← Chapters

အဝိုင်းခံထားရခြင်း

Vol. 96 Ch. 1338

အဝိုင်းခံထားရခြင်း

Vol. 96 Ch. 1338

လမင်းများက ကြက်သီးတဖြန်းဖြန်းထသွားသလို ခံစားလိုက်ရသည်။ ကျန်သူများက ထိုစကားများကို ပြောလျှင် သူတို့အနေဖြင့် ထိုသူအား မကျေမနပ်ကြည့်ကာ ရယ်မောလှောင်ပြောင်မိလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်ထားသည့်သူကမူ တာအိုနယ်ရှင်တစ်ယောက် ဖြစ်နေလေသည်။ သူတို့၏ အင်အားစုများက ဝမ်ဝေ့ ဒိုင်မေးရှင်းအနိမ့်တွင် လှုပ်ခဲ့သည်များကို တက်လှမ်းလာသည့်သူများဆီမှ သတင်းအချက်အလက်ကို ရယူပြီးသား ဖြစ်သည်။ ထိုသူသည် မည်မျှလုပ်ရည်ကိုင်ရည်ရှိကြောင်း သိထားပြီးသား ဖြစ်၏။ သူတို့က ပထမဦးဆုံး တွေ့ဆုံမှု၌ ဆုံးရှုံးမှုကိုပါ ခံစားခဲ့ရသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ထိုခြိမ်းခြောက်မှုက ဟာသပြက်လုံးတစ်ခု မဟုတ်တော့ပေ။

သူတို့က အချင်းချင်း ကြည့်လိုက်ပြီး သူတို့ကြားမှ ဆက်ဆံရေးကို တိုးတက်အောင် လုပ်ဖို့ စဉ်းစားလိုက်ကြသည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုအတွေးက အပြည့်အဝ ပုံမပေါ်ခင် တစ်စုံတစ်ယောက်က လှုပ်ရှားသွားခဲ့၏။

ဝူယွီက အာကာပြင်အက်ကြောင်းကို ထုတ်လွှတ်ကာ စည်းမျဉ်းမဲ့ဇုန်မှ ထွက်ခွာပြီး ပျံသန်းသွားလေသည်။ သူမက မြန်ဆန်လွန်းသည့်အတွက် ထွက်ပြေးသည်ဟုပင် ထင်မှတ်မိလောက်သည်။ ထို့နောက် သူမက သူမ၏ နန်းဆောင်သို့ ရောက်ရှိသည်နှင့် အစီအရင်များကို အသက်သွင်းကာ သူမ၏ လူများနှင့် တွေ့ဆုံဖို့ ပုံရိပ်ယောင်တစ်ခုကိုသာ ချန်ထားခဲ့သည်။ အားလုံးက ထိုအရာကို တည်တည်ငြိမ်ငြိမ်ကြည့်နေပြီးသည့်နောက်တွင် တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ထွက်ခွာသွားပြီး အချိန်စားသုံးသူကိုသာ ချန်ထားခဲ့လေသည်။ သူက ထိုသူများကို ကြည့်ပြီး ခေါင်းအသာယမ်းလိုက်၏။ သူတို့သည် ယုံကြည်၍ မရကြောင်း သိထားပြီး အချိန်မရွေး စွန့်ပစ်နိုင်သည့် နယ်ရုပ်များသဖွယ်သာ မြင်လေသည်။ သူ့အမြင်က အဝေးတစ်နေရာဆီ ထိုးဖောက်မြင်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့ ယစ်အခမ်းအနားပြုလုပ်ထားသည့် သီးသန့်နေရာတစ်ခုသို့ ရောက်ရှိလာ၏။

သူက ကုသိုလ်စနစ်ကို သုံးပြီးတော့ ကောင်းကင်တာအိုကို ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးပေးခဲ့တာပဲ။ တကယ်ပြောင်မြောက်တဲ့ အပြုအမူပဲ…

အချိန်စားသုံးသူက သုံးသပ်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်၏။

အခု သူက သူ့ရဲ့ တကယ့်ခြိမ်းခြောက်မှုက အန္တိမသဟဇာတဆိုတာကို သဘောပေါက်သွားလောက်ပြီ။ အဲဒါဆိုတော့ သူက အဲဒါကို အာရုံစိုက်ထားရမယ်။ အဲဒါဆိုတော့ ငါ့အတွက် အချိန်အများကြီး ရှိလာလိမ့်မယ်…

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေ၏။

မဟုတ်သေးဘူး။ အဲဒါက ငါ့ရဲ့ စွမ်းအားကို သူ သဘောမပေါက်ခင် အနေအထားထိပဲ။ အခု သူက ငါ့ကို ခြိမ်းခြောက်မှုအဖြစ် မြင်နေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် သူ ငါ့ကို ဖြေရှင်းမှာ နည်းလမ်းနှစ်ခု ရှိနိုင်တယ်။ ပထမတစ်ခုက တခြားသူတွေကို ဖြေရှင်းပြီးတဲ့အထိ စောင့်ပြီးမှ တုံ့ပြန်လိမ့်မယ်။ ဒါမှမဟုတ်ဘူးဆိုရင် ငါက ပထမဦးဆုံး တိုက်ခိုက်ခံရနိုင်ခြေရှိတဲ့သူ ဖြစ်သွားနိုင်တယ်…

သူက ဖုံးကွယ်ဖို့ ကြိုးစားထားပေမဲ့လည်း ငါ သူ့ဆီကနေ တားမြစ်အငွေ့အသက်ကို ခံစားမိတယ်။ သူ့အင်အားက စံပြနဲ့ ယှဉ်နိုင်လောက်ပြီ။ ဒါပေမဲ့ ငါ့ကို ဖြေရှင်းဖို့လောက်ထိတော့ အားမကောင်းလောက်သေးဘူး။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးချဉ်းကပ်မှုက အကူအညီ တောင်းခံဖို့ပဲ…

အချိန်စားသုံးသူက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူက အိမ်ကို ပြန်လာကာ သူ့တပ်မဟာကို ချက်ချင်း ထုတ်သုံးခဲ့သည်။ တပ်ဖွဲ့က စည်းတံဆိပ်ကုန်းမြေဆီ ဦးတည်နေပြီး ကျန်တစ်ခုက တာအိုအခွင့်အလမ်းဂိုဏ်းဆီ ဖြစ်၏။

အချိန်စားသုံးသူ မှတ်ယူထားသလောက် သူ့ကမ္ဘာ၌ ထိခိုက်စေနိုင်သည့်သူ လူအနည်းငယ်သာ ရှိလေ၏။ ဝမ်ဝေ့က ဝူဟုန်နှင့် ယန်းအိုက်ဟူသော နှစ်ယောက်ကို ရယူထားလေ၏။ ထို့ကြောင့် သူက ထိုလူများ၏ ဂိုဏ်းများထံ စေလွှတ်ပြီး သူတို့အနေဖြင့် လှုပ်ရှားဖို့ တုံ့ဆိုင်းအောင် ဖိအားပေးမည် ဖြစ်၏။ ဤသည်က အချိန်စားသုံးသူအနေဖြင့် သူတို့၏ အပြုအမူများကို စောင့်ကြည့်ကာ သူတို့ လူများ၏ ဘေးကင်းမှုကို လျစ်လျူရှုမည်လား သို့မဟုတ် သူ့ကို သတ်မည်လား စစ်ဆေးကြည့်ဖို့ နည်းလမ်းတစ်ခု ဖြစ်ပေသည်။

………………………….

မူလစည်းတံဆိပ်ကုန်းမြေ

ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ အသက်ပြင်းပြင်းရှူလိုက်၏။ ကိစ္စများက သူ ထင်ထားသည်ထက် ပိုမိုချောမွေ့နေခဲ့သည်။ သူက ဝူယွီနှင့် ကျိမင်တို့ကို အားနည်းအောင် လုပ်ဆောင်ခဲ့သည်။ ဝူယွီက ထင်ထားပြီးသားဖြစ်သော်လည်း ဧကရာဇ်ကျိမင်အတွက်မူ ဝမ်ဝေ့ ရွေးချယ်စရာ မရှိခဲ့ပေ။ ထိုသူက ရည်မှန်းချက်ကြီးမားသူ တစ်ယောက်ဖြစ်ပြီး ဤကဲ့သို့သော ကမ္ဘာ၏ ပထမဦးဆုံးစံပြဟူသော ဂုဏ်ပုဒ်ကို ဆုပ်ကိုင်ထားလေသည်။ ဝမ်ဝေ့က သူ့ခေတ်ကာလသားတော်ဟူသော ဂုဏ်ပုဒ်မှ ကြမ္မာတချို့ကို ယူသွားမည်ကို စိုးထိတ်နေမိသည်။

ဝမ်ဝေ့က ဤကြမ္မာနှင့် ပတ်သက်ပြီး များစွာ ဂရုမစိုက်ပေ။ သူ့လှုပ်ရှားမှုအပြီးတွင် ကောင်းကင်တာအိုက သူသည် အကောင်းဆုံးရွေးချယ်စရာ ဖြစ်ကြောင်း သဘောပေါက်သွားလောက်ပြီး သူ့အနေဖြင့် စဉ်းစားနေစရာ မလိုအပ်တော့ပေ။ ထို့အပြင် ကောင်းကင်တာအိုက ပိုက်ကွန်ကြီးကို ချဲ့ထွင်ပြီး သူ့ကို ကူညီဖို့ လူများစွာအား မွေးထုတ်ပေးဖို့ ကြိုးစားလာနိုင်ချေ ရှိသည်။

ဝမ်ဝေ့က သူ့အတွက် ကံကောင်းမှု၊ ကြမ္မာနှင့် ကောင်းချီးအားလုံးကို လိုသည့်အတွက် ကျိမင်က ထွက်သွားရမည် ဖြစ်၏။ ထိုသူက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ ထိုကျိန်စာကို အသုံးပြုခြင်းအတွက် ပြန်လည်အားဖြည့်ရဦးမည်ဖြစ်သည့်အတွက် ဝမ်ဝေ့အနေဖြင့် သူ့ဂုဏ်သတင်းကို ချဲ့ထွင်ပြီး လူများစွာကို စုစည်းကာ သားတော်၏ ဂုဏ်ပုဒ်ကို အာမခံချက်ရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်။

ကိစ္စများက ဒီလိုဖြစ်နေပေမဲ့လည်း ငါ့ရဲ့ အရင်အစီအစဉ်တွေက အလုပ်ဖြစ်မယ်…

ငါ့အနေနဲ့ အန္တိမသဟဇာတကို ဖြေရှင်းဖို့ အာရုံစိုက်ထားဖို့ပဲ လိုတယ်။

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ အဖြစ်အပျက်ပြီးသည့်နောက်တွင် သူက အမှားအယွင်းကို သဘောပေါက်သွားခဲ့၏။ မေတ္တယျအပေါ် များစွာ မှီခိုမထားသင့်ပေ။ အနည်းဆုံးတော့ သူမ၏ ကျရှုံးမှုကို မျှော်လင့်ထားသင့်၏။ ကံဆိုးစွာဖြင့် သူမက ကပ်ပါးများကို ထိန်းချုပ်ထားပြီး သူမက သူ့ကို မျှခြေညီအောင် ထိန်းနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

“မင်း ပြန်လာပြီပဲ။ ကောင်းတယ်”

ဝမ်ဝေ့က ယန်းအိုက်ကို ကြည့်ကာ မေးလိုက်သည်။

“အခြေအနေက ဘယ်လိုလဲ”

“ဂိုဏ်းဘက်မှာတော့ အားလုံးအဆင်ပြေတယ်။ တခြားအတွက်ကတော့ မပြီးမပြတ်အခြေအနေကလူတွေကို ဆက်သွယ်ဖို့အတွက် အဆထောင်ချီ ပိုပြီး ခက်ခဲသွားတာပေါ့။ ဒါပေမဲ့ သူတို့က အခု အသက်ပြန်မရှင်နိုင်သေးဘူး” ယန်းအိုက်က ပြန်ဖြေလိုက်သည်။

“ဆက်သွယ်ဖို့တောင် စိန်ခေါ်မှုတစ်ခုတဲ့လား။  ဖြစ်နိုင်သေးတယ်လို့ ဆိုလိုတာမလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဒါပေမဲ့ တန်ကြေးတစ်ခုတော့ ရှိလိမ့်မယ်”

“အဲ့လိုဆို ကိစ္စမရှိဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူ့အစီအစဉ်တစ်ခုက မပြီးမပြတ်အခြေအနေတွင် ရှိသည့်သူများကို ခေါ်ဆောင်ဖို့ဖြစ်ပြီး ယခု သူက ထိုအစီအစဉ်ကို စွန့်ပယ်ရတော့မည် ဖြစ်သည်။ ဤသို့သော ကြီးမားသည့် ပြောင်းလဲမှုမျိုးက သူ့အစီအစဉ်များထံ သိသာသည့် ထိနှက်ချက် ရှိလာနိုင်သော်လည်း သူက ပြင်လွယ်ပြောင်းလွယ် ဖြစ်၏။

“အရင်းအမြစ်ချီ နေရာလွတ်ကရော”

“ဝင်လို့ရတယ်။ ဒါပေမဲ့ ပြန်လာလို့ မရဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ အရင်းအမြစ်ချီနေရာလွတ်က စကြဝဠာထဲရှိ ဟွင်သွမ်းကမ္ဘာအားလုံးကို ဝင်ရောက်နိုင်သည့် အနန္တတန်ခိုးရှိသည့် ဒိုင်မေးရှင်းတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း ဤကိစ္စများက ယခုအခါ အိပ်မက်ဆိုးသဖွယ် ဖြစ်လာလေ၏။ လူအများစုက ဝင်ရောက်နိုင်သော်လည်း သူတို့က ကမ္ဘာထဲတွင် ပြန်လာနိုင်ဖို့  ကျောက်ဆူးသဖွယ် အမှတ်သား ထားခဲ့ရမည်။ သို့သော်လည်း သဟဇာတ၏ သော့ခလောက်က ထိုကျောက်ဆူးအားလုံးကို ဖယ်ရှားပစ်ပြီး လူများအား အရင်းအမြစ်ချီနေရာလွတ်ထဲ ဝင်ရောက်ပြီးသည့်နောက်တွင် ပြန်မလာနိုင်အောင် တားဆီးထားလေ၏။

“သတင်းဆိုးတော့ မဟုတ်သေးဘူး။”

“ သတင်းကောင်းတော့ ရှိသေးလား”

“အခု ကပ်ပါးတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်းတစ်ခု ရှိတယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူက ထိုသူများအား အရင်းအမြစ်ချီနေရာလွတ်ထဲ နှင်ထုတ်နိုင်သရွေ့ သူတို့သည် လမ်းပျောက်သွားနိုင်သလို ထိုနေရာ၌ သေဆုံးသွားနိုင်သည်။ ဝမ်ဝေ့က သော့ခလောက်သည် အသက်ရှည်အရင်းအမြစ်ကဲ့သို့အရာမျိုးကို ထည့်တွက်လိမ့်မည် မဟုတ်ကြောင်း မယုံပေ။ အကယ်၍ သူတို့က သူတို့ကိုယ်သူတို့ အသက်ပြန်သွင်းလျှင်ပင် အရင်းအမြစ်ချီနေရာလွတ်အတွင်း၌ပင် ဖြစ်လာနိုင်၏။

“မင်းက တကယ်ကို အစ်ကို ချီယွမ်ရဲ့ မျိုးဆက်ပဲ” ယန်းအိုက်က ရုတ်တရက် မှတ်ချက် ပေးလိုက်သည်။ သူတို့၏ ရှည်ကြာလှသည့် ဘဝတစ်လျှောက် သူတို့သည် ဆိုးရွားလှသည့် အခြေအနေများစွာကို တွေ့ကြုံခံစားဖူးသော်လည်း ချီယွမ်ကမူ အမြဲလိုလို တည်ငြိမ်နေလျက်ရှိပြီး အကောင်းဘက်မှ စဉ်းစားလေ့ရှိသည်။

“ဒါနဲ့ တခြားသူတွေကို စစ်ဆေးပြီးသွားပြီ။ တခြားကမ္ဘာနဲ့ အဆက်အသွယ်က ပိတ်ဆို့ခံထားရတယ်။ ဒါပေမဲ့ အချိန်မြစ်ကြောင်းနဲ့ ကံကြမ္မာမြစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြဿနာမရှိတဲ့ပုံပဲ” ယန်းအိုက်က ပြန်ပြောလိုက်၏။

ဝမ်ဝေ့က တစ်စုံတစ်ခုကို စမ်းသပ်ကြည့်လိုသော်လည်း တစ်စုံတစ်ခုကို သတိထားမိကာ ရပ်တန့်လိုက်သည်။ သူက မူလစည်းတံဆိပ်ကုန်းမြေအပြင်ဘက်ကို ကြည့်လိုက်သည့်အချိန် တန်ကြေးကြီးလှသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် တပ်ဖွဲ့များ၏ ဝန်းရံထားခြင်းခံနေရသည်။

“အချိန်စားသုံးသူရဲ့ အချိန်ဓားပြတပ်ဖွဲ့လား”

“ဂိုဏ်းကို ကြည့်လိုက်ဦး” ယန်းအိုက်က ပြောလိုက်စဉ် ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်းသည်လည်း အဝိုင်းခံထားရသည်ကို တွေ့လိုက်ရသည်။ သူက အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် အဖြစ်အပျက်ကို နားလည်၏။ ထို့နောက် သူက လှောင်ပြောင်ကာ ပြောလိုက်သည်။

“ခင်ဗျားက အတွေးမှန်ပေမဲ့ ဦးတည်ရာမှားနေတာပဲ”

“အဲဒီလူပါးဝတဲ့ ကောင်စုတ်” ယန်းအိုက်က ကျိန်ဆဲလိုက်သည်။

“ကျွန်တော်က ဒီနေရာကနေ ထွက်သွားတော့မှာ။ ဘိုးဘေး ဘယ်လိုလုပ်မလဲ”

ငါက ထိပ်သီးကောင်းကင်ဘုံအဆင့်ကို ပြန်ရောက်နေပြီဆိုတော့ ဂိုဏ်းကို ပြန်သွားသင့်ပေမဲ့ မူလစည်းတံဆိပ်ကုန်းမြေကို စိုးရိမ်မိတယ်။ အဲဒါဆိုတော့ ဝူဟုန် ပြန်မလာခင်အထိ ဒီမှာပဲ နေတော့မယ်” ယန်းအိုက်က ပြန်ဖြေလိုက်သည်။

“တာအိုအခွင့်အလမ်းဂိုဏ်းက နက်နဲသည့် အုတ်မြစ်ရှိထားသည့်အတွက် သူတို့အကြောင်း စိုးရိမ်စရာ မလိုအပ်ပေ။ သို့သော် ဤနေရာရှိ လူများအတွက်မူ တူညီစွာ မပြောနိုင်ပေ။

“ကောင်းပြီလေ။ တစ်ခုခုလိုရင် ကျွန်တော်ကို ဆက်သွယ်လိုက်”

ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ဤကုန်းမြေ၏ ထိန်းချုပ်မှုအား သူမအား လွှဲပြောင်းပေးလိုက်သည်။ သို့သော်လည်း သူက များစွာလုပ်မိသွားသည်ကို သဘောပေါက်သွားလေ၏။ ယန်းအိုက်က လုပ်ပိုင်ခွင့်ရှိထားပြီးသား ဖြစ်သည်။ ဝမ်ဝေ့က အသစ်မြှင့်တင်ထားသည့် ကောင်းကင်လှည့်ဖျားရေးအစီအရင်ကို အသက်သွင်းပြီးသည့်နောက်တွင် သူ သိထားသမျှ တခြားဖုံးကွယ်ရေး နည်းစနစ် အားလုံးကို သုံးကာ တာအိုသင်္ချိုင်းနယ်မြေဆီ ပြန်လည်ရောက်ရှိလာသည်။

ဝမ်ဝေ့က အဖွဲ့ဆီ သတင်းစကားပို့ပြီး နာရီဝက်အတွင်း တွေ့ဆုံဖို့ ပြောခဲ့သည်။ ထို့နောက် သူက အရင်ကိစ္စတချို့ကို စစ်ဆေးကြည့်လိုက်၏။ သူက မျက်လုံးကို အသာမှိတ်ထားပြီး မြေကမ္ဘာဧကရာဇ်၏ ရာထူးကို အသုံးပြုကာ သံသရာကို စစ်ဆေးကြည့်လိုက်သည်။ ရလဒ်ကမူ အဆိုးဘက်မှ ဖြစ်၏။

ထို့နောက် ဝမ်ဝေ့က တခြားချဉ်းကပ်မှုကို အသုံးပြုလိုက်သည်။ သူက သူ ယခင်က စမ်းသပ်ချက်အနေဖြင့် အသုံးပြုထားသည့် မိစ္ဆာ၏ ဝိညာဉ်ကို ဆင့်ခေါ်ကာ အသက်ပြန်သွင်းလိုက်သည်။ သို့သော် ရလဒ်ကမူ အတူတူသာ ဖြစ်၏။

ယခုကစပြီးတော့ သက်ရှိကမ္ဘာနဲ့ သေလူကမ္ဘာကြားက ဆက်ဆံရေးက တစ်လှမ်းသွား ဖြစ်သွားပြီ…

ထိုအခြေအနေမျိုးက မြေအောက်ကမ္ဘာအတွက် အခြေအနေကောင်းမွန်သည်ဟု ဆိုရပေမည်။ ပြောရမည်ဆိုလျှင်  ကျင့်ကြံသူများစွာက သူတို့စိတ်တိုင်းကျ သေခြင်းရှင်ခြင်းကို ကစားနိုင်စွမ်း မရှိတော့ပေ။ သို့သော်လည်း အခြေအနေကမူ ဝမ်ဝေ့အတွက် ဆိုးရွားပေ၏။ သူ လုပ်နိုင်သည့်နည်းလမ်းများစွာက အသုံးမဝင်တော့သလို သူ့အားကောင်းသည့် အဘွားကိုလည်း မှီခို၍ မရတော့ပေ။

ဝမ်ဝေ့က အတွေးနက်နေမိ၏။

ကံကြမ္မာနဲ့ အချိန်ကိုရော။ ဘာမှမလုပ်လိုက်ဘူးလား။

အဲဒီလူက ဒီလိုမျိုး ဟာကွက်မျိုးကို ချန်ထားမယ်လို့တော့ မထင်ဘူး…

သူက ဒီဟာတွေရဲ့ လုပ်ဆောင်ပုံကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်မယ်တော့ မထင်ပါဘူး။ ဒါပေမဲ့ အဟန့်အတားတချို့တော့ ရှိသင့်တယ်မလား။

All Chapters