးယွမ် ၃ သန်းကလည်း ဆွေးနွေးစရာခေါင်းစဉ်ဖြစ်နေသည်။
အဓိကက ယွမ် ၃ သန်းရှိရင်တောင် နေခွင့်ရဦးမည်မဟုတ်။ အံ့အားသင့်ခဲ့ရသော ပရိသတ် ၁၅ သန်းနှင့်အင်တာနက်ဆယ်လီတစ်ယောက်ရှိဖူးသည်။
ချင်းလင်အပန်းဖြေစံအိမ်က ဘယ်လိုဧည့်သည်မျိုးလက်ခံလဲ အတော်များများစိတ်ဝင်စားနေကြသည်။
ချင်းလင်အပန်းဖြေစံအိမ်ကလက်ခံတဲ့ဧည့်သည်ပထမအသုတ်မှာ ထူးချွန်တဲ့တော်ဝင်ပညာရှင်ပါလိမ့်မည်ဟု မထင်မိပေ။
ဒီအဆင့်အတန်းက မြင့်လှပြီ။
သူလိုတော်ဝင်ပညာရှင်မျိုး ချင်းလင်အပန်းဖြေစံအိမ်မှာလာအနားယူသည်ဆိုသောအချက်က စံအိမ်ကိုအသိအမှတ်ပြုခြင်းတစ်မျိုးပင်။
…
သွမ့်မုရွေ့ရန်က တော်ဝင်ပညာရှင်လီအခန်းထဲပြန်လာပြီး PET-CT ပုံနှစ်ခုကိုကိုင်ကြည့်လိုက်သည်။ ကြည့်လေလေ ပိုသိချင်လာလေလေ...
နောက်တစ်နေ့_
တော်ဝင်ပညာရှင်လီ၏ alpha protein နှင့် သွေးရည်ကြည်အဖြေကို အပန်းဖြေစံအိမ်ဆေးကုခန်းဆီပို့လိုက်သည်။
ထန်ရှိုးဝမ်အသိပေးပေးချင်း သွမ့်မုရွေ့ရန်က သူမရုံးခန်းထဲလာပြီး တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်ကိုလာယူသည်။
လင်းရန်လည်းရှိနေသည်။
ဒီမှာနေဖို့ဆုံးဖြတ်ထားသော်လည်း လုပ်ငန်းစဉ်များမဖြတ်ရသေး။ ဒီနေ့ တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်ကို အဓိကသိချင်နေသည်။ ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်လီဘယ်သူလဲ သူသိထားပြီ။
ဒီလိုပညာရှင်မျိုးကို သူလည်းလေးစားသည်။
"ဒေါက်တာထန်... စမ်းသပ်ချက်ရော?''
သွမ့်မုရွေ့ရန်က အလောတကြီးမေးသည်။
ထန်ရှိုးဝမ်က သွမ့်မုရွေ့ရန်ကိုစမ်းသပ်ချက်ကမ်းပေးရင်း_
"ကျန်တဲ့ ကင်ဆာသန္ဓေ antigen ကင်ဆာ antibody နဲ့ သွေးရည်ကြည် အစာအိမ်အူလမ်းကြောင်းဟော်မုန်းက မနက်ဖြန်မှရမယ်တဲ့''
သွမ့်မုရွေ့ရန် ခေါင်းညိမ့်လိုက်သည်။ သူက တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်ကိုယူပြီး အမြန်ထုတ်ကြည့်လိုက်သည်။ အလားတူစမ်းသပ်ချက်နှင့် အချက်အလက်များကိုနှိုင်းယှဉ်ကြည့်သည်။
အချက်အလက်များကြည့်ရင်း သူ့မျက်နှာကတဖြည်းဖြည်းစိတ်လှုပ်ရှားပုံပေါက်လာကာ_
"တကယ်ဟုတ်နေတာပဲ... မယုံနိုင်စရာပါလား''