အိုက်ရှား မြို့တော်
Vol. 22 Ch. 325
Child of light (ကျန်းကုန်း)
Volume 11: Chapter 33 - Capital of Aixia
ကျုပ်စိတ်ထဲမှာ နတ်ဆိုးမျိုးနွယ် ငြိမ်းချမ်းရဲ့လား လို့ တွေးမိနေတယ်။ မဟုတ်သေးပါဘူး။ မုန်တိုင်းမလာခင် ငြိမ်သက်တဲ့ပုံလိုပဲ။ ကျုပ်ထင်တာမမှားရင် အခုဆို မိစ္ဆာဘုရင် အသက်ပြန်ရှင်နေလောက်ပြီ။
“ကျန်းရှန်.. ငါအခု အိုက်ရှားမြို့တော်ကို သွားမယ်.. ဟိုကောင်တွေ သွားစရာ မလိုတော့ဘူး.. ငါတို့ အခြေစိုက်စခန်းကိုလဲ ကာကွယ်ဖို့ လူလိုသေးတယ်.. စိတ်မပူနဲ့ ငါ အလင်းနတ်ဘုရား အမွေ ဆက်ခံပြီးသွားပြီ.. မိစ္ဆာဘုရင် ပေါ်လာရင်တောင် ငါ့မန္တန်ကို မင်းတို့ အကူအညီနဲ့ ပေါင်းပြီး ဖယ်ရှားနိုင်တယ်..”
“ကျန်းကုန်း.. ငါမင်းနဲ့ လိုက်ပါရစေ.. ဒီနေရာက ညီအစ်ကိုတွေနဲ့တင် လုံလောက်မှာပါ..”
“ကောင်းပြီလေ.. ဒါဆိုလဲ အတူတူသွားတာပေါ့.. အချိန်မရှိတော့ဘူး.. ငါမှန်းရသလောက်ဆို သိပ်မကြာခင် မိစ္ဆာမျိုးနွယ် ထပ်ပေါ်လာပြီး ထိုးစစ် ကြီးကြီးမားမား လုပ်လာလိမ့်မယ်။ အပြောင်းအလဲတွေ လိုက်လျောညီထွေအောင် ပြင်ဆင်ဖို့ ကျန်တဲ့သူတွေနဲ့ အမြန်ဆုံးတွေ့မှ ဖြစ်မယ်..”
ပြောပြီးတာနဲ့ အချိန်မဖြုန်းတော့ဘဲနဲ့ မြေပြင်ပေါ်မှာ တာဝေးတည်နေရာရွှေ့ပြောင်း ဝင်္ကပါ ချက်ချင်း ဆွဲလိုက်တော့တယ်။
မှော်ဝင်္ကပါ ဆွဲပြီးတဲ့အချိန် ကောင်းကင်မှာ ရောင်နီတောင် သန်းလာခဲ့ပြီ။ မှော်ဝင်္ကပါအသက်မသွင်းခင် ကျန်းရှန်နဲ့ အတူ ကျန်တဲ့ညီအစ်ကိုတွေကို အခြေစိုက်စခန်းကို ကာကွယ်ဖို့နဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ညွှန်ကြားခဲ့လိုက်တယ်။
အလင်းတန်း တစ်ခု လင်းလက်ပြီး ကျုပ်တို့တွေ မှော်ဝင်္ကပါထဲကနေ ချက်ချင်း ပျောက်သွားတော့တယ်။
............
“အာ.. တကယ်ကို ဒီနေရာပဲ..”
အရာအားလုံး လွမ်းစရာတွေကြီးပဲ။ ကျန့်ရှန်နဲ့ ကျုပ်တို့တွေ အိုက်ရှားအတွင်းပိုင်းကို တိတိကျကျ ရောက်ခဲ့တာဗျ။ ကျုပ်အခု ရောက်နေတာက အိုက်ရှားနိုင်ငံရဲ့ မှော်ပညာ အထက်တန်းကျောင်း၊ ကျုပ် လေ့လာသင်ယူခဲ့ဖူးတဲ့ ကျောင်းပေါ့။ ကျုပ်အတွက် အားလုံးက ရင်းနှီးပြီးသား ဖြစ်တဲ့အပြင် လွမ်းစရာတွေကြီးပဲ။ ဆရာတိနဲ့ ဆရာကျန်း ဘယ်လိုနေကြလဲ မသိဘူး။ မိစ္ဆာမျိုးနွယ်နဲ့ တိုက်ပွဲမှာများ ဝင်ပါနေကြလား။ မာခယ်ကတော့ အိုက်ရှားနိုင်ငံရဲ့ ထီးနန်း အမွေဆက်ခံပြီးနေ လောက်ပါပြီ။ သူရော ဘယ်လိုနေလဲ မသိဘူး။
“ကျန်းကုန်း.. ဘာပြဿနာ ရှိလို့လဲ.. နေရာမှားပို့လို့လား..”
ကျန်းရှန် စူးစူးဝါးဝါး မေးတော့သည်။
နတ်ဘုရားစွမ်းအားတွေ ခန္ဓာကိုယ်ထဲကို ပြန်သိမ်းရင်းနဲ့..
“မဟုတ်ပါဘူး.. တည်နေရာ ပြောင်းတာက အတိအကျပဲ.. ဒီနေရာက ငါ့အတွက် လွမ်းစရာတွေ ကြီးပဲလေ.. ငါ ဒီကျောင်းမှာ စာသင်ခဲ့ဖူးတယ်လေ..”
ကျန်းရှန် ပြုံးရင်းနဲ့ပဲ..
“ဒါဆို သွားရအောင်.. ငါတို့မှာ လွမ်းနေဖို့ အချိန်မရှိသေးဘူးလေ..”
ကျုပ်လဲ အတွေးတွေ ရှင်းထုတ်လိုက်ပြီး..
“ကောင်းပြီ.. အခု နန်းတော်ကို သွားရအောင်.. အားလုံး ဘယ်မှာရှိတယ်ဆိုတာ သေချာပေါက် သိလိမ့်မယ်..”
ကျန်းရှန် ပြန်ဖြေမလို့ လုပ်တုန်း ခြေသံတွေ ကြားလိုက်ရတယ်။ ကျုပ်တို့ကို ဝိုင်းထားကြတာဗျ။ ဒါ တော်ဝင် မှော်သမဂ္ဂအဖွဲ့ဝင်တွေဖြစ်မယ်။ မှော်ဆရာတွေ ရာနဲ့ချီပြီး ကျုပ်တို့ကို စိုက်ကြည့်နေကြတယ်။ သူတို့ တောင်ဝှေးတွေကနေ အလင်းတန်းတွေ တောက်ပနေလိုက်တာ ကျုပ်တို့ကို အစွမ်းကုန် တိုက်ခိုက်နိုင်တယ် ဆိုတာ သေချာသိနေတယ်။ အင်း.. မိစ္ဆာမျိုးနွယ်ရဲ့ ပယောဂကြောင့် မှော်သမဂ္ဂရဲ့ တုန့်ပြန်မှု အရမ်းကို မြန်နေရောပဲ။ တည်နေရာရွှေ့ပြောင်း မှော်ဝင်္ကပါက မှော်စွမ်းအင်လှိုင်းတွေ အမြန်ဆုံး တွေ့သွားကြတာပဲ။
မှော်ဆရာ အဘိုးကြီးက ခေါင်းဆောင် ထားတဲ့ပုံဗျ။ သူကပဲ ခက်ထန်ထန် အသံနဲ့..
“မင်းတို့ ဘယ်သူတွေလဲ..”
သူ့ရင်ဘတ်ပေါ်က အမှတ်အသားအရဆို မီးမှော်ဆရာ တစ်ယောက် ဖြစ်လိမ့်မယ်ဗျ။
ကျုပ် လမ်းလျှောက် ရှေ့တိုးရင်း..
“ခင်ဗျား ဘာမှ လုပ်စရာမလိုပါဘူး… ကျုပ်တို့က မိတ်ဘက်ွေပါ.. ကျုပ်က တော်ဝင် မှော်ပညာအထက်တန်း ကျောင်းက ကျောင်းသားတစ်ယောက်ပါ.. တာဝေးပို့ တည်နေရာရွှေ့ပြောင်း မှော်ဝင်္ကပါနဲ့ ပြန်လာတာပါ..”
မှော်ဆရာ အဘိုးကြီး ကျုပ်ကို မသင်္ကာကြည့် ကြည့်ပြီး..
“မင်း ဘယ့်သူ့ကို လိမ်နေတယ် ထင်လဲ.. မှော်ဝင်္ကပါဆိုတာ တာဝေး တည်နေရာရွှေ့ပြောင်း မှော်ဝင်္ကပါ ဖြစ်လိမ့်မယ်.. ပုံသေနေရာချထားပြီးမှ မှော်ဝင်္ကပါကို သုံးရတာ.. အိုက်ရှားနိုင်ငံတော်မှာတောင် သုံးနိုင်တဲ့သူ နည်းနည်းပဲရှိတာ.. ပြောစမ်း.. မင်း မိစ္ဆာမျိုးနွယ်နဲ့ ပတ်သက်နေလား..”
“ကျုပ်ပုံစံက မိစ္ဆာမျိုးနွယ်နဲ့ ပတ်သက်နေတဲ့ပုံ ပေါ်နေလို့လား..”
အဲ့ အဘိုးကြီး အေးစက်စက်နဲ့ပဲ..
“မိစ္ဆာမျိုးနွယ်က ခန္ဓာကိုယ်ထဲ စိမ့်ဝင်ထားတဲ့ လူတွေ အများကြီးရှိတယ်။ မင်း သူလျှို ဟုတ်မဟုတ် ဘယ်လိုလုပ် သိမလဲ..”
သူ့စကားကြားတော့ ဖုန်လျန့်ရီနဲ့ စစ်ဖုန့်ရီ အကြောင်းတောင် တွေးလိုက်မိသေးတယ်။ သူပြောတာ မှန်တာပဲ။ မိစ္ဆာဘုရင်က လူ့ခန္ဓာကိုယ်တွေ အများကြီးကို ထိန်းချုပ်ထားပြီးနေပြီ။ သူ သံသယရှိတာ အမှန်တရားလို့ ကျုပ်သိလိုက်တယ်။ ကျုပ် သက်သေပြရတော့မှ ရမယ်ပေါ့။
ကျုပ်လဲ ညာဘက်လက်က နတ်ဘုရားအစောင့်ကို လှုပ်ရှားလိုက်တယ်။
“မိစ္ဆာမျိုးနွယ်က အလင်းမှော်ပညာ မသုံးနိုင်သလို.. ကျုပ်က အလင်းမှော် ပညာရှင်ဆိုတာ ခင်ဗျား သိလောက်မှာပါ..”
စကားဆုံးတော့ ကျုပ်နဲ့ ကျန်းရှန်ကို ဖုံးအုပ်ပြီး တောက်ပလွန်းတဲ့ အလင်းတန်းတစ်ခု ဖန်တီးလိုက်တယ်။ အလင်းတန်းတွေ ကောင်းကင်ထိုးတက်ပြီး မိုးကုတ်စက်ဝိုင်းထိ ရောက်သွားပေမယ့် အရမ်း နုညံ့တာပေါ့။
“သန့်ရှင်းသောအလင်း.. ရွတ်စရာတောင် မလိုတဲ့ သန့်ရှင်းသောအလင်း..”
“ဒါ ကျုပ်အတွက် သက်သေပြပြီး ဖြစ်လောက်မလား..”
အဘိုးကြီး ခေါင်းညိတ်ပြရင်း စိတ်လှုပ်ရှားနေတဲ့ ပုံနဲ့..
“ကျေးဇူးပြုပြီး မျက်နှာဖုံး ချွတ်ပြလို့ရမလား..”
“ကျုပ် အထောက်အထားနဲ့ မျက်နှာဖုံး ဘာမှ မဆိုင်ဘူးထင်တယ်... ကျုပ်မှာ ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီး ရှိနေတယ်.. ကျေးဇူးပြုပြီး ကျုပ်တို့ (၂)ယောက်ရဲ့ အချိန်တွေ ဖြုန်းတီးနေတာ ရပ်လိုက်ပါ.. မင်းတာဝန်က မိစ္ဆာမျိုးနွယ်တွေ မကျူးကျော်နိုင်အောင် မြို့ကို ကာကွယ်ဖို့ပဲ ဖြစ်သင့်တာ မို့လား..”
“ကျုပ်မှာ တခြားရည်ရွယ်ချက် မရှိပါဘူး.. နတ်ဘုရား တမန်တော် ကျန်းကုန်းက ဘယ်လိုပုံစံရှိလဲ သိချင်မိယုံပါပဲ..”
သူ့စကားကြောင့် ကျုပ်ရော၊ သူနဲ့အတူ ပါလာတဲ့ မှော်ဆရာတွေပါ စိတ်လှုပ်ရှားသွားပါလေရောလား။ စောစောက တင်းမာနေတာတွေ ပျောက်ကုန်ကြပြီ။
“ကျုပ် ကျန်းကုန်းဝေဆိုတာ ခင်ဗျား ဘယ်လိုလုပ် သိလဲ..”
“ကျောင်းအုပ်ကြီး လောင်လွင်တိ အပါအဝင် အဆင့်မြင့် အလင်းမှော်ပညာကို လွတ်လွတ်လပ်လပ် သုံးနိုင်တဲ့ တစ်ဦးတည်းသောလူက မင်းဆိုတဲ့ အလင်းရဲ့ သားတော်ပဲလေ..”
လူအုပ်ကြားမှာ ကျုပ်ရှုံ့မဲ့ပြီး ခေါင်းညိတ် လိုက်ရတော့တယ်။ သူတို့ စိတ်အားထက်သန်တဲ့ အကြည့်တွေက ကျုပ်ဖြင့် မသက်မသာ အရမ်းဖြစ်တာပဲ။ သူတို့က လက်မှတ် တစ်ချက် လိုချင်နေတာ မဟုတ်ဘူးပဲ။ ကျုပ် ကျန်းရှန်ကို တစ်ချက်ကြည့်ပြီး..
“မင်း ခန့်မှန်းတာ မှန်ပေမယ့် ငါ့မှာ အရေးကြီး ကိစ္စရှိနေလို့ တောင်းပန်ပါတယ်..”
ပြောပြီးတာနဲ့ ညာဘက်လက် မြှောက်လိုက်တာ အလင်းရောင်တစ်ခု လက်သွားပြီး ကျန်းရှန်နဲ့ ကျုပ် တည်နေရာ ရွှေ့ပြောင်း မန္တန်ကြောင့် ချက်ချင်း ပျောက်သွားပါလေရော။
တည်နေရာ ရွှေ့ပြောင်းတာ နည်းနည်း လုပ်ပြီးတော့ ကျုပ်တို့တွေ တော်ဝင်မှော်ပညာ အထက်တန်းကျောင်းနဲ့ ဝေးသွား ပါရော။ ကျန်းရှန် ရယ်ပြီး..
“ဘာလို့ ထွက်ပြေးတာလဲ.. သူတို့မှာ မကောင်းတဲ့ အကြံအစည်လဲရှိတာ မဟုတ်ဘဲနဲ့..”
“အခု ဖြေရှင်ဖို့ ကိစ္စတွေ အများကြီး ရှိသေးတယ်။ အချိန်ဖြုန်းလို့မရဘူး အမြန်သွားရအောင်..”
ပြောပြီးတာနဲ့ နန်းတော်ဘက်ကို အမြန်သွားရင်း အိုက်ရှားနိုင်ငံကို ပထမဆုံး ရောက်ဖူးတာဖြစ်တဲ့ ကျန်းရှန်ကို တခါတည်း ခေါ်လာခဲ့တာပေါ့။ ကျန်တဲ့သူတွေနဲ့ ဇယားရှုတ်မှာစိုးလို့ ကျောင်းမှာ မနေချင်တော့ဘူး။ ဒီမှော် သမဂ္ဂကလူတွေ ဘာလိုချင်တယ်ဆိုတာ ဘယ်သူသိမျာတုန်း။
တလူနိုင်ငံတော်က မင်းသမီး ဖေးယုနဲ့ ရှုတ်ယှက်ခတ်နေတဲ့ ကျုပ်ပုံစံအမှန် ဖော်ထုတ်ပြီးတဲ့အချိန် ကျုပ်မှာဖြင့် ကြောက်လန့်သွားတာပဲ။ လူတွေက ဝက်တွေဆူမှာကြောက်လို့ နာမည်မကြီးချင်ကြဘူးဆိုတဲ့ စကားပုံတစ်ခု ရှိတယ်လေ။
============= (*^*)=============
အပိုင်း( ၃၂၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား