တာဝေး လေဟာနယ် ပို့ဆောင်ခြင်း
Vol. 22 Ch. 330
Child of light (ကျန်းကုန်း)
Volume 12: Chapter 5 - Long Distance Teleportation
မာခယ်လဲ ရှောင်ကျင်းကို တွေ့သွားတယ်။
“အစ်ကိုကြီး မူကျီနဲ့ ကျန်တဲ့သူတွေ ထွက်သွားတုန်းက ရှောင်ကျင်းနဲ့ အမြီး(၉)ခု မြေခွေးလေးကို ထားခဲ့တာ ငါပြောဖို့ မေ့သွားတယ်.. မင်းပြန်လာရင် သူတို့နဲ့ တွေ့ဖို့ ရှောင်ကျင်းနဲ့ အမြန်ဆုံးလာရမယ်လို့ ပြောသွားတယ်.. အစောက မင်းမိစ္ဆာတွင်းတွေကို ရှင်းနေတုန်း အလင်းစွမ်းအားတွေကို သူခံစားမိသွားတယ် ထင်တယ်..”
အာ ဒီကောင် ရှောင်ကျင်းနဲ့ ရှောင်ရို့ကို ပြောနေတာပဲ။ ရှောင်ကျင်း မအောင့်နိုင်မအီးနိုင်နဲ့ ကောင်းကင်ကနေ ဟိန်းသံထုတ်လိုက်တာများ သူ့အသံထဲမှာ ဝမ်းသာရိပ်တွေ အပြည့်နဲ့ဆိုတော့ ကျုပ်စိတ်ထဲက အလိုလို တုန့်ပြန်လိက်တော့တယ်။
ကျုပ်အသံထွက်ပြီး မကြာပါဘူး ရှောင်ကျင်းအော်သံကြီး ထပ်ထွက်လာတယ်။ အသံ(၂)ခု ကောင်းကင်မှ ထိပ်တိုက် တွေ့ပြီး ပျံ့သွားတဲ့အချိန် ရှောင်ကျင်းခန္ဓာကိုယ်ကြီး မြင်ကွင်းထဲမှာ တဖြည်းဖြည်း ကြီးလာပြီး ကျုပ်ဆီ ဦးတည်လာတယ်။ ကျုပ် အဲ့ကောင်ကြီးကို ကြိုဖို့ ကောင်းကင်ကို ပျံတက်လာလိုက်တယ်။ ရှောင်ကျင်းနဲ့ ကျုပ်ဆိုတာ သွေးသားရင်းလိုမျိုးရှိတဲ့အပြင် သေခြင်းရှင်ခြင်း တိုက်ပွဲတွေ အတူခံစားဖူးခဲ့တယ်လေ။ ခက်ခဲချိန်တွေ အတူဖြတ်သန်းလာခဲ့ရတော့ ရှောင်ကျင်းနှလုံးသားထဲမှာ ကျုပ်အတွက် သိသာလွန်းတာပေါ့။
ရှောင်ကျင်း တော်တော်လေး ရင့်ကျက်လာပုံပဲဗျ။ သူ့နဂါးကိုယ်ထည်ကြီးပေါ်မှာ ရွှေရောင် အကြေးခွံတွေ ပြိုးပြိုးပြက်ပြက်နဲ့ ရွှေရောင် အလင်းတန်းတွေတောင် ထွက်နေသေးတယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ အတောင်ပံကြီး ဖြန့်ရင်း အောက်ကို ဆင်းလာနေတယ်။ ရှောင်ကျင်းနဲ့ ကျုပ် အချိန်အကြာကြီး ခွဲနေခဲ့ရတာလေ။
“ရှောင်ကျင်း..”
ကျုပ် အော်ခေါ်ရင်း ရင်ထဲက ဆန္ဒတွေ ထုတ်ပြလိုက်တယ်။ ကျုပ်မှာရှိနေတဲ့ လန့်လောက်စရာ စွမ်းအားတွေ ကိုတောင် ဂရုမစိုက်နိုင်တော့ဘူး။ အလင်းအတောင်ပံ (၆)ခု ထွက်လာပြီး ရှောင်ကျင်းဆီ တဟုန်ထိုး ထိုးတက်သွားလိုက်တယ်။
“သခင်..”
ရှောင်ကျင်း မျက်ရည်တွေ စီးကျနေပြီ။ သူ့ခေါင်းကြီး ဖက်ထားပေးချင်ပေမယ့် ဒင်းက ကြီးလွန်းတော့ သူ့ခေါင်းပေါ် တက်ရုံပဲ တတ်နိုင်လိုက်တယ်။
“သခင်..”
ချစ်စရာ အသံတစ်ခု နောက်ထပ် ထွက်လာတယ်။ အမြီး(၉)ခုနဲ့ ရှောင်ရို့ ထပ်ရောက်လာတယ်။
“အာ. သခင်.. နင့်ခန္ဓာကိုယ်က အရှိန်အဝါတွေက ငါ့အတွက် အရမ်းခံစားလို့ကောင်းလိုက်တာ..”
ရှောင်ရို့ ကျုပ်ပုခုံးပေါ်ခုန်တက်ဖို့ ရှဉ့်ပုံစံ ချက်ချင်းပြောင်းသွားတယ်။ သူ့အမြီးကြီးက ကျုပ်ကို ကလိ ထိုးနေသလိုပဲ။
“ရှောင်ကျင်း.. ငါမင်းနဲ့ ပြန်တွေ့ရပြီ.. ငါလဲ မင်းကို လွမ်းနေတာကွ..”
ကျုပ် သက်ပြင်းချရင်း သူ့ဦးချို ရှည်ကြီးကို ကိုင်ထားလိုက်တယ်။
“မင်းငါ့ကို လွမ်းရင် ဒီလိုအကြာကြီး စောင့်ခိုင်းမယ့်အစား ဘာလို့ လာမခေါ်ရတာလဲ..”
ကျုပ်တောင် မသိလိုက်ဘဲ ကျနေတဲ့ မျက်ရည်တွေသုတ်ရင်းနဲ့ …
“ထားတော့.. ငါတို့တွေ အလွမ်းသယ်ရမယ့် အချိန် မဟုတ်သေးဘူး.. မင်းတို့ (၂)ယောက် ဒီမှာစောင့်နေ..”
စကားဆုံးတာနဲ့ ပုခုံးပေါ်က ရှောင်ရို့ကို ဆွဲပြီး ရှောင်ကျင်း ကျောပေါ် တင်ပေးလိုက်တယ်။
“မာခယ်.. မင်း အခုချက်ချင်း ထွက်သွားသင့်တယ်.. (၂)နိုင်ငံမှာ ရင်ဆိုင်ရတဲ့ အန္တရာယ်တွေ ရှင်းလင်းပြီးရင် ဒိနေရာကနေ ငါတို့ဆီက သတင်းကောင်း စောင့်နေလိုက်..”
“အစ်ကိုကြီး ဂရုစိုက်ပါ..”
“စိတ်မပူနဲ့.. နှုတ်ဆက်ပါတယ်..”
စကားဆုံးတာနဲ့ ရှောင်ကျင်း ကျောပေါ် ပြန်သွားပြီး..
“စကားမပြောခင် တိတ်ဆိတ်တဲ့ နေရာသွားရအောင်..”
ရှောင်ကျင်း အတောင်(၂)ဖက် ခတ်လိုက်တယ်။ ဒီကောင် ကျုပ်လောက် မမြန်ပေမယ့် ထူးခြားပါသေးတယ်။ ရှောင်ရို့ကတော့ ကျုပ်ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ စွမ်းအားတွေကို လောဘတကြီး စုပ်ယူရင် ကျုပ်ရင်ဘတ်နား ကပ်နေတယ်။
“သခင်.. ငါနင့်ကို အရမ်းလွမ်းနေတာ.. ငါ့လူသားပုံစံ ပြပါရစေ..”
အရင်က ရှောင်ရို့ရဲ့ ချစ်စရာ ပုံစံလေး ပြန်မြင်ယောင်ပြီး အလျင်စလို ခေါင်းခါရင်း ..
“မလုပ်တာ ပိုကောင်းမယ်ထင်တယ်.. နင့် လက်ရှိ ပုံစံနဲ့ မလုံလောက်သေးဘူးလား..”
ရှောင်ကျင်း ရယ်ရင်းနဲ့..
“သခင်.. ရှောင်ရို့က မင်းကို တိတ်တိတ်လေး သဘောကျနေတာ မင်းမသိဘူးလား.. အဟီး.. အိုက်ယား.. သခင်.. သခင်.. ငါ့ကို မရိုက်နဲ့.. ငါအမှန်အတိုင်းပြောတာ..”
ရှောင်ကျင်း ကျုပ်ကို ဒုက္ခတွေ ပိုပေးနေတာ မဟုတ်ဘူးလား။ ကျုပ်ဖြင့် ဟိုင်ရှင်းနဲ့ ပြဿနာတောင် မဖြေရှင်းရသေးဘူး.. မြေခွေးမလေး ရှောင်ရို့နဲ့သာဆိုရင်။ ဘာပဲဖြစ်ဖြစ် ရှောင်ကျင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာတယ်။ နဂါးဘုရင်က ရှောင်ကျင်းရဲ့ အသက်စွမ်းအားတွေ ပြန်ပေးကတည်းက ကျုပ်နဲ့ စာချုပ် ဖျက်စီးခဲ့ပြီးသားလေ။ ဒီကောင်ကြီး ကျုပ်ရဲ့ မှော်သားရဲလို ဆက်နေသေပေမယ့် ရှောင်ကျင်းနဲ့ ကျုပ်ကြားက ဆက်ဆံရေး ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တကယ်လို့ ရှောင်ကျင်းသာ ကျုပ်နဲ့ အသက်ဘဝ စာချုပ် ချုပ်ထားတုန်း သားရဲဆိုရင် ကျုပ် အလင်းနတ်ဘုရား အသစ်ဖြစ်လာတာနဲ့ ဒီကောင်ကြီး စွမ်းအားတွေ ဒီထက်တောင် ပိုကောင်းအုံးမှာ။ တကယ်လို့ ကျုပ်ပိုင်ထားတဲ့ စွမ်းအားတွေ သူပိုင်နိုင်ရင် အလင်းနတ်ဘုရား (၂)ယောက် ရှိသလိုပဲ မဟုတ်ဘူးလား။
ကျုပ် ရှက်ရှက်နဲ ရင်ဘတ်ပေါ်က ရှောင်ရို့ကို ကြည့်လိုက်မိတယ်။ ပြီးတော့ ရှောင်ကျင်းကို တိုတို တုတ်တုတ်နဲ့..
“ကောင်းပြီ အောက်ဆင်းရအောင်..”
“အို့..”
ရှောင်ကျင်း အသံတစ်ချက်ပဲ ပေးပြီး အတောင်တွေ ရုတ်ရင်း မြေပြင်ကို ဆင်းလိုက်တယ်။
ကျုပ်တို့ အောက်အောက်တော့ ရှောင်ကျင်းက..
“သခင်.. အစ်မ မူကျီက မင်းပြန်လာရင် ငါတို့နဲ့ သူတွေ့ဖို့ ချက်ချင်း ပျံပြီးလာရမယ်လို့ သေချာ မှာသွားတယ်.. အခုလဲ မိစ္ဆာမျိုးနွယ်တွေ ပေါ်လာတဲ့ပုံပဲ..”
“ငါသိပါတယ်.. အခု ငါတို့တွေ အရှိန်မြှင့်ဖို့ မြေပေါ်ဆင်းလာတာ.. ရှောင်ကျင်း၊ ရှောင်ရို့ ငါ့ကို ကာကွယ်ပေး ထားအုံး.. တာဝေး လေဟာနယ် ပို့ဆောင်ရေး ဝင်္ကပါ ဆွဲလိုက်အုံးမယ်..”
“သခင်.. မင်း အလင်းနတ်ဘုရား အမွေ ဆက်ခံပြီးသွားပြီလား.. မှော်ဝင်္ကပါက ငါ့ခန္ဓာကိုယ်ကြီးကို ရွှေ့ပေးနိုင်မှာ သေချာလား”
ဟမ်။ ရှောင်ကျင်းရဲ့ တောင်တစ်လုံးလို ခန္ဓာကိုယ်ကြီးကို ကြည့်မှ ဒီပြဿနာ တွေ့လိုက်ရတယ်။ ကျုပ် စဉ်းစားပြီး..
“ငါ အလင်းနတ်ဘုရားအမွေ လုံးလုံး ဆက်ခံပြီးသွားပြီ.. ခံတပ်ကို ပို့ဖို့ ငါ့မှာ စွမ်းအား လုံလောက် လောက်ပါတယ်.. ရှောင်ကျင်း.. မူကျီနဲ့ အားလုံးရော နေကောင်းကြရဲ့လား..”
“အားလုံး မင်းကို လွမ်းနေကြတာ.. ဒါပေမယ့် မပြောမဆို ထွက်သွားလို့ မင်းကို စိတ်ပျက်နေပုံပဲ.. သူတို့နဲ့ တွေ့ရင် သတိထားနော်.. မင်းသူငယ်ချင်းတွေက နတ်ဘုရားလက်နက်တွေနဲ့ မိစ္ဆာတွေကို တိုက်တဲ့အချိန် ပိုပိုပြီး အားကောင်းလာတယ်.. ငါ့အဖေတောင် ချီးမွမ်းရလောက်တဲ့အထိပဲ..”
နဂါးဘုရင်အကြောင်း ပြောတာကြားတော့..
“ဒီတစ်ခါတော့ မင်းတို့ နဂါးမျိုးနွယ်ကို အနှောက်အယှက်ပေးမိပြီ.. မင်းအဖေ နဲ့ ကျန်းတဲ့သူတွေ ငြိမ်းချမ်းနေတာ ဒုက္ခပေးမိလို့ စိတ်မကောင်းပါဘူးကွာ..”
“မဟုတ်ဘူး.. အဲ့လို မဖြစ်ဘူး.. အားလုံး မင်းကို တွေ့ချင်နေကြတာ.. မင်း သူတို့ကို နာမည်တွေ ပေးလို့ အရမ်း ကျေးဇူးတင်နေကြတာ.. ပြီးတော့ ငါတို့ နဂါးမျိုးနွယ်လဲ ကမ္ဘာကြီးပေါ်က မျိုးနွယ် တစ်ခုပဲလေ.. တကယ်လို့ မိစ္ဆာမျိုးနွယ်သာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှု တစ်ခုမှန်ရင် ကူညီရမှာ ငါတို့ တာဝန်ပဲလေ.. အဲ့လိုမှ မဟုတ်ရင် အဓိက တိုက်ပွဲတွေမှာ ရှောင်ပြီး တခြားမျိုးနွယ်တွေကို မကူညီဘူးဆိုရင် ငါတို့ နဂါးမျိုးနွယ်ကိုလဲ မကြာခင် ဒါမှမဟုတ် နောက်ကျ သုတ်သင်မှာပဲလေ..”
“အခု မင်းအဖေ နဂါးမျိုးနွယ်ကို ဘယ်ကို ခေါ်သွားတာလဲ..”
============= (*^*)=============
အပိုင်း( ၃၃၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား