← Chapters

တိုက်ကြီး၏ ပြောင်းလဲမှု

Vol. 22 Ch. 324

တိုက်ကြီး၏ ပြောင်းလဲမှု

Vol. 22 Ch. 324

Child of light (ကျန်းကုန်း)

Volume 11: Chapter 32 - The Change in the Continent

ကျန်းရှန် တိုတိုတုတ်တုတ်ဖြင့်..

“မင်းထွက်သွားတာ ဘယ်လောက်ကြာပြီဆိုတာ မမှတ်မိဘူးလား.. မင်းအသံ၊ ပုံစံနဲ့ မင်းခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ဓားရဲ့ အငွေ့အသက်ကြောင့်သာ မဟုတ်ရင် မင်းကိုတောင် ကျန်းကုန်းလို့ ယုံမှာမဟုတ်ဘူး.. မင်းထွက်သွားတာ (၂)နှစ်လောက်ရှိပြီ… နတ်ဆိုးမျိုးနွယ်ရဲ့ မင်းရဲ့ မင်းသမီးနဲ့ အိုက်ရှားနိုင်ငံက ကောင်မလေး မင်းကိုလွမ်းနေတာကွ..”

“(၂)နှစ်တောင်လား.. ငါသွားတာ အဲ့လောက်ကြာသွားတာလား..”

အမွေဆက်ခံတာ ရက်ပိုင်းလိုက်ပဲ ကြာတယ် ထင်နေတာလေ။ ဒီလောက် အချိန်အကြာကြီး ထွက်သွားမိတယ်လို့ ထင်မထားဘူး။ (၂)နှစ်ကြီးတောင်တဲ့လား။ အင်းပေါ့ အများကြီး ပြောင်းလဲသွားနိုင်တာပေါ့။ မိစ္ဆာဘုရင်တောင် နိုးနေလောက်ပြီ။

“မြန်မြန် ပြောစမ်းပါ.. ငါသွားပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေ အမြန်ပြောစမ်း..”

“မင်းထွက်သွားပြီး မကြာလိုက်ဘူး အိုက်ရှားနိုင်ငံက အလှလေးတစ်ယောက် ရောက်လာတယ်.. သူ့နာမည် ဟိုင်ရှင်းရှန့် တဲ့.. မင်းသမီး မူကျီ သူကို လက်ခံထားတယ်.. မနက်တိုင်း မင်းပြန်အလာကို တောင်ထိပ်က စောင့်ပြီး အမြဲ မျှော်နေတတ်တာ.. သူမင်းအပေါ် တော်တော်ကို ချစ်တာ… မင်း သူ့ကို စိတ်မပျက်စေရဘူးဟေ့.. မူကျီ ညီအစ်ကိုတွေကို အကြီးအကဲ (၅)ယောက်နဲ့ ကူသင်ပေးပေမယ့် သူ့ခံစားချက်တွေ အပြင်ကို ထုတ်မပြဘူး.. ဒါပေမယ့် သူ့မျက်လုံးထဲမှာ မင်းကို တကယ်ကြီး လွမ်းနေတယ်ဆိုတာ ငါသိတယ်.. မင်း ခရီးစဉ်ကရော ဘယ့်နှယ့်လဲ.. နတ်ဘုရား အမွေရခဲ့ပြီလား..”

ဟိုင်ရှင်းလား။ ဟိုင်ရှင်း ဘာလို့လာပါလိမ့်။ အခုအချိန်က မိစ္ဆာမျိုးနွယ်ကို သုတ်သင်ရှင်းလင်းဖို့ အဓိကအချိန် ဖြစ်နေတော့ ကျုပ်ကိုယ်ရေးကိုယ်တာတွေ စဉ်းစားဖို့ အချိန်မရှိခဲ့ဘူးလေ။

“ကျန်းရှန် ဒီလိုအသေးအဖွဲတွေ ငါ့ကို လာပြောမနေနဲ့.. ဒီ(၂)နှစ်အတွင်း ငါ့လူတွေအားလုံး ဘယ်ရောက် ကုန်ကြလဲ.. မိစ္ဆ၁မျိုးနွယ်တွေ ဘယ်လို လှုပ်ရှားနေတယ်ဆိုတာတွေ ပြောလို့မရဘူးလား..”

“မင်းထွက်သွားပြီး (၃)လလောက် ကြာတော့ ရှိုတိနိုင်ငံမှာ မိစ္ဆာမျိုးနွယ်တစ်စု ပေါ်လာတယ်.. လှိုင်ခေါင်းထဲကနေ အကောင်ကြီးတွေ အများကြီး ထွက်လာတယ်.. အစ်ကိုကြီး ကျန်းဟူနဲ့ ရှို့စစ်တို့တွေ ကူညီဖို့ ပထမတပ်ဖွဲ့က ညီအစ်ကိုတွေကို ခေါ်သွားတယ်။ ကံမကောင်းတာက အဲ့မိစ္ဆာတွေ ရှို့တိက မြေနဂါးတပ်ဖွဲ့ရဲ့ (၃)ပုံ(၁)ပုံလောက် ဆုံးရှုံးပြီးမှ ရှင်းလင်းနိုင်လိုက်တယ်။ အဲ့အဖြစ်အပျက် ပြီးတဲ့အခါ နောက်ဆုံးတော့ မိစ္ဆာမျိုးနွယ်ရဲ့ ကျူးကျော်မှု ကြုံးရလို့ ကမ္ဘာကြီး တစ်ခုလုံး ကြောက်သွားတာပဲ..

နောက်ထပ် လနည်းနည်းကြာတော့ လူသား (၃)နိုင်ငံစလုံးမှာ မိစ္ဆာမျိုးနွယ်တွေ ထပ်ပေါ်လာတယ်.. ငါတို့ ညီအစ်ကိုတွေ မိစ္ဆာမျိုးနွယ်ကို သုတ်သင်ဖို့ စည်းရုံးရင်း ပါဝင်လိုက်ကြတယ်.. နိုင်ငံ(၃)ခုစလုံးအတွက် ငါတို့က ဒေါက်တိုင်တွေလို့ကို ပြောလို့ရတယ်.. ညီအစ်ကိုတွေကို အစ်ကိုကြီး ကျန်းဟူ၊ ရှို့စစ်နဲ့ ရှင်းအောင်း ခေါင်းဆောင်ပြီူး အကြီးအကဲ (၅)ယောက်က ရှို့တိနိုင်ငံ ညီအစ်ကိုတွေကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ ပေးထားတယ်.. အိုက်ရှားကိုတော့ မင်းသမီး မူကျီ၊ ဟိုင်ရှင်း၊ တုန်းရီ၊ မင်းရှောင်ကျင်းနဲ့ ဟိုလူပုံစံပြောင်းတဲ့ မြေခွေးမလေး ရှောင်ရို့တို့တွေပေါ့.. ရှောင်ရို့ အရမ်းအံ့ဩဖို့ ကောင်းတယ်ကွ.. သူ့အာရုံခံစားမှုတွေ ကောင်းလွန်းတော့ မိစ္ဆာတွေ ပေါ်လာမယ့်နေရာတိုင်းကို တိတိကျကျ ဖော်နိုင်တော့ မင်းသမီး မူကျီတို့ဘက်က လက်ရှိ ဆုံးရှုံးမှု အနည်းဆုံးပဲ..”

“ငါတို့ ကာကွယ်ရေး အဖွဲ့ကို အဖွဲ့(၆)ဖွဲ့ခွဲပြီး (၂)ဖွဲ့စီ တွဲထားတယ်.. လူသား (၃)နိုင်ငံစလုံးမှာ ခုခံကာကွယ်ဖို့ အဖွဲ့ကြီး(၃)ဖွဲ့နဲ့ ကျင့်ကြံဆင့် နိမ့်တဲ့ အဖွဲ့(၃)ဖွဲ့ကို ခွဲထုတ်ထားလိုက်တယ်။ အခုဆို နိုင်ငံ(၃)နိုင်ငံကို ကူနေတဲ့ ငါတို့ညီအစ်ကိုတွေ (၄၀၀၀)လောက်ရှိတယ်။ ညီအစ်ကို (၃၀၀၀)လောက်လဲ ဆုံးရှုံးခဲ့ရတယ်။ (၃)နိုင်ငံစလုံးရဲ့ ဆုံးရှုံးမှုတွေကိုတော့ အတိအကျ မသိရသေးဘူး။ မင်းပြန်လာတာ စောင့်နေဖို့သာ မဟုတ်ရင် ငါတို့ညီအစ်ကိုတွေလဲ ရှေ့တန်းရောက်နေလောက်ပြီ..”

ကျုပ်နှလုံးသား တော်တော်လေး နုံးသွားတယ်။ မိစ္ဆာမျိုးနွယ်တွေ ဒီလောက်ထိ ခပ်မြန်မြန် လှုပ်ရှားလိမ့်မယ် ထင်မထားမိဘူး။ အဲ့ဒါ စဉ်းစားမိတော့..

“နတ်ဆိုးနဲ့ သားရဲ မျိုးနွယ်တွေကရော ဘယ်လိုလဲ.. မိစ္ဆာမျိုးနွယ်က သူတို့ဘက်ကို မတိုက်ဘဲတော့ မနေလောက်ဘူး မို့လား..”

“နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေက လူသားမျိုးနွယ်နဲ့ အရမ်းဝေးတဲ့အပြင် ငါတို့မှာ လူအင်အား မလောက်တော့ သွားမကူနိုင်ဘူး.. နတ်ဆိုးနဲ့ သားရဲမျိုးနွယ်က လက်ရွေးစင်တွေ များတော့ မိစ္ဆာတွေကို ချေမှုန်းနိုင်လိုက်တာ ကံကောင်းပေမယ့် ဆုံးရှုံးမှုတော့ တော်တော် ကြီးသွားတယ်.. မိစ္ဆာမျိုးနွယ်ရဲ့ ကြောက်စရာ အကောင်းဆုံးက ဘယ်အချိန် ပေါ်လာမယ်မှန်း မသိနိုင်အောင် သူတို့က ပုန်းနေတာကွ.. သူတို့ ပေါ်လာတာနဲ့ လူနေမှုပုံစံတွေ အားလုံး ချက်ချင်း ဖျက်ဆီးပစ် တော့တာပဲ… သူတို့ စွမ်းအားတွေကလဲ ကြောက်စရာ ကောင်းလောက်အောင်ကို ရက်စက်ကြမ်းကြုတ်တာကွ.. (၂)ရက်အတွင်း တစ်မြို့လုံး ပျက်စီးပြီး မိစ္ဆာတွေ လူပေါင်း (၁၀၀၀၀)လောက် သတ်ပစ်လိုက်ကြတာ.. လက်ရှိ လူပုမျိုးနွယ်တွေ ဒုက္ခတွင်းထဲ ရောက်နေတယ်..”

“ဆက်တိုက် တိုက်ခိုက်ခံနေရတယ်လို့ ပြောလိုက်တာပေါ့..”

“အစပိုင်းတော့ မိစ္ဆာမျိုးနွယ်တွေ လက်ထဲမှာ လူပေါင်း သောင်းချီ သေသွားတယ်.. ငါတို့ သုတ်သင်လိုက်တဲ့ မိစ္ဆာတွေဆို မရေတွက်နိုင်အောင်ပဲ… နဂါးမျိုးနွယ်နဲ့ သဘာဝနတ်သူငယ် တွေသာ ပေါ်မလာရင် ငါတို့ အတိုက်ခိုက် ခံရတဲ့ အခြေအနေတွေ ပြောင်းလဲ သွားမှာ မဟုတ်ဘူး..”

“ဘာ.. နဂါးတွေနဲ့ သဘာဝ နတ်သူငယ်တွေ တိုက်ပွဲမှာ ပါနေပြီလား..”

“ဟုတ်တယ်.. သူတို့ကြောင့် ငါတို့တွေ ဆုံးရှုံးမှု နည်းသွားတဲ့အပြင် မိစ္ဆာမျိုးနွယ်တွေ အထိန်းအကွပ်မဲ့ မတိုက်နိုင်တော့ဘူး.. နတ်သူငယ် မျိုးနွယ်ရဲ့ စွမ်းအားကလဲ ထူးခြားတယ်ကွ.. မိစ္ဆ၁မျိုးနွယ်တွေ ပေါ်လာနိုင်မယ့် နေရာတွေကို ရှာနိုင်တယ်လေ.. ပြီးတော့ နဂါးမျိုးနွယ်ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို မိစ္ဆာမျိုးနွယ်တွေ မယှဉ်နိုင်ဘူးကွ.. နဂါးဘုရင်ဆို မိစ္ဆာမျိုးနွယ် သုတ်သင်တဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်နွှဲတယ်လို့ ကြားတယ်.. ဘယ်နေရာမှာပဲဖြစ်ဖြစ် တွင်းနက်ကြီးတွေပေါ်လာတာနဲ့ နဂါးမျိုးနွယ်က ဖျက်စီး ပစ်လိုက်တာပဲ.. နဂါးနဲ့ သဘာဝနတ်သူငယ်တွေ ဝင်လာပြီး (၃)လလောက်နေမှ လူသား (၃)နိုင်ငံ တည်ငြိမ်သွားတော့တယ်.. မိစ္ဆာမျိုးနွယ်တွေ အရင်တုန်းကလောက် ကြီးကြီးမားမား ဖျက်ဆီးမှုတွေ မလုပ်တော့ဘူး..”

ဒီတော့မှ ကျုပ်လဲ သက်ပြင်းချပြီး..

“မိစ္ဆာဘုရင် ပေါ်မလာသေးဘူးပေါ့..”

“မိစ္ဆာဘုရင်နဲ့ ပတ်သက်ပြီး ဘာသတင်းမှကို မရသေးဘူး.. သိပ်မကြာခင်တုန်းကတော့ မိစ္ဆာမျိုးနွယ်ရဲ့ အရေအတွက် လျော့လာတယ်.. ဒါပေမယ့် နောက်ပိုင်း ပေါ်လာတဲ့ တွင်းတွေတိုင်းမှာ အရမ်းသန်မာတဲ့ မိစ္ဆာတွေ ပါတယ်ကွ.. သူတို့စွမ်းအားတွေက အရင်တုန်းက ထွက်လာတဲ့ ကောင်တွေထက် ပိုကြီးလာတဲ့အပြင် သူတို့ကို တိုက်ခိုက်ဖို့လဲ တဖြည်းဖြည်း ခက်ခဲလာတယ်.. နဂါးဘုရင်ကိုယ်တိုင် တိုက်ရတဲ့ တွင်းတွေတောင် ပေါ်လာတတ်သေးတယ်.. ဒါပေမယ့် မိစ္ဆာမျိုးနွယ်က အိုက်ရှားကို အာရုံစိုက်ပြီး တလူနဲ့ ရှို့တိမှာကျ မိစ္ဆာတွေ သိပ်မများဘူး.. ဒီတော့ ငါ့တို့ တပ်ဖွဲ့ဝင် တော်တော်များများကို အိုက်ရှားမှာ တပ်ဆွဲထားရတယ်.. နဂါးဘုရင်နဲ့ သဘာဝ နတ်သူငယ်တွေလဲ ဘယ်မျိုးနွယ်ကိုမဆို ကူညီလို့လွယ်အောင် တပ်ဆွဲထားကြတယ်.. နတ်ဆိုးနဲ့ သားရဲ မျိုးနွယ်တွေတော့ ပိုသက်သာတယ်ကွ.. ငါတို့ လူသားမျိုးနွယ် ပိုင်ဆိုင်တဲ့ စွမ်းအားတွေ များလို့ မိစ္ဆာမျိုးနွယ်က ငါတို့ဘက်ကို အလေးထားပြီး အင်အား ပိုပို့ယုံတင်မဟုတ်ဘူး နတ်ဆိုးနဲ့ သားရဲမျိုးနွယ် တော်တော် အသက်ရှူ ချောင်ဖို့ ဖြစ်သွားတာပေါ့.. မိစ္ဆာမျိုးနွယ်တွေ ပြီးခဲ့တဲ့ လပိုင်းကဆို နည်းနည်း ငြိမ်သွားသေးတယ်.. ငါတို့ ညီအစ်ကိုတွေလဲ အိုက်ရှား မြို့တော်မှာ စုနေကြပြီ.. သိပ်မကြာခင်ကပဲ သူတို့နဲ့ ချက်ချင်း လာတွေဖို့ ငါ့ဆီ အကြောင်းကြားထားသေးတယ်..”

============= (*^*)=============

အပိုင်း( ၃၂၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters