လျင်မြန်သည့် တုံ့ပြန်မှု
Vol. 96 Ch. 1335
“အကျိုးအကြောင်းသင့်တဲ့ အမြင်အရဆိုရင်တော့ ဒါက အကောင်းလည်း ဖြစ်နိုင်တယ်” ယန်းအိုက်က ဆက်ပြောလိုက်သည်။
“ငါတို့တွေက သူ့ကို ဖြေရှင်းပြီးတော့ လူမှုအဖွဲ့အစည်းကို ပြန်လည်တည်ထောင်သရွေ့ ငါတို့ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာအမြောက်အများကို လက်ခံရရှိလိမ့်မယ်။ ဒါပေမဲ့ ငါကိုယ်တိုင်ကတောင် လူဘယ်လောက်သေသွားမလဲဆိုတာ တွေးကြည့်လိုက်ရင် စိတ်မသက်မသာဖြစ်တုန်းပဲ”
ဤကမ္ဘာကြီးက ကျယ်ပြောလွန်းသည့်အတွက် ကျင့်ကြံသူများစွာ ရှိပေသည်။ ကျင့်ကြံသူအရေအတွက်က ကမ္ဘာလူဦးရေ ၁ရာခိုင်နှုန်းထက် အားနည်းနေလျှင်ပင် လူအရေအတွက်က အမြောက်အများ ဖြစ်နေဆဲသာ ဖြစ်၏။ ယန်းအိုက်က ဝါရင့်သမားတစ်ယောက် ဖြစ်၏။ သူမက မူလစစ်ပွဲနှစ်ကြိမ်လုံးကို ပါဝင်ဆင်နွှဲခဲ့ပြီး အသက်ရှင်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် သူမက လူများစွာ သေဆုံးခဲ့သည်ကို မြင်တွေ့ဖူး၏။ သူမက ကမ္ဘာများစွာ ပြိုလဲသွားသည်ကိုပင် မြင်တွေ့ခဲ့ဖူးသည်။
သို့သော်လည်း သူမ မွေးရပ်မြေမှ လူများကမူ ကွဲပြားပေသည်။ မွေးရပ်မြေမှ လူတစ်ယောက်ကြောင့် ဤသို့ဖြစ်လာရ၀သည်ကို သိထားသည့်အတွက် ပိုမိုစိတ်နှလုံးကြေကွဲဖွယ်ကောင်းနေ၏။
ဝမ်ဝေ့က သူမကို ကြည့်ကာ တုံ့ပြန်လိုက်သည်။
“ဒါက သေမျိုးတွေ ကျန်မယ်လို့ မှတ်ယူထားတဲ့ အခြေအနေမျိုးလေ”
သူမ၏ မျက်ဝန်းအထက် ပြင်းထန်သည့် သတ်ဖြတ်ငွေ့တို့ ဖြတ်ပြေးသွားလေသည်။
“ဟုတ်တယ်။ အဲဒီခွေးကောင်က မိုးမြေကို တာဝန်ယူထားတာဆိုတော့ သူ့အတွက် သေမျိုးအားလုံးကို ရှင်းထုတ်ဖို့ လွယ်ကူနေမှာပဲ။ အထူးသဖြင့် ကောင်းကင်တာအိုကို နောက်ထပ် အားနည်းစေမဲ့ နည်းလမ်းတစ်ခုဖြစ်နေတဲ့အခါမျိုးပေါ့”
“သူက ဒီလိုမျိုး ရက်စက်ပြီး တိုက်ရိုက်ကြတဲ့ နည်းလမ်းတော့ သုံးမှာ မဟုတ်လောက်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“…”
“သူ့အနေနဲ့ အဲဒီကျင့်ကြံသူတွေ သက်တမ်းတိုးမြင့်ဖို့ သာမန်သေမျိုးတွေရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို စုပ်ယူပြီးတော့ ကျင့်ကြံကြဖို့ပဲ လိုအပ်လိမ့်မယ်။ အဲဒါဆိုရင် သူတို့တွေက အဲ့လူတွေကို ပစ်မှတ်ထားလာမှာပဲ။ ဒီလိုမျိုး လူတွေက မျိုးတုန်းသုတ်သင်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီးတော့ မိုးမြေရဲ့ သဘာဝစည်းမျဉ်းတွေကို ဆန့်ကျင်နေတာလို့ မှတ်ယူလို့ရတယ်။ ဆိုလိုချင်တာက…”
“ကောင်းကင်တာအိုကို ပိုမိုအားနည်းသွားစေမဲ့ နည်းလမ်းကောင်း တစ်ခုပေါ့”
ယန်းအိုက်၏ မျက်ဝန်းမှ သတ်ဖြတ်ငွေ့တို့က ပိုမိုပြင်းထန်လာသည်။
“အဲဒါကြောင့် မင်းလိုမျိုး ဉာဏ်များတဲ့ သူတွေကို မကြိုက်တာ”
ဝမ်ဝေ့က သူမအား ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“မင်းနဲ့အစ်ကိုချီယွမ်က ငါ့ဘက်မှာဆိုတော့ တခြားသူတွေနဲ့ မတူဘူးပေါ့”
ဝမ်ဝေ့က မျက်လုံးဝှေ့ကာ ကြည့်လိုက်သည်။ သူက သူမ၏ အတွေးအခေါ်များဖြင့် စကားနိုင်လုဖို့ စိတ်အခြေအနေ မဟုတ်ပေ။
“ကောင်းပြီလေ။ အခု ကျွန်တော် လှုပ်ရှားရမဲ့ အချိန်ရောက်ပြီ”
“မင်းက သူ့ကို အလွယ်တကူ လွှတ်ပေးမထားဘူးဆိုတာ သိတယ်” ယန်းအိုက်က ပြောလိုက်သည်။
“ငါ့ အကူအညီ လိုသေးလား”
ဝမ်ဝေ့က တုံ့ဆိုင်းသွားလေ၏။
“ဘာလို့လဲ” သူမက ပြောလိုက်သည်။
“ကျွန်တော် ဒီအရှုပ်အထွေးကြားမှာ ဂိုဏ်းကို မဆွဲသွင်းချင်ဘူး”
ယန်းအိုက်က သူ့ကို ကြည့်ပြီးသည့်နောက်တွင် ကျေနပ်စွာ ပြုံးလိုက်သည်။
“မင်းကသာ သူတို့နဲ့ မပတ်သက်ဘူးဆိုတာနဲ့တင် ဂိုဏ်းက ဖယ်နေမယ် ထင်လား”
သူမက ခေါင်းယမ်းလိုက်သည်။
“ငါတို့က အာဏာရှင် ၁၃ယောက်ကြားမှာ ဒုတိယမြောက် အားအကောင်းဆုံးလို့ မှတ်ယူလို့ရတယ်ဆိုပေမဲ့ လူတွေက အပေါ်ယံပဲ သိကြတာလေ။ ငါတို့ရဲ့ ဂိုဏ်းက အနက်နဲဆုံး အုတ်မြစ်ရှိပြီးတော့ ငါတို့ရဲ့ ကံကောင်းမှုနဲ့ ကြမ္မာက အများဆုံးပဲ။ ပိုပြီးအရေးကြီးတာက ငါတို့ဆီမှာ အဲဒီခွေးကောင် နှစ်များစွာ တပ်မက်နေရတဲ့ အရာတစ်ခု ရှိတယ်။”
ဆရာသခင်သုံးပါးရဲ့ အမွေအနှစ်…
ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါဆိုတော့ မင်း ရှိရှိ၊ မရှိရှိ အဲဒီခွေးကောင်တွေက ငါတို့ကို ပစ်မှတ်ထားလာမှာပဲ”
“ကျွန်တော် သိပြီ။ အဲဒါဆိုရင် ဂိုဏ်းကို သတင်းစကားပို့လိုက်။ တကယ်လို့ ကျင့်ကြံသူတွေက သေမျိုးတွေကို သတ်ပြီးတော့ သက်တမ်း တိုးမြှင့်နိုင်တဲ့ အရိပ်အယောင်ရှိတယ်ဆိုရင် အဲဒီလေ့ကျင့်မှုကို တားမြစ်ဖို့အတွက် တခြားမဟာမိတ်တွေနဲ့ ဆက်နွယ်ဖို့ လိုအပ်လာလိမ့်မယ်။ ပြီးတော့ မနာခံတဲ့သူတွေကိုလည်း သတ်ဖို့ အဖွဲ့တစ်ခု ဖန်တီးရမယ်”
“ကိစ္စမရှိဘူး” ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။
“နောက်ထပ် နှစ်ခုရှိသေးတယ်။ ပထမတစ်ခုက မပြီးမပြတ် အခြေအနေမှာရှိနေတဲ့သူတွေကို ဆက်သွယ်ဖို့ ကြိုးစားရမယ်။ မဟုတ်ဘူးဆိုရင် သူတို့ကို အသက်ပြန်သွင်းရမယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒုတိယအနေနဲ့ဆိုရင် အရင်းအမြစ် ချီနေရာလွတ်ကနေတဆင့် ဒီနေရာက ထွက်သွားနိုင်လားဆိုတာကို ကြည့်ရမယ်။ သတိကြီးကြီးထားပြီးတော့ ကိုယ့်ကိုကိုယ် ဖိအားမပေးနဲ့…”
ယန်းအိုက်က မျက်လုံးဝှေ့ကာ ကြည့်လိုက်၏။ သူမက ထိုကောင်စုတ်များလောက် ဉာဏ်ကောင်းခြင်း မရှိသော်လည်း သူမက တုံးအသည်ဟု မဆိုလိုပေ။ သူမလိုမျိုး ကြာရှည်စွာ နေထိုင်ပြီးသည့်နောက်တွင် ငတုံးကပင် ဉာဏ်ကြီးလာနိုင်သည်။
“ကောင်စုတ်လေး သွားလိုက်တော့”
ဝမ်ဝေ့က အနားမှ ပျောက်ကွယ်သွားပြီး သီးသန့်နေရာလွတ်တစ်ခုဆီ ရောက်ရှိလာသည်။ သူက မျက်လုံးအသာမှိတ်ပြီး လက်ကိုအသာဝှေ့ကာ ရှားပါးသည့် ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့် သတ္တုများကို ထုတ်ပြီး စင်မြင့်တစ်ခုကို တည်ဆောက်လိုက်သည်။
တုံ့ပြန်မှု မရှိဘူးလား…
အရင်းအမြစ်အသုံးပြုမှုကလည်း တင်းကြပ်တဲ့ ကန့်သတ်ချက်အောက်မှာ မရှိဘူးပေါ့။ အနည်းဆုံးတော့ ကျင့်ကြံရေးကို တိုက်ရိုက်မြှင့်တင်မပေးနိုင်တဲ့ အရင်းအမြစ်တွေပေါ့…
ဝမ်ဝေ့က ထိုအရာကို မှတ်သားထားပြီးသည့်နောက်တွင် စင်မြင့်ကို အဆုံးသတ်လိုက်သည်။ သူက စည်းမျဉ်းမဲ့ဇုန်အတွင်း လှမ်းကြည့်လိုက်၏။
သူက နည်းနည်းတော့ တောင့်ခံနိုင်လောက်တယ်မလား။ ဘာပဲဖြစ်ဖြစ် သူကို ကာကွယ်ပေးနေတဲ့ ကြမ္မာရှိနေတာပဲလေ…
သူက မိနစ်ပိုင်းကြာ ရေရွတ်ပြီးသည့်နောက်တွင် အဝတ်အစားများကို ပြောင်းလဲကာ ယစ်ပူဇော်မှုကို စတင်လိုက်သည်။ သူက ရှားရှားပါးပါး အပြုအမူမျိုးဖြင့် သင့်တော်သည့် နည်းစနစ်မျိုးကို လိုက်နာကျင့်သုံးပြီး စင်မြင့်ရှေ့ ဒူးထောက်လိုက်သည်။
“အပေါ် ကောင်းကင်ယံက မိုးမြေ။ ကမ္ဘာကြီးက အသက်ရှည်ကပ်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျုပ်က ကျန်းမာရေးလိုက်နာခြင်း နည်းလမ်းလို့ ခေါ်တဲ့ ကျင့်စဉ်တစ်ခုကို ဖန်တီးထားပါတယ်။ အဲဒါက ကျင့်ကြံသူတွေကို သူတို့ရဲ့ သက်တမ်းကို ခေတ်ကာလတစ်ခုအထိ ရောက်အောင် နေထိုင်ခွင့်ပေးပါလိမ့်မယ်။ ဒါကို ကမ္ဘာကြီးနဲ့ ဝေမျှလိုပါတယ်။ ကျွန်တော်ရဲ့ လေးနက်တဲ့ ပေးအပ်မှုမျိုးကို လက်ခံပေးပါ”
သူ့ခေါင်းအထက် တိမ်တိုက်များက စတင်စုဝေးလာပြီး အမြင်ရုပ်လွှာတစ်ခု ပေါ်ထွက်လာသလိုမျိုး ဖြစ်လာသည်။ သို့သော်လည်း သူတို့က ထပ်မံ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ပြန်လည်စုစည်းလာသည်။ ဤပုံစံမျိုးက အချိန်ခဏအတွင်း ပြန်လည်ဖြစ်တည်နေသည့်အတွက် သူက စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေသည်။
ကောင်းကင်တာအို လုပ်ထားလိုက်ပါ။ ဒါက ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးပဲ…
သူက ကောင်းကင်ယံမှ အပြောင်းအလဲများကို ကြည့်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်လာလေ၏။ ဝမ်ဝေ့၏ အမူအရာက ပြောင်းလဲသွားပြီးသည့်နောက်တွင် အလျင်အမြန် လှုပ်ရှားလာသည်။ သူက မူလစည်းတံဆိပ်ကုန်းမြေ၏ ချပ်ဝတ်လက်နက်တိုက်ထဲမှ အသင့်တော်ဆုံး ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ထို့နောက် မိုးမြေမှ ကြောက်မက်ဖွယ် လျှပ်စီးတန်းများ ဆင်းသက်လာသည်။ ထိုအရာကို မြင်သည့်သူတိုင်းက နတ်ဘုရားအပြစ်ဒဏ်ဟုပင် တွေးထင်ကြလိမ့်မည်။ ဒိုင်မေးရှင်းအမြင့်၌ မိုးမြေရှိ စည်းမျဉ်းများက ပိုမိုလျော့ရဲသည့်အတွက် မိုးမြေမှ အပြစ်ပေးခံရခြင်းက ရှားပါးလှသည်။ အထူးသဖြင့် ဤသို့တိုက်ရိုက်အပြုအမူမျိုးဖြင့် ဖြစ်၏။
……………..
စည်းမျဉ်းမဲ့ဇုန်၏ အဝင်ဝ
ဆံပင်အနက်ရောင် အတိုရှိပြီး အနက်နှင့် ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားကာ အေးစက်စက်နှင့် လွှမ်းမိုးသည့် အငွေ့အသက်မျိုးရှိသည့် မြေကမ္ဘာဧကရာဇ်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ သူ့အံ့ဖွယ်အသိစိတ်က ဝမ်ဝေ့ဆီမှ လှုပ်ရှားမှုမျိုးကို မြင်ရဖို့ မူလစည်းတံဆိပ်ကုန်းမြေကို ဆက်တိုက် စောင့်ကြည့်နေမိ၏။ သူက ထိုသူသည် လူသူကင်းမဲ့သည့်နေရာတစ်ခု၌ ပေါ်ထွက်လာသည်ကို ချက်ချ င်းသတိထားမိခဲ့သည်။
သူက ဘာတွေလုပ်နေတာလဲ…
သူက ဝမ်ဝေ့သည် စင်မြင့်တစ်ခု တည်ဆောက်နေသည်ကို မြင်သည့်အခါ တွေးလိုက်သည်။
ငါ သူ့ကို တားလိုက်ရမလား…
သူက ခေါင်းအသာယမ်းလိုက်သည်။ ဤသည်က သူ့ကို သူ့နေရာမှ မျှားခေါ်ဖို့ လှည့်စားမှုတစ်ခု ဖြစ်နိုင်သည့်အတွက် မြေကမ္ဘာဧကရာဇ်က စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဝမ်ဝေ့က အခမ်းအနားကို စတင်ပြီး နတ်ဘုရားအပြစ်ဒဏ်မှ ကုစားပြီးသည့်နောက်တွင်ပင် သူက အေးစက်စက် မြင်ကွင်းဖြင့်သာ ဆက်လက် စောင့်ကြည့်နေသည်။
ဒီကောင်စုတ် သေသွားပါစေ…
မြေကမ္ဘာဧကရာဇ်က လှောင်ပြောင်လိုက်သည်။ သို့သော်လည်း သူ့အမူအရာက ပြောင်းလဲသွားလေ၏။ တိုက်ရိုက်သတင်းစကားတစ်ခု လက်ခံရရှိလိုက်သည်။ သူက ထိုနေရာကို သွားကြည့်ဖို့၊ တိုက်ခိုက်ဖို့ မပြင်ဆင်ခင် သက်ပြင်းချလိုက်၏။ သူက ဤအကြံမျိုး ဝင်လာသည့်အချိန် တစ်စုံတစ်ယောက်က သူ့လမ်းကို တားဆီးလာသည်။
“ရုပ်သေးရုပ်လား” ရုတ်ချည်းဆိုသလို သူ့လူများက ဝမ်ဝေ့တွင် စံပြရုပ်သေးရုပ်ရှိကြောင်း သတိပေးခဲ့ဖူးသည်ကို အမှတ်ရသွားလေ၏။
“ငါ့ကို ရုပ်သေးရုပ်တစ်ခုနဲ့ တားဆီးနိုင်မယ်များ ထင်နေလား”
ရုပ်သေးရုပ်ဝန်းကျင်တွင် ချပ်ဝတ်နှင့် လှံတစ်ချောင်း ပေါ်ထွက်လာပြီး နှစ်ခုလုံးကလည်း အကောင်းဆုံးအရည်အသွေး ဖြစ်ကြသည်။ မြေကမ္ဘာဧကရာဇ်က ရုပ်သေးရုပ်သည် တစ်စုံတစ်ခုကို မလုပ်သရွေ့ ဂရုမစိုက်ပေ။
ထို့နောက် သူ့ခန္ဓာကိုယ်အပေါ်ပိုင်း၌ ထူးထူးဆန်းဆန်း အစီအရင်တစ်ခု ပေါ်ထွက်လာကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ ဤတစ်ကြိမ် မြေကမ္ဘာဧကရာဇ်က အလေးအနက် မှတ်ယူလာသည်။ အကြောင်းအရင်းကမူ အစီအရင်သည် ကိုယ်တိုင်ဖျက်ဆီးရေး အစီအရင်ဖြစ်နေ၍ ဖြစ်၏။
ဒီအရာ ပေါက်ကွဲသွားမယ်ဆိုရင် ငါ အသက်တစ်ချောင်း ဆုံးရှုံးသွားနိုင်တယ်…
အပေါ့ဆုံးအနေနဲ့တော့ ငါက ဒဏ်ရာအပြင်းအထန်ရရှိထားပြီးတော့ အဲဒီလူတွေက ငါ့ကို ဖြေရှင်းဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားလိမ့်မယ်…
ဝမ်ဝေ့က ထိုသူ၏ စိတ်ကို မည်သို့ ကြိုးကိုင်လှုပ်ရှားရမည်မှန်း ကောင်းကောင်းသိထားလေသည်။ ရုပ်သေးရုပ်က မြေကမ္ဘာဧကရာဇ်ကို အနိုင်ပိုင်းဖို့ မလုံလောက်ပေ။ သို့သော်လည်း ထိုသူက သေလုနီးပါး ပေါက်ကွဲမှုများကို ဆက်တိုက်တွေးနေရင်း တိုက်ခိုက်နေရသည့်အတွက် ကွဲပြားသည့် ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။
ရုပ်သေးရုပ်က မြေကမ္ဘာဧကရာဇ်ကို ကြည့်ပြီးသည့်နောက်တွင် ခုန်အုပ်လာလေ၏။ ဝမ်ဝေ့က ခုခံရေးနည်းစနစ်များကို လျစ်လျူရှုပြီး တိုက်ခိုက်ဖို့သာ အသိပေးထားလေသည်။ ထိုအရာ၏ ရည်ရွယ်ချက်သည် တစ်ဖက်သူအပေါ် တတ်နိုင်သမျှ ဒဏ်ရာပေးဖို့ရာ ဖြစ်၏။
“ကျစ်” မြေကမ္ဘာဧကရာဇ်က ကျိန်ဆဲလိုက်သည်။ သို့သော်လည်း သူက မွေးရပ်မြေကို ပြန်လည်ရောက်ကာစဖြစ်သည့်အတွက် ရှေ့တန်းတွင် မတိုက်ခိုက်ရသေးပေ။ သူက ယခင်ကထက်ပင် သူ့အသက်ကို တန်ဖိုးထားလေ၏။
……………………………….
ရုပ်သေးရုပ်က သူ့အလုပ်ကို လုပ်နေသည်ကို မြင်သည့်အခါ ဝမ်ဝေ့က အပြစ်ဒဏ်ကိုသာ အာရုံစိုက်ထားလိုက်သည်။ သူသည် သူ့အား ကုသိုလ်ရရှိရေးမှ ကာကွယ်ဖို့အတွက် အန္တိမသဟဇာတဆီမှ အပြုအမူဖြစ်ကြောင်း သိသည့်အတွက် သိပ်ဂရုမစိုက်ပေ။ ဝမ်ဝေ့က ထိုအပြစ်ဒဏ်၌ အသက်ရှင်ဖို့ ကြိုးစားပြီး သူ့ကိုယ်သူ ကန့်သတ်ချက်ထိ ရောက်အောင် တွန်းပို့လိုက်သည်။
သို့သော်လည်း သူ့အလောင်းအစားက အလုပ်ဖြစ်၏။
မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် တိမ်မဲများက ပျောက်ကွယ်သွားပြီး မိုးမြေကြား၌ အမြင်ရုပ်လွှာတစ်ခု ပေါ်ထွက်လာသည်။ ဝမ်ဝေ့၏ အသံက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအနှံ့သို့ ရောက်ရှိသွားကာ ကောင်းကင်မှ ကုသိုလ် ဆင်းသက်လာလေ၏။
ဒါက ငါ့ကို ပြန်လည်ကောင်းဖို့ ကူညီပေးလိမ့်မယ်…
ဝမ်ဝေ့က ကုသိုလ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ပြောလိုက်၏။
ပိုပြီးအရေးကြီးတာက ငါက အခြေအနေကို ချိုးဖောက်လိုက်တယ်။ ပြောရတယ်ဆိုရင်တော့ ဒါက အကောင်းမြင်လွန်းတယ်။ ငါက သူတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်တာ…
သူ ကုသိုလ် လက်ခံရရှိသည့်အချက်က ကောင်းကင်တာအို၏ အခြေခံစည်းမျဉ်းသဘောတရားများသည် လုပ်ဆောင်နေဆဲ အနေအထားတွင်ရှိကြောင်း ပြသနေလေ၏။ ဆိုလိုသည်မှာ ကောင်းကင်တာအိုတွင် အန္တိမသဟဇာတကို တိုက်ခိုက်ဖို့ အခွင့်အရေးရှိနေဆဲ ဖြစ်၏။
နောက်တစ်ဆင့်က ကျိမင်ပဲ။ ဒီခေတ်ကာလရဲ့ ပထမ စံပြက ဝိုင်းဝန်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ အလွယ်တကူ ကျရှုံးမသွားသင့်ဘူး။
ဝမ်ဝေ့က တွေးလိုက်သည်။