← Chapters

တာလီပြည်ထောင် နန်းမြို့တော်

Vol. 012 Ch. 1107

တာလီပြည်ထောင် နန်းမြို့တော်

Vol. 012 Ch. 1107

သူတို့သည် အထက်ဘုံမှ တာလီပြည်ထောင်၏ နန်းမြို့တော်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ကြသည်။ ကြီးမားသော အဆောက်အဦများ၊ သီးသန့်နေရာများဖြင့် နန်းမြို့တော်ကား စည်ကားလှသည်။

ရဲတိုက်၏အမြင့်တစ်နေရာမှ လှမ်းကြည့်လျှင် မိုးထိုးနေအောင် မြင့်မားကာ ထည်ဝါ ခံ့ညားသော တိမ်လွှာကိုးခု နန်းတော်အား အဝေးမှပင် မြင်တွေ့နိုင်ပေသည်။ ဘုရင်ခံလီ၏ ရဲတိုက်သည် တာလီပြည်ထောင် နန်းတော်နှင့် သိပ်မဝေးသော နေရာတွင် တည်ရှိပေသည်။

အလွန်တရာ ကြီးမားသော အလင်းတန်းကြီးတစ်ခုသည် ဘုရင်ခံလီ၏ ရဲတိုက်ခြံဝင်းသို့ ကျဆင်းလာခဲ့သည်။ ထို့နောက်တွင် ခြံဝင်းထဲ၌ ကြီးမားသော လူတစ်စုအား မြင်ကြရ၏။ သူတို့ကား အောက်ဘုံမှနေ၍ အထက်ဘုံသို့ အကာသ အစီအရင်ကို အသုံးပြုကာ ခရီးနှင် လာကြသော ရီဖူရှင်းတို့ ဖြစ်ကြသည်။

ရဲတိုက်ထဲမှ လူအချို့ ထွက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူကား ဘုရင်ခံလီ၏ သားအကြီးဆုံးဖြစ်သည်။ သူသည် အထက်ဘုံ၏ ဘုရင်လီ ရဲတိုက်တွင် အမြဲအားဖြင့် နေထိုင်သူဖြစ်၏။

“ ခင်ဗျားတို့အားလုံး ပြန်ရောက်လာတာ ဝမ်းသာစရာကိစ္စပဲ ”

လီရန်က သူတို့အားလုံးကို ဦးညွှတ်ကာ ပြောသည်။

“ မင်းသား … ”

သူတို့ကလည်း ပြန်လည်၍ နှုတ်ဆက်ကြသည်။

“ အစ်ကိုလုချွန် … ဒီတစ်ခေါက် ခရီး ဘယ်လိုလဲ ”

လီရန်က မေးသည်။ သူတို့ အချင်းချင်း ရင်းနှီးကြဟန်ရ၏။

မည်သို့ဆိုစေ နန်းတွင်းအကြံပေး၏ အိမ်တော်သည်လည်း သည်အနီးအနားတွင် ဖြစ်ပေသည်။

“မဆိုးဘူး … ကျုပ်တို့က အောက်ဘုံမှာ ထူးခြားတဲ့ ပါရမီရှင်တွေ အချို့ကို ခေါ်လာနိုင်တယ် ”

လုချွန်က ပြောသည်။

“ သတင်းကောင်းပဲ … ခင်ဗျားတို့အားလုံး ပင်ပန်းနေကြတော့မယ်။ အားလုံး ရဲတိုက်ထဲမှာ ဝင်ရောက် အနားယူပါ။ အစေခံတွေကို ဧည့်ခံဖို့ ပြင်ဆင်ခိုင်းလိုက်ပါ့မယ် ”

လီရန်က ပြောသည်။

“ကျေးဇူးတင်ပါတယ် … မင်းသား … ဒါပေမဲ့ ဘုရင်ခံလီက ကျုပ်တို့ကို ရက်တွေ အများကြီး ဧည့်ခံထားပြီးပါပြီ။ ကျုပ်တို့က နောက်ထပ် အနှောင့်အယှက် မပေးလိုတော့ပါဘူး။ နှုတ်ဆက်ပါတယ် ”

နောက်တစ်ယောက်က ပြောသည်။

“ ကျုပ်က ပြန်သွားပြီးတော့ ဆရာကို တင်ပြရဦးမယ်။ အဲဒါတွေ မပြင်ပါနဲ့တော့ ”

လီရန်က ခေါင်းညိတ်ကာ ပြောသည် …

“ ကောင်းပြီ... အားလုံး ဂရုစိုက်ကြပါ ”

“နှုတ်ဆက်ပါတယ်”

အားလုံးကလည်း ဦးညွှတ်ကာ အဝေးသို့ ပျံသန်း ထွက်ခွာသွားကြသည်။

လုချွန်နှင့် ဓားတောင်ကုန်းမှ တန်ခိုးရှင်များမှာ နောက်ဆုံးမှ ထွက်ခွာကြသူများ ဖြစ်ကြသည်။ အရိပ်ရှန့်ထိုဓားက ရီဖူရှင်းအား ကြည့်ကာ မေးသည် …

“အခု ငါတို့ အထက်ဘုံသို့ ရောက်နေကြပြီ။ မင်းရဲ့ အစီအစဉ်က ဘာလဲ။ ငါနဲ့အတူ ဓားတောင်ကုန်းကို လိုက်ခဲ့မလား ”

ဓားတောင်ကုန်းကား တာလီပြည်ထောင်၏ အင်အားစုတစ်ခု ဖြစ်သော်လည်း နန်းမြို့တော်နှင့် ဝေးသော အရပ်တွင် ရှိပေသည်။

“ ကျုပ်တို့ အခု ဘယ်မှာလဲ ”

ရီဖူရှင်းက မေးသည်။

“ ဒီနေရာက တာလီနန်းတော်နဲ့ အနီးဆုံး နေရာမှာ ရှိတဲ့ ဘုရင်ခံလီရဲ့ ရဲတိုက်ပဲ။ ဒီအနားမှာ နန်းတွင်း အကြံပေးနဲ့ တခြားတော်ဝင် မျိုးနွယ်တွေရဲ့ အိမ်တော်တွေ ရှိတယ်”

မင်းသမီးလီယူက ပြောသည်။

“ဒါဆိုလည်း ကျုပ်က ဒီအနားမှာ ကျင့်ကြံလို့ရမယ့် တစ်နေရာ ရှာမယ်။ တာလီပြည်ထောင်ရဲ့ နန်းမြို့တော်မှာ ဓားသမားတွေ အများကြီး ရှိလိမ့်မယ် ”

ရီဖူရှင်းက ပြောသည် …

“ ဒါပေမဲ့ ကျုပ်က ကတိကို မမေ့လျော့ပါဘူး .. စီနီယာ .. တကယ်လို့ ဓားတောင်ကုန်းက တပည့်တစ်ယောက်က ကျုပ်ကို အနိုင်ယူနိုင်ခဲ့ရင် ကျုပ်က ဓားတောင်ကုန်းကို ဝင်ပါ့မယ် ”

အရိပ်ရှန့်ထိုဓားက အတန်ကြာ တိတ်ဆိတ်နေသည်။ လီယူက ရုတ်တရက် ပြောသည် …

“ စီနီယာ .. ကျွန်မက သတ္တမဓားအတွက် နေစရာ စီစဉ်ပေးလိုက်ပါ့မယ်။ သူ အဆင်ပြေရင် ဒီရဲတိုက်မှာ နေလို့လည်း အဆင်ပြေပါတယ် ”

အရိပ်ရှန့်ထိုဓားက လီယူအား ကြည့်ကာ ခေါင်းညိတ်သည်။ အမှန်တကယ် အားဖြင့် ရီဖူရှင်းအား ဓားတောင်ကုန်းသို့ ဝင်ရန် သူမျှော်လင့်ပေသည်။ သူက ရီဖူရှင်း၏ဓားပညာကို မြင်ပြီးဖြစ်သည်။ သူ့အနေဖြင့် ဤသို့ ထက်မြက်သော ဓားသမားတစ်ယောက်အား လက်မလွှတ်လိုပေ။

သူသာ ဓားတောင်ကုန်းကို ဝင်ပါက သေချာပေါက် အတော်ဆုံး ဓားသမားတစ်ယောက် ဖြစ်လာနိုင်ပေသည်။

“ကောင်းတယ် … မင်းသမီးက သူ့အတွက် စီစဉ်ပေးမှတော့ ကျုပ်ကလည်း စိတ်ပူစရာ မရှိတော့ဘူးပေါ့။ အခု ကျုပ်က ဓားတောင်ကုန်းကို ပြန်တော့မယ် ”

အရိပ်ရှန့်ထိုဓားက ခေါင်းညိတ်သည်။ ထိုအဖြစ်က လီရန်အား ရီဖူရှင်းနှင့် ပတ်သက်၍ စိတ်ဝင်စားစေသည်။ သူ၏ညီမလီယူနှင့် အရိပ်ရှန့်ထိုဓားတို့က သည်လူငယ်အား အလွန်တရာ အလေးထားဟန် ရသည်။

လုချွန်သည်လည်း မပြန်သေးဘဲ သည်လူငယ်အတွက် နေရာထိုင်ခင်း စီစဉ်ပေးခြင်းအား စောင့်နေဟန်ရသည်။

အရိပ်ရှန့်ထိုက သူ၏ဓားသမားများအား ခေါ်ကာ ထွက်သွားသည်။ လုချွန်ကလည်း ပြောသည် …

“ ကျုပ် သွားသင့်ပြီ ”

“ ကျွန်မ လိုက်ပို့ပါ့မယ် ”

လီယူက ပြောသည်။

“မပို့ပါနဲ့တော့ … ကျုပ်ဘာသာပဲ သွားလိုက်တော့မယ် ”

လုချွန်က ပြုံးလျက်ပြောသည်။ ထို့နောက် ရီဖူရှင်းဘက်သို့ လှည့်ကာ ပြောသည် …

“ ကျုပ်တို့ ထပ်တွေ့ကြတာပေါ့ ”

“တစ်နေ့နေ့မှာ တွေ့တာပေါ့”

ရီဖူရှင်းက ခေါင်းညိတ်လျှင် လုချွန်သည်လည်း သူ့လူများနှင့်အတူ ထွက်ခွာသွားသည်။

အချိန်တိုအတွင်း လီရဲတိုက်၌ ရီဖူရှင်းနှင့် လူအချို့တို့သာ ကျန်ရစ်သည်။

“ယူလီ … မင်းက သူ့ကို ငါနဲ့ မိတ်မဆက်ရသေးဘူး ”

လီရန်က ရီဖူရှင်းအား ရယ်မော၍ ပြောသည်။

“ဒီက လူကြီးမင်းက တာလီပြည်ထောင်ရဲ့ ဓားသမားတစ်ဦးပဲ … သူ့နာမည်က သတ္တမဓားတဲ့ … သူက အောက်ဘုံမှာ လုပ်တဲ့ အကဲဖြတ်ပွဲမှာ ပထမရခဲ့ပြီးတော့ ဘယ်သူမှ သူ့ဓား တစ်ကွက်ကိုတောင် မခံနိုင်ကြဘူး။ တာလီဓားတောင်ကုန်းက ယွင်ကန်းလည်း သူ့လက်ထဲမှာ ရှုံးနိမ့်ခဲ့တာပဲ။ သူက အောက်ဘုံမှာ ပြိုင်ဘက်ကင်းတယ် ”

လီယူက ပြုံးလျက်ဆက်ပြောသည် …

“ အရိပ်ရှန့်ထိုဓားက သူ့ကို ဓားတောင်ကုန်းမှာ လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ သတ္တမဓားက ဓားတောင်ကုန်းမှာ သူ့ကို အနိုင်ရတဲ့သူမရှိခဲ့ရင် သူလိုက်နာကျင့်ကြံတဲ့လမ်းစဉ်ဟာ ဓားတောင်ကုန်းထက် ကောင်းမွန်တာဖြစ်လို့ ဓားတောင်ကုန်းကို ဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် ”

လီရန်၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ အောက်ဘုံတွင် ပြိုင်ဘက်ကင်းသော ဓားသမားက ဓားတောင်ကုန်းကို ဝင်ရန် ငြင်းဆန်ခဲ့သည်တဲ့လား။

“အရိပ်ရှန့်ထိုဓားက ခင်ဗျားကို လေးစားမှုနဲ့ ဆက်ဆံတာ မထူးဆန်းတော့ဘူး။ တာလီပြည်ထောင်မှာ ဒီလိုသူရဲကောင်း တစ်ယောက် ပေါ်လာတာ ကျုပ်လည်း ဝမ်းသာတယ်”

လီရန်က ရယ်မော၍ ပြောသည် …

“ ကျုပ်က တာလီပြည်ထောင်ရဲ့ လီရန်ပါ ”

လီရန်ကား တာလီနန်းတွင်း၏သွေးများ စီးဆင်းနေသော နန်းတွင်းမျိုးဆက် တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူက မိမိကိုယ်ကို တာလီပြည်ထောင်၏လီရန်ဟု ပြောခြင်းဖြစ်သည်။

လုချွန်သည်လည်း နန်းတွင်းအကြံပေး၏ တပည့်ဖြစ်ကာ အင်ပါယာလီ၏ လူယုံတစ်ဦးဟု ပြောလျှင် မမှားပေ။ ထို့အတွက်ကြောင့် သူကလည်း မိမိကိုယ်ကို မိတ်ဆက်သောအခါ တာလီပြည်ထောင်၏ လုချွန်ဟု ပြောခြင်းဖြစ်သည်။ သို့သော်လည်း ဓားတောင်ကုန်းမှ တစ်စုံ တစ်ယောက်ကသာ မိမိကိုယ်ကို မိတ်ဆက်ပါက ဓားတောင်ကုန်း၏ ဂုဏ်ပုဒ်ကိုသာ ပြောဆို မိတ်ဆက်မည် ဖြစ်သည်။

“ကျုပ်က သတ္တမဓားပါ ”

ရီဖူရှင်းက ဆိုသည် …

“ မင်းသမီးက အရမ်းချီးကျူးလွန်းပါပြီ ”

“ကျွန်မက ရှင်နဲ့ အသက် အတူတူလောက်ပါပဲ။ ဒါကြောင့် ယူလီလို့ တိုက်ရိုက် ခေါ်လို့ရပါတယ်။ မင်းသမီးလို့ခေါ်တာက သိပ်မရင်းနှီးသလို ခံစားရတယ်”

ယူလီက ပြုံးလျှက်ပြောသည်။

ရီဖူရှင်းက သူမ၏ကျက်သရေရှိကာ လှပသော မျက်နှာလေးအား ကြည့်သည်။ သူမ၏ အပြုံးကာ နွေဦးလေပြည်ကဲ့သို့ သိမ်မွေ့ကာ နွေးထွေးသော ခံစားချက်အား ပေး၏။ သူမကား အမှန်ပင် ဆွဲဆောင်မှုရှိသော မိန်းကလေးဖြစ်သည်။

“မင်းသမီးယူလီ … ”

ရီဖူရှင်းက သူမ၏နာမည်ကို ခေါ်သော်လည်း မင်းသမီးဂုဏ်ပုဒ် ကိုတော့ လုံးဝ ဖျောက်လိုက်ခြင်း မရှိပေ။

ယူလီက စက္ကန့်အနည်းငယ် စကားစကို ဖြတ်ထားပြီးမှ ရယ်မောကာ ပြောဆိုသည် …

“အဖေက အမြဲ အောက်ဘုံမှာပဲ နေရတယ်။ ရှင်စိတ်မရှိဘူးဆိုရင် ဒီရဲတိုက်မှာ ရက်နည်းနည်း နေလို့ရပါတယ် ”

ရီဖူရှင်း၏ပါရမီအရ သူသာ ဓားတောင်ကုန်းကို ဝင်ပါက နောင်တွင် သေချာပေါက် အရေးပါသော သူတစ်ဦး ဖြစ်လာနိုင်ပေသည်။ ထိုကဲ့သို့သောသူက ဘုရင်ခံလီ၏ ရဲတိုက်သော ရောက်လာသော အချိန်တွင် သူမက ရီဖူရှင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားရန် မျှော်လင့်ထားပေသည်။

“ကျုပ်က မင်းသမီးရဲ့ စေတနာကို ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ကျုပ်က ကျင့်ကြံခြင်း လမ်းခရီးမှာ တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် နေရတာကို ပိုနှစ်ခြိုက်တာ မို့လို့ သီးသန့်နေရာ တစ်ခုရှာပြီးပဲ နေထိုင်ပါတော့မယ်”

ရီဖူရှင်းက ငြင်းသည်။ သူက တာလီနန်းတွင်းနှင့် ပိုရင်းနှီးလို သော်လည်း သည်နည်းလမ်းဖြင့်တော့ မဟုတ်ပေ။

“ဒါဆိုလည်း ကျွန်မက ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်”

ယူလီက ပြုံးလျက်ပြောသည် …

“ ဒါပေမဲ့ ရှင်က အထက်ဘုံကို အခုမှ ရောက်တာဖြစ်လို့ ဒီက ပတ်ဝန်းကျင်အနေအထားနဲ့ သိပ်ရင်းနှီးသေးမှာ မဟုတ်ဘူး။ ရှင်စိတ်မရှိရင် နေစရာကို ကျွန်မ စီစဉ်ပေးပါ့မယ် ”

သူမ၏ မျက်လုံးများထဲမှ ရိုးသားသော စေတနာကို ရီဖူရှင်း မြင်နေရသည်။ ယူလီက ထိုသို့ပြောမှတော့ ရီဖူရှင်းကလည်း မငြင်းလိုတော့ပေ …

“ အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ် … ”

“ ဒါက သိပ်မခက်ခဲပါဘူး ”

ယူလီက ပြုံးလျက်ပြောသည်။

“ ဒါက နန်းမြို့တော်လို့ မင်းသမီးကပြောတယ် … ”

ရီဖူရှင်း မေးသည်။

“ ဟုတ်တယ် … ”

လီယူက ခေါင်းညိတ်ကာ ပြောသည် …

“ ကျွန်မနဲ့လိုက်ခဲ့ပါ ”

သူမက ပြောပြီးသည်နှင့် ခေါင်မိုးထက်သို့ ပျံတက်သွားခဲ့သည်။ ရီဖူရှင်းကလည်း သူမ၏ နောက်သို့ လိုက်၏။ ယူလီက အဝေးတစ်နေရာသို့ လက်ညှိုးထိုးပြရာ ထိုနေရာတွင် တိမ်များအကြားသို့ အထိ မြင့်မားစွာ တည်ဆောက်ထားသော နန်းတော်အား မြင်ရသည်။

“ အဲဒါ နန်းတော်ပဲ … ဘေးပတ်ပတ်လည်မှာ တာလီပြည်ထောင်ရဲ့ နန်းတွင်းမိသားစုတွေ၊ မှူးကြီးမတ်ကြီးတွေနဲ့ အကြီးအကဲတွေ နေထိုင်ကြတယ်။ ဒီနေရာကို သတ်သတ်မှတ်မှတ် နာမည်မပေးထားပေမဲ့ လူတွေကတော့ နန်းတော်အပြင်စည်းလို့ ခေါ်ကြတယ်”

လီယူက ရှင်းပြသည်။

ရီဖူရှင်းက အဝေးမှ နန်းတော်ကြီးအား ကြည့်သည်။ လီယောင်သည် ထိုနေရာတွင် နေထိုင်ခြင်း ဖြစ်ပေလိမ့်မည်။

သည်နေရာသို့ မရောက်ခင်အထိ ရီဖူရှင်းသည် အင်ပါယာရှားဘုံမှ အင်ပါယာလီအောက်ဘုံသို့ ရောက်လာခဲ့သည်။ သို့သော်လည်း သူကား မြန်ဆန်စွာပင် တာလီဘုံ၏ နန်းတော်အနီးသို့ ရောက်လာခဲ့ခြင်းမှာ မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။ သူကား အမှန်တကယ် ကံကောင်းခဲ့သည်ဟု ပြောရပေမည်။ သူသာ အောက်ဘုံမှ အထက်ဘုံသို့ သမားရိုးကျ ပုံစံဖြင့် တက်လိုပါက ဘုရင်ခံလီ၏ အာရုံကို ဖမ်းစားရန် အနည်းငယ် ခက်ခဲပေလိမ့်မည်။

***

All Chapters