← Chapters

သန့်ရှင်းသော ဓားစွမ်းအား

Vol. 22 Ch. 329

သန့်ရှင်းသော ဓားစွမ်းအား

Vol. 22 Ch. 329

Child of light (ကျန်းကုန်း)

Volume 12: Chapter 4 - Holy Sword’s Might

ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အရူးအမူးထွက်လာပြီး သွေးကြောတွေတလျောက် ပျံ့သွားတယ်။ လက်နှစ်ဖက်စလုံး မြှောက်ပြီး..

“ကြီးမြတ်သော အလင်းတော်.. အကန့်အသတ်မဲ့စွမ်းအားတွေ ပိုင်ထားပြီး သင့်ရှေ့က အမှောင်ထုက ကြီးလွန်းပါတယ်.. မိုးကုတ်စက်ဝိုင်အထိ စီးဆင်းနိုင်တဲ့ ထာဝရအလင်းတန်း၊ ဒဏ်ရာအားလုံး ပြန်လည်ကုစားနိုင်ဖို့၊ ကျုပ်တို့ရဲ့ ဒုက္ခတွေ သက်သာစေမယ့် ထာဝရအလင်းတန်း၊ ပေးဆောင်ပြီး ဤကမ္ဘာကြီးပေါ် ဆင်းသက်လာဖို့ တောင်ဆိုပါတယ်..”

အလင်းတန်း(၆)ခု ကျုပ်ကျောမှာ ပေါ်လာပြီး အလင်းတန်းတွေ အမြန်ဆုံးနဲ့ အဆက်မပြတ် ကျုပ်ဆီ စုလာတယ်။ အရင်တုန်းကလို ဘာနာကျင်မှုမှ မခံစားရတော့ဘဲနဲ့ အလင်းသမုဒ္ဒရာကြီးထဲ မြုပ်နေသလိုမျိုး ခံစားလိုက်ရတယ်။ ပြောပြလို့မတတ်အောင်ကိုပဲ နေလို့ထိုင်လို့ ခံစားလို့ အရမ်းကောင်းတာပဲ။ အလင်းဓတ်တွေက ကျုပ်နဲ့ အရမ်းကို ရင်းနှီးနေသလိုမျိုး၊ ကျုပ်ပြောသမျှ အပြည့်အဝ နားထောင်ပြီး၊ ကျုပ်ခြေထောက် အောက်မှာ ဆဋ္ဌဂံပုံစံကြီးတစ်ခု ပေါ်လာပြီး မှောင်မိုက်နေတဲ့ ကောင်းကင်ကို ချက်ချင်း လင်းသွားအောင် လုပ်ပစ်တော့တာပဲ။

မြင့်မြတ်တဲ့ အရှိန်အဝါအပြည့်နဲ့ဆိုတော့ အောက်က မိစ္ဆာတွေရဲ့ အာရုံစိုက်မှု ခံလိုက်ရတယ်။ ပျံသန်းနိုင်တဲ့ အကောင်တွေ ကျုပ်ဆီ လာနေကြတယ်။ ကျုပ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကြောင့် တော်ယုံအကောင်တွေဆို ကြောက်လန့်နေပြီ။

သတ်ဖြတ်ခြင်း အရှိန်အဝါတွေ မပါဘဲ နှလုံးသားထဲမှာ အလင်းဓာတ်နွေးနွေးတွေနဲ့ အမြဲတမ်း သန့်ရှင်းနေတယ်။

“ထာဝရ ပြန်လည် ကုသခြင်းအလင်းရောင်.. သွားလိုက်တော့..”

ကျုပ်ခြေထောက်အောက်က ရွှေရောင်ဆဋ္ဌဂံ နည်းနည်း လှုပ်ရှားသွားပြီး တိမ်တွေကြားထဲ ထိုးဖောက်ဝင်သွားပြီး ကျုပ်ခန္ဓာကိုယ်ကို ဖုံးထားတဲ့ ရွှေရောင်အလင်းတန်းကြီး တစ်ခု ဖန်တီးလိုက်တယ်။

ကောင်းကင်က တိမ်တွေတောင် ရွှေရောင်ပြောင်းသွားတယ်။ မိစ္ဆာတွေကို သုတ်သင်ပြီး လူသားတွေ အသက်ကို ကယ်နိုင်တဲ့ အလင်းမိုးတွေ ချက်ချင်း ရွာချလိုက်တော့တာပေါ့။ ဒီအခိုက်အတန့်မှာ ရာနဲ့ချီတဲ့ ဘီလူးတွေ ကျုပ်ဆီ ဦးတည်လာနေလိုက်ကြာတာ ဆွဲဖြဲချင်နေတဲ့ ပုံပဲဗျ။

ကောင်းကင်ပေါ်က ရွှေရောင် တိမ်တိုက်တွေကို ကြည့်ပြီး လက်(၂)ဖက် ဆန့်ထုတ်လိုက်တယ်။ ရွှေရောင် စက်ဝန်းတစ်ခု ကျုပ်ခန္ဓာကိုယ်ကနေ အပြေးအလွှားလာနေတဲ့ မိစ္ဆာတွေဆီ ဆင်းသွားပါလေရော။ ရွှေရောင် အလင်းတန်းတွေ မိစ္ဆာတွေကိုဖြန်သွားတော့ ဘာထိခိုက်မှုမှ မရှိသလိုပဲ။ ဒါပေမယ့် ရွှေရောင် အလင်းတန်း ထိမိတဲ့ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်တွေ တဖြည်းဖြည်းနဲ့ ဖှုန့်တွေလို ပြောင်းသွားပြီး လေထုထဲမှာတင် ကိစ္စချောကုန်ရော။

-လေထဲမှာလဲ ထူးထူးခြားခြား မွှေးရနံ့တွေနဲ့ ပြည့်နေရော။ အမွေဆက်ခံပြီး ကျုပ် တားမြစ်မန္တန် သုံးလိုက်တာ ဆိုတော့ အားပျော့စရာ အကြောင်း မရှိဘူးလေ။ ပြီးတော့ တားမြစ်မန္တန်ရဲ့ စွမ်းအားပြည့် သုံးနိုင်နေပြီလေ။ မန္တန် နယ်ပယ်တောင် ချဲ့နိုင်လာခဲ့ပြီ။

ကောင်းကင်ကလဲ အလင်းမိုးဖွဲတွေ ကျနေလိုက်တာ မြေပြင်ပေါ်မှာ လေနဲ့အတူ ကခုန်နေကြလေရဲ့။ အလင်းစက် တစ်ခုစီရဲ့ အထဲမှာ စွမ်းအား ပြင်းပြင်းတွေနဲ့အတူ မိစ္ဆာတွင်းကြီးနဲ့ မိစ္ဆာတွေအပေါ် ဖုံးထားလေရဲ့။

ဘောက်ဘက်ကို ဆက်တိုက် ကျနေတာနဲ့အမျှ အလင်းမိုးစက်လေးတွေ တဖြည်းဖြည်း ကြီးလာတယ်။ အလင်း မိုးဖွဲတွေ ကျလာတာနဲ့အမျှ မိစ္ဆာတွေရဲ့ တိုက်ခိုက်မှု ရပ်သွားပြီ။ သူတို့ ခန္ဓာကိုယ်တွေက အလင်းမိုးစက်တွေ အောက်မှာ တဖြည်းဖြည်း လှည့်လာတာ တွေ့လိုက်ရတယ်။ သူတို့ ဝန်ထုပ်ဝန်ပိုးကြီးတွေ သက်သာရာ ရသွားသလို မြင်နေရတယ်။

အလင်းမိုးဖွဲတွေက မိစ္ဆာတွေကို ဒုက္ခပေးရုံတင်မကဘူး အသက်ရှင်ကျန်နေတဲ့ လူသားခန္ဓာကိုယ်တွေကို ပြန်ကုပေးနေတယ်။ အစောက စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ရွာသူရွာသားတွေ ဝမ်းသာအားရ အော်ဟစ်နေလေရဲ့။

“နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့…”

ကျုပ်ရင်တစ်ဝိုက် ပူလာပြီး ငွေရောင် သန့်ရှင်းသောဓားကြီး ချက်ချင်း ပေါ်လာတယ်။ သန့်ရှင်းသောဓားကို နတ်ဘုရား အကာအကွယ်နဲ့ အသာဆုပ်ကိုင်ပြီး မိစ္ဆာတွင်းဆီကို ဦးတည်ပစ်လွှတ်လိုက်တယ်။ ထာဝရ ပြန်လည်ကုသရေး အလင်းက အသက်ဝင်နေတုန်းဆိုတော့ နောက်ထပ် မိစ္ဆာတွေ ပေါ်လာစရာ အကြောင်း မရှိတော့ဘူး။ သန့်ရှင်းသောဓားရဲ့ အလင်းဓာတ်တွေ အရှိန်မြှင့်ဖို့ ကျုပ်ခန္ဓာကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေ အသက်သွင်းလိုက်တယ်။

“ဖျက်စီးလိုက်စမ်း..”

ကျုပ် အော်လိုက်တာနဲ့ သန့်ရှင်းသောဓားရဲ့ အလင်းရောင်က မိစ္ဆာတွင်းဆီကို ဦးတည်ရင်း ငွေရောင်အလင်းတွေ မီးလုံး(၂)လုံးလို ထုတ်ပေးလိုက်တယ်။ အလင်းတန်း တစ်ခုစီက စွမ်းအားအပြည့်နဲ့ တွင်းတွေထဲကို ရောက်သွားတယ်။ နောက်ဆုံးတော့ သန့်ရှင်းသောဓားရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်လိုက်ပြီ။ သန့်ရှင်းသော ဓားရဲ့ စွမ်းအားက တွင်းနက်ကြီးရဲ့ အနက်ရှိုင်းဆုံး နေရာကို ရောက်သွားတဲ့အချိန် ဝမ်းနည်းပူဆွေး ငိုသံတွေ ကြားလိုက်ရတယ်။ ကျုပ်လဲ မျက်လုံး စုံမှိတ်ပြီး ခပ်တိုးတိုးနဲ့…

“ထိုးဖေါက်စမ်း..”

အစောက အနက်ရောင်တွင်းကြီး အခုတော့ ငွေရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်နေပြီ။ မြေပြင်တောင် လျုပ်သွားသေးတယ်ဗျာ။ ဓားရဲ့ စွမ်းအားကို မိစ္ဆာတွင်းအတွက် ကန့်သတ်ထားတယ် ဆိုတာ ရွာသူရွာသားတွေကို မထိခိုက်စေချင်လို့လေ။ အသံတိုးတိုးတွေ အများကြီးကြားခဲ့ရပေမယ့် တွင်းနက်ကြီးထဲမှာ မိစ္ဆာအရိပ်အယောင် မရှိတော့တာဆိုတော့ အောင်အောင်မြင်မြင်နဲ့ ရှင်းလင်း ပစ်နိုင်ခဲ့ပြီလို့ ဆိုလိုတာပေါ့။

ကျုပ် အသက်ပြင်းပြင်းရှူပြီး နတ်ဘုရားစွမ်းအားတွေသုံးရင်း ..

“အိုက်ရှား နိုင်ငံသားတို့… မင်းတို့ရဲ့ ဒုက္ခတွေ ပြီးဆုံးသွားပြီ.. လက်ကျန် အမှိုက်တွေ ရှင်းဖို့တော့ မင်းတို့ လက်ထဲပဲ ထားခဲ့လိုက်တော့မယ်.. မင်းတို့ အိုးအိမ်တွေလဲ အမြန်ဆုံး ပြန်တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်.. ငါက နတ်ဘုရား တမန်တော် ကျန်းကုန်းဝေ ပါ..”

“အလင်း၏ သားတော်.. သက်တော် ရှည်ပါစေ..”

ကျန်နေတဲ့ လူသားတွေ အားရဝမ်းသာ အရူးအမူး အော်ဟစ်နေကြပြီ။ သူတို့ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ မြင်ရတော့ ကျုပ်မှာ ဝမ်းမသာနိုင်သေးဘူး။ သေဆုံးသွားတဲ့ လူတွေအတွက် ဝမ်းနည်းနေရသေးတယ်။ မိစ္ဆာမျိုးနွယ် ဘာကြောင့်များ ဒီကမ္ဘာကိုလာပြီး သတ်ဖြတ်နေကြပါလိမ့်။

တွင်းနက်ကြီးတွေကို ရှင်းလင်းလိုက်တော့ နေမင်းကြီးရဲ့ အလင်းရောင်တွေ ကမ္ဘာမြေပြင်ပေါ် ပြန်ကျလာပြီ။ ခံတပ်ဘက်ကနေ မိစ္ဆာအရှိန်အဝါတွေ မြင့်တက်လာတာ ကောင်းကောင်းကြီး ခံစားမိနေတယ်။ အဲ့ဒါ မိစ္ဆာဘုရင် ပြန်လည်နိုးထလာတာ ဖြစ်လောက်တယ်။ သူနိုးလာတာက ကမ္ဘာပေါ်က မျိုးနွယ်တွေကို ခြိမ်းခြောက်မှုကြီးပဲ။ နောက်ဆုံး တိုက်ပွဲ စတော့မယ် ထင်ပါတယ်ဗျာ။

ကျောမှာ အတောင်(၆)ခု ထုတ်ပြီး မြို့တော်ကို ပျံသွားလိုက်တော့တယ်။

မြို့တော်မှာ ကျုပ်ကို စောင့်ရင်း တော်ဝင်မှော်တပ်ဖွဲ့ကို မာခယ် စုစည်းပြီးသွားပြီ။ ဒီကောင် မိစ္ဆာတွင်း(၂)ခုကို တော်တော်လေး စိုးရိမ်နေတာ သေချာတယ်။ ကျုပ်ကျောက အလင်းအတောင်ပံတွေကို ပြန်ရုပ်ပြီး အောက်ဆင်းလိုက်တယ်။

“မာခယ်..”

“အစ်ကိုကြီး ဘယ်လိုလဲ..”

“ပြဿနာ မရှိတော့ဘူး.. အဲ့ကိစ္စ ဖြေရှင်းပြီးသွားပြီ.. မာခယ် မင်းခံတပ်ကို သွားစရာမလိုဘူး.. ငါသွားရင် လုံလောက်တယ်.. နတ်ဘုရား ကာကွယ်ရေးအဖွဲ့၊ နဂါးမျိုးနွယ်၊ သဘာဝ နတ်သူငယ်တွေရဲ့ အကူအညီနဲ့ဆို ငါ့တို့မှာ စွမ်းအား လုံလောက်နိုင်တယ်။ ရှို့တိ၊ တလူ နိုင်ငံတော်တွေကို အုပ်စု (၂)ခုခွဲပြီး မိစ္ဆာတွင်းနက်တွေ ရှင်းလင်းဖို့ မှော်တပ်ဖွဲ့ကို အမြန်ဦးဆောင်သင့်တယ်..”

ကျုပ်စကားတွေထဲမှာ မသေချာမှုတွေ လုံးဝမပါဘူး။ မာခယ် ခေါင်းညိတ်ပြလိုက်ပေမယ့် သူ့မျက်လုံးထဲမှာ စိုးရိမ်မှုတွေ တွေ့နေရတုန်းပဲ။

ကျုပ် သူ့ပုခုံးကို အသာပုတ်ပြီး..

“စိတ်မပူနဲ့ ငါ့ညီ.. ငါ မသေမချင်း မိစ္ဆာမျိုးနွယ် မအောင်မြင်စေရဘူး.. လာမယ့် ကိစ္စက လာမှာပဲ.. တလူနဲ့ ရှို့တိ ရဲ့အအခြေအနေတွေ အခုဆို အရမ်း အန္တရာယ် များနေလိမ့်မယ်.. သူတို့စွမ်းအားနဲ့ဆို မိစ္ဆာတွင်းတွေကြောင့် အသေအပျောက် များမှာ.. တတ်နိုင်သမျှ အမြန်ဆုံး သွားသင့်တယ်..”

“အစ်ကိုကြီး.. ငါလုပ်လိုက်မယ်..”

အဲ့အချိန်လေးမှာပဲ ကောင်းကင်ပေါ်ကနေ ထူးထူးခြားခြား ရင်းနှီးနေတဲ့ ခံစားချက် တစ်ခု ရောက်လာတယ်။ ကျုပ်ခေါင်းမော့ ကြည့်လိုက်တော့ ကောင်းကင်မှာ လွင့်မျောနေတဲ့ ရွှေရောင် ပုသဏ္ဍာန်တစ်ခု မြင်လိုက်ရတယ်။ ကျုပ်ခန္ဓာကိုယ် တုန်သွားတာပဲ။

“ အာ ရှောင်ကျင်းမို့လား.. ဘာလို့ ဒီရောက်လာပါလိမ့်..”

============= (*^*)=============

အပိုင်း( ၃၃၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters