စည်းမျဉ်းများကို ဂရုမစိုက်ခြင်း
Vol. 012 Ch. 1110
လီကျွမ်းက ရီဖူရှင်းအား ကြည့်ကာ လှောင်ပြုံးပြုံးသည်။ သူ၏မျက်လုံးများက အထင်သေးမှုများဖြင့် ပြည့်နှက်နေ၏။
ဘုန်း…
လီကျွမ်းထံမှ အားကောင်းသော အရောင်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ သူ့ကိုယ်မှ ရွှေရောင်ပုံရိပ်များ ခွဲဖြာလျက် ဖြစ်ပေါ်လာခဲ့ကာ တစ်ခဏချင်း၌ မရေမတွက်နိုင်သော လီကျွမ်းများ ပေါ်လာသည်။ အရှေ့ဆုံးတွင်ရှိသော လီကျွမ်းသည် ရီဖူရှင်းထံသို့ ကြီးမားသော ဖိအားနှင့်အတူ ရောက်လာခဲ့သည်။
ရီဖူရှင်းက သူ၏ဓားကို လျှပ်တစ်ပြက် ဆွဲထုတ်လိုက်လျင် လျှပ်စီးဓာတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ခရမ်းရောင်လျှပ်စီးတန်းသည် လေထုကို ခွင်းကာ တစ်ဖက်လူနှင့် ရင်ဆိုင်၏။
ဘုန်း …
ကျယ်လောင်သော အသံနှင့်အတူ သူ့ပြိုင်ဘက်၏ လက်များသည် ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ဓားအား ရိုက်ချ၏။ ဓားကလည်း ကြီးမားသော စွမ်းအားကို သွေဖည်လျက် ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့သည်။
ဘုန်း …
သူ၏လက်များသည် အရာအားလုံးကို ဖျက်ဆီးလျက် ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။ လီကျွမ်း၏လက်သည် သိဒ္ဓိဝင် လက်နက်တစ်မျိုး ဖြစ်ဟန်ရ၏။ သူက ဓားလမ်းစဉ်ကို လာရောက် ရှာဖွေခြင်း ဖြစ်သော်လည်း လီကျွမ်းက ထိုသို့ မြင်ဟန်မတူ။ မဟုတ်လျှင် လီကျွမ်းက သူ့အား သိဒ္ဓိဝင် လက်နက်ကို အသုံးပြုလျက် တိုက်ခိုက်မည် မဟုတ်ပေ။
သူက တစ်ဖက်လူ၏လက်ထံမှ အားကောင်းသော ဖျက်ဆီးအားကို ခံစားမိလျှင် များစွာသော အရိပ်များကို ဖြစ်စေလျက် နောက်ဆုတ်သည်။ တစ်ချိန်တည်းမှာပင် သူ့စိတ်အသိက ဖြန့်ကြက်သွားပြီး ဓားအသိသည် ဧရာမ ဓားကြီး တစ်လက်အား ဖြစ်တည်စေခဲ့သည်။
ဝုန်း …
ရီဖူရှင်းက နောက်ဆုတ်ခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် ရှေ့သို့ တက်လာသည်။ ထိုအခိုက်တွင် လီကျွမ်းက သူ့နှလုံးအိမ်ကို လာရောက် နင်းခြေသည့်အလား ခံစားရ၏။ ထိုအခိုက်တွင် ဧရာမဓားကြီးသည် အရာခပ်သိမ်းကို ဖိနှိပ်လျက် ဆင်းသက်လာခဲ့သည်။
ကျယ်လောင်သော အသံနှင့်အတူ လီကျွမ်း၏လက်တွင် ဓားခြစ်ရာ တစ်ခုပေါ်လာခဲ့သည်။ ထိုအရာက တော်ဝင်ရတနာ တစ်ခု ဖြစ်သော်လည်း သူ့လက်များသည် ပြင်းထန်စွာ ထုံကျဉ်ခြင်း၊ နာကျင်ခြင်းများအား ခံစားရ၏။ တစ်ချိန်တည်းမှာပင် နောက်သို့ လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများစီးကျသည်။ ရီဖူရှင်း၏ဓားကား အားကောင်းလွန်းရာ သူ့အနေဖြင့် ခုခံရန် နည်းလမ်း မရှိပေ။
လီကျွမ်း၏ရှေ့သို့ လူတစ်ယောက် ရောက်လာသည်။ သို့သော် လီကျွမ်းက ထိုသူအား မကြည့်ဘဲ ရီဖူရှင်းကိုသာ ကြည့်နေသည်။ သူ၏မျက်နှာတွင် လှောင်ပြောင်ခြင်း တစ်ခုဖြစ်လာကာ ပါးစပ်က ကောက်ကျစ်စွာ ကွေးညွတ်သွားပြီး စကားတစ်ခွန်းကို ဆိုသည် …
“ သူ့ကို သတ် … ”
“ သူ့ကို သတ် … ”
ထိုစကားသည် ရေခဲတမျှ အေးစက်စွာဖြင့် သူ့ပါးစပ်မှ ထွက်လာသည်။ ထိုစကားက ဟာသ မဟုတ်ပေ။ တာလီကျောင်းတော်မှ လူများပင် သူ၏စကားကိုကြားပြီး ထိတ်လန့်သွားကြသည်။
သည်ဓားသမားက တာလီကျောင်းတော်ကို လမ်းစဉ်အား လာရောက် ရှာဖွေသည်ဟုဆိုကာ စိန်ခေါ်ခဲ့၏။ ထိုအရာက အနည်းငယ် မလေးမစားမှု ဖြစ်သော်လည်း တာလီကျောင်းတော်က သူ့အား အနိုင်ယူကာ ဖြေရှင်းခြင်း သည်သာ သင့်တော်ပေသည်။
ရှုံးနိမ့်ခဲ့ပြီးနောက် ရှန့်ထိုတစ်ပါးအား ထိုသူကို သတ်ဖြတ်ရန် စေခိုင်းခြင်းမှာ ဂုဏ်ယူစရာ ကိစ္စမဟုတ်ပေ။ မည်သို့ဆိုစေ လီကျွမ်းကား အဆင့်အတန်း မြင့်မားသူ တစ်ဦးဖြစ်သည်။ သူ လုပ်နေသည်ကား လုံးဝသင့်တော်ခြင်း မရှိချေ။ သို့သော်လည်း သူကား အမြဲတမ်းအားဖြင့် သည်ကဲ့သို့သော စရိုက်လက္ခဏာ ရှိသူဖြစ်သည်။ သူ့အတွက် အမည်မသိသော ဓားသမားတစ်ဦးအား သတ်ဖြတ်ခြင်းသည် ပုရွက်ဆိတ် တစ်ကောင်ကို သတ်သည်ထက်ပင် လွယ်၏။
လီကျွမ်း၏ရှေ့မှ ရှန့်ထိုသည် အမိန့်ကို ရသည်နှင့် မြန်ဆန်စွာ လှုပ်ရှား၏။ ထိုအခိုက်တွင် ရီဖူရှင်းက သူ့ထံသို့ ဆင်းသက်လာသာ ဖိအားကြီးကို ခံစားရသည်။ ထိုအရာက တုနှိုင်းမဲ့ကာ သူ့အနေဖြင့် မည်သို့မှ ခံနိုင်ရည်မရှိသော အားအင်မျိုးဖြစ်၏။ သူကား အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။
ရှန့်ထိုအဆင့် တန်ခိုးရှင်တစ်ဦးသည် တိုက်ရိုက်ပါဝင်လာခဲ့၏။ ထို့အပြင် သူသည် သတ်ဖြတ်သူ တစ်ဦးဖြစ်၏။ လီကျွမ်းက အမိန့်ပေးသည်နှင့် သူက တွန့်ဆုတ်ခြင်း မရှိဘဲ လှုပ်ရှားခဲ့သည်။
သူက တာလီပြည်ထောင်ကို ရောက်ကတည်းက မောက်မာ ရိုင်းစိုင်းဟန် ရှိသော်လည်း တစ်ဖက်သားကို အပြစ်လုပ်မိရန် အလွန်တရာ သတိထားခဲ့ပေသည်။ သူက တာလီ ကျောင်းတော်ကို လာရောက် စိန်ခေါ်သော်လည်း လမ်းစဉ်ကို ရှာဖွေခြင်းဟုသာ သုံးနှုန်းခဲ့ကာ ပဋိပက္ခများအား ရှောင်ဖယ်ခဲ့၏။
တာလီကျောင်းတော်မှ တပည့်များသည် အင်ပါယာလီဘုံမှ အတော်ဆုံးများ ဖြစ်ကြသည်။ အင်ပါယာလီဘုံ၏အမြင့်ဆုံး အဆင့်အတန်းအား ပိုင်ဆိုင်သော တော်ဝင်မြေ တစ်ခုအနေဖြင့် သူတို့က မအပ်စပ်သော အပြုအမူများအား လုပ်ဆောင်ကြမည်မဟုတ်ပေ။ သို့သော်လည်း အချို့သော လူများသည် သင့်တော်ခြင်း မသင့်တော်ခြင်း များအား အလေးမထားဘဲ စိတ်ထင်ရာ စိုင်းကြပေသည်။
ဥပမာ လီကျွမ်းကဲ့သို့သောသူ ဖြစ်သည်။ ရီဖူရှင်းအနေဖြင့် လီကျွမ်းအား ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူသည် ရှုံးနိမ့်ခဲ့သည်နှင့် သူ့လူအား မိမိကို သတ်ဖြတ်ရန် ခိုင်းစေခဲ့သည်။
ရီဖူရှင်း၏ အမြင်တွင် အခြေအနေသည် အဆိုးဆုံးသို့ ရောက်လာခဲ့၏။ သူကား ရှန့်ထိုတစ်ပါးကို ကိုယ်တိုင် ပါဝင် ပတ်သက်စေမိပြီ ဖြစ်သည်။
ထိုအခိုက်တွင် သူ့စိတ်အသိက ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး ဧရာမဓားကြီး တစ်လက် ဖွဲ့စည်း ဖြစ်ပေါ်လာကာ သူ့ထံသို့ ဖိနှိပ်လာသော ဧရာမ လက်ဝါးတံဆိပ်ထံသို့ တိုးဝင်သွားသည်။
ဘုန်း …
ကောင်းကင်ပင် ပြိုကျတော့မတတ် ကျယ်လောင်သော အသံကြီးအား ကြားကြရသည်။ ရွှေရောင်လက်ဝါးကြီးသည် ဓားနှင့်အတူ အရာခပ်သိမ်းအား ဖျက်ဆီးသွားသည်။ ရီဖူရှင်း သည်လည်း နောက်သို့ လွင့်စဉ်သွားခဲ့၏။ သို့သော်လည်း သူကား တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
သူ့မျက်လုံးများက အေးစက်သွားခဲ့၏။ ပိုမိုပြင်းထန်သော ဓားမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ သူ့အား ရစ်ပတ်သည်။
အင်ပါယာလီဘုံမှ ရှန့်ထိုတစ်ပါးနှင့်ရင်ဆိုင်ရာတွင် သူက အချိန်နှင့် လေဟာနယ်လှံကို အသုံးမပြုနိုင်ပေ။ မဟုတ်လျှင် သူ့မူလဇာစ်မြစ်ကို သိသွားပေမည်။ အောက်ဘုံမှ ရောက်လာသော သတ္တမဓားသည် ထိုမျှ တန်ဖိုးကြီးသော အရာများအား ပိုင်ဆိုင်စရာ မရှိပေ။
ရီဖူရှင်းက တစ်ဖက်လူအား ကြည့်သည်။ ထို့နောက် အဝေးမှ လီကျွမ်းအား ကြည့်သည်။ လီကျွမ်းကား ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်လျက် တိုက်ပွဲကို ကြည့်နေသည်။
သတ္တမဓားသည် တာလီကျောင်းတော်သို့ လာကာ လမ်းစဉ်ကို ရှာဖွေသည်။ သူက မိမိကိုယ်ကို မည်သို့ ထင်သနည်း။ အောက်ဘုံတွင် သူက ပြိုင်ဘက်ကင်း စွမ်းရည်များကို ပြသခဲ့သော်လည်း ယခု သူ၏လက်ထဲသို့ ရောက်လာမှတော့ အလွတ်ပေးမည် မဟုတ်ပေ။
ရီဖူရှင်းက တိုက်ခိုက်မှုအား တားဆီးသွားသည်ကို ကြည့်ကာ ရှန့်ထို တန်ခိုးရှင်သည် အနည်းငယ် အံ့အားသင့်သွား၏။ ရှီအဆင့်နှင့် ရှန့်ထိုအဆင့်သည် စွမ်းအားကွာဟမှု လွန်စွာ ကြီးမားပေသည်။
သူက ရှေ့သို့ တက်လာခဲ့လျှင် ကြီးမားသော စွမ်းအားသည် တဖန် ရီဖူရှင်းထံသို့ ဖိအား ပေးလာပြန်သည်။ ပတ်ဝန်းကျင်မှ လူများသည်ပင် မမြင်ရသော စွမ်းအားများ၏ ရိုက်ခတ်မှုကို ခံစားရသည်။ နောက်ထပ် လက်ဝါးတံဆိပ်တော် တစ်ခု ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့ပြန်၏။
ရီဖူရှင်းသည် တစ်ဖန် ဆန့်ကျင်နိုင်ခြင်းငှာ မစွမ်းသာသော ဖိအားကို ခံစားရပြန်၏။
သို့သော် သူက နောက်ဆုတ်ခြင်း မပြုပေ။ ရီဖူရှင်းက လက်များကို ဝှေ့ယမ်းလိုက်လျှင် ဒါဇင်ခန့်ရှိသော ဓားများသည် သူ့ရှေ့သို့ ရောက်လာခဲ့ကာ ဓားတစ်လက်စီက ဧရာမစွမ်းအားများကို သယ်ဆောင်၏။
ဘုန်း … ရီဖူရှင်းက လေထဲသို့ တစ်လှမ်းတက်လိုက်လျှင် ဧရာမဓားကြီးတစ်လက်သည် လေထုကို ခွင်းကာ အရာအားလုံးကို ဖြတ်တောက်ရန် ကြိုးစားသည်။ ဓားသည် သူ့ထံသို့ ဖိနှိပ်လာသော လက်ဝါးတံဆိပ်တော် ထံသို့ တိုးဝင်သွား၏။
သူက နောက်တစ်လှမ်း လှမ်းလိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်လျှင် ဓားများသည် တစ်လက်ပြီးတစ်လက် အစဉ်အလိုက် ရှေ့သို့ တိုးဝင်သွားကြသည်။ လက်ဝါးတံဆိပ်တော်သည် ကျယ်လောင်သော အသံနှင့်အတူ ဆင်းသက်လာခဲ့ကာ ဓားများ တစ်လက်ပြီး တစ်လက် ပျက်စီးသွားရသည်။ သို့သော်လည်း တစ်ဖက်တွင် လက်ဝါးပုံရိပ်သည် အမှန်တကယ် နှေးကွေးကာ အက်ကွဲလာခဲ့တော့သည်။
ဘုန်း … ဘုန်း … ဘုန်း …
ရီဖူရှင်းက ရှေ့သို့ တစ်လှမ်းတက်လာသည်။ နောက်ဆုံးဓားတစ်လက်သည် လက်ဝါးကို ပြိုပျက်စေခဲ့၏။ သို့သော်လည်း ရှန့်ထိုသည် ရှေ့သို့ တက်လာကာ ရီဖူရှင်းထံသို့ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။ ဓားသမားသည် အားကောင်း၏။ သူက လက်ဝါးတံဆိပ်တော်ကို ဖျက်ဆီးခဲ့သည်။ သို့သော်လည်း လက်ဝါးတံဆိပ်တော်ကို ဖျက်ဆီးခြင်းက သူ၏ အကန့်အသတ် ဖြစ်ပေသည်။ ရှန့်ထို၏လက်သည် သူ့ထံသို့ ဆင်းသက်လာခဲ့ကာ ကြောက်မက်ဖွယ် ရွှေမုန်တိုင်းနှင့် အတူ အရာခပ်သိမ်းအား ဖျက်ဆီးရန်အလို့ငှာ ကျဆင်းလာခဲ့၏။
***