← Chapters

ရွေးချယ်ခံရသည့်သူ

Vol. 012 Ch. 1108

ရွေးချယ်ခံရသည့်သူ

Vol. 012 Ch. 1108

အင်ပါယာလီမြို့ထဲတွင် အင်ပါယာလီရိပ်သာ လမ်းဟူသော လမ်းမကြီး တစ်ခုရှိပေသည်။

ထိုရိပ်သာလမ်းသည် အင်ပါယာလီမြို့၏ ဗဟိုချက်မနေရာ ဖြစ်ကာ တာလီ ပြည်ထောင်၏လူသူ အစည်ကားဆုံး တစ်နေရာလည်း ဖြစ်၏။

အင်ပါယာလီ ရိပ်သာလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် အင်ပါယာလီ နန်းတော် အတွင်းစည်းကို ပိုင်းခြားထားသော အိမ်တော်များ၊ ရဲတိုက်များနှင့် တောင်ကုန်းများ ရှိပေသည်။ ထိုနေရာများ၏ ပိုင်ရှင်များမှာလည်း တာလီပြည်ထောင်၏ နာမည်ကျော်ကြားကာ ဂုဏ်သိက္ခာ ကြီးမားသူများ ဖြစ်ကြပေသည်။

ဟာသတစ်ခုရှိသည်မှာ ရှန့်ထိုပထမအဆင့် တစ်ပါးသည်ပင် အင်ပါယာလီရိပ်သာလမ်း၌ လမ်းလျှောက်ရာတွင် သိုသိပ်စွာ နေရသည်ဟူ၏။

အကြောင်းအရင်းမှာ ရိပ်သာလမ်း၌ လျှောက်နေသော လူငယ် တစ်ယောက်သည်ပင် စွမ်းအားမြင့် ရှန့်ထိုများ အပြစ်မလုပ်ရဲသော တစ်စုံတစ်ဦး ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။

ထိုစကားက ဟာသတစ်ခုဟု ဆိုသော်လည်း အင်ပါယာလီရိပ်သာ လမ်းအနီး၌ နေထိုင်သူဆိုပါက ထိုအချက်မှာ အမှန်တရားဖြစ်သည်ကို သိပေလိမ့်မည်။

တာလီပြည်ထောင်က အင်ပါယာလီဘုံ၏အထက်ဘုံနှင့် အောက်ဘုံကို အုပ်ချုပ်ပေသည်။ သူတို့၏ နယ်မြေများကို အုပ်ချုပ်မှုမှာ အင်ပါယာရှားဘုံထက် အခြေခိုင်ကာ ဩဇာအာဏာ သက်ရောက်မှု သည်လည်း ပိုမိုကြီးမားပေ၏။

အင်ပါယာလီဘုံတွင် နန်းတွင်း အကြံပေးတစ်ဦးနှင့် ဘုရင်ခံလေးဦးရှိကာ အင်ပါယာလီ ရိပ်သာလမ်း၏တခြားတစ်ဖက်၌ ဘုရင်ခံသုံးပါးနှင့် နန်းတွင်းအကြံပေးတို့ နေထိုင်ကြပေသည်။ နန်းတွင်း အကြံပေး၏အိမ်တော်ဝင်းဘေးတွင် ဘုရင်ခံသုံးပါး၏ရဲတိုက်တို့ တည်ရှိပေသည်။

ဘုရင်ခံလီ၏ရဲတိုက်သည်လည်း တစ်ခုအပါအဝင်ဟု ဆိုနိုင်ကာ သူကား အောက်ဘုံကို တာဝန်ယူအုပ်ချုပ်၏။ သူကား အောက်ဘုံ၏ အကြီးဆုံးအာဏာကို ဆုပ်ကိုင်ထားသော်လည်း အမှန်တကယ်အား ဘုရင်ခံလေးပါးထဲတွင် သူသည် အားအနည်းဆုံး ဖြစ်ပေသည်။ အထက်ဘုံ၌ သူ၏လွှမ်းမိုးမှုမှာလည်း အားအနည်းဆုံး ဖြစ်ပေသည်။

တခြားသော ဘုရင်ခံသုံးပါးသည် ရှန့်ထိုအဆင့်၏အမြင့်ဆုံးဖြစ်သော ပြန်လည်မွေးဖွားခြင်းအဆင့်၌ ရှိပေသည်။

ယနေ့ အင်ပါယာလီ၏ ဦးရီးတော်ဖြစ်သော မင်းသားကြီးသည် တစ်ချိန်တစ်ခါက အင်ပါယာလီ ထီးနန်းမတက်ခင် ကြားကာလတွင် တာလီပြည်ထောင်အား ကူညီအုပ်ချုပ်ပေးခဲ့သူ ဖြစ်သည်။ နောက်ပိုင်း သူက နန်းတွင်းအရေးကိစ္စများ၌ အနားယူခဲ့ခြင်းဖြစ်သည်။

တော်ဝင်မိသားစုထဲတွင် မင်းသားကြီးသည် အလွန်မြင့်မားသော အဆင့်အတန်းအား ပိုင်ဆိုင်ပြီး သူ၏အခန်းအနားကို အင်ပါယာလီ ကိုယ်တိုင်က တက်ရောက် ချီးမြှင့်ရပေသည်။

မင်းသားကြီးနှင့် ဘုရင်ခံလီတို့အပြင် အနီးအနားတွင် နောက်ထပ် ရှိသော ဘုရင်ခံတစ်ပါးမှာ ဘုရင်ခံပိုင်( အဖြူရောင်ဘုရင်ခံ) ဖြစ်သည်။

အင်ပါယာလီဘုံ၏အင်အားစုသုံးခုကို ဦးဆောင်သော ဘုရင်ခံပိုင်သည် အင်ပါယာရှားဘုံမှ ဗိုလ်ချုပ်ထန်၏ အဆင့်အတန်းထက်ပင် မြင့်မားပေသည်။

အင်ပါယာလီဘုံတွင် ဘုရင်ခံပိုင်၏ အဆင့်အတန်းကို လူအနည်းငယ်ကသာ နှိုင်းယှဉ်နိုင်သည်။

သို့သော်လည်း နန်းတွင်း အကြံပေးကား ထိုအထဲမှ တစ်ယောက်ဖြစ်သည်။

ထို့အတူ ဘုရင်ခံလေးပါး၌ စွမ်းအားအမြင့်ဆုံး ဖြစ်သော ဘုရင်ခံ ထန်တောက်သည်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။ သူကား အင်ပါယာလီဘုံ၏ အနောက်ဘက် စစ်တပ်ကို ဦးစီးသည်။

တာလီပြည်ထောင်တွင် ဘုရင်ခံလီက အောက်ဘုံကို အုပ်စိုးသော်လည်း တကယ်တမ်း အားဖြင့် သူသည် အဆင့်အတန်း အနိမ့်ဆုံးနှင့် စွမ်းအား အနိမ့်ဆုံးဖြစ်သည်။ စွမ်းအားပိုင်းတွင် အင်ပါယာလီ၏အစ်ကိုဖြစ်သော ဘုရင်ခံထန်တောက်သည် အကြီးဆုံးဖြစ်သည်။ အကယ်၍ ဘုရင်ခံလီသာ ရန်ဟောင် အဆင့်သို့ မတက်လှမ်းခဲ့ပါက တကယ်တမ်း တာလီပြည်ထောင်ကို အုပ်စိုးရမည့်သူမှာ ဘုရင်ခံ ထန်တောက်ဖြစ်ပေမည်။ သို့သော်လည်း ကျင့်ကြံခြင်းလောကတွင် စွမ်းအားသည်သာ အခရာဖြစ်ရာ အင်ပါယာလီက တာလီပြည်ထောင်အား အုပ်စိုးခြင်း၌ မည်သူမှ မေးခွန်းမထုတ်နိုင်ပေ။

မှန်သည် … ဘုရင်ခံထန်တောက်၏ စွမ်းအားကား လွန်စွာ ကြီးမားကာ နန်းတွင်း အကြံပေးကို စိန်ခေါ်ရဲသော တစ်ဦးတည်းသော သူလည်းဖြစ်၏။

သိုင်းပညာ ယဉ်ကျေးမှုကို ပြန်လည်ထွန်းကား စေရန် နန်းတွင်း အကြံပေးသည် တာလီ ကျောင်းတော်အား တည်ထောင်ခဲ့၏။ အင်ပါယာလီကလည်း အားသွန်ခွန်စိုက် ထောက်ပံ့ပေးခဲ့ကာ တော်ဝင်မျိုးနွယ်များ အားလုံး ကျောင်းတော်၌ တက်ရောက် လေ့ကျင့်ကြသည်။ နန်းတွင်း အကြံပေးသည် ကျောင်း၏ ဦးဆောင်သူတာဝန်ကို ယူခဲ့သည်။ ယခု တာလီကျောင်းတော်သည် တာလီပြည်ထောင်တွင် နံပါတ်တစ် တော်ဝင်မြေအဖြစ် သတ်မှတ်နိုင်ပေသည်။

တာလီပြည်ထောင်သည်လည်း အင်ပါယာလီရိပ်သာ လမ်းတွင် တည်ရှိပေသည်။

ဘုရင်ခံ ထန်တောက်သည် နန်းတွင်းအကြံပေးအပေါ် အင်ပါယာလီက အလေးပေးခြင်းအား လွန်စွာ မနာလိုဖြစ်သည်ဟာ ကောလာဟလ တချို့လည်း ရှိ၏။

ယခု တောက်လီတောင် သည်လည်း အနောက်ဘက်တွင် တော်ဝင်မြေ တစ်ခုဖြစ်လာခဲ့ကာ အနောက်ဘက် စစ်တပ်မှ ထူးချွန်သော တပည့်များအား မွေးထုတ်ပေးနိုင်ခဲ့ပြီး တာလီကျောင်းတော်နှင့် ယှဉ်နိုင်ရန် ကြိုးစားနေသည်။

ထို့ကြောင့် တာလီနန်းတွင်း အရေးတွင် နန်းတွင်းအကြံပေးနှင့် ဘုရင်ခံ တောက်လီ တို့သည် ပဋိပက္ခများ မရှိကြသော်လည်း အဆင့်အတန်းအရ အားပြိုင်မှုများ ရှိနေသည်မှာ သေချာ၏။

အင်ပါယာလီ သည်လည်း သူတို့၏ အောင်မြင်မှု၊ စွမ်းဆောင်မှုများကို ကောင်းကောင်း နားလည်၏။ သူက တာလီပြည်ထောင်အား မထိခိုက်စေသရွေ့ သူတို့အကြား အားပြိုင်မှုကို လျစ်လျူရှုထားပေသည်။

အမှန်တကယ် အားဖြင့် ဘုရင်ခံလီကလည်း တောက်လီ တော်ဝင်တောင်နှင့် တာလီကျောင်းတော် ကဲ့သို့သော တော်ဝင်မြေတစ်ခု တည်ထောင်နိုင်ရန် မျှော်လင့်ပေသည်။

သို့သော်လည်း အထက်ဘုံနှင့် အောက်ဘုံတို့အကြား ကွာဟချက်ကား ကြီးမားလွန်းပေသည်။ အောက်ဘုံ တစ်ခုလုံးသည်ပင် တာလီကျောင်းတော်နှင့် တောက်လီတော်ဝင်တောင် တို့နှင့် ယှဉ်နိုင်ခြင်း မရှိပေ။

ယခု ရီဖူရှင်းအား မင်းသမီးလီယိုက အင်ပါယာလီ ရိပ်သာလမ်းတွင် အိမ်တော်တစ်ခု စီစဉ်ပေးထားခဲ့ပေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် သူ၏အိမ်တော်တွင် တိတ်ဆိတ်စွာ လေ့ကျင့်နေ၏။ လီယူက သူ၏ ဝေယျာဝိစ္စအတွက် အစေခံမိန်းကလေးတစ်ဦး စီစဉ်ပေးလိုခဲ့သော်လည်း ရီဖူရှင်းက ငြင်းဆန်ခဲ့သည်။ သတ္တမဓား၏ စိတ်နေသဘောထားအရ ထိုသို့သော အရှုပ်အထွေးများအား သူက သဘောမကျပေ။ ထို့အတူ လီယူကလည်း သိပ်များများစားစား မတွေးခဲ့ပေ။

ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်လျှင် သူ၏စိတ်ဝိညာဉ်သည် အလွန်ဝေးကွာသော အရိပ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး အင်ပါယာရှား နန်းတော်တွင်ရှိသော သိမ်းငှက်နက်နှင့် ဆက်သွယ်သွားခဲ့၏။

သိမ်းငှက်နက်၏ရှေ့တွင် မှတ်တမ်းများ အထပ်လိုက်ရှိနေသည်။ သူက စာပေမှတ်တမ်း များအား လှန်လှောကြည့်ကာ တစ်စုံတစ်ခုအား ရှာဖွေနေဟန်ရသည်။ နောက်ဆုံးတွင် ရီဖူရှင်းက သူ မည်သည့်နေရာကို ရောက်နေကြောင်း သိလိုက်သည်။

မှတ်တမ်းများအား ရှာဖွေပြီးနောက် သိမ်းငှက်နက်သည် အတောင်ပံများကို ဖြန့်ကာ လေထဲသို့ ပျံသန်းသွားသည်။  သူက မင်းသမီး ရှားရှင်းယွန် ရှိနေရာသို့ ပျံသန်း သွားခဲ့ခြင်းဖြစ်သည်။

“နင် အင်ပါယာလီ ရိပ်သာလမ်းမှာ နေတာလား ”

ရှားရှင်းယွန်က သိမ်းငှက်နက်ကို မေးသည်။ အရာအားလုံးက မြန်ဆန်လွန်းလှသည်။ နောက်ဆုံးတစ်ခေါက် သူပြောစဉ်က ရီဖူရှင်းကား တာလီအောက်ဘုံ၌ ဘုရင်ခံလီ၏ နန်းတော်တွင် ဖြစ်သည်။ ယခု သူက တာလီနန်းမြို့တော်သို့ပင် ရောက်ရှိနေခဲ့ပြီ။

“ဟုတ်ပါတယ် … ”

သိမ်းငှက်နက်က ခေါင်းညိတ်သည်။ သို့သော်လည်း သူက ရီဖူရှင်း၏ လေသံဖြင့် ဆက်ပြောသည် …

“လုချွန်၊ တာလီဓားတောင်ကုန်းနဲ့ မင်းသား မင်းသမီးတွေက ကျုပ်ကို သံသယ မဝင်ကြဘူး။ ဘုရင်ခံလီရဲ့သမီးက ကျုပ်အတွက် အင်ပါယာလီ ရိပ်သာလိမ်းမှာ နေအိမ် စီစဉ်ပေးထားတယ်။ ”

“ နင့်မှာ စွမ်းရည်တချို့ တကယ်ရှိတာပဲ ”

ရှားရှင်းယွန်က အေးစက်စွာ ပြောသည် …

“ နင် ဘာလုပ်ချင်တာလဲ … ဘယ်တော့ ပြန်လာမလဲ ”

“တာလီပြည်ထောင်မှာ ကျုပ်ထိန်းချုပ်နိုင်တာ ဘာမှ မရှိဘူး။ မင်းသမီးက ကျုပ်ကို ဘာလုပ်စေချင်တာလဲ။ မင်းသမီးက ကျုပ်ကို စိတ်ပူဖို့ မလိုပါဘူး။ အခု တာလီပြည်ထောင်မှာ ကျုပ်က ဘယ်သူနဲ့မှ ပြဿနာ ဖြစ်လို့မရှိပါဘူး။ ဘယ်သူမှလည်း ကျုပ်ကို ရန်မပြုကြဘူး။ အင်ပါယာ ရှားဘုံမှာ လေ့ကျင့်တာနဲ့ အင်ပါယာလီဘုံမှာ လေ့ကျင့်တာ ကျုပ်အတွက် မထူးခြားဘူး။ ကြာတာကတော့ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ ဆယ်နှစ်လည်း ဖြစ်နိုင်တယ် ”

ရီဖူရှင်းက ပြောသည်။

သိမ်းငှက်နက်၏ပါးစပ်မှ ထွက်လာသောအသံကို ကြားလျှင် ရှားရှင်းယွန်၏ အမူအရာမှာ ပိုမို၍ အေးစက်လာခဲ့သည်။ သည်ခွေးကောင်ကား ဆယ်နှစ်ပင် နေရန်ကြံနေသည်။

သူကား အင်ပါယာရှားဘုံတွင် ထိုမျှကြာအောင်ပင် မနေရသေးပေ။

“နင် ဘာပဲ လုပ်ချင် လုပ်ချင် … သိပ်အရင်မလိုနဲ့။ နန်းတွင်းအကြံပေးကိုသတိထား ”

ရှားရှင်းယွန်က သတိပေးသည် …

“တာလီပြည်ထောင် နန်းတွင်း အကြံပေးက ထူးခြား ဆန်းပြားတဲ့ ပညာရပ်တွေကို နားလည် တတ်ကျွမ်းလို့ နင့်ရဲ့သရုပ်မှန်ကို မသိနိုင်ဘူး အတတ်ပြောမရဘူး ”

“ အခုလို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် မင်းသမီး ”

ရီဖူရှင်းက ပြောသည်။

“ ဂရုစိုက်ပေးတာ … ”

ရှားရှင်းယွန်က သိမ်းငှက်နက်အား အေးစက်စွာ ပြောသည် …

“ ငါက နင့်ကို အပြင်မှာ မသေစေချင်တာ … ဘယ်သူမှ နင့်အလောင်းကို မြှုပ်ပေးမှာ မဟုတ်ဘူး ”

“အခုလို စိတ်ပူပန်ရအောင် လုပ်မိလို့ စိတ်မကောင်းပါဘူး။ သွားရမယ့် အချိန်ကျပြီ။ ကျုပ်က အချိန်မရွေး ပြန်လာရင် ပြန်လာဖြစ်ပါလိမ့်မယ်”

ပြောပြောဆိုဆို သိမ်းငှက်နက်၏ မျက်လုံးအရောင်က ပြောင်းလဲသွားသည်။ ရီဖူရှင်း ထွက်သွားပြီ ဖြစ်ကြောင်း ရှားရှင်းယွန်သိသည်။

သူမထံမှ အေးစက်သော အငွေ့အသက်များ ထွက်လာပြီး သိမ်းငှက်နက်၏ခေါင်းအား ပြင်းပြင်းတစ်ချက် ရိုက်လိုက်သည်။

“အီး …. ”

သိမ်းငှက်နက်သည် နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြိုလဲသွားပြီးမှ ရှားရှင်းယွန်အား ဒေါသတကြီး ကြည့်သည်။

“ မင်း ဘာကို ကြည့်နေတာလဲ ”

ရှားရှင်းယွန်က အေးစက်စွာ မေးသည်။

“မကြည်ပါဘူး … ”

သိမ်းငှက်နက်က မြန်ဆန်စွာပင် ခေါင်းငုံ့သည်။ သူက နောက်လှည့်ကာ ထွက်ပြေးရန် ဟန်ပြင်ကာ တီးတိုးရေရွက်သည် …

“ ဥဒေါင်းမင်းသမီးကမှ ပိုချစ်စရာကောင်းသေး … ”

“ရှောင်ရှင်း … ”

ရှားရှင်းယွန်က နာမည်တစ်ခုကို ခေါ်လိုက်သည်။ ထိုအခိုက်တွင်ပင် ပြင်းထန်သော လေရိုင်းများ တိုက်ခတ်လာကာ တော်ဝင်သားရဲ အဆင့်တွင်ရှိသော ဖီးနစ်ငှက်ပေါ်လာသည်။ ထိုသားရဲကား ရှားရှင်းယွန်၏ စီးတော်ဖြစ်၏။

“ ဘာ … ”

သိမ်းငှက်နက် ထိတ်လန့်တကြား ဖြစ်သွား၏။ သူက အတောင်ပံကို ဖြန့်ကာ မြန်ဆန်စွာပင် ထွက်ပြေးသည်။ မင်းသမီးကား အလွန် အနိုင်ကျင့်၏။

သို့သော်လည်း သနားစရာ သိမ်းငှက်နက်ကား မကြာခင် ဖီးနစ်ငှက်၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံရတော့သည်။

မင်းသမီး၏ နန်းဆောင်အတွင်းမှ သိမ်းငှက်နက်၏ နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

…

အင်ပါယာလီရိပ်သာလမ်းရှိ နန်းတွင်းအကြံပေး၏အိမ်တော် … ။

လုချွန်ကား စံအိမ်တစ်ခု၏ရှေ့တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

ထိုအခိုက်တွင် တာအိုဝတ်စုံ ဝတ်ထားသော လူတစ်ဦး ရောက်လာသည်။ သူကား နန်းတွင်းမှ ပြန်လာသော နန်းတွင်းအကြံပေးဖြစ်သည်။

“ ဆရာ … ”

“ နန်းတွင်း အကြံပေးဆရာ … ”

လုချွန်နှင့် တခြားလူများက အရိုအသေ ပေးကြသည်။

“ ခရီးအခြေအနေ … ”

နန်းတွင်းအကြံပေးက မေးသည်။

“ ဆရာ … ”

လုချွန်က အောက်ဘုံတွင် ဖြစ်ပျက်ခဲ့သမျှအား အစကနေ အဆုံးအထိ ပြောပြသည် …

“ကြည့်ရတာ သူက ထူးဆန်းတဲ့ စိတ်နေသဘောထားရှိပြီး ဓားပညာအပေါ်မှာပဲ ဘဝကို မြှုပ်နှံထားတဲ့ပုံပဲ။ အရိပ်ရှန့်ထိုဓားက သူ့ကို ဓားတောင်ကုန်းသို့ ခေါ်ချင်ပေမဲ့ သတ္တမဓားက ငြင်းဆန်ခဲ့တယ်။ ကျုပ်တို့က သူ့ကို တာလီကျောင်းတော်မှာ လေ့ကျင့်ဖို့ ဖိတ်ခေါ်သင့်ပါသလား ”

“ ဓားတောင်ကုန်းက အရင်လှုပ်ရှားပါစေ ”

နန်းတွင်းအကြံပေးက ဆိုသည် …

“ငါက လက်ရင်းတပည့်တစ်ယောက် ထပ်ပြီးတော့ လက်ခံဖို့ရှိတယ်လို့ မင်းက သတင်းထုတ်လိုက် ”

လုချွန်နှင့် တခြားလူများ အားလုံးတွင် ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။ နန်းတွင်း အကြံပေးသည် တာလီကျောင်းတော်၏ ကျောင်းအုပ်ဖြစ်ကာ လက်ရင်းတပည့် အနည်းငယ်သာ ရှိသည်။ ထို့အတူ ထိုတပည့်များ သည်လည်း အလွန် နာမည်ကျော်ကြားသူများ ဖြစ်ကြ၏။

တာလီပြည်ထောင်တွင် နန်းတွင်းအကြံပေး၏တပည့်ဖြစ်သည်နှင့် သူသည် အနာဂတ်တွင် အောင်မြင်ရန် သေချာသလောက် ရှိပေသည်။

“ ဟုတ်ကဲ့ … ဆရာ ”

လုချွန်က ဦးညွှတ်သည် …

“ ကျွန်တော် သွားစီစဉ်လိုက်ပါ့မယ် ”

“ကောင်းပြီ … ”

နန်းတွင်းအကြံပေးက ခေါင်းညိတ်လျှင် လုချွန်တို့အဖွဲ့ ထွက်သွားကြသည်။

သူတို့ ထွက်ခွာသွားပြီးနောက် တာလီပြည်ထောင် နန်းတွင်းအကြံပေးက ကောင်းကင်ကို မော့ကြည့်သည်။ ကြယ်တာရာအသွားအလာများ ပြောင်းလဲနေသည်။ တာလီပြည်ထောင်၏ ကြယ်တာရာ အနီးတွင် လှည့်ပတ်နေသော ကြယ်တာရာ တစ်လုံးသည်လည်း အပြောင်းအလဲများ ဖြစ်နေသည်။

သူက မိမိကိုယ်ကို တွေးသည် …

“ ရွေးချယ်ခံသူကတော့ ရောက်လာခဲ့ပြီ ”

***

All Chapters