← Chapters

အစ်ကို၃၏တိုက်ပွဲ

Vol. 010 Ch. 917

အစ်ကို၃၏တိုက်ပွဲ

Vol. 010 Ch. 917

ထင်မှတ်ထားသည့် အတိုင်း တိုက်ပွဲစသည်နှင့် ယူချင်းက တစ်ယောက်ပြီး တစ်ယောက် စင်မြင့်ထက်မှ လွှင့်ပစ်ခဲ့၏။

ယူချင်း တိုက်ခိုက်နေတုန်း အချိန်အခါတွင်ပင် အပေါ်အလွှာမှ အလင်းတန်း နှစ်ခုကို လူအများက သတိထားမိကြသည်။ အပေါ် အလွှာတွင် လူနှစ်ယောက် ရပ်နေကြသည်။

ရီဖူရှင်းကား ခြောက်လွှာ၌ ထိုင်နေသော်လည်း အပေါ် အလွှာများအား ကောင်းကောင်း မြင်ရပေသည်။ သူ၏ မျက်လုံးများက စူးရှစွာဖြင့် ကောင်းကင်ရှစ်လွှာသို့ ရောက်သွားသည်တွင် အဖြူရောင်ဝတ် လူငယ် တစ်ယောက်အား မြင်သည်။ သူကား စာပေသမား တစ်ယောက်နှင့် တူကာ ရိုးရှင်းဟန် ရသော်လည်း တစ်နည်းနည်းအားဖြင့် ထည်ဝါ ခန့်ညားပေ၏။

"အစ်ကို ၃..." ရီဖူရှင်းက စိတ်ထဲမှ ရေရွတ်မိသည်။ သူ၏ အစ်ကို၃ကား အမှန်တကယ်ပင် ကျူးထန် နန်းတော်တွင် ဖြစ်ကာ ရှစ်လွှာ၌ ရှိသည်။ အစ်ကို၃ ရှိသည်ဆိုပါက ဂျီယူတို့လည်း ထိုအလွှာတွင် ရှိရပေမည်။

"မုဖန်းချန်း..." ထိုအခိုက်တွင် အော်သံများအကြား နာမည်တစ်လုံးကို သူ သတိထားမိသည်။ သူတို့အားလုံးက ဂူတုံးလျို၏ ဘေးနားတွင် ရပ်နေသော ပြိုင်ဘက်ကင်း ပါရမီရှင် မုဖန်းချန်းကို မှတ်မိကြသည်မှာ သေချာပေသည်။

ကျူးထန်ရှစ်လွှာ၌ရှိသော ထိပ်သီး ပါရမီရှင်များ အထဲတွင် သူကား ရှစ်ပွဲဆက်တိုက် အနိုင်ရထားပြီ ဖြစ်ကာ နောက်နှစ်ပွဲမျှ အနိုင်ရရုံမျှဖြင့် သူက ကိုးလွှာသို့ တက်ရောက်ခွင့် ရတော့မည် ဖြစ်သည်။ မုဖန်းချန်းကား မကြာမီ ကိုးလွှာမှ နာမည်ကျော် ပါရမီရှင်များနှင့် နှိုင်းယှဉ် ရတော့မည့် တစ်စုံ တစ်ယောက်လည်း ဖြစ်၏။

"အဲဒါ ဂူတုံးလျို ... ဟုတ်တယ်မလား..." အသံများ တစ်သံပြီး တစ်သံ ဆက်တိုက် ကြားရ၏။

"ဟုတ်တယ် ... သူက ခုနစ်လွှာမှာ နောက်ဆုံး အချိန်ကျမှ ပေါ်လာတဲ့ တစ်ယောက်မလား..." တစ်ယောက်က ပြောသည်။

ပတ်ဝန်းကျင်မှ စကားပြောသံများကို နားထောင်ပြီးနောက် ခုနစ်လွှာနှင့် ရှစ်လွှာတွင် အရေးပါသော တိုက်ပွဲများ ဖြစ်နေကြောင်း သူ သိလိုက်၏။

"သူက တကယ် တစ်ခုခုပဲ ... ဂူတုံးလျိုက ရှစ်လွှာမှာ ရှစ်ပွဲဆက်တိုက် အနိုင်ရဖို့ ဘယ်နှရက်ပဲ ကြာခဲ့သလဲ..." လူအများအပြားက လေးစား ချီးကျူးဟန်ဖြင့် ပြောကြသည်။

"ပြောကြတာကတော့ ဂူတုံးလျိုက အောက်ဘုံက တက်လာတာတဲ့ ... ဒီလို ပါရမီမျိုးက တကယ်ပဲ အံ့အားသင့်စရာပဲ..."

ခုနစ်လွှာနှင့် ရှစ်လွှာတွင် ရှစ်ပွဲဆက်တိုက် အနိုင်ရသူများက နောက်ထပ် ရှစ်ပွဲဆက်တိုက် အနိုင်ရသူ တစ်ယောက်နှင့် တိုက်ခိုက်ရပေသည်။ အနိုင်ရသူက တစ်ဖက်မှ နောက်ထပ် ကိုးပွဲဆက်တိုက် အနိုင်ရသူနှင့် တိုက်ခိုက် ယှဉ်ပြိုင်ရပေသည်။ ဤနည်းဖြင့် ဆယ်ပွဲဆက်တိုက် အနိုင်ရမှသာလျှင် ကိုးလွှာသို့ တက်ကာ ကျူးထန်အဆင့်၌ ကမ္ပည်းတွင်ခွင့် ရပေသည်။ ရှုံးနိမ့်ခဲ့သူမူကား ပထမတိုက်ပွဲမှ ပြန်လည်၍ စတင် ယှဉ်ပြိုင်ရပေမည်။

ထို့ကြောင့် ယခု ဂူတုံးလျိုနှင့် မျက်နှာချင်းဆိုင် ရပ်နေသော မုဖန်းချန်းမှာလည်း ရှစ်ပွဲ ဆက်တိုက် အနိုင်ရထားသူဟု ဆိုလိုပေသည်။

"တကယ်ပဲ အားကောင်းတယ် ... ငါကြားတာက ဂူတုံးလျိုနဲ့ အောက်ဘုံက လူတွေ အထက်ဘုံက ပေ့ချိန်ရန်နဲ့ ပြဿနာတွေ တက်ခဲ့တယ်လို့ ကြားတယ် ... ဒါကြောင့်ပဲ ဂူတုံးလျိုက ကိုးလွှာမှာရှိတဲ့ ပေ့ချိန်ရန်ကို စိန်ခေါ်ဖို့ ကျူးထန် နန်းတော်မှာ လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်..."

"ငါလည်း အဲဒီ သတင်းကို ကြားတယ် ... တကယ်လို့ ဂူတုံးလျိုသာ ကိုးလွှာသို့ တက်နိုင်ရင် ငါက ဘယ်လောက် စျေးကြီးပါစေ သူနဲ့ပေ့ချိန်ရန်တို့ တိုက်ပွဲကို ကိုးလွှာမှာ သွားကြည့်မယ်..."

အနီးတစ်ဝိုက်မှ လူများမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြစဉ်မှာပင် လေထဲကို အသံတစ်သံ ပျံ့လွင့်လာသည်... "ရှစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဂူတုံးလျိုနဲ့ ရှစ်ပွဲဆက်တိုက် အနိုင်ရထားတဲ့ မုဖန်းချန်းတို့က ကောင်းကင်ရှစ်လွှာမှာ နောက်တစ်နာရီကို စတင်ယှဉ်ပြိုင် တိုက်ခိုက်ကြမယ်..." အသံကား ကောင်းကင်ရှစ်လွှာမှာ ဆင်းသက်လာကာ အားလုံးသူတို့အား ရှင်းရှင်း လင်းလင်း ကြားစေသည်။

ရီဖူရှင်း၏ မျက်လုံးများက အလွန်အမင်း ထက်ရှသွားသည်။ သူကား ကျူးထန် နန်းတော်မှ စည်းကမ်းများကို သိနားလည်ပြီးဖြစ်ရာ သူ၏ အစ်ကို၃မှာ ကိုးလွှာသို့ တက်ရောက်ရန် နှစ်ပွဲမျှသာ အနိုင်ရရန် လိုအပ်တော့ကြောင်း သိသည်။

"အစ်ကို၃... ကျုပ်ကို စောင့်နေပါ..." ရီဖူရှင်းက တီးတိုး ရေရွတ်သည်။ သူက သည်အတိုင်း လာရောက်ကာ တိုက်ပွဲအား စောင့်ကြည့် နိုင်ပေသည်။ သို့သော်လည်း သူကား မည်သို့ ဘေးထွက် ထိုင်နေနိုင်မည်နည်း။ ကျူးထန်အဆင့်ဝင် ပေ့ချိန်ရန်က မည်သို့သတ္တိဖြင့် ရီဝူချင်း၏ သက်စောင့် ဝိညာဉ်အား ဆောင်ယူ သွားရဲသည်ကို သူကိုယ်တိုင် ကြည့်လိုပေသည်။

ရှားရှင်းယွန်သာ သည်နေရာတွင် ရှိနေပါက အရာအားလုံးမှာ ပိုမို၍ပင် လွယ်ကူ ပေဦးမည်။ သူကား အင်ပါယာရှား၏ လက်အောက်မှ အုပ်ချုပ်ရေး ယန္တရားတွင် တော်ဝင်မြေ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူက စည်းမျဥ်းစည်းကမ်းအတိုင်း လုပ်ဆောင်သရွေ့ မည်သူကမှ သူ့အား ထိရဲကြမည်မဟုတ်ပေ။

ယူချင်းကလည်း ရှစ်လွှာမှ တိုက်ပွဲကြေညာသံကို ကြားသည်။ မြန်ဆန်စွာပင် သူကလည်း တိုက်ပွဲအား အဆုံးသတ်ပြီး တံဆိပ်ပြားအား ယူကာ စင်မြင့်ထက်မှ ဆင်းသက် လာခဲ့သည်။

သူက ရီဖူရှင်းဘေးတွင် လာရပ်ကာ မော့ကြည့်သည်။ ဂူတုံးလျိုနှင့် မုဖန်းချန်းတို့မှာ စင်မြင့်ထက်တွင် ရပ်နေကြသော်လည်း တိုက်ခိုက်ခြင်း မပြုကြသေးပေ။ ထိုအရာကပင် ကျူးထန် နန်းတော်၏ လုပ်နည်းလုပ်ဟန် ဖြစ်သည်။ ပွဲကြီးပွဲကောင်း ဖြစ်ရကား ပုံမှန်အားဖြင့် သူတို့က ကြည့်ရှုသူ များပြားရန် လိုအပ်ပေသည်။

ယခုကား ကျူးထန် နန်းတော် အတွင်းမှ မည်သူကမှ သူတို့ရှေ့မှ တိုက်ပွဲများအား စိတ်ဝင်စားဟန် မရကြတော့ပေ။ သူတို့အားလုံးက ရှစ်လွှာတွင် ရှိနေသော တိုက်ပွဲစင်မြင့်အား လှမ်းကြည့် နေကြသည်။

"သွားရအောင်..." ရီဖူရှင်းက ယူချင်းကို ပြောသည်။ သူတို့ နှစ်ယောက်လုံးက ဘေးနားတွင်ရှိသော လှေကားမှ အပေါ်သို့ တက်ကြသည်။

"သူတို့ ခုနစ်လွှာသို့ တက်ကြပြီ..." ရီဖူရှင်းနှင့် ယူချင်းတို့၏ တိုက်ပွဲကို လာရောက် ကြည့်ရှုသူများက သူတို့ ရွှေ့လျားသည်ကို သတိထား မိကြသည်။ အချို့ကလည်း ထရပ်ကာ ခုနစ်လွှာသို့ လိုက်ပါ ကြည့်ရှုရန် ပြင်ကြသည်။ တစ်ဖက်တွင် သူတို့က ဂူတုံးလျိုနှင့် မုဖန်းချန်းတို့၏ တိုက်ပွဲကိုလည်း ပိုမိုနီးကပ်စွာ မြင်တွေ့ နိုင်ပေသည်။

တစ်ချိန်တည်းမှာပင် သူတို့က ရီဖူရှင်းနှင့် ယူချင်းတို့၏ စွမ်းဆောင်ရည်များအား မြင်တွေ့ လိုကြသည်။ ခုနစ်လွှာသို့ သုံးပွဲတည်း တိုက်ခိုက်ကာ တက်ရောက် လာသော သည်နှစ်ယောက်က နိုင်ပွဲဆက်နိုင်ဦး မလား သူတို့ တွေ့မြင် လိုကြသည်။

ထိုအခိုက်တွင် လူတစ်စု လှေကားရင်း၌ ပေါ်လာကြသည်။ သူတို့ကား ကောင်းကင် လှေကားကို စောင့်ကြပ်သော လီချိန်ယွန်တို့အဖွဲ့ ဖြစ်ကြ၏။ ဂူတုံးလျိုနှင့် မုဖန်းချန်းတို့အား ရှစ်လွှာတွင် မြင်လျှင် သူကား လွန်စွာ ထိတ်လန့် မိသည်။

"သူတို့ ဟိုမှာ..." သူက ခုနစ်လွှာသို့ တက်လှမ်း နေကြသော ရီဖူရှင်းနှင့် ယူချင်းတို့ အားလည်း မြင်လျှင် ပိုမို၍ပင် ထိတ်လန့် အံ့အားသင့်ရ၏။

"သူတို့က တော်တော် မြန်တယ်..." လီချိန်ယွန်နောက်မှ လူများကလည်း အံ့အားသင့်စွာ ပြောကြသည်။

လီချိန်ယွန်ကား ပိုမို၍ပင် စိတ်ပျက် အားငယ်ရ၏။ တစ်ချိန်က သူကား လွန်စွာ မာနထောင်လွှားသူ ဖြစ်သော်လည်း ယခု အလွန် တိုတောင်းသော အချိန်ကာလ အတွင်း၌ ရီဖူရှင်းတို့က ခုနစ်လွှာသို့ တက်ရောက် သွားသည်အား မြင်လျှင် ခံစားချက်များ လွန်စွာ ရှုပ်ထွေးရ၏။ ရီဖူရှင်းကား အမှန်ပင် ကိုးလွှာသို့ တက်ရောက် နိုင်လောက်ပေ၏။

"သူတို့နောက်ကို လိုက်..." လီချိန်ယွန်က ပြောသည်။ ထို့နောက် သူတို့ကလည်း ခုနစ်လွှာတွင်ရှိသော ဧည့်ကြည့်စင်သို့ ရောက်လာကြ၏။

ရီဖူရှင်းက သူ၏ တံဆိပ်ပြားအား ကျူးထန်နန်းတော်မှ တာဝန်ရှိသူ တစ်ယောက်ထံသို့ ပေးအပ်ပြီးဖြစ်ကာ တိုက်ပွဲအတွက် စီစဉ်ပေးခြင်းအား စောင့်စားနေသည်။ သို့သော်လည်း လက်ရှိတွင် မည်သူကမှ ခုနစ်လွှာတွင် တိုက်ခိုက် နေကြခြင်း မရှိသလို မည်သူကမှလည်း ထိုသို့လုပ်ရန် စိတ်ဝင်စားဟန် မရှိပေ။ သူတို့အားလုံး၏ မျက်လုံးများက ဂူတုံးလျိုနှင့် မုဖန်းချန်းတို့ ထံသို့သာ ရောက်နေသည်။

ခုနစ်လွှာအတွင်း ထိုင်နိုင်သော သူများမှာ သိပ်မများသလို သူတို့ အားလုံးမှာလည်း အင်ပါယာရှား နယ်မြေအတွင်း၌ နာမည် ကျော်ကြားသော ကလန်များမှ လူများ ဖြစ်ကြပေသည်။

"မုဖန်းချန်းက ဒီတစ်ပွဲနိုင်ရင် ကျူးထန်း အဆင့်သို့ဝင်ဖို့ ခြေတစ်လှမ်းပဲ လိုလိမ့်မယ်..." တစ်ယောက်က မှတ်ချက်ချသည်။

"ဂူတုံးလျိုလည်း သိပ်အားနည်းဟန် မရဘူး ... သူ့သက်စောင့်ဝိညာဉ် ကလည်း ထူးခြားလွန်းတယ် ... မဟုတ်ရင် သူက ဒီအထိ ရောက်လာမှာ မဟုတ်ဘူး..."

"သူက အားကောင်းတယ် ဆိုပေမဲ့ အောက်ဘုံကပဲ မလား ... မုဖန်းချန်းက သူ အနိုင်ယူနိုင်တဲ့သူ မဟုတ်ဘူး ... ဒီတိုက်ပွဲက ဂူတုံးလျိုအတွက် နောက်ဆုံးပွဲ ဖြစ်လိမ့်မယ် ... သူက ပေ့ချိန်ရန်ကို စိန်ခေါ်ဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ကိစ္စပဲ..." မိန်းမလှ တစ်ယောက်က ပြောသည်။

"မုဖန်းချန်းက မင်းကို အရင်က လမ်းညွှန် ပြသဖူးတယ် မလား... မင်းက သူ့ကို စိတ်ဝင်စားနေတာ များလား..." သူမဘေးမှ လူငယ်တစ်ယောက်က စနောက်သည်။

"အဓိပ္ပာယ်မရှိတာ မပြောနဲ့....." ထိုမိန်းမက ရှက်ရွံ့ဟန်ဖြင့် ပြောသည်... "ငါက အမှန်ကို ပြောနေတာ ... အောက်ဘုံက မင်းသမီးလေးနဲ့ လေ့ကျင့်ခွင့် ရတယ် ဆိုပေမဲ့ ကိုယ့်နေရာကိုယ် မသိကြဘဲ ကျူးထန်အဆင့်သို့ တက်ချင်ကြတယ်..."

"အောက်ဘုံက အရေးမပါတဲ့သူ တစ်ယောက်က အခု ကောင်းကင် ရှစ်လွှာမှာ ရပ်နေပြီး လူတွေ အကုန်လုံးက ဝိုင်းကြည့်ကြရတယ်... မင်းက အခု ဘယ်မှာလဲ..." အေးစက်သော အသံတစ်သံကို ကြားလိုက်ရ၏။

All Chapters