← Chapters

မာခယ်နှင့် ပြန်လည် ဆုံတွေ့ခြင်း

Vol. 22 Ch. 326

မာခယ်နှင့် ပြန်လည် ဆုံတွေ့ခြင်း

Vol. 22 Ch. 326

Child of light (ကျန်းကုန်း)

Volume 12: Chapter 1 - Reuniting with Ma Ke

အိုက်ရှား နန်းတော်ကြီးကို ထီးထီးကြီး မြင်လိုက်ရပြီ။ နေရောင်အောက်မှာ ရွှေရောင်တဝင်းဝင်း၊ ကျောက်စိမ်းရောင် တလက်လက် ကမ္ဘာကြီးအလားပေါ့ဗျာ။ ပြန်ရောက်လာဆိုတော့ စိတ်မငြိမ်နိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၂)နှစ်လောက်က ကျုပ်အိုက်ရှားက ထွက်လာခဲ့ရပေမယ့် ဒီနေရာမှာ အမှတ်တရတွေနဲ့ ပြည့်နှက် နေတာလေ။

“ကျန်းကုန်း မင်းဘာလို့ ထပ်ထွက်သွားရတာတုန်း..”

ကျုပ်ဘေးနားက ကျန်းရှန်အသံ ထါက်လာတယ်။ သူ့ရင်တွေ တလှပ်လှပ် ဖြစ်နေသလိုပဲ။ ကျုပ်တို့ အလျင်စလို နဲ့ ပင်ပန်း နေတဲ့အတိုင်းပဲ။

“ကျန်းရှန်.. မင်းကျင့်ကြံမှု ယိုယွင်းနေပြီလား.. အရင်ကလောက် စွမ်းအားမပြင်းတော့သလိုပဲ..”

ကျန်းရှန် မျက်လုံးပြူးသွားပြီး..

“ဘာကြီး.. ငါ့ကို စိတ်ဆိုးမနေနဲ့.. ငါ့ကျင့်ကြံမှု အရင်ကထက် လျော့သွားတယ်လို့ ဘယ်သူပြောလဲ.. ငါအခု ဓားသူတော်စင် အဆင့်မရောက်သေးပေမယ့် ကြယ်စင်သူရဲကောင်းအဆင့် တွေထဲမှာတော့ ထိပ်တန်းဖြစ်နေပြီ.. ငါ့ကိုတော့ မင်းနဲ့ မနှိုင်းယှဉ်နဲ့လေ.. မင်းက နတ်ဘုရားတမန်တော်ဆိုတာ မေ့နောလား.. ငါ့လို သာမန်လူနဲ့ ဘယ်လိုလုပ် တူမှာတုန်း..”

သူ့စကားကြားမှ ကျုပ် သတိထားမိသွားတော့တယ်။ ဟုတ်သားပဲ။ အမွေရပြီးတဲ့နောက် ကျင့်ကြံမှုတွေ ဘယ်လောက်ထိ တိုးတက်လာတယ်ဆိုတာ မသိဘူးလေ။ ဒီကောင့် ကျင့်ကြံမှု အရင်ကထက် အားနည်းသွားတယ်လို့ မြင်မိနေတာ။

“အဲ့လို မပြောပါဘူး.. ငါ မင်းကို ပိုကြိုးစားဖို့ သတိပေးနေတာ..”

ကျန်းရှန် ထအော်တော့တာဗျို့..

“ငါ လုံ့လစိုက်တာပေါ့ဟ.. ဒီအဆင့်မှာ ငါ့စွမ်းအားတွေ တိုးမြှင့်ဖို့ ခက်မှာ.. တဖြည်းဖြည်း တိုးတက်ဖို့ပဲ တတ်နိုင်တော့တယ်.. နန်းတော်က အချက်အလက်တွေ မယူတော့ဘူးလား.. သွားရအောင်လေ..”

ကျန်းရှန်ကို ခေါင်းညိတ်ပြပြီး တည်နေရာရွှေ့ပြောင်း မန္တန် သုံးလိုက်တော့တယ်။ ကျုပ်ရဲ့ နတ်ဘုရားအာရုံ အစွမ်းနဲ့ လှည့်ကင်းတွေနဲ့ မှော်ဆရာတွေကို အသာလေး ရှောင်သွားလိုက်တာပေါ့။ ကျုပ်သေချာ ရောက်ဖူးထားတဲ့ ကျောက်ဥယျာဉ်ထဲထိ ကျန်းရှန်ကို ခေါ်သွားလိုက်တယ်။ ဘယ်ကို သွားရမယ်ဆိုတာ သေချာ မသိသေးလို့လေဗျာ။ အဟီး..။

“ပင်မဝင်ပေါက်ကနေ ဘာလို့ မဝင်တာလဲ.. ငါတို့ကို ဘယ်သူမှ မမြင်ရလို့လား..”

“ဒီနည်းက မာခယ်နဲ့ အမြန်ဆုံး စကားပြောနိုင်တာဆိုတော့ ပိုမကောင်းဘူးလား.. အစောင့်တွေ ငါတို့ကို ဟိုမေးဒီမေးနဲ့ လွယ်လွယ်လေး ဝင်ခွင့်ပေးမယ်များ ထင်နေလား.. အချိန်က ရှိတာမဟုတ်ဘူး.. အသက်တွေနဲ့ ရင်းနေရတာ.. အချိန်ကုန်သက်သာလေ ကောင်းလေပဲ မဟုတ်ဘူးလား..”

“ဒါ ဖြစ်သင့် ဖြစ်ထိုက်သလိုပဲ.. ငါတို့ အခု ဘယ်ကို သွားနေတာလဲ..”

ကျုပ် အစောင့်တွေ တွေ့လိုက်ရလို့ ကျန်းကျန် အသံတိတ်သွားအောင်တားလိုက်တယ်။

“မင်း မျက်လုံး မှိတ်ထားလိုက်.. ဘာမှ တွေးမနေနဲ့တော့..”

ပြောပြီးတာနဲ့ နန်းတော် အတွင်းဆောင်ကို ဝင်ဖို့ တည်နေရာရွှေပြောင်း မန္တန် အမြန်ဆုံး သုံးလိုက်တော့တယ်။ ကျုပ် ကျင့်ကြံအဆင့်နဲ့ ဆိုတော့ အစောင့်တွေ ဘယ်လိုလုပ် သတိထားမိနိုင်မှာတုန်း။ (၂)ကြိမ် (၃)ကြိမ်လောက် ရွှေ့ပြီးတာနဲ့ နောက်ဆုံးတော့ အိုက်ရှား ဧကရာဇ် နေရာကို ရောက်လာတော့တယ်။ အခန်းထဲကို စစ်ဖို့ စိတ်စွမ်းအား သုံးလိုက်တော့ ဘယ်သူမှ မရှိလို့ အံ့ဩသွားမိတယ်။ ဒီကောင် မရှိပါလား.. ဘယ်များ သွားပါလိမ့်။

အဲ့အချိန်မှာပဲ နန်းတော်ထဲက အစေခံ(၂)ယောက် ကျုပ်တို့ဘက် လျှောက်လာတယ်။ ကျန်းရှန်ကို အလျှင်စလိုဆွဲရင်း စင်္ကြန် မျက်နှာကျက်ကို အမြန်တက်ပုန်းလိုက်တယ်။

အဲ့ အစေခံ(၂)ယောက် လမ်းလျှောက်ရင်း တွတ်ထိုးနေကြတာဗျ။

“အစ်မ အရှင်မင်းကြီး ဘယ်လောက်တောင် ကြိုးစားနေတယ်ဆိုတာ တွေ့တယ်မို့လား.. အစောကြီးရှိသေးတယ် နိုင်ငံတော် အရေးကိစ္စအတွက် သွားနေပြီ.. မိစ္ဆာမျိုးနွယ်ရဲ့ ခြမ်းခြောက်မှုတွေကြားမှာ အရှင်မင်းကြီး နန်းတက်လာပြီးတဲ့အခါ ငါတို့နိုင်ငံတော်ရဲ့ စွမ်းအားက နေ့တိုင်း တိုးမြင့်လာလိုက်တာ.. ဟို.. နတ်ဘုရား ကာကွယ်ရေးအဖွဲ့က ကျွမ်းကျင်အဖွဲ့ကလဲ ငါတို့ကို ကူညီနေတယ်.. ငါတို့က တလူနိုင်ငံကိုကျော်ပြီး နိုင်ငံ (၃)နိုင်ငံရဲ့ စွမ်းအား အကြီးဆုံး ဖြစ်လာနိုင်လောက်တယ်.. ငါတို့ အိုက်ရှားကို ဒီလို ဉာဏ်ပညာရှိတဲ့ ဘုရင် အုပ်ချုပ်ခွင့်ရတာ ကောင်းချီးတစ်ခုပဲ..”

“ခစ်. ခစ်.. ခစ်.. နင် အချစ်ခံချင်နေတာလား.. မင်းကြီးကို ဘယ်သူက မကြိုက်လို့လဲ.. ငယ်ငယ်ရွယ်ရွယ်နဲ့ ချောက ချောသေး.. အရည်အချင်းဆိုလဲ တွေးတောင် မတွေးနိုင်လောက်အောင်ပဲ.. အရှင်မင်းကြီးနဲ့ မိဖုရားရဲ့ မေတ္တာတရားကလဲ အံ့ဩဖို့တောင် ကောင်းသေးတယ်.. အရှင်မင်းကြီးက သူ့ကို ရတနာတစ်ခုလိုကို ဆက်ဆံတာ.. အရှင်မင်းကြီးက အခုထိအောင် ကိုယ်လုပ်တော် မထားသေးဘူး.. နင် အိပ်မက် မက်နေတာတွေ ရပ်တန်းက ရပ်သင့်ပြီ..”

“နင် တော်တော် စိုးတာပဲ.. အစ်မက လှောင်ဖို့ပဲ သိနေ.. နင်ကျ အရှင်မင်းကြီး အချစ်မခံချင်လို့လား..”

............

သူတို့ စကားတွေ ကြားလိုက်ရတော့ ရယ်ရတော့ မလိုလိုပဲ.. မာခယ်မှာ လျှို့ဝှက် လေးစာသူတွေ ရှိနေမှန်း မသိဘူး။ ဒါပေမယ့်လဲ ဒီကောင် ကျုပ်ကို စိတ်ပျက်အောင် မလုပ်ဘဲ နိုင်ငံတော်ကို ကောင်းကောင်း အုပ်ချုပ် နေတာပဲ။ သူအခု ပင်မခန်းမမှာ ရှိလောက်တယ်။ ကျုပ် ကျန်းရှန်ကို ခေါ်ပြီး အဲ့ကောင်ကို သွားရှာရအုံးမှာပေါ့။ လှည့်ကင်းအဖွဲ့တွေကို ရှောင်ရင်းရှားရင်း ပင်မခန်းမကြီးကို ရောက်သွားတယ်။ ပင်မခန်းမကြီးထဲမှာ လေထု ဖရိုဖရဲ ဖြစ်နေတာ ခံစားလိုက်ရတယ်။ အထဲမှာ လူတွေ များတဲ့ ပုံပဲ။ ကျန်းရှန်နဲ့ ကျုပ် ပင်မခန်းမ ခေါင်မိုးပေါ် ကိုရွှေ့လိုက်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သေးတယ်။ ကျုပ်အတွေးတွေ ရှင်းထုတ်ပြီး ခန်းမထဲက အသံတွေ နားထောင်လိုက်တယ်။

“အရှင်မင်းကြီး.. အခြေအနေက အရမ်းကို အန္တရာယ်များတယ်ဆိုပေမယ့် မှော်သမဂ္ဂကို မစေလွှတ်သင့်ပါဘူး.. အရှင်အိုက်၊ အရှင်ကျန်း၊ အရှင်တိနဲ့ အရှင့်သူငယ်ချင်းတွေ ရှိနေရင် လုံလောက်ပါတယ်.. အိုက်ရှား မြို့တော်မှာ အကာအကွယ်အတွက် ချန်ထားဖို့ လိုပါတယ်..”

အဘိုးကြီးအသံတစ်ခု ပေါ်လာတယ်ဗျ။

“မဟုတ်ဘူး.. လုံလောက်မယ် မထင်ဘူး.. ဒီတစ်ကြိမ် မတူဘူးလို့ ခံစားနေရတယ်.. သိပ်မကြာခင်ကပဲ မိစ္ဆာမျိုးနွယ်တွေ ငြိမ်ပြီး ချောင်းတယ်လို့ ခံစားနေရတယ်.. သူတို့တွေ ဒီတစ်ကြိမ်ဆို စွမ်းအား ကြီးကြီး လွှတ်မှာ သေချာတယ်.. ခံတပ်ထဲမှာ တပ်တွေ စုထားတာဆိုတော့ အဲ့နေရာမှာ အန္တရာယ် သိပ်မရှိလောက်ဘူး.. သူတို့ကို ကူညီဖို့ တော်ဝင်မှော်သမဂ္ဂကို ငါကိုယ်တိုင် ဦးဆောင်ဖို့ ဆုံးဖြတ်ထားပြီးပြီ.. အခု အရေးကြီးဆုံး အချိန်ရောက် နေပြီ.. စိတ်ကူးယဉ်နေယုံနဲ့ မပြီးဘူး.. ပြိးတော့ ကျန်တဲ့ (၂)နိုင်ငံအတွက် နမူနာ စံပြ ဖြစ်မှရမယ်..”

မာခယ့်အသံ ခန့်ခန့်ကြီး ထွက်လာတာဗျ။ ဒါ ကျုပ်သိတဲ့ ညီနောင်တဲ့လား။ ခံတပ်ကို သူကိုယ်တိုင် သွားမှာဆိုတော့ ဘာတွေ ဖြစ်နေပါလိမ့်။ မူကျီနဲ့ ကျန်တဲ့သူတွေကရော ဘယ်မှာတုန်း။ ကျုပ်လဲ တွေးရင်းနဲ့ ဆက်နားထောင်ကြည့်လိုက်တယ်။

“အရှင်မင်းကြီးက နိုင်ငံအုပ်ချုပ်တဲ့ မင်းကြီးပါ.. ဒီငယ်သား လူအိုကြီး အရှင်မင်းကြီးကိုယ်စား ရှေ့တန်းထွက်ဖို့ ဆန္ဒရှိပါတယ်..”

“မဟုတ်ဘူး.. ငါ့ဆုံးဖြတ်ချက်က အတည်ပဲ.. ငါ့အမိန့် နာခံလိုက်.. တော်ဝင် မှော်သမဂ္ဂကို ချက်ချင်းစုပြီး ခရီးထွက်နိုင်အောင် ပြင်လိုက်ပါ.. ပြီးတော့ မြို့တော်ကို ကာကွယ်ဖို့ အမှတ်(၃)တပ်မကို ဒီနေရာမှာ ကာကွယ်ထားဖို့ အမိန့်ပေးလိုက်.. ကောင်းပြီ.. ညီလာခံ နားပြီ…”

သက်ပြင်းတွေချပြီး အရာရှိအရာခံ တစ်ရာကျော် ခန်းမကြီးထဲက ထါက်သွားတော့ အစောင့် နည်းနည်းပဲ ကျန်တော့တယ်။ မာခယ့်ဘေးမှာ နူးညံ့သိမ်မွေ့တဲ့ ပုံရိပ်လေး တစ်ခုရှိတယ်ဗျ။ အဲ့ဒါ မိဖုရား စိုင်ယွဲ့ရှင်း ဖြစ်ဖြစ်မှာပေါ့။

“အရှင်မင်းကြီး.. ပြန်စဉ်းစားလို့ မရဘူးလား..”

မာခယ့်အသံ နူးညံ့သွားတယ်။

“မိဖုရား.. ဒီအချိန်မျိုးမှာ ငါငြိမ်နေလို့ မရဘူး.. ခေါင်းဆောင် ကျန်းကုန်းသာ ဒီမှာရှိနေရင် ငါ့ဆုံးဖြတ်ချက်ကို သေချာပေါက် ထောက်ခံမှာပဲ.. မင်း ငါ့အပြန်လမ်းကို စိတ်ရှည်ရှည်နဲ့ စောင့်နေနော်.. မိစ္ဆာမျိုးနွယ်ကို သုတ်သင်ပြီးရင် အောင်ပွဲသတင်းတွေ မင်းကို သေချာပေါက် ပြန်ပြောပြမယ်..”

============= (*^*)=============

အပိုင်း( ၃၂၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters